၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

သင်ခန်းစာ (၁၁)
စစ် (အပိုင်း – ၂)

လူသားတွေရဲ့ ဉာဏ်နုံ့နဲနိုင်မှုကို ဘယ်တော့မှလျှော့မတွက်လေနဲ့

လက်ရှိအချိန်အထိတော့ ၂၁ ရာစုတွင် အင်အားကြီးနိုင်ငံတစ်ခုက အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည့် ကျူးကျော်စစ်မှာ ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံက သိမ်းပိုက်နိုင်လိုက်သည့်စစ်ပွဲဖြစ်သည်။ ၂၀၁၄ ဖေဖော်ဝါရီတွင် ရုရှားတပ်များက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားနိုင်ငံထဲသို့ သွတ်သွင်းလိုက်သည်။ ဘာမှ မတိုက်ခိုက်လိုက်ရဘဲ နည်းဗျူဟာအရ အချက်အချာကျသည့်ဒေသကို ရုရှားနိုင်ငံက သိမ်းပိုက်နိုင်လိုက်သည်။ အိမ်နီးနားချင်းနိုင်ငံများကို ချောက်ချားတုန်လှုပ်စေပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်ကို ပြန်ရောက်ရှိလာခဲ့ပေသည်။ စင်စစ် ယင်းသို့ အောင်မြင်စွာ ကျူးကျော်သိမ်းပိုက်နိုင်လိုက်ခြင်းမှာ တစ်မူထူးခြားသည့် အခြေအနေအကြောင်းခြင်းရာများကြောင့်သာ ဖြစ်ပါသည်။ ယူကရိန်းစစ်တပ်ရော ဒေသခံပြည်သူလူထုကပါ ရုရှားကို များစွာခုခံခြင်းမရှိသလို အခြားအင်အားကြီးနိုင်ငံများကလည်း ဤအရေးကိစ္စတွင် တိုက်ရိုက်ပါဝင်စွက်ဖက်ခြင်း မရှိချေ။ ကမ္ဘာ့အခြားနေရာများတွင် ဒီလိုအခြေအနေပေးဖို့ မလွယ်လှပါ။ အောင်မြင်သော စစ်ပွဲဆင်နွှဲနိုင်ရန်မှာ ကျူးကျော်တိုက်ခိုက်လာသူကို တစ်ဖက်ရန်သူက ခုခံလိုစိတ်မရှိသည့်အခြေအနေမျိုး လိုအပ်သည်ဆိုလျှင် ယင်းသို့အခြေအနေကို ရှာတွေ့ရန် လွယ်ကူမည် မဟုတ်ချေ။

လက်တွေ့တွင်လည်း ခရိုင်းမီးယားလိုအောင်မြင်မှုမျိုးကို ယူကရိန်းနိုင်ငံ၏ အခြားဒေသများတွင် ဖန်တီးရန် ရုရှားက ကြိုးပမ်းသောအခါ ပိုမိုပြင်းထန်သော ခုခံမှုအမြောက်အမြား ကြုံတွေ့ရပြီး ယူကရိန်းအရှေ့ပိုင်းရှိစစ်ပွဲမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဘာရလဒ်မှမထွက်သောအခြေအနေ ဖြစ်သွားသည်။ ပိုဆိုးသည်မှာ (မော်စကိုဘက်မှ ကြည့်လျှင်) စစ်ပွဲက ရုရှားဆန့်ကျင်ရေးစိတ် ယူကရိန်းနိုင်ငံတွင် တိုးလာစေပြီး ယူကရိန်းမှာ ရုရှား၏ မိတ်ဖက်နိုင်ငံအဖြစ်မှ ကမ္ဘာမကြေသော ရန်သူဖြစ်သွားသည်။ ပင်လယ်ကွေ့စစ်ပွဲ အောင်မြင်မှုကြောင့် အမေရိကန်ပြည်ထောင်စုက အီရတ်တွင် မရဲဘဲ ကျွဲပြဲစီးသည့်အဖြစ်မျိုး ရောက်စေခဲ့သလိုမျိုး ခရိုင်မီးယားဒေသတွင်ရခဲ့သော အောင်မြင်မှုကြောင့် ရုရှားနိုင်ငံလည်း ယူကရိန်းတွင် အရဲကိုးပြီး ကျွံမိကာမှ ဒုက္ခရောက်သည့်အဖြစ်မျိုး ကြုံနိုင်လေသည်။

အစစအရာရာချိန်ထိုးကြည့်ပါက ရုရှားနိုင်ငံက ကော့ကေးဆပ်ဒေသနှင့် ခရိုင်မီးယားဒေသတွင် ၂၁ ရာစုအစောပိုင်းကာလ ဆင်နွှဲခဲ့သည့် စစ်ပွဲများမှာ အောင်မြင်လှသည် မဆိုနိုင်ပေ။ ယင်းစစ်ပွဲများကြောင့် ရုရှားနိုင်ငံ၏ အဆင့်အတန်းကို အင်အားကြီးနိုင်ငံအဖြစ် မြှင့်တင်နိုင်ခဲ့သော်လည်း ရုရှားနိုင်ငံအပေါ် မယုံကြည်မှုနှင့် ရန်လိုမှုများလည်း တိုးပွားစေခဲ့သည်။ စီးပွားရေးအမြင်အားဖြင့် ကြည့်ပါက အရှုံးပေါ်သည့်လုပ်ငန်းကြီးဖြစ်သည်။ ခရိုင်မီးယားဒေသမှ ရလိုက်သည့် တိုးရစ်အပန်းဖြေစခန်းများ၊ လိုဝမ်းစခစ်နှင့် ဒနီးစခစ်မှ အိုမင်းယိုယွင်းနေသော ဆိုဗီယက်ခေတ်ဟောင်းစက်ရုံများမှာ စစ်အသုံးစရိတ်ကို မကာမိပါ။ ထို့အပြင် စစ်ပွဲကြောင့် ရင်းနှီးငွေများ အခြားနေရာသို့ ပြောင်းရွှေ့သွားမှုနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုဆန်ရှင်များကို ပို၍ပင် ကာမိမည် မဟုတ်ချေ။ ရုရှားနိုင်ငံ၏ အဆိုပါမူဝါဒ ဘယ်လောက်တွက်ခြေမကိုက်သလဲဆိုတာကို မြင်နိုင်ဖို့ တရုတ်နိုင်ငံနှင့် ချိန်ထိုးကြည့်လို့ရပါသည်။ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ငြိမ်းချမ်းသော တရုတ်နိုင်ငံ၏ စီးပွားရေးအရ တစ်ဟုန်ထိုး တိုးတက်လာမှုကို ‘အောင်ပွဲရခဲ့သည်’ ဆိုသည့် ရုရှားနိုင်ငံ၏ ယင်းကာလအတွင်း စီးပွားရေးထိုင်းမှိုင်းနေမှုနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

ရုရှားနိုင်ငံက ရဲရဲတောက်မိန့်ခွန်းများ ခြွေနေသော်လည်း ရုရှားအီလစ်များမှာ စစ်ပွဲဆင်နွှဲလိုက်ခြင်းကြောင့် အမှန်တကယ်ရရှိသည့် အကျိုးအမြတ်နှင့် ပေးဆပ်လိုက်ရသည့် ကုန်ကျစရိတ် မည်မျှရှိကြောင်း ကောင်းကောင်းသိပုံရပါသည်။ ထို့ကြောင့် စစ်ပွဲများ အကျယ်အကျယ်ဖြစ်မလာစေရန် အထူးသတိထားနေခြင်းဖြစ်သည်။ ရုရှားနိုင်ငံလုပ်ပုံမှာ ကလေးကစားကွင်းထဲက ဗိုလ်ကျသည့်ကလေးများ လုပ်သလိုမျိုး လုပ်ခြင်းဖြစ်သည်။ ‘အားအနည်းဆုံးကလေးကို ပစ်မှတ်ထား အနိုင်ကျင့်၊ ဒါပေမဲ့ ဆရာမ ဝင်ပါရလောက်တဲ့အဖြစ်မျိုး ရောက်လောက်အောင်လောက်လည်း မကြိတ်နဲ့’ ဆိုတာမျိုး လုပ်ခြင်းဖြစ်သည်။ စစ်ပွဲများဆင်နွှဲရာမှာ စတာလင်လိုမျိုး၊ ဂရိတ်ပီတာလိုမျိုး၊ ဂျင်ဂစ်ခန်လိုမျိုး စိတ်ဓာတ်နဲ့သာ ပူတင်က ဆင်နွှဲနေသည်ဆိုပါက ဝါဆောနှင့် ဘာလင်ကို မသိမ်းပိုက်တောင်မှ တီဘလီဆီး (ဂျော်ဂျီယာနိုင်ငံ၏ မြို့တော်) နှင့် ကီယက်ဗ် (ယူကရိန်းနိုင်ငံ၏ မြို့တော်) ကို ရုရှားတင့်ကားများဖြင့် သိမ်းပိုက်ပြီးတာကြာရောဆိုတာမျိုး ဖြစ်ပေမည်။ သို့သော် ပူတင်မှာ ဂျင်ဂစ်ခန်လည်း မဟုတ်၊ စတာလင်လည်း မဟုတ်ချေ။ သူ့အနေနှင့် ၂၁ ရာစုတွင် စစ်အင်အားကိုအသုံးပြုကာ များစွာအောင်မြင်မှုမရနိုင်မှန်း သူများထက် ပိုသိပုံရပါသည်။ အောင်မြင်သော စစ်ပွဲဆင်နွှဲရန်မှာ စစ်ကို အကန့်အသတ်ဖြင့်သာ ဆင်နွှဲရန်ဖြစ်သည်။ ဆီးရီးယားမှာတောင်မှ ရုရှားလေကြောင်းက ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်သည့်တိုင် အလွန်အကျွံပါမိသည့် အဖြစ်မျိုးမရောက်အောင် ပူတင်က သတိထားဆောင်ရွက်လျက်ရှိသည်။ စစ်ပွဲကို အခြားသူများသာ အဓိကတိုက်စေပြီး အိမ်နီးနားချင်းနိုင်ငံများသို့ ပြန့်မလာစေရန် သတိထားဆောင်ရွက်လျက် ရှိသည်။

စစ်စင်အားဖြင့် ရုရှားက ရန်စကျူးကျော်သည်ဆိုသည့် ပြီးခဲ့သောနှစ်များအတွင်းက စစ်ပွဲများမှာ ရုရှားဘက်ကကြည့်ပါက ကမ္ဘာစစ်ကြီးတစ်ခု စတင်ရန် အကွက်ဆင်ခြင်းမဟုတ်ဟု ဆိုလို့ရပါသည်။ ရုရှားကို အထောက်ခံရသော ကာကွယ်ရေးပျော့ကွက်များကို ဖြည့်တင်းရန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်သည်ဟု ရုရှားက ငြင်းချက်ထုတ်စရာ အထောက်အထားများရှိပါသည်။ ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းများနှင့် ၁၉၉၀ အစောပိုင်းနှစ်များတွင် ရုရှားနိုင်ငံက ငြိမ်းချမ်းစွာနောက်ဆုတ်ခဲ့ခြင်းကို အခြားသူများက ရန်သူအရှုံးသမားသဖွယ် ဆက်ဆံခြင်းခဲ့ရကြောင်း တရားသဖြင့်ထောက်ပြနိုင်သည်။ အမေရိကန်ပြည်ထောင်စုနှင့် နေတိုးက မလုပ်ပါဘူးဟု ကတိပေးထားသော်လည်း ယင်းကတိကိုမတည်ဘဲ ရုရှားနိုင်ငံ၏ အားနည်းနေသည်ကို အခွင့်ကောင်းယူကာ အရှေ့ဥရောပနှင့် ယခင်ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံများထိပါ နေတိုးကို ဖြန့်ကြက်လာခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ ရုရှားအကျိုးစီးပွားများကို လျစ်လျူရှုပြီး ဆားဗီးယားနှင့် အီရတ်ကို သံသယဖြစ်ဖွယ် မခိုင်လုံသော ဆင်ခြေဆင်လက်များပေးပြီး အနောက်နိုင်ငံများက ကျူးကျော်ခဲ့သည်။ အနောက်နိုင်ငံများ၏ အာဏာစက် ဖြန့်ကြက်လာမှုကို ကာကွယ်ရန်မှာ ရုရှားနိုင်ငံအဖို့ ယေဘုယျအားဖြင့် သူ့၏ စစ်ရေးအင်အားကိုသာ မှီခိုရမည်ဖြစ်ကြောင်း ရုရှားကို ရှင်းရှင်းလင်းလင်းမြင်လာအောင်လုပ်သလို ဖြစ်နေပါသည်။ ဤရှုထောင့်မှကြည့်ပါက ရုရှားနိုင်ငံ မကြာသေးခင်က ဆောင်ရွက်ခဲ့သည့် စစ်ရေးလုပ်ရပ်များအပေါ် ဗလာဒီမာပူတင်ကို အပြစ်တင်မည်ဆိုပါက ယင်းနှင့်ထပ်တူ ဘီလ်ကလင်တန်နှင့် ဂျော့ခ်ျဒဗလျူဘုရှ်တို့ကိုပါ အပြစ်တင်ရမည်ဖြစ်သည်။

ဂျော်ဂျီယာ၊ ယူကရိန်းနှင့် ဆီးရီးယားတို့တွင် ဆင်နွှဲခဲ့သည့် ရုရှားနိုင်ငံ၏ စစ်ရေးလုပ်ရပ်များမှာ ရဲတင်းပြီး ရည်မှန်းချက်ကြီးသည့် အင်ပါယာချဲ့ထွင်ရန် အစပျိုးအမြှောက်ဖောက်သံ ဖြစ်ကောင်းဖြစ်နေနိုင်သေးသည်ဆိုတာတော့ ဟုတ်ပါသည်။ လက်ရှိအချိန်အထိ ပူတင့်မှာ တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ရန် အမှန်တကယ်ရည်မှန်းချက်မရှိဘူးဆိုလျှင်တောင်မှ ရရှိခဲ့သည့် အောင်မြင်မှုများက သူ့မျှော်မှန်းချက်များကို မြှောက်ပင့်ပေးသလို ဖြစ်လာနိုင်သည်။ သို့သော် ပြန်ပြီးသတိမူသင့်သည့်အချက်မှာ ပူတင်၏ရုရှားမှာ စတာလင်၏ ဆိုဗီယက်ယူနီယံနှင့်ယှဉ်လျှင် များစွာအားနည်းသည်ဆိုသည့်အချက်ဖြစ်သည်။ တရုတ်ကဲ့သို့သော အခြားနိုင်ငံများ၏ အကူအညီမရဘဲ ရုရှားအနေနှင့် ကမ္ဘာစစ်ကြီးကိုထားဘိဦး၊ စစ်အေးတိုက်ပွဲ အသစ်ပင် စတင်နိုင်မည်မဟုတ်ချေ။ ရုရှားတွင် လူဦးရေ သန်း ၁၅၀ ရှိပြီး၊ ဂျီဒီပီမှာ ဒေါ်လာ လေးထရီလီယံ ရှိသည်။ လူဦးရေအားဖြင့်ရော ထုတ်လုပ်မှုအားဖြင့်ရော အမေရိကန်ပြည်ထောင်စု (လူဦးရေ ၃၂၅ သန်း နှင့် ဒေါ်လာ ၁၉ ထရီလီယံ) နှင့် ဥရောပသမဂ္ဂ (လူဦးရေ သန်း ၅၀၀ နှင့် ဒေါ်လာ ၂၁ ထရီလီယံ) အောက် များစွာသေးငယ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ စုစုပေါင်းလူဦးရေမှာ ရုရှားထက် ငါးဆကြီးမားပြီး ပိုက်ဆံမှာ ၁၀ ဆ ပိုပြီးများပြားသည်။

မကြာသေးမီက ပေါ်ပေါက်ခဲ့သည့် နည်းပညာတိုးတက်မှုများကြောင့် ယင်းကွာခြားချက်မှာ မြင်ရသည်ထက် ပို၍ပင်ကွာခြားသေးသည်။ ဆိုဗီယက်ယူနီယံမှာ ၂၀ ရာစုအလယ်ပိုင်းတွင် အထွတ်အထိပ်ရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းကာလတွင် ကမ္ဘာ့စီးပွားရေးကို လေးလံသော အကြီးစားစက်မှုကုန်ထုတ်လုပ်ငန်းများ (Heavy Industry) က အဓိက မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ဆိုဗီယက်ယူနီယံ၏ ဗဟိုချုပ်ကိုင်သောစနစ်က ထွန်စက်များ၊ ထရပ်ကားများ၊ တင့်ကားများ၊ တိုက်ချင်းပစ်ဒုံးကျည်များ အမြောက်အမြားထုတ်လုပ်ခြင်းတွင် အားသာသည်။ ယနေ့ခေတ်တွင်မူ သတင်းအချက်အလက်နည်းပညာနှင့် ဇီဝနည်းပညာက အကြီးစားစက်မှုကုန်ထုတ်လုပ်ငန်းများထက် ပို၍အရေးကြီးပြီး ရုရှားနိုင်ငံက ယင်းကဏ္ဍနှစ်ခုလုံးတွင် အားသာခြင်းမရှိချေ။ ရုရှားတွင် အထင်ကြီးစရာ ဆိုင်ဘာတိုက်ခိုက်ရေး စွမ်းရည်များရှိသော်လည်း အရပ်ဘက်အိုင်တီကဏ္ဍမှာ ဖွံ့ဖြိုးခြင်း မရှိချေ။ ရုရှား၏စီးပွားရေးမှာ သယံဇာတ (အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့) တူးဖော်ခြင်းကို အများအပြား မှီခိုနေရသည်။ အဆိုပါကဏ္ဍများမှာ ပူတင်ကို အာဏာမြဲစေရန်နှင့် လက်တစ်ဆုပ်စာ အာဏာရအသိုင်းအဝိုင်း (Oligarch) ကို ချမ်းသာစေရန် လုံလောက်ကောင်း လုံလောက်နိုင်သော်လည်း ဒစ်ဂျစ်တယ်လက်နက်များနှင့် ဇီဝနည်းပညာလက်နက်များ အပြိုင်အဆိုင်တပ်ဆင်ပြီး အနိုင်ရရန်အတွက် လုံလောက်မည်မဟုတ်ချေ။

ယင်းထက် ပိုအရေးကြီးသည်မှာ ပူတင်၏ ရုရှားတွင် အားလုံးလက်ခံနိုင်သည့် နိုင်ငံရေးအတွေးအခေါ်အယူအဆ (Ideology) မရှိခြင်း ဖြစ်သည်။ စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက်ယူနီယံမှာ တပ်နီတော်၏ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်သည့် အစွမ်းကိုသာမက တစ်ကမ္ဘာလုံးက လက်ခံနိုင်သော ကွန်မြူနစ်ဝါဒကိုပါ မှီခိုအားထားခဲ့သည်။ ယင်းနှင့်မတူသည်က ပူတင်ဝါဒမှာ ကျူးဘား၊ ဗီယက်နမ်နှင့် ပြင်သစ်မှ ပညာရှိများ ကြိုက်လောက်ဖွယ် ဘာမှ အနှစ်အသားမရှိချေ။ အာဏာရှင် အမျိုးသားရေးဝါဒ (Authoritarian Nationalism) သည် တစ်ကမ္ဘာလုံးကို ပျံ့နှံ့လာလျက်ရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယင်းဝါဒမှာ သဘောသဘာဝအားဖြင့်ကို နိုင်ငံတကာမိတ်ဖက်အုပ်စုများ ထူထောင်ရန်အတွက် အထောက်အကူပြုခြင်းမရှိချေ။ ပိုလန်ကွန်မြူနစ်ဝါဒနှင့် ရုရှားကွန်မြူနစ်ဝါဒမှာ နိုင်ငံတကာအလုပ်သမားလူတန်းစား၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အနည်းဆုံး သီအိုရီအားဖြင့် နှစ်ခုစလုံးက ကတိကဝတ်ပြုသော်လည်း ပိုလန်အမျိုးသားရေးဝါဒနှင့် ရုရှားအမျိုးသားရေးဝါဒမှာ အယူအဆအားဖြင့်ကို အကျိုးစီးပွားခြင်း ဆန့်ကျင်ဘက် ဖြစ်သည်။ ပူတင် ရှေ့တန်းရောက် မြင့်တက်လာမှုကြောင့် ပိုလန်အမျိုးသားရေးဝါဒကို ခေါင်းထောင်လာစေပြီး ရုရှားကို ဆန့်ကျင်စိတ် ပိုမိုများပြားလာစေမည်သာ ဖြစ်သည်။

ရုရှားက နေတိုးနှင့် ဥရောပသမဂ္ဂကို ဖြိုခွဲရန် သတင်းအချက်အလက်မှားများ ဖြန့်ဝေခြင်းနှင့် ဝင်ရောက်နှောက်ယှက်ခြင်းများ ကမ္ဘာနှင့်ချီဆောင်ရွက်လာသော်လည်း ကမ္ဘာနှင့်ချီ၍ အမှန်တကယ် နယ်မြေသိမ်းပိုက်ရန်မူ ဆောင်ရွက်မည့်ပုံ မရချေ။ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခြင်းနှင့် ဂျော်ဂျီယာ၊ ယူကရိန်း အရှေ့ပိုင်းဒေသများကို ကျုးကျော်သည့် ရုရှား၏လုပ်ရပ်များမှာ စစ်ကြီးဖြစ်တော့မည့် ရှေ့ပြေးနိမိတ်များမဟုတ်ပါ၊ သီးခြားဖြစ်ရပ်များသာဟု အထောက်အထားများကို ကြည့်ခြင်းအားဖြင့် အတိုင်းအတာတစ်ခုအထိ ကျွန်ုပ်တို့ မျှော်လင့်လို့ရမည်ဖြစ်ပါသည်။ 

 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *