ရွေးကောက်ပွဲများနှင့် ပြည်သူ့ကရုဏာ

စာဖတ်သူများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်း

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည့် နယ်ပယ်အသီးသီးနှင့်ပတ်သက်၍ စာဖတ်ပရိသတ်များ၏ စုံလင် ထွေပြား ခြားနားသော အမြင်ရှုထောင့်များကို The Voice Journal  တွင် သီးသန့်စာမျက်နှာဖွင့်လှစ် ဖော်ပြသွားမည်ဖြစ်ပါသည်။ မည်သူမဆို ဤစာမျက်နှာအတွက် ရည်သန်ရေးသားထားသော အမြင်ဆောင်းပါးများကို ဂျာနယ်တွင်ပါဝင်သော ရုံး၊ အီးမေးလ်လိပ်စာအတိုင်း ပေးပို့နိုင်ပါသည်။ ထိုသို့ ပေးပို့သောဆောင်းပါးများကို လိုအပ်ပါက မူလအာဘော်မပျက်စေဘဲ အယ်ဒီတာအဖွဲ့က ပြင်ဆင် တည်းဖြတ်မည်ဖြစ်ပါသည်။ ဤစာမျက်နှာတွင် ဖော်ပြပြီးသော ဆောင်းပါးပါအကြောင်းအရာအပေါ်  အခြားတစ်ဖက်မှ ရှုမြင်ချက် သို့မဟုတ် သဘောထားကွဲလွဲချက်ဆိုင်ရာ အမြင်ဆောင်းပါးများကိုလည်း ရေးသားပေးပို့နိုင်ပါသည်။ ရွေးချယ်ဖော်ပြခြင်းခံရသော စာမူများကို ထိုက်သင့်သည့်စာမူခ ချီးမြှင့်ပေးပါမည်။

အယ်ဒီတာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တပ်မတော်အစိုးရကာလတွေအလွန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဖြစ်တည်လာမယ့် တတိယအကြိမ်မြောက် လွှတ်တော်သက်တမ်းအတွက် ပြည်သူ့ကိုယ်စား ပြုကိုယ်စားလှယ်တွေ၊ တတိယမြောက်အစိုးရသက်တမ်းမှာ မဏ္ဍိုင်ကြီးသုံးရပ်ထဲက အရေးအပါဆုံးဖြစ်စေတဲ့ အုပ်ချုပ်ရေးအာဏာကို ပါဝင်ဆောင်ရွက်ခွင့်ရမယ့်၊ တာဝန်ယူထမ်းဆောင်ခွင့်ရမယ့် သမ္မတ၊ ဒုသမ္မတ တွေ၊ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေပါဝင်တဲ့ အစိုးရအဖွဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲ လွန်ကာလတွေမှာ ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးရရှိပြီးချိန် ကာလတွေကစလို့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးနဲ့ ပတ်သက်တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲတွေ၊  တစ်ပါတီစနစ်ရွေးကောက်ပွဲတွေ အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ပြီးတဲ့အခါမှာ တွေ့ရှိခံစားမိတဲ့ အချက်လေးတစ်ချက်နဲ့ ပတ်သက်ပြီးပဲ သည်ဆောင်းပါးက ချိန်ဆကြည့်မိခြင်း ဖြစ်ပါတယ်။

မိမိပါတီကိုယ်စားလှယ်တွေ အနိုင်ရဖို့၊ မိမိပါတီအစိုးရဖွဲ့စည်းနိုင်ဖို့အတွက် ရွေးကောက်ပွဲကာလမှာ အရေးအကြီးဆုံးက မည်သည့်ပါတီမဆို တစ်ချိန်လုံး မိဘအရာတင်စားနေကြတဲ့ ပြည်သူတွေပါပဲ။ တခြား ဘယ်ကာလမှာ ဘယ်လိုပဲဆက်ဆံနေဆက်ဆံခဲ့၊ မသိချင်ယောင် ဆောင်နေနေ၊ ရောက်လာလာ ပျောက်သွားသွား ရွေးကောက်ပွဲချိန်တွေကျရင်တော့ မဲဆန္ဒရှင်ပြည်သူတွေဟာ ကာလတိုမိဘတွေဖြစ်လာကြပါ တယ်။ သက်တမ်းနုအုပ်ချုပ်သူတွေဘ၀ ပြန်ရောက်သွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်သာ စစ်စစ်မှန်မှန်နဲ့ တခြားလှည့်ဖျားမှုမရှိတဲ့ ရွေးကောက်ပွဲတစ်ခုသာဖြစ်ခဲ့ရင် ဒီပြည်သူတွေရင်ထဲက မဲပြား တွေကပဲ သက်တမ်းတစ်ခုအတွက် အဖြေထုတ်ပေးနိုင်မှာဖြစ်တာကြောင့် ဖြစ်ပါတယ်။

အသည်းကြားက မဲတစ်ပြားဆိုတဲ့အတိုင်း အများစုသော ပြည်သူတွေဟာ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရရှိခဲ့ချိန်တိုင်းမှာလည်းပဲ သူတို့တစ်ဦးချင်းစီရဲ့ ရင်ထဲကဖြစ်ပေါ်ခံစားမှုတွေအတိုင်းသာ မဲပေးခဲ့ကြပြီး ရွေးကောက်ပွဲကြိုကာလတွေမှာ ပေါ်လာလေ့ရှိတဲ့ ဆွဲဆောင်မှုတွေ၊ မက်မောစရာ သိမ်းသွင်းမှုတွေအတွက်ကိုတော့ ထည့်သွင်းစဉ်းစားခဲ့မှု လုံးလုံးနီးပါးမရှိခဲ့တာကို တွေ့ရှိရပါတယ်။ ဒါကြောင့်လည်းပဲ “ဘာပေးပေး … ပေးတာသာယူထားလိုက် … မဲထည့်ရင်တော့… ပါတီကိုပဲမဲထည့်မယ်” ဆိုတဲ့ အသံမျိုးတွေဟာလူထုအကြားထဲ ပျံ့နှံ့ခဲ့တာပါပဲ။ ပြည်သူဆိုတာ တွေးတောစဉ်းစား ဝေဖန်ပိုင်းဖြတ်နိုင်တဲ့ လူသားတွေဖြစ်တဲ့အတွက် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး မိမိကိုကိုယ်စားပြုမယ့်ကိုယ်စားလှယ်ကို အဆုံးအဖြတ်ပြုရတော့မယ်၊ ကိုယ်တာဝန်ပေးအပ်လိုတဲ့ အစိုးရကို ရွေးချယ်ရတော့မယ်ဆိုတဲ့အခါ လွတ်လပ်စွာဆန္ဒပြုခွင့်ရမှုတွေအပေါ်မူတည်ပြီး ဘာဆွဲဆောင်မှုကိုမှ မထောက်ထားမကြည့်ရှုဘဲ ရွေးချယ်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါကြောင့်လည်းပဲ တချို့ရွေးကောက်ပွဲ ရလဒ်တွေဟာ ထင်မှတ်မထားသလိုမျိုး ဖြစ်လာတာ၊ ထင်မှတ်ထားတာထက် အများကြီးပိုမိုအောင်မြင်မှုရရှိတာတွေဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံတကာရွေးကောက်ပွဲအဖြေတွေမှာသာမက ကျွန်တော်တို့နိုင်ငံရဲ့ အဆက်ဆက်သော ရွေးကောက်ပွဲတွေမှာလည်း တွေ့ရှိရပါတယ်။ တချို့သော ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ရှိသလို ဆိုရှယ်မီဒီယာတွေ၊ ခေတ်မီအိုင်တီနည်းပညာတွေ အသုံးပြုဆောင်ရွက်ပြီး မဲဆန္ဒရှင်တွေရဲ့ ဆန္ဒသဘောထားကို ပြောင်းလဲစေနိုင်မှု၊ ထင်မှတ်မထားတဲ့  ရွေးကောက်ပွဲအဖြေ ပေါ်ထွက်လာစေနိုင်မှုတွေကတော့ တကယ့်တကယ်မှာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးစနိုင်ငံ၊ တိုးတက်မှုအရှိန်လေး စတည်ခါစ နိုင်ငံတွေမှာတော့ ခဲယဉ်းလွန်းလှတယ် ထင်ပါတယ်။

အခု ဆက်လက်တင်ပြမယ့်အရာတွေက ပုဂ္ဂလိက အမြင်သက်သက်ကို ဆွေးနွေးခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ  မြန်မာ့ခေတ်အဆက်ဆက်သမိုင်းထဲက အပြောင်းအလဲကာလတွေမှာ အရေးကြီးလှတဲ့ ရွေးကောက်ပွဲ တွေထဲက လွတ်လပ်မှုအရှိဆုံးနဲ့ ပြည်သူ့သဘောထားဆန္ဒ အထင်ဟပ်ဆုံးလို့ ယူဆမိတဲ့ ရွေးကောက်ပွဲကြီးသုံးခုနဲ့ ကြားဖြတ်ရွေးကောက်ပွဲတစ်ခုရဲ့ အခြေအနေပေါ်မှာပဲ အဓိကသုံးသပ်ခြင်းဖြစ်ပါတယ်။ သို့သော် ဒီသုံးသပ် ခြင်းကပဲ လာမယ့်မြန်မာ့အနာဂတ်ကာလ  ရွေးကောက်ပွဲတွေအပေါ်မှာ အပြိုင်ပြိုင်အဆိုင်ဆိုင် ကြိုးစားနေကြတဲ့ ပါတီမျိုးစုံတို့ ဂရုပြုမိစေရန် ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ပြည်သူဘက် ကိုကြည့်ရအောင်ပါ။ ဘာသာပေါင်းစုံ မိမိယုံကြည်ရာကို ကိုးကွယ်ခွင့် ရထားတဲ့ထဲမှာမှ ဗုဒ္ဓဘာသာတရား ထွန်းကားတဲ့တိုင်းပြည်၊ မရှိဝမ်းစာထဲကတောင်မှ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ လှူဒါန်းမှုတွေပြည့်နေတဲ့ တိုင်းပြည်၊ ဘာသာပေါင်းစုံရဲ့ မြစ်ဖျားခံရာ ကရုဏာတရားနဲ့ မေတ္တာရဲ့ ချစ်ခြင်းတွေဟာ တခြားကမ္ဘာအရပ်ရပ်က တိုင်းနိုင်ငံတွေထက် ပိုမိုတဲ့ တိုင်းပြည် … အခုလိုတိုင်းပြည်မှာနေကြတဲ့ ပြည်သူလူထုအများစုကြီးရဲ့ ရင်ထဲမှာ ကရုဏာပါတဲ့ ချစ်ခြင်းတရား (မညှာမတာပြောရရင် သနားစိတ်) ဟာ ကြီးမားလှပါတယ်။ ဒီကရုဏာစိတ်တွေကရော ရွေးကောက်ပွဲတွေအပေါ် လွှမ်းမိုးမှုတွေ ရှိခဲ့ပါသလား။ နောက်တစ်ခုက ကြောက်ရွံ့မုန်းတီးစိတ်တွေကရော … အချို့မြန်မာ့ရွေးကောက်ပွဲတွေရဲ့ ထွက်ပေါ်လာနိုင်မယ့် အဖြေတွေကို ဖန်တီးခဲ့လေသလား။ တစ်ဖက်အပေါ်ထားရှိတဲ့ သနားကရုဏာတရားနဲ့ အခြားတစ်ဖက်နဲ့ပတ်သက်တဲ့ ကြောက်ရွံ့မုန်းတီးမှုတွေဟာ မြန်မာ့သမိုင်းတွေထဲက အထွေထွေရွေးကောက်ပွဲတွေမှာတော့ ကွာခြားတဲ့ရလဒ်တွေအဖြစ် ပေါ်လွင်စေခဲ့တာပဲဖြစ်ပါတယ်။ 

နောက်တစ်ခုက မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး (နိုင်ငံ့အရေး)အပေါ် စိတ်ဝင်စားမှုနဲ့  ခေါင်းဆောင်အပေါ် စိတ်ဝင်စားပုံ ကွာခြားမှုရှိတာကလည်း ရွေးကောက်ပွဲအဖြေတွေကို ဒီစိတ္တဇနာမ်နှစ်ခုက ပိုမိုလွှမ်းမိုးမှု ရှိစေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ပြည်သူတွေ၊ မဲဆန္ဒပြုမယ့် ပြည်သူတွေဟာ မိမိဒေသကို ကိုယ်စားပြုဆောင်ရွက်မယ့် ကိုယ်စားလှယ်အပေါ် စိတ်ဝင်စားမှုထက် ရွေးကောက်ပွဲဝင်တဲ့ပါတီအပေါ်၊  ပါတီကို ဦးဆောင်တဲ့ ခေါင်းဆောင်နဲ့ပတ်သတ်တဲ့ စိတ်ခံစားမှု၊ ယုံကြည်မျှော်လင့်မှုတွေအပေါ်မှာပဲ မူတည်ဆုံးဖြတ်ခဲ့ကြတာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့်ပဲ ပါတီခေါင်းဆောင်တွေအပေါ်ထားရှိတဲ့ ကရုဏာချစ်ခြင်းတရားနဲ့ စိုးရွံ့မှုတွေအကြားမှာ လွတ်လပ်ပြီး တရားမျှတစွာဆန္ဒပြုခွင့်ရခဲ့တဲ့ တချို့သော ရွေးကောက်ပွဲတွေဟာ မျှော်လင့်မထားတဲ့အဖြေ၊ ထင်မှတ်မထားတဲ့အဖြေတွေနဲ့အတူ တိုင်းပြည်အနာဂတ်ကို ဖန်တီးခွင့်တွေကို အပ်နှင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအဖြေမျိုးတွေ ရရှိခဲ့တယ်လို့ ယူဆမိတဲ့ အထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကို ဆန်းစစ်ကြည့်မိတဲ့အခါ ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်တရားမျှတစွာ ကျင်းပခွင့်ရခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲတွေကတော့ ၁၉၆၀ မှာ ကျင်းပခဲ့တဲ့ အိမ်စောင့်အစိုးရထံကနေ အုပ်ချုပ်ရေးအာဏာကို ပြန်လည်လွှဲပြောင်းပေးဖို့ အတွက် သန့်ရှင်းနဲ့တည်မြဲ ဖဆပလအဖွဲ့ အဓိကအားပြိုင်ခဲ့တဲ့  ပါတီစုံရွေးကောက်ပွဲ၊ ၁၉၉၀ မြန်မာပြည်ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီစနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းအပြီး ပထမဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ တတိယအကြိမ်ကတော့ တပ်မတော်အစိုးရ တာဝန်ယူအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဒုတိယအကြိမ်ကျင်းပခဲ့တဲ့ လက်ရှိ NLD အစိုးရပေါ်ပေါက်စေတဲ့ အရပ်သားအစိုးရအချင်းချင်း အာဏာလွှဲပြောင်းမှုကို ပထမဆုံးဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့ပဲ ဖြစ်ပါတယ်။ ဒီ ၁၉၆၀၊ ၁၉၉၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကာလအချိန်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေ၊ မိမိရွေးချယ်လိုတဲ့ ပါတီရဲ့ခေါင်းဆောင်တွေအပေါ်မှာ ထားရှိခံစားမိတဲ့  ကရုဏာချစ်ခြင်း တရားတွေ၊ အခြားဘက်တွေနဲ့ ပတ်သက်တဲ့ စိုးရွံ့ခံစားမှုတွေဟာ ဒီရွေးကောက်ပွဲတွေရဲ့အဖြေကို ထုတ်ပေးခဲ့ပါတယ်။ မျှော်လင့်ထားတာတွေထက် ပိုတဲ့ရာခိုင်နှုန်းတွေ၊ မျှော်လင့်မထားလောက်တဲ့အထိ အနိုင်ရလဒ်တွေဟာ ရွေးကောက်ပွဲဝင်ပါတီတွေရဲ့  ခေါင်းဆောင် တွေအပေါ်မှာ ထားရှိတဲ့ စိတ်ခံစားချက် (တစ်နည်းအားဖြင့် သနားကရုဏာနဲ့ ရွံ့မုန်းမှု) တွေကြားက အားပြိုင်ပွဲပါပဲ။

၁၉၆၀ ရွေးကောက်ပွဲ ကာလတွေတုန်းက နှစ်ခြမ်းကွဲ ဖဆပလ အပါအဝင် အခြားပါတီတွေအကြား ပြိုင်ဆိုင်မှုတွေမှာ ပြည်သူတွေရဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုအပေါ်ထားရှိတဲ့ ကရုဏာတရားက သန့်ရှင်း ဖဆပလကို အနိုင်ရစေခဲ့သလိုမျိုး၊ တစ်ပါတီစနစ်တွေရဲ့ အဆုံးသတ် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ  ကာလတွေတုန်းကလည်း ရွေးချယ်ခွင့်ပိုင်ဆိုင်ထားတဲ့ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မေတ္တာအကြွေးကို ကရုဏာတရားနဲ့ပေါင်းစပ်ပြီး အကြွေးဆပ်ခဲ့သလိုမျိုး၊ တပ်မတော် အစိုးရအလွန် ၂၀၀၈ ဖွဲ့စည်းပုံ ထီးအမိုးအောက်မှာ အရပ်သားအစိုးရလက်ထက် ပထမဆုံးကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေမှာရော ကမ္ဘာ့နေရာအနှံ့မှာ အမျိုးမျိုးသောအကြောင်းတရားတွေနဲ့ရောက်နေတဲ့  မြန်မာနိုင်ငံသားတွေ၊ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်သားပေါင်းစုံပြည်သူအများစုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံခဲ့မှုတွေ၊ ပေးဆပ်ခဲ့ရတဲ့အချိန်တွေအတွက် ချစ်တဲ့ကရုဏာစိတ်တွေနဲ့ ဆုံးဖြတ်ရွေးချယ်ခဲ့တာကြောင့်ပဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာ ထင်မှတ်ထားတာထက် အများကြီးပိုပြီး မဲဆန္ဒနယ်တွေရရှိခဲ့လို့ပဲ ရွေးကောက်ခံအစိုးရအဖွဲ့ကို NLD အနေနဲ့ တစ်စုတစ်စည်းတည်း ဖွဲ့စည်းတာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်တွေအပေါ်မှာထားရှိတဲ့ ပြည်သူတွေရဲ့ ကရုဏာတရားဟာ မြန်မာ့ရွေးကောက်ပွဲတွေရဲ့အဖြေကို အတိုင်းအတာတစ်ခုအထိ လေးလေးနက်နက် လွှမ်းမိုးမှုရှိတာကို  တွေ့ရှိရပါတယ်။ ဒီအချက်ဟာတကယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတင်မကပဲ လိုအပ်ချက်နဲ့ အခြေအနေတွေအရ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွင်းက မဖြစ်မနေကျင်းပပေးရတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း တွေ့ရှိရပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိခဲ့မှုကို ထည့်သွင်းမစဉ်းစားဘူးဆိုရင်တောင်မှ အနီးကပ်ဆုံးဖြစ်တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဒီအချက်ဟာအရေးပါနေတုန်းလို့ ယူဆရမယ့် မဲဆန္ဒရှင်တွေရဲ့ ကရုဏာပါတဲ့ ဆုံးဖြတ်မဲပေးမှုမျိုး တွေ့ရှိရပါတယ်။ ဒါကတော့ ရခိုင်ပြည်နယ်လွှတ်တော် ရသေ့တောင်မဲဆန္ဒနယ် အမှတ် (၂) ရဲ့ အဖြေပဲဖြစ်ပါတယ်။ တစ်သီးပုဂ္ဂလအဖြစ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ယခင်က ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ပြီး ရခိုင်ရှေ့ဆောင်ပါတီကို တည်ထောင်ထားတဲ့ ဒေါက်တာ အေးမောင်ရဲ့သားဖြစ်သူ  ဦးတင်မောင်ဝင်း အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။  အမျိုးမျိုးသော နောက်ခံအခြေအနေတွေ၊ အမျိုးသားရေးစိတ်ဓာတ်နဲ့  ပံ့ပိုးမှုတွေရှိတယ်ဆိုပေမယ့်လည်း အဲဒီအချိန်ကာလတွေတုန်းက တရားရင်ဆိုင်နေရတဲ့ ဖခင်ဖြစ်သူ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးဩဇာ၊  သူ့သားဖြစ်သူသာ ရှုံးခဲ့ရင် နိုင်ငံရေးလောကကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ခေါင်းလောင်းသံတွေဟာ ဒေသခံရခိုင်လူမျိုးတွေသာမကဘဲ နိုင်ငံရပ်ခြားက ရခိုင်လူမျိုးတွေကိုယ်တိုင်ကပါ ဝင်ရောက်ထောက်ခံဝန်းရံ တဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့်ပဲ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာတောင် အနိုင်ရရှိခဲ့ပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တို့လို ခိုင်မာတဲ့ ဖွဲ့စည်းတည်ဆောက်ပုံရှိပြီးသား အဖွဲ့အစည်းတွေက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဝါရင့်နိုင်ငံရေးသမားတွေကို  မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခြင်းမျိုးဟာ အခြားအခြားသော အချက် အလက်အခြင်းအရာတွေကို ထည့်တွက်စေနိုင်သလို ဖခင်ဖြစ်သူအပေါ်နဲ့ ဖခင်ဖြစ်သူနဲ့ပတ်သက်ပြီး သားဖြစ်သူအပေါ်ဖြစ်တည်တဲ့ သနားကရုဏာတွေက အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ပဲ သုံးသပ်ချက်ချချင်ပါတယ်။

အချိန်တွေက တဖြည်းဖြည်းနီးကပ်လာပါပြီ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာရော ပေါ်ပေါက်လာမယ့် အဖြေတွေကို ပြည်သူတွေရဲ့ ခေါင်းဆောင်အပေါ်ထားရှိတဲ့ သနားကရုဏာတရားက လွှမ်းမိုးမှုရှိနေမှာ လားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အခုအချိန်မှာရော ပြည်သူအများစုဟာ ဘယ်ခေါင်းဆောင်အပေါ်မှာ ကရုဏာတရားတွေ ရှိနေပါသေးသလဲ။ ရှိခဲ့တဲ့ ဒီစိတ်တွေကရော အခုအချိန်မှာ ဆက်လက်လွှမ်းမိုးနေတုန်းပဲလား။ လာမယ့်နှစ် ရွေးကောက်ပွဲကျင်းပချိန်တွေမှာရော ပြည်သူတွေရဲ့ သနားကရုဏာစိတ်ကနေ သန္ဓေတည်လာမယ့် ယုံကြည်ကိုးစားမှုတွေမှာ ဘယ်သူတွေက သိမ်းပိုက်သွားနိုင်မလဲဆိုတာ စဉ်းစာရင်း ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေရဲ့ကရုဏာ အဆုံးအဖြတ်တွေ ပေါ်ပေါက်လာဦးမလား သုံးသပ်တင်ပြလိုက်ရပါတယ်။

 

လူသစ်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *