ဟွန်ဒီဈေးကွက်ဘောင်ကို ချုံ့မည့် ဗဟိုဘဏ်၏ခြေလှမ်း

မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်တွင် အဓိကအခန်းကဏ္ဍမှပါဝင်နေဆဲ ဟွန်ဒီဈေးကွက် တစ်နည်းအားဖြင့် တရားမဝင် ငွေလွှဲငွေပို့ဈေးကွက်ကို ဗဟိုဘဏ်က စတင်ကိုင်တွယ်တော့မည်ဖြစ်သည်။

ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍက လုပ်ကိုင်နိုင်သည့် ပမာဏထက်ပင် ပိုမိုများပြားသော ငွေလွှဲငွေပို့မှုများကို အဆိုပါ ဟွန်ဒီဈေးကွက်မှတစ်ဆင့် လုပ်ဆောင်နေကြသည်။

အတိအကျ ရေရေရာရာ ခန့်မှန်း နိုင်သည့် ကိန်းဂဏန်းအချက်အလက်မရှိသော်လည်း ငွေပို့ငွေလွှဲမှုပမာဏ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိပင် ရှိနိုင်ကြောင်း ပြည်တွင်းဘဏ် လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

“ဟိုးအရင်က ခန့်မှန်းထားတာတော့ ဒီဈေးကွက်ရဲ့လည်ပတ်မှုက အမေရိကန်ဒေါ်လာ ငါးဘီလီယံ (သန်းငါးထောင်) လောက်ရှိတယ်။ အခုဆို ဆယ်ဘီလီယံတောင်ကျော်မလား မပြောတတ်ဘူး” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

အဆိုပါ ငွေလွှဲငွေပို့ခြင်းလုပ်ငန်းတွင် ကုန်သွယ်မှုအတွက် လုပ်ကိုင်ခြင်းနှင့် ကုန်သွယ်မှုမဟုတ်သော ရွှေ့ပြောင်းလုပ်သားများမှ နေရပ်သို့ ငွေလွှဲပို့ခြင်း၊  ပြည်ပသို့ ကျောင်းတက်သွားသူများထံသို့  လွှဲပို့ခြင်း အပိုင်း နှစ်ပိုင်းရှိသည်။

နှစ်ပေါင်းငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံ၏ တရားမဝင် စီးဝင်၊ စီးထွက်သွားသော ငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးရှိကြောင်း Global Financial Integrity ၏  ၂၀၁၅ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအနက် အများစုမှာ ကုန်သွယ်မှုဆောင်ရွက်ချက်များဖြစ်ပြီး ကုန်သွယ်ပြေစာကို ဈေးနှုန်း လိုတိုးပိုလျှော့ ပြုပြင်ကာ တရားမဝင် ငွေလွှဲငွေပို့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ တရားဝင်လွှဲတာနဲ့ တရားမဝင်လွှဲတာမှာ တရားမဝင် လွှဲတာက ပိုများလျက်ရှိပါတယ်” ဟု  ယခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့်  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ  ဦးဘိုဘိုငယ်က ပြောကြားသည်။

ထို့ကြောင့်ပင် ဟွန်ဒီလုပ်ငန်းများကို တရားဝင်လမ်းကြောင်းပေါ်ရောက်လာစေရန် စည်းမျဉ်းရေးဆွဲကာ စနစ်တကျထိန်းကျောင်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပြီး ဖြစ်သည်။

ငွေလွှဲငွေပို့သူများ ဆုံးရှုံးနစ်နာမှု မရှိစေရန် အကာအကွယ်ပေးသည့် အချက်အလက်အများစုနှင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ငန်းများကို ငွေကြေး ထောက်ပံ့ပေးမှု စသည့်ကိစ္စရပ်များနှင့်  ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို အဆိုပါစည်းမျဉ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

ငွေလွှဲပြောင်းမှုပမာဏ အမေရိကန် ဒေါ်လာငါးရာနှင့်အောက်ဆိုပါက ငွေလွှဲသူနှင့် လက်ခံသူ၏ အမည်၊ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်တို့ကို တစ်နှစ်စာရင်းထိန်းသိမ်းထားရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ  ၅၀၀ အထက်ဆိုပါက ငွေလွှဲပို့သည့်ရက်၊ ပမာဏ၊ လွှဲပို့သည်ငွေကြေးအမျိုးအစား၊  ငွေလဲနှုန်း စသည့် အချက်အလက်များစွာကို မှတ်တမ်းတင်ကာ ငါးနှစ်ပြည့်သည်အထိ စာရင်းထိန်းသိမ်းထားရမည်ဖြစ်ကြောင်း အဆိုပါစည်းမျဉ်းတွင် ဖော်ပြထားသည်။

လိုင်စင်ရပြည်ပငွေလွှဲလုပ်ငန်းမှတစ်ဆင့် လူတစ်ဦးလျှင် တစ်ကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ တစ်ထောင်အထိ ငွေလွှဲ၊ ငွေလက်ခံခွင့်ပြုထားပြီး တစ်လလျှင် အမေရိကန်ဒေါ်လာငါးထောင်ထက် မပိုရန် ကန့်သတ်ထားသည်။

ဟွန်ဒီကို လက်ပွန်းတတီး သုံးစွဲနေသူများတွင် ကုန်သွယ်မှုလုပ်ငန်းများသာမက ရွှေ့ပြောင်းလုပ်သားများလည်း  ပါဝင်သည်။

မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ လုပ်ခလစာကို နေရပ်သို့ ပြန်လွှဲပို့ချိန်တွင် ဟွန်ဒီကိုသာ အားကိုးကြကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။

အဓိကအချက်မှာ ဟွန်ဒီဖြင့် ငွေလွှဲရသည့် အချိန်မြန်ဆန်ခြင်းနှင့် စာရွက်စာတမ်း အထောက်အထား ဘာမျှ မလိုအပ်ခြင်းကြောင့်လည်း ဖြစ်သည်။

“အန်ကယ်တို့ ထိုင်းဘက်က ပါတနာဘဏ်နဲ့ပေါင်းပြီး မြန်မာအလုပ်သမားအများစုရှိတဲ့နေရာကို သွားတွေ့ဖူးတယ်။ ဘဏ်ကတစ်ဆင့် ငွေလွှဲလို့ရတယ်၊  ဘယ်လိုလုပ်ရတယ် စသဖြင့် ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ထင်သလောက် မအောင်မြင်ဘူး။ သူတို့မှာလည်း အခက်အခဲတွေက ရှိတာကိုး” ဟု ဦးသန်းလွင်က  ဆိုသည်။

မြန်မာရွှေ့ပြောင်းလုပ်သား အများစုရှိသည့် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ ဟွန်ဒီဖြင့် ငွေလွှဲပို့မှု အများဆုံးဖြစ်ပြီး တချို့အလုပ်သမားများမှာ တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းဖြစ်သည့်အတွက် ဟွန်ဒီကိုသာ အဓိကအားထားရသည့် အခြေအနေများလည်းရှိကြောင်း  ၎င်းက ဆက်ပြောသည်။

“တရားမဝင် သွားလုပ်နေတာတွေရှိတော့ အစိုးရ၊ အာဏာပိုင်အဖွဲ့တွေ သိသွားမှာ စိုးရိမ်ကြတယ်။ ဟွန်ဒီကျတော့ လက်မှတ်လေးထိုးပြီး လွှဲရုံပဲကိုး” ဟု  ၎င်းက ပြောသည်။

ပြည်ပတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအရေအတွက်မှာ ငါးသန်းခန့်ရှိပြီး နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။

အစိုးရ၏ တရားဝင်ထုတ်ပြန်သည့်  ကိန်းဂဏန်းများအရ ပြည်ပရောက် မြန်မာလုပ်သားများ၏ ငွေလွှဲပို့မှုသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၉၀၀  ကျော်ရှိကြောင်း သိရသည်။

သို့သော် အစိုးရမှထုတ်ပြန်သည့် ကိန်းဂဏန်းများအရမူ တရားဝင်ငွေလွှဲပို့မှုမှာ အမှန်တကယ် ဝင်ရောက်လာသည့် ပမာဏထက်များစွာ နည်းပါးနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ပငွေလွှဲ လက်ခံရရှိမှုမှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၂၈၀၀ ကျော်ရှိကြောင်း  ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁၄၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံက  အမေရိကန်ဒေါ်လာသန်း ၁၆၀၀၀၊ ဖိလစ်ပိုင် နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၃၈၀၀ ခန့် ပြန်လည်ငွေလွှဲပို့ကြကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။

ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ အထူးပြုလေ့လာသည့် ဂျာမနီနိုင်ငံ မှ GIZ ၏ ထုတ်ပြန်ချက်အရမူ ၂၀၁၅ ခုနှစ်အတွင်း ပြည်ပရောက်မြန်မာများမှ  ငွေလွှဲပို့မှုသည် အမေရိကန်ဒေါ်လာသန်း  ၃၅၀၀ ခန့်ရှိကြောင်း သိရသည်။

ဟွန်ဒီဈေးကွက်၏ အတိမ်အနက်၊  အကျယ်အဝန်းကို မည်သူမျှ အတိအကျမခန့်မှန်းနိုင်သည့် အခြေအနေပင်။

ထို့ကြောင့်ပင် ဟွန်ဒီဈေးကွက်ဘောင်ကို တတ်နိုင်သမျှ ကျဉ်းသွားစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးရန်  ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သို့သော် ဟွန်ဒီလုပ်ငန်း မည်မျှတရားဝင်လမ်းကြောင်းပေါ် ရောက်လာမည်လဲဆိုသည်ကိုမူ အတပ် မပြောနိုင်ပေ။

“လိုင်စင်ပေးရုံနဲ့တော့ အကုန်လုံးတရားဝင်လမ်းကြောင်းပေါ် ရောက်လာမယ်တော့ မျှော်လင့်လို့ မရပါဘူး”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ  ဦးဘိုဘိုငယ်က ယခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့ခြင်းဖြစ်သည်။

တရားဝင်လမ်းကြောင်းဖြင့် သွားလိုသူ၊ ငွေကြေးဆုံးရှုံးနစ်နာမည်ကို စိုးရိမ်သူများ၏ တရားဝင်လုပ်ငန်း လိုအပ်ချက်အရ  လိုင်စင်ရ ပြည်ပငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာမည်ဖြစ်သည်။

ငွေလွှဲပို့သူတို့၏ ဈေးကွက်တောင်းဆိုမှုအပေါ် မူတည်ကာ မြန်မာနိုင်ငံ၏ ဟွန်ဒီဈေးကွက်ဘောင် အကျဉ်းအကျယ်ကို မကြာမီမြင် တွေ့ရမည်ဖြစ်သည်။

“ငွေလွှဲရင် ဘဏ်နဲ့ပဲ လွှဲတယ်။ စိတ်ချရတယ်။ ဟွန်ဒီက တရားမဝင်ဘူး၊ ပြေးတာတွေ အရင်က ရှိခဲ့ဖူးတယ်လေ” ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသော မဝတ်ရည်က ဆိုသည်။

လွန်ခဲ့သည့်နှစ်များက ဟွန်ဒီလုပ်ငန်းတစ်ခုမှ စင်ကာပူဒေါ်လာသန်းခြောက်ဆယ်ကျော် လိမ်လည်ထွက်ပြေးသွားသည့် သာဓကများလည်း ရှိထားရာ ငွေကြေးဆုံးရှုံးမှု မဖြစ်လိုသူများက  တရားဝင်လမ်းကြောင်းကို ရွေးချယ်ကြခြင်းဖြစ်သည်။

တချို့မှာ အချိန်မြန်၊ လွယ်ကူမှု၊ လုပ်ငန်းစဉ် ရှင်းလင်းမှုကို ပိုမိုလိုလားကြပြီး ငွေလဲနှုန်းအရကြည့်ပါက ပိုရသည့်  ဟွန်ဒီကို မျက်စိကျကြသည်။

“ငွေဈေးက ဟွန်ဒီက နည်းနည်းပိုရတော့ တချို့က အဲဒီက လွှဲကြတယ်။ တချို့ဟွန်ဒီတွေက အိမ်အရောက်ပို့ ဝန်ဆောင်မှုလည်း ရှိတယ်။ ဘဏ်မသွားချင်သူ၊ အိမ်မှာ လူပို မရှိတဲ့သူတွေအတွက် အဆင်ပြေတာပေါ့”ဟု မဝတ်ရည်က ဆိုသည်။

ဟွန်ဒီဈေးကွက်သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းကိုလည်း အချိန်အတော်ကြာ လွှမ်းမိုးချုပ်ကိုင်ထားသလို လက်ရှိအချိန်ထိလည်း ဟွန်ဒီဈေးကွက်၏  လားရာလမ်းကြောင်းအတိုင်း ပြည်တွင်းငွေလဲနှုန်းက လိုက်ပါနေရဆဲဖြစ်သည်။

“ဟိုးအရင်ကတည်းက ငွေလဲနှုန်းကို ဟွန်ဒီဈေးကွက်က လွှမ်းမိုးထားခဲ့တာ။  ဗဟိုဘဏ်ကလည်း ဒီဈေးကွက် နောက်ကို လိုက်နေရတဲ့ သဘော ဖြစ်ခဲ့တာပေါ့” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းလည်း ဖြစ်သူ ဦးသန်းလွင်က ဆိုသည်။

နောက်ထပ်အရေးကြီးသည့် တစ်ချက်မှာ ဟွန်ဒီဈေးကွက်သည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုပြုရာ လမ်းကြောင်းလည်း ဖြစ်သည်။

ဘဏ်ကိုအသုံးပြုကာ ငွေကြေးခဝါချမှုမှာ ဖြစ်နိုင်ချေ ၁ ရာခိုင်နှုန်းနှင့် အောက်သာရှိပြီး အမှန်တကယ် လုပ်ကိုင်နေသည်မှာ ဟွန်ဒီဈေးကွက်မှတစ်ဆင့်သာ ဖြစ်ကြောင်း ဦးသန်းလွင်က ပြောသည်။

“ဟွန်ဒီဈေးကွက် ကြီးရင်ကြီးသလောက် ငွေကြေးခဝါချမှုလိုဟာမျိုးတွေက တွဲပါလာတတ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ပြည်ပထွက် အလုပ်လုပ်ကိုင်သည့် လူဦးရေမှာလည်း တစ်စတစ်စ များလာသလို ဟွန်ဒီဈေးကွက်အရွယ်အစားမှာလည်း ကြီးသထက်ကြီးလာနိုင်သည့် အခြေအနေ ဖြစ်သည်။

ထိုအခြေအနေကို ထိန်းကျောင်းရန်၊ ဟွန်ဒီဈေးကွက်ဘောင်ကျုံ့ရန် ဗဟိုဘဏ်က စတင်ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။

မည်မျှအထိ အဆိုပါဘောင်ကို ချုံ့နိုင်မည်လဲဆိုသည့်အပေါ် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးသန်းလွင်က ဤသို့ မှတ်ချက်ပေးသည်။

“သဘောတရားအရကတော့ ဟုတ်ပါရဲ့။ လက်တွေ့မှာ ဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာက သူတို့ ဘယ်လောက်ထိ လေ့လာသုတေသနပြုထားပြီးပြီလဲ။ ဘယ်လောက်ထိ ပြင်ဆင်ထားပြီလဲ၊ ကိုယ့်မြန်မာ အများစုရှိတဲ့ နေရာတွေထိ သေချာကွင်းဆင်းတွေ့ဆုံပြီးပြီလား ဆိုတာတွေအပေါ် မူတည်တယ်”

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *