ခေါင်းကိုက်ခြင်းနှင့် အစာ (Headache and Diet)

ကမ္ဘာပေါ်တွင် လူမျိုးဘာသာ၊ အသက်အရွယ်နဲ့ ကျားမ မရွေး လူတိုင်းလိုလို တစ်ရက်လျှင် နှစ်ကြိမ် သို့မဟုတ် တစ်ကြိမ် ခေါင်းကိုက်ခြင်း ခံစားရပါတယ်။ ခေါင်းကိုက်ခြင်းဟာ အဖြစ်များတာနဲ့အတူ နောက်ကွယ်မှာ အကြောင်းရင်း ရောဂါတစ်မျိုးမျိုး ရှိတတ်ပါတယ်။

ခေါင်းကိုက်ရခြင်းအကြောင်းအရင်းမှာ လေကောင်းလေသန့်မရှိတဲ့နေရာ အခန်းတို့မှာ နေရရင်၊ ဆိုးရွားပြင်းထန်တဲ့အနံ့များ၊ ဓာတ်ငွေ့များရှူရှိုက်ရရင်၊ အဆိပ်သင့်ရင် ခေါင်းကိုက်လေ့ရှိတယ်။ ခေါင်းကိုက် ခြင်းဖြစ်ရတာဟာ ကိုယ်ခန္ဓာထဲ ကာဗွန်ဒိုင် အောက်ဆိုဒ်များ ပိုမိုများပြားလာပြီး ဦးနှောက်ရှိ သွေးကြောငယ်များ ပိုမိုကြီးမားကျယ်ပြန့်လာလို့ ဖြစ်တယ်။ စိတ်ညစ်၊ စိတ်လှုပ်ရှားမှုဖြစ်ပေါ်ရင် ခေါင်းကိုက်လာတယ်။

အအေးမိခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်လေချုပ်ခြင်း၊ အအိပ်လွန်ခြင်း၊ အိပ်ရေးမ၀ခြင်း၊ အပူရှပ်ခြင်း၊ အရက် အလွန်သောက်ခြင်း၊ အကြောင်းတစ်ခု အခြေအနေတစ်ရပ်ရပ်နဲ့ ဓာတ်မတည့်ခြင်းကြောင့် ခေါင်းကိုက်တယ်။ စိတ်ပိုင်းဆိုင်ရာမှာ စိတ်ညစ်စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာလို့ ခေါင်းကိုက်တတ်တယ်။ အချို့အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်းနဲ့ အခြားမျက်စိရောဂါအချို့မှာ မျက်မှန်တပ်ဖို့လိုပေမယ့် မတပ်ရင် ခေါင်းကိုက်လေ့ရှိတယ်။ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတဲ့ ဆေးဝါးပစ္စည်းများ သုံးစွဲသူတို့ဟာ ဆေးမမှီဝဲရရင် ဆေးပြတ်တဲ့အခါ ကိုယ်လက်ကိုက်ခဲခြင်းနှင့်အတူ ခေါင်းမူးခေါင်းကိုက်တတ်တယ်။

ဆူညံတဲ့အသံတွေ စဉ်ဆက်မပြတ်ကြားနေရရင် စိတ်ရှုပ်ထွေး နောက်ကျိပြီး ဦးခေါင်းရှိ ကြွက်သားငယ်များ တောင့်တင်းပြီး ခေါင်းကိုက်လေ့ရှိတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သည်ဘက်ခေတ်မှာ ခေါင်းကိုက်ဝေဒနာရှင်အားလုံးရဲ့ ငါးပုံတစ်ပုံမှာ ဆူညံသံအန္တရာယ်ကြောင့်ဖြစ်တယ်။ အချို့အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ ခေါင်းအုံ၊ ခေါင်းကိုက်လေ့ရှိတယ်။ အချို့ခွဲစိတ်ကုသမှုများမှာ ကျောရိုးကြားမှ မေ့ဆေး၊ ထုံဆေးပေးရင် တစ်ပတ်လောက် လူကိုခေါင်းကိုက်စေလေ့ရှိတယ်။

ခေါင်းကိုက်ရတဲ့အကြောင်းရင်း များစွာရှိတဲ့အနက် အများစုဟာ စိတ်ကြောင့်ဖြစ်တယ်။ စိတ်ပူပင်သောကရောက်ခြင်း၊ အလိုမကျဖြစ်ခြင်း၊ မကြည်မသာ အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးနောက်ကျိခြင်၊း စိတ်ပင်ပန်းခြင်း စတဲ့ စိတ်ဝေဒနာအမျိုးမျိုးကြောင့် ခေါင်းကိုက်တတ်တယ်။ စိတ်ညစ်၊ စိတ်ရှုပ်မှုဒဏ် ခံနိုင်ရည်ရှိမှု လူတစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ စိတ်ညစ်ပြီးရင် ဦးခေါင်းက ကြွက်သားငယ်များ တောင့်တင်းလေ့ ရှိတယ်။

ခေါင်းကိုက်ခြင်းရဲ့ နောက်ကွယ်မှာ မကြာခဏ သို့မဟုတ် အမြဲထာဝစဉ် ခေါင်းကိုက်နေရင်၊ ယင်းနောက်ကွယ်မှာ ရောဂါတစ်မျိုးမျိုး ရှိနိုင်တယ်။ ခေါင်းကိုက်တဲ့ရောဂါတွေမှာ သွေးတိုးနဲ့ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါပါတယ်။ ကိုယ်ပူခြင်း၊ ဖျားနာခြင်းပါတယ်။ ဦးနှောက်ရှိရောဂါများ၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း၊ အသားပို၊ အကျိတ်လုံးရှိခြင်း၊ ကျောရိုးအာရုံကြောမကြီးရောဂါတို့မှာ ခေါင်းကိုက်လေ့ရှိတယ်။ ဦးနှောက်တွင်းရှိ သွေးကြောများနဲ့ ပတ်သက်ပြီးဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ဝေဒနာတစ်ရပ်လည်း ရှိတတ်တယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း ရောဂါဝေဒနာဟာ မျိုးရိုးလိုက်ပြီး ပညာတတ်လူတန်းစားမှာ ပိုမိုဖြစ်တယ်။ ခေါင်းကိုက်မယ်ဆိုရင် မျက်စိပြာ၊ အော့အန်လာပြီး ချမ်းတုန်ကာ ဇက်ကြောတက်၊ နဖူးကြောထောင်လာပြီး တစ်ခေါင်းလုံးမဟုတ်ဘဲ ခေါင်းတစ်ခြမ်းသာ ထူးထူးခြားခြားကိုက်လေ့ရှိတယ်။ နာရီဝက်၊ တစ်နာရီကြာ ပျို့အန်ပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာသွားတယ်။ ရံဖန်ရံခါ ခေါင်းကိုက်တာနဲ့အတူ ဖျားနာခြင်းပါ တွဲလာတယ်။

ယင်းရောဂါဟာ စိတ်မတည်ငြိမ်၊ ချောက်ချားတတ်သူများ၊ အရာရာစိုးရိမ်စိတ်လွန်ကဲတတ်သူများ၊ အလုပ်အကိုင်၊ ပညာရေး၊ အိမ်ထောင်ရေး စတဲ့ လူမှုရေးကိစ္စများ အစစအဆင်မပြေလေ့ရှိသူ၊ ပန်းနာရင်ကျပ်၊ သွေးတိုးရောဂါရှင် လူနာ များ၊ အပျိုကြီး၊ လူပျိုကြီး၊ သွေးဆုံးခါနီး အမျိုးသမီးတွေမှာ ဖြစ်ပေါ်လေ့ရှိတယ်။

ခေါင်းကိုက်နေရင် ခေါင်းကိုက်ပျောက်ဆေးသောက်တာထက် ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းကို ဖယ်ရှားရမယ်။ တစ်ခါတစ်ရံ ခေါင်းကိုက်ရင် ဦးစွာ စိတ်တည်ငြိမ်ရွှင်လန်းမှုရှိစေဖို့ ခေတ္တအနားယူကာ မိမိဝါသနာပါ စိတ်ဝင်စားရာ တစ်ခုခု ဂီတ၊ အနုပညာ၊ အားကစားတို့ ပြုလုပ်ပြီး အာရုံပြောင်းရမယ်။ လေကောင်းလေသန့်ရရှိပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာ ရွှေ့နေသင့်တယ်။ သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြုရင် ခေါင်းကိုက်ခြင်း ပျောက်ကင်းနိုင်ပါတယ်။

မျက်စိချွတ်ယွင်းမှုကြောင့် ခေါင်းကိုက်ရင် မျက်မှန်လိုအပ်တဲ့ အခြေအနေမျိုးမှာ မှန်ကန်တဲ့မျက်မှန်ကို တပ်ဆင်သင့်တယ်။ သင့်လျော်တဲ့ ခေါင်းကိုက်ပျောက်ဆေး သောက်သင့်တယ်။

အချို့ဆေးအတွက်နဲ့လေးဆိုသလို သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဆိုတဲ့ ဆိုရိုးစကားအတိုင်း ခေါင်းကိုက်ပျောက်ဆေးကို မှီဝဲသုံးစွဲရာမှာ အထူးဆင်ခြင်သင့်တယ်။ ခေါင်းကိုက်ပျောက်ဆေးကို မှီဝဲရင် ခန္ဓာကိုယ်အန္တရာယ်အမျိုးမျိုးဖြစ်နိုင်တယ်။

လူသားတို့ အသုံးပြုနေတဲ့ အကိုက်အခဲပျောက်ဆေး အက်စပရင် (Asprim) Buspro မှာ အစာအိမ်သွေးကြောနံရံပေါက်စေတယ်။ အစာအိမ်သွေးထွက်ပြီး သွေးအန်တတ်တယ်။ အစာအိမ်ရှိသူများ အစာအိမ်သက်သာဆေးနဲ့ ပူးတွဲသောက် ဖို့လိုတယ်။ ယင်းအကိုက်အခဲဆေးတွေ မကြာခဏမှီဝဲရင် ဆေးစွဲသလို စွဲနိုင်တယ်။ အကိုက်အခဲပျောက်ဆေးအများစုမှာ ဖီနာစီတင် (Phencecatin) ပါဝင်တယ်။ ယင်းအကိုက်အခဲဆေးများ မှီဝဲနေရင်း နှစ်ရှည်ကြာလာတဲ့အခါ ကျောက်ကပ်ကို ဒုက္ခပေးပြီး ကျောက်ကပ်ပျက်စီးနိုင်တယ်။

အရေးကြီးတဲ့ ခေါင်းကိုက်ခြင်းဆိုရာမှာ ဦးခေါင်းတစ်နေရာတည်းက ခေါင်းကိုက်ခြင်း၊ ရုတ်တရက် ခေါင်းကိုက်ခြင်း၊ မခံရပ်နိုင်အောင် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ရင် ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့အတူ စိတ်နေစိတ်ထား အမူအကျင့်ပြောင်းလဲကာ ဝက်ရူးပြန်သလို တက်ကာ၊ နား၊ နှာခေါင်းတို့က သွေးများထွက်လာမယ်။

ခေါင်းကိုက်ခြင်းမဖြစ်ဖို့ နေ့စဉ် မိမိနဲ့ သင့်တင့်တဲ့ ကိုယ်လက်အားကစား နာရီဝက်မှ တစ်နာရီလုပ်ဖို့ လိုမယ်။ ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း လုပ်သင့်တယ်။ စိတ်ပူပင်သောကတွေ ဖယ်ရှားနိုင်ရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်ရင် ဆေးရုံ ဆေးခန်း ပြရမယ်။

ခေါင်းကိုက်ခြင်း နောက်ကွယ်မှာ သာမန်အကြောင်းအရာ၊ အခြေအနေရှိသလို အထက်ကပြောခဲ့သလို အန္တရာယ်ပေးနိုင်တာတွေရှိတယ်။ ခေါင်းမူး၊ ခေါင်းကိုက်လာရင် လိုအပ်သလို သတိပြုဆင်ခြင်ရမယ်။

ခေါင်းတစ်ခြမ်းကိုက်ကာ ခံနိုင်ရည်မရှိတဲ့သူတွေမှာ အစားအစာအားလုံးလိုလိုက နှိုးဆွနေသလိုဖြစ်တယ်။ ပမာဏနည်းနည်းစားရင် ခေါင်းမကိုက်တာ တွေ့ရတယ်။ လူတစ်ဦးချင်းစီရဲ့ ခေါင်းကိုက်တဲ့ အစားစားမတူညီနိုင်ဆုံးရောဂါလက္ခဏာက အစားစားပြီးနောက် ချက်ချင်းမပေါ်ဘဲ နာရီအတော်ကြာမှ ပေါ်တယ်။ ကိုယ်စားတဲ့အစားတွေ ဘယ်လိုစားသောက်သင့်သလဲ သဘောသဘာဝကို အသေးစိတ်မှတ်ထားသင့်တယ်။ နှိုးဆွစေတဲ့အစာမှာ ချောကလက်၊ ကဖိန်းဓာတ်၊ အချဉ်ဖောက်တဲ့ အစားအစာ၊ အရက်၊ ဝိုင်အနီတို့ ပါဝင်တယ်။ ရှောက်သံပုရာမျိုးဝင်အသီးနဲ့ သစ်သီးဖျော်ရည်၊ တစေးက ထုတ်ယူထားတဲ့ အစာ၊ ငှက်ပျောသီး၊ အုန်းသီး၊ ဂျုံနဲ့ ပြုလုပ်တဲ့ နို့ထွက်ပစ္စည်းပါဝင်တယ်။ ခေါင်းကိုက်ခြင်း နှိုးဆွပေးတဲ့အကြောင်းရင်းမှာ ဘေဆိုအက်တစ်အေမင် (Vasoactive Amine) ခေါ် သဘာဝဓာတုပစ္စည်း ပါဝင်လို့ဖြစ်တယ်။ ယင်းတို့ဟာ ကျယ်စေ၊ ကျဉ်းစေတယ်။ သွေးကြောရဲ့ အရွယ်စားပြောင်းလဲမှုကနေ ခေါင်းတစ်ခြမ်းကိုက်ခြင်း ထပ်တလဲလဲ ဖြစ်ပေါ်တယ်။ ဒိန်ခဲ၊ ဝိုင်အနီ၊ ကြက်ဥခေါင်းတို့မှာ (Amine) ပါတယ်။

နိုက်ထရိုက်နဲ့ နိုက်ထရိတ်ပါတဲ့ အစားအစာတွေဟာ အချို့သူတွေ ခေါင်းတစ်ခြမ်းကိုက်ဖို့ နှိုးဆွတယ်။ မုန်လာဥနီ၊ ဆလတ်၊ တရုတ်နံနံ၊ ဟင်းနုနယ်၊ ဟင်းသီး ဟင်းရွက်တွေမှာ ပါဝင်တယ်။ ဝက်ပေါင်ခြောက်၊ ဆလာမီနဲ့ ဝက်အူချောင်းတွေမှာ ပါဝင်လို့ ရှောင်ကြဉ်သင့်တယ်။

နူးညံ့ပြီး မလိုင်ထုတ်ထားတဲ့ ဒိန်ခဲပျော့မှာ အခြားဒိန်ခဲတွေလို နှိုးဆွမှုဖြစ်စေတဲ့ Tyramine မပါဝင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိလို့ စားသုံးနိုင်တယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အစားအစာအုပ်စုတွေကို ဖြတ်တောက်ဖို့ ကြိုးစားရင် အာဟာရချို့တဲ့မှု ခံရလိမ့်မယ်။

အချို့သန္ဓေတားဆေး၊ ဟော်မုန်းဆေးတွေဟာ ခေါင်းကိုက်စေလို့ ရှောင်ရှားသင့်ပါတယ်။ အချို့စားဆေး၊ ထိုးဆေးအစား ပစ္စည်းထည့်ခြင်း ဥပမာ – Copper Loop ထည့်နိုင်သလို သန္ဓေတားထိုးဆေး ထိုးနိုင်တယ်။

အချို့ဆေးဝါး သီတာဘလော့ကာ (β-Blocker) ကြိုတင်ကာကွယ်တဲ့ ဆေးဝါးတွေ အသုံးပြုနိုင်တယ်။ ဝေဒနာပြေလျော့စေတဲ့ အာနိသင်ရှိတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်။ ညစဉ် အိပ်ပျော်အောင် အိပ်ဆေး၊ စိတ်ငြိမ်အေး (Triptazoladine 10mg, 25mg) လိုမယ်။ အိပ်ဆေး (Valium 5 mg) ကို (ဆရာဝန်ညွှန်ကြားဆေး) သုံးဆောင်သင့်ပါတယ်။ စိတ်ဖိစီးမှုတွေ ပြေလျော့သင့်သလို စိတ်တည်ငြိမ်အောင်ထားဖို့၊ တရားဘာဝနာကျင့်ကြံတတ်ရင် ပိုပြီးအကျိုးရှိမှာ ဖြစ်ပါတယ်။ 

ဒေါက်တာလွင်သန့်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *