တတ်ဖို့ အရေးကြီးတယ်

‘ဘွဲ့တွေရတာထက် တတ်ဖို့အရေးကြီးတယ်’ ဆိုတဲ့ နာမည်ကျော် နည်းပညာစီးပွားရေးလုပ်ငန်းရှင်၊ စွန့်ဦးတီထွင်သူ Elon Musk ရဲ့ စကားကို Facebook မှာ ဝိုင်းရှယ်နေကြတာတွေ့ရတယ်။

သူ့စကားက နှစ်ပိုင်းပါ။ ဒုတိယပိုင်းကို အာရုံစိုက်စေချင်တယ်။ တတ်ဖို့ အရေးကြီးတဲ့အပိုင်း။ ဘွဲ့မရလည်းဖြစ်တယ်၊ လက်မှတ်မရှိလည်း ရတယ်ပေါ့။

Elon Musk က ပါရဂူဘွဲ့ ကျောင်းတက်စ နှစ်ရက်လောက် တက်ရသေး၊ ကျောင်းထွက်ခဲ့တာ။ စာမလိုက်နိုင်လို့ မဟုတ်ဘူး။ အင်တာနက်လှိုင်းကို စီးချင်လို့ကို ထွက်ခဲ့တာ။ တကယ်လည်း တက်စီးနိုင်ခဲ့တယ်။ လှိုင်းပေါ်ကနေ ပြန်တောင်ခုန်ချပြီး တခြားလှိုင်းတောင်ကူးနေပြီ။

Elon Musk ပါရဂူဘွဲ့မရဘူး။ တခြားဘွဲ့တော့ ရပြီးသားပါ။ ပြီးတော့ တကယ်တတ်တာ။ သူပြောတဲ့စကားတွေကို နားထောင်ကြည့်ရင် ရူပဗေဒကို တကယ်တတ်တာ၊ သွေးထဲသားထဲကနေ လိုက်စားထားတာ တွေ့ရတယ်။ သူလုပ်နေတဲ့ အင်္ဂါဂြိုဟ်သွားမယ့်စီမံကိန်းတို့၊ လျှပ်စစ်ကားတို့ တကယ်မလုပ်တတ်ရင် ရကိုမရဘူး။

ဟုတ်တယ်။ တတ်ဖို့လိုတယ်။

ပထမပိုင်းကို ပြန်စကားဆက်ပါမယ်။ ဘွဲ့ရတာ မကောင်းဘူး ထင်နေမှာစိုးလို့။

ဘွဲ့ရဖို့ မလိုဘူးလား။ ဘွဲ့ဆိုတာက တကယ်တတ်၊ မတတ် တိုင်းတာ။ တကယ်တတ်အောင်သင်ပေးပြီး တကယ်တတ်မှ ပေးတဲ့ဘွဲ့ဆို ရထားတာ ကောင်းတာပေါ့။ ကျွန်တော် ကျွန်မဘာဘွဲ့ရတယ်ပြောလိုက်ရင်ပြီးပြီ။ တတ်လား၊ မတတ်လား အလုပ်ခန့်ချင်သူ၊ အလုပ်အပ်ချင်သူက သိပ်စစ်စရာ၊ မေးစရာမလိုတော့ဘူး။

ဘွဲ့ဆိုတာလည်း တကယ်တတ်ဖို့အတွက်ပဲ ဖြစ်သင့်တယ်။ အိမ်ရှေ့မှာချိတ်ဖို့၊ အစိုးရအဖွဲ့ဝင်ရာထူးရအောင် ယူဖို့အတွက်လောက်တော့ မဖြစ်သင့်ဘူးပေါ့။

ဘွဲ့ရပေမယ့် မတတ်တာတွေရှိတယ်။ မြန်မာမှာ အဲဒီပြဿနာရှိတယ်။ သေချာတယ်။ ‘ဘွဲ့ရပညာမတတ်’ ဆိုတဲ့စကားက နေရင်းထိုင်ရင်း ပေါ်လာတာမဟုတ်ဘူး။ မြန်မာနိုင်ငံက တော်တော်ခက်ပါတယ်၊ ဘာလက်မှတ်မှမရလည်း တတ်နေသူတွေရှိတယ်။ လက်တွေ့ လုပ်နိုင်ကိုင်နိုင်တယ်။ ‘ဘွဲ့မရ ပညာတတ်’။ စနစ်တကျသင်ယူပြီး လက်မှတ်ကလည်းတတ်ကြောင်း အာမခံနိုင်တဲ့လက်မှတ်မျိုးနဲ့ တတ်ရင်တော့ အကောင်းဆုံးပေါ့။

နိုင်ငံခြားမှာရော ဘွဲ့ရတိုင်းတတ်လား။ ပညာရေးစနစ်အားကောင်းတဲ့ နိုင်ငံတွေမှာ တတ်တယ်ပြောလို့ရပေမယ့် သူတို့ဆီမှာတောင် တတ်၊ မတတ် ပြဿနာရှိနေဆဲပါ။ လုပ်ငန်းခွင်ကို ချက်ချင်းမဝင်နိုင်ကြတာတွေရှိတယ်။ ဘွဲ့ရပြီးသူတွေ လုပ်ငန်းခွင်နဲ့ ချက်ချင်းအံမဝင်၊ တန်းခိုင်းလို့ မရတာကြောင့် ကျောင်းတွေမှာ လုပ်ငန်းခွင်နဲ့ ပိုချိတ်ခိုင်း၊ ကျောင်းသား ကျောင်းသူတွေကို ကျောင်းတက်နေတုန်း လုပ်ငန်းခွင်တွေမှာ ဝင်လေ့လာခိုင်း၊ အစမ်းဝင်လုပ်ခိုင်းနဲ့ လုပ်နေရတယ်။

တက္ကသိုလ်ပညာရေး ဈေးကြီးတဲ့နိုင်ငံတွေ ရှိတယ်။ ချေးငှားပြီး တက်ကြရတယ်။ အလုပ်ရရင် ပြန်ဆပ်။ ဒီတော့ ကျောင်းမတက်ဘဲ တတ်အောင်လုပ်လို့ရရင် ဒေါ်လာသောင်းနဲ့ချီ သက်သာနိုင်တာပေါ့။ အဲဒီချေးမယ့်ငွေတွေနဲ့ လုပ်ငန်းလုပ်ရင်တောင် လုပ်ငန်းဖြစ်သွားနိုင်တယ်။

ငွေကြေးလည်း စကားပြောတယ်။ တကယ်တတ်အောင်သင်ပြီး အရည်အချင်းရှိမှ လက်မှတ်ပေးတဲ့ကျောင်းတွေကို ငွေကြေးအကုန်မခံနိုင်လို့ မတက်နိုင်ဘဲ သူ့နည်းသူ့ဟန်နဲ့သူ တတ်အောင် လေ့လာကြရသူတွေ ရှိတာပဲ။ ဒီလိုလူတွေ လက်မှတ်မရဘဲ တတ်နေတော့ သူတို့အတွက် ကောင်းတာပေါ့။ နိုင်ငံအတွက်လည်း ကောင်းတာပဲ။

ဂုဏ်ရှိဖို့အတွက်တော့ ဘွဲ့မယူကြနဲ့။ တကယ်တတ်ချင်မှ ယူကြ။ ဂုဏ်က တခြားနည်းနဲ့လည်း ရှိနိုင်တယ်။ ရာထူးရာခံရှိရင် ဂုဏ်ရှိတာပဲ၊ ပိုက်ဆံရှိလည်း ဂုဏ်ရှိတာပဲ။ ကနေ့ခေတ်မှာ လူအများကြီးက သိအောင် လုပ်လို့ရတယ်။ လူအများကြီးက သိနေရင်လည်း ဂုဏ်ရှိတယ်။

ပြန်ပြောပါဦးမယ်။

Elon Musk ပြောချင်တာက ‘တကယ်တတ်အောင်လုပ်’ လို့ ပြောချင်တာ။

သူ့ဘာသာသူ Youtube ကြည့်လို့တတ်တတ်၊ သူများလုပ်တာ ဘေးကထိုင်ငေးလို့တတ်တတ်၊ အလုပ်ခွင်ထဲ လုပ်ရင်းကိုင်ရင်းတတ်တတ်၊ Game ဆော့လို့တတ်တတ်၊ ဘွဲ့ရတဲ့ကျောင်းတက်လို့ တတ်တတ်၊ တတ်ဖို့ အဓိက။

တတ်ဖို့ အရေးကြီးတယ်။ 

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *