မြန်မာ့စိန်တလုံးအတွက် လမ်းကြောင်းသစ်

မြန်မာ့နာမည်ကျော် စိန်တလုံးသရက်သီး၏ လမ်းကြောင်းအသစ်က မလေးရှားနိုင်ငံ ဖြစ်သည်။

သရက်သီးများကို အေးခဲစေ၍ အတုံး၊ အနှစ်စသည်တို့ တီထွင်ဖန်တီးခဲ့သည့် မန္တလေးအခြေစိုက် သဇင်နွယ်ကုမ္ပဏီက စိန်တလုံးသရက်သီးများကို မလေးရှားနိုင်ငံသို့ အောက်တိုဘာလအတွင်းက စမ်းသပ်တင်ပို့ခဲ့သည်။

ကနဦးအဖြစ် အောက်တိုဘာလအတွင်း ကီလို ၃၃၀ ကို တင်ပို့ခဲ့ရာ အောင်မြင်သောကြောင့် လာမည့် သရက်သီးရာသီချိန်တွင် အလုံးအရင်းဖြင့် တင်ပို့နိုင်ရန် ကြိုးပမ်းနေသည်ဟု သဇင်နွယ်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

“မလေးရှားက စိန်တလုံးသရက်သီးအရသာ သိတယ်လေ။ လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက မြန်မာပြည်က သွားတဲ့ သူတွေက စိန်တလုံးအရသာသိတော့ စိန်တလုံးကို ပို့စေချင်တာ”ဟု အေးခဲသရက်သီးအနှစ်နှင့် အတုံးများကို ပို့ဆောင်ရန်ဖြစ်ပေါ်လာပုံကို ၎င်းက ရှင်းပြသည်။

သရက်သီးအလုံးလိုက်တင်ပို့ရန် မလွယ်ကူသဖြင့် လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်မည့် အေးခဲအနှစ်၊ အတုံးများကို စမ်းသပ်တင်ပို့ခဲ့ပြီး ရလဒ်ကောင်းသဖြင့် ထပ်မံတင်ပို့နိုင်ရန်ကြိုးပမ်းမည်ဟု ၎င်းက ဆိုသည်။

စိန်တလုံးသရက်သီးများကို မလေးရှားနိုင်ငံသို့ တင်ပို့မှုအောင်မြင် ခြင်းသည် နှစ်စဉ်သရက်သီးရာသီချိန် ရောက်တိုင်း အိမ်နီးချင်းတရုတ်နိုင်ငံကိုသာ အမှီပြုနေရသည့် သရက်သီးဈေးကွက်၏ နောက်ထပ်ခြေတစ်လှမ်းလည်း ဖြစ်သည်။

ထိုသို့တင်ပို့နိုင်ရန် လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်ကတည်းက ကြိုးပမ်းခဲ့ရပြီး နိုင်ငံတကာပြပွဲများတွင် သွားရောက်ပြသခြင်း၊ ဝယ်လက်နိုင်ငံများသို့ ချိတ်ဆက်မှုများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရကြောင်း သဇင်နွယ်ကုမ္ပဏီက ဆိုသည်။

ယင်းအပြင် သီးနှံပို့ကုန်အတွက် ထောက်ခံချက်လက်မှတ်များ၊ တင်ပို့မည့် နိုင်ငံ၏ ထောက်ခံချက်၊ တောင်းဆိုချက်စသည်များကို အဆင်ပြေအောင် လုပ်ဆောင်ခဲ့ရသည်။ မလေးရှားသည် ပို့ကုန်စည်းကမ်းသတ်မှတ်ချက် များပြားသည့် နိုင်ငံဖြစ်ပြီး ယင်းနိုင်ငံကို အောင်မြင်စွာတင်ပို့နိုင်ပြီဖြစ်၍ အခြားနိုင်ငံများသို့ ခြေလှမ်းစရန်လွယ်ကူသွားကြောင်း ဒေါ်သန်းသန်းဆွေက ပြောသည်။

မြန်မာ့သရက်သီးသည် ရာသီချိန်ဖြစ်သည့် မေလဝန်းကျင်မှစကာ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်စသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် အဓိကတင်ပို့နေသည်။ မလေးရှားနိုင်ငံသို့လည်း အလုံးလိုက်တင်ပို့မှုအချို့ရှိသော်လည်း သရက်တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပထမဆုံးတင်ပို့ခွင့်ရခြင်း ဖြစ်သည်။

သဇင်နွယ်ကုမ္ပဏီအနေနှင့် ပြည်ပနိုင်ငံသို့ Frozen Mango (အေးခဲသရက်သီး)ကို တင်ပို့ခြင်းသည် ယခုမှ မဟုတ်၊ ၂၀၁၆ ခုနှစ်ကတည်းက ကိုရီးယားနိုင်ငံသို့ တင်ပို့ခဲ့ပြီးလည်းဖြစ်သည်။

သို့သော် မိုးသီးကြွေခြင်းစသည့် ရာသီဥတုဒဏ်ကြောင့် သရက်သီးထွက်နှုန်း လျော့ကျမှုကြောင့် အခက်အခဲဖြစ်ခဲ့ရပြီး စိန်တလုံးသရက်သီးတစ်မျိုးတည်းကိုသာ တင်ပို့မည်ဟု လက်မှတ်ထိုးထားသဖြင့် အခြားသရက်သီးများကိုလည်း ရောနှော၍ မရနိုင်။

ထို့ကြောင့် မန္တလေးတိုင်းအပြင် အခြားဒေသများမှ စိန်တလုံးသရက်သီးများကို ဝယ်ယူသည့်အခါတွင်လည်း ပိုးပါလာသည့်အတွက် ကားတစ်စီးလုံးနီးပါးအထိ လွှင့်ပစ်ခဲ့ရခြင်းစသည့် အဆင်မပြေမှုများကြောင့် ကိုရီးယားနိုင်ငံသို့ ထပ်မံမတင်ပို့ဖြစ်တော့ဟု ယင်းကုမ္ပဏီက ဆိုသည်။

ထိုနှစ်က တန်ချိန် ၂၀ဝန်းကျင် (ကျပ်သိန်းလေးရာဖိုးခန့်) တင်ပို့ခဲ့ရပြီး ထက်ဝက်ခန့်အရှုံးပေါ်ခဲ့သည်။

“နည်းတာမှ မဟုတ်တာ။ သိန်းငါးဆယ်လောက်ရှုံးရင်ကို ခံနိုင်သေးတယ်လေ”ဟု ဒေါ်သန်းသန်းဆွေက ပြန်ပြောင်းပြောဆိုသည်။

ကိုရီးယားနိုင်ငံသို့ အေးခဲသရက်သီးများတင်ပို့ခဲ့စဉ်က အောက်လမ်းမှ ပို့သဖြင့် အနည်းဆုံးနှစ်ပတ်မှ တစ်လနီးပါးအထိ ကြာမြင့်ခဲ့ရသည်။ ယခုမလေးရှားသို့ တင်ပို့ချိန်တွင် လေယာဉ်ဖြင့်တင်ပို့သောကြောင့် နာရီပေါင်း ၃၀ ဝန်းကျင်သာကြာမြင့်တော့သည်။ ထို့ကြောင့် စားသုံးသူများအတွက် လတ်ဆတ်မှုပို၍ ရလာသည်။

အေးခဲသရက်သီးအနှစ်၊ အတုံးများကို ပြည်ပသို့တင်ပို့နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် သဇင်နွယ်ကုမ္ပဏီက ပထမဆုံးအောင်မြင်ခဲ့ခြင်းဖြစ်သည်။ အခြားကုမ္ပဏီများက လုပ်ဆောင်မှုများရှိသော်လည်း မအောင်မြင်ကြ။

အေးခဲသရက်သီးအဖြစ် ယခင်ကတည်းက လုပ်ဆောင်ခဲ့မှုများရှိသော်လည်း တာရှည်ထားမခံခြင်းက ပြဿနာ ဖြစ်သည်။ သရက်သီးအနှစ်ထုပ်ကို ဖောက်၍ လက်ဖြင့်ထိမိလျှင် ပေါက်ထွက်ပြီး ပျက်သွားခြင်း၊ ဖျော်သောက်လျှင် ဝမ်းလျှောခြင်းစသည်တို့ကြောင့် တန်ဖိုးမြှင့် ပြည်ပပို့ကုန်အဖြစ် မအောင်မြင်ကြပေ။

ပြည်ပပို့ကုန်အဖြစ် လုပ်ဆောင်မည်ဆိုလျှင် ပို့ကုန်ကို ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးမှသာ စိတ်ချနိုင်မည် ဖြစ်သည်။ အပြင်ပန်း အမြင်ဖြင့် သန့်ရှင်းပါသည်ဆိုရုံဖြင့် မရပေ။ ထို့ကြောင့် ယခင်က အိတ်ထဲမှ ဆွဲထုတ်လိုက်လျှင် ပျက်သွားသည့် အဆင့်မှ တစ်နှစ်အာမခံဖြင့် အချိန်မရွေးစားသုံးနိုင်သည့်အဆင့်ထိ ရောက်အောင် သဇင်နွယ်ကုမ္ပဏီက ကြိုးပမ်းခဲ့ရသည်။

“မလေးရှားက လူတွေက အရသာကြိုက်တယ်လို့ပြောတယ်။ တုံ့ပြန်မှုလည်း ကောင်းတယ်။ ဒါကြောင့် လာမယ့်ရာသီချိန်မှာ အေးခဲသရက်သီးရော၊ သရက်သီးအစိမ်းရောတင်ပို့နိုင်ဖို့ ကြိုးစားနေတာ” ဟု မြန်မာနိုင်ငံသရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်သန်းသန်းဆွေက ဆိုသည်။

မြန်မာ့စိန်တလုံးသရက်သီးသည် ထွက်ရှိရာဒေသနှင့် စပ်သည့် မူလမျိုးရင်းကို လိုက်၍ အရှည်အလုံးအဝိုင်းစသဖြင့် ပုံစံနှင့်အ ရသာအနည်းငယ်ကွာခြားတတ်ပြီး မန္တလေးတိုင်းထွက် သရက်က အကောင်းဆုံး ဖြစ်သည်။

ယင်းအနက်မှ ပန်းလောင်မြစ်ဝှမ်းဒေသ ကျောက်ဆည်၊ မြစ်သား၊ ဟန်မြင့်မိုရ်၊ စဥ့်ကိုင်စသည့် ဒေသများတွင် စိုက်ပျိုးသည့် သရက်သီးများက အနံ့အရသာကောင်းမွန်သလို ဈေးလည်း အကောင်းဆုံး ဖြစ်သည်။

စိန်တလုံးကို မြန်မာသရက်သီးအဖြစ် မူပိုင်ခွင့်ရရှိရန်လည်း ကြိုးပမ်းနေသူများတွင် ဒေါ်သန်းသန်းဆွေလည်း အပါအဝင်ဖြစ်သည်။ တရုတ်နှင့် ထိုင်းနိုင်ငံဘက်တွင်လည်း မြန်မာ့စိန်တလုံးကို မျိုးယူ၍ စိုက်ပျိုးအောင်မြင်နေသဖြင့် မြန်မာသရက်သီးအဖြစ် မူပိုင်ခွင့်ရရှိနိုင်ရန်က အရေးကြီးသည်။

မူပိုင်ခွင့် ရရှိနိုင်ရန်အတွက် ကိုရီးယားနှင့် ပြင်သစ်နိုင်ငံတို့က ကူညီပေးလျက်ရှိသည်။ ကိုရီးယားအဖွဲ့နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ International Property (IP)  လုပ်ဆောင်ပေးနေပြီး ပြင်သစ်အဖွဲ့နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ယခု ပို့/ဆက်ဝန်ကြီးဌာန) တို့ ပူးပေါင်းကာ Geographical Integration (GI) ကို လုပ်ဆောင်ပေးနေသည်။

“မူပိုင်ခွင့်လုပ်ဆောင်နေတာ အောင်မြင်သွားပြီဆိုရင် ဈေးပိုရမယ်။ မန္တလေးက စိန်တလုံးဆိုရင် အချိုလေးတယ်၊ အမွှေးနံ့ပိုများတယ်၊ အလုံးအဖန် တအားလှတယ်ဆိုပြီး ဈေးတက်လာမယ်” ဟု ဒေါ်သန်းသန်းဆွေက ရှင်းပြသည်။

လက်ရှိ မြန်မာ့စိန်တလုံးသရက်သီးကို တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ ဂျပန်၊ မလေးရှားတို့ကို တင်ပို့နေကြပြီး အေးခဲစိန်တလုံးသရက်သီးကိုမူ မလေးရှားတစ်နိုင်ငံတည်းသို့သာ ပို့ဆောင်နိုင်သေးသည်။

တရုတ်နိုင်ငံသည် မြန်မာ့သရက်ဈေးကွက်၏ အဓိကအားထားရာနေရာဖြစ်သော်လည်း အေးခဲသရက်သီးများအတွက်မူ နေရာမရှိပေ။ အကြောင်းမှာ တရုတ်တို့ကိုယ်တိုင်က သရက်သီးကို မျိုးစုံလုပ်၍ ပြန်လည်ရောင်းချနေခြင်းကြောင့်ဖြစ်သည်။

“သရက်သီးဖျော်ရည် လုပ်တာတို့၊ သရက်သီးနဲ့ ပတ်သက်ပြီး အရက်လုပ်တာလို မျိုးစုံပဲ။ နည်းပညာတွေ အရမ်းမြင့်တယ်။ အဲဒီတော့ သူတို့တွေက အသီးအတိုင်းပဲ ဝယ်မှာပေါ့။ သူ့စက်နဲ့ သူ့ဟာသူလုပ်သွားတာ။ ဒါကြောင့် မြန်မာပြည်က ထွက်တာကို မယူဘူး”ဟု ဒေါ်သန်းသန်းဆွေက ရှင်းပြသည်။

စိန်တလုံးသရက်သီးသည် ဘုရားပေးသည့် အသီးဟုပင်ဆိုရလောက်အောင် အနံ့အရသာ ကောင်းမွန်သော်လည်း ဂရုမစိုက်တတ်လျှင် အနာအဆာ၊ အစက်အပြောက်တို့ကြောင့် ဈေးကွက်တွင် ရောင်းပန်းမလှတတ်ပေ။

ယခင်နှစ်ကမူ တရုတ်နိုင်ငံထွက် စိန်တလုံးသရက်သီးများက တရုတ်ဈေးကွက်အတွင်း ဝင်ရောက်လာသဖြင့် မြန်မာ့သရက်သီးဈေးကွက် အောက်ပြုတ်ကျခဲ့ရသည်။ တစ်လုံးလျှင် ယွမ် ၁၄၀ ခန့်မှ ထက်ဝက်ဈေး ယွမ် ၇၀ ဝန်းကျင်အထိပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း မူဆယ်နယ်စပ်သစ်သီးကုန်သည်တို့က ဆိုသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်းစန်ဒေသတွင် စိန်တလုံးနှင့် ရွှေဟင်္သာတို့ကိုမျိုးယူ၍ စိုက်ပျိုးနေမှုသည် ၂၀၁၅ခုနှစ်ဝန်းကျင်ကတည်းက ဖြစ်နိုင်ပြီး အလုံးလှ၊ အရောင်လှ၊ ထုပ်ပိုးမှုလှပခြင်းတို့ကြောင့် ရောင်းပန်းလှသော်လည်း မြန်မာ့စိန်တလုံး၏ အရသာကို မမီ။

ထို့ကြောင့် လာမည့် သရက်သီးရာသီစတင်ချိန် (မေလ) တွင် တရုတ်သို့ တင်ပို့မှုများရှိနိုင်ဦးမည်ဖြစ်သော်လည်း ဈေးကွက်အသာရ၊ မရကိုမူ စောင့်ကြည့်ရဦးမည်ဟု နယ်စပ်သစ်သီးကုန်သည်တို့က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ဈေးပိုရတဲ့ နေရာရောင်းချင်တာပေါ့။ ဒါပေမဲ့ ဈေးကောင်းရဖို့က ကိုယ့် သရက်သီးအပေါ်လည်း မူတည်တယ်လေ။ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာမျိုးတွေဖြစ်ရင် သရက်သီးက အထွက်နည်းသွားသလို အလုံးအထည်လည်း မလှတော့ဘူး။ ဒါမျိုးတွေကို အနှစ်၊ အတုံးစတာမျိုးတွေ လုပ်လိုက်တော့ အလဟဿ မဖြစ်တော့ဘူး။ ဒါမျိုး စိတ်ဝင်စားတယ်”ဟု စဥ့်ကိုင် မြို့နယ်ရှိ သရက်စိုက်တောင်သူတစ်ဦးက သူ့သဘောထားကို ပြောပြသည်။

သရက်သီး၏ အရည်အသွေးကောင်းလျှင် ပြည်ပဈေးကွက်သို့ ထိုးဖောက်ရန် မခက်ခဲဟု ဒေါ်သန်းသန်းဆွေက ဆိုသည်။

“လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက ကြုံဖူးတာရှိတယ်။ ကိုရီးယားကို အိတ်စပို့ထုတ်မယ်ဟေ့ဆိုတော့ အစ်မဘယ်လောက်ဈေးပေးမှာလဲလို့ မေးကြတယ်။ အမှန်ဆိုဖြစ်သင့်တာက အစ်မကြီးရေ ပေါက်အောင် ဖောက်၊ ကျွန်တော်တို့နောက်က လိုက်မယ်၊ ဘယ်လောက်ဈေးပဲပေးပေး ချမယ် အဲလိုမျိုး ဖြစ်စေချင်တာ”ဟု ဒေါ်သန်းသန်းဆွေ က သူ့ဆန္ဒတစ်ခုကို ပြောပြသည်။

ပြည်တွင်းဈေးကွက်တွင် ဝယ်လက်မရှိတော့သည့်အခါ တရုတ်နိုင်ငံသို့ ပေါချောင်ကောင်းဈေးဖြင့် သွားရောင်းကြရပြီး တရုတ်ပေးသည့် ဈေးသာရရှိသည့် မြန်မာ့သရက်သီးဈေးကွက်မျိုးကို ဒေါ်သန်းသန်းဆွေ မမြင်တွေ့လို့တော့။

ထို့ကြောင့် တန်ဖိုးမြှင့်သရက်ထုတ်ကုန်များကို ကြိုးစားထုတ်လုပ်နေခြင်းဖြစ်သည်။ အေးခဲသရက်သီးအနှစ်၊ အတုံး၊ သရက်မျှင်ခြောက်၊ သရက်သီးရေခဲချောင်းစသည်တို့ကို တီထွင်ထုတ်လုပ်နေပြီး ပြည်တွင်းပြည်ပဈေးကွက်ဝေစုများရရှိရန် ကြိုးပမ်းနေသည်။

ယခူမူ မလေးရှားနိုင်ငံသို့ တန်ဖိုးမြှင့်သရက်ထုတ်ကုန်အဖြစ် အေးခဲသရက်သီးအနှစ်နှင့်အတုံးများကို အောင်မြင်စွာတင်ပို့နိုင်ပြီဖြစ်၍ တောင်သူများအတွက်လည်း အခွင့်အလမ်းတစ်ရပ်အဖြစ် ဖန်တီးပေးနိုင်မည် ဖြစ်သကဲ့သို့ ဈေးပိုရရန်အတွက်လည်း မျှော်လင့်နိုင်မည်ဖြစ်သည်။

ဈေးကွက်တွင် အလုံးအဖန်လှသည့် ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစားဟူ၍ သရက်သီးအမျိုးအစားများ ခွဲခြားထားပြီး အနံ့အရသာပြည့်စုံသော်လည်း အလုံးမလှလျှင် ပြည်ပထုတ်ကုန်အဖြစ် မလွယ်ကူပေ။ ထိုအသီးများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်လျှင် တောင်သူများအတွက် အကျိုးရှိမည်ဖြစ်သည်။

လက်ရှိအထိ မလေးရှားသို့ သရက်သီးတန်ချိန် မည်မျှပို့မည်ကို သေချာစွာမပြောရသေးသော်လည်း ရာသီချိန်တွင် တင်ပို့နိုင်သမျှ ယူမည်ဆိုလျှင် လက်ရှိဈေးကွက်အများဆုံးယူထားသည့် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ဘက်ဖြစ်လားမလားဟူသည်က စိတ်ဝင်စားဖွယ်ကောင်းနေသည်။

“လောလောဆယ် သိပ်မထူးခြားနိုင်သေးဘူး။ နောက်သုံးနှစ်လောက်ဆိုရင်တော့ အပြိုင်အဆိုင်တွေ အရမ်းများမယ်”ဟု ဒေါ်သန်းသန်းဆွေက သုံးသပ်လေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *