မစ္စတာဝမ်ယီထားခဲ့သည့် ချည်ထွေး

နေ့စဉ် တရုတ်ခရီးသွား ၁၀၀၀ ဝန်းကျင် လာရောက်မှုရှိသည့် ကုသိုလ်တော်ဘုရား တာဝန်ရှိသူတို့သည် ထိုခရီးသွားများနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးနေရသည်ဟု ဂေါပကအဖွဲ့နှင့် နီးစပ်သူအချို့က ဆိုကြသည်။

မကြာသေးမီရက်ပိုင်းအတွင်းက ဘုရားဖူးလာသည့် တရုတ်ဧည်သည့်တစ်ဦးသည် ဘုရားမုခ်ပေါက်ဝသို့ ပြန်ထွက်လာကာ ရေအိမ်ကို မေးမြန်းသဖြင့် လမ်းညွှန်လိုက်သော်လည်း မုခ်ပေါက်ဝအနီးတွင်သာ ဘောင်းဘီချွတ်၍ ကိစ္စပြီးလိုက်သည်ဟု နီးစပ်သူတစ်ဦးကပြောသည်။

“ညနေပိုင်းပေါ့၊ မိုးမချုပ်သေးဘူး။ အပေါက်ဝနားမှာပဲ ပါသွားတာ” ဟု ၎င်းကဆိုသည်။

ယင်းကို ဘုရားလုံခြုံရေးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းပေးလိုက်ရသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

သို့သော် ယင်းဖြစ်စဉ်သည် လူမှုကွန်ရက်ပေါ် မရောက်သဖြင့် လူမသိ သူမသိ ပြီးဆုံးသွားခဲ့သော်လည်း ကော်ဇောနီခင်းထားသည့် ဘုရားအတွင်းသို့ ဖိနပ်စီးဝင်သည့်ပြဿနာကိုတော့ လူသိများသွားသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့က ကုသိုလ်တော်ဘုရားသို့ လာရောက်လည်ပတ်ခဲ့ကြသည်။

ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက ဖိနပ်စီး၍ ဘုရားအတွင်းဝင်ရောက်သည့် ဓာတ်ပုံကို လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ‘ကုသိုလ်တော် ဘုရားအတွင်း Red Carpet ပေါ်မှ VVVVIP များ’ ဟု စာညွှန်းရေးကာ တင်လိုက်သဖြင့် လူမှုကွန်ရက်သုံးစွဲသူများအကြား ပြင်းထန်သည့်ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

တရုတ်နိုင်ငံသားများဖြစ်၍ ဝင်ရောက်ခွင့်ပေးခြင်းလော၊ တရုတ်ကို ကြောက်နေရသည့် ဂေါပကလော စသည့်အဓိပ္ပာယ်ပါသည့် စကားလုံးများဖြင့် တုံ့ပြန်ရေးသားကြသည်။

“ဖြစ်သွားတာတော့ ဘယ်လိုမှ ပြောလို့မရဘူးပေါ့နော်။ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး” ဟု ဦးကျော်ဝင်းက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ညည်းညူသည်။

ဦးကျော်ဝင်းသည် ကမ္ဘာ့အကြီးဆုံးစာအုပ်ဟု တင်စားခံရသည့် ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်။

မန္တလေးမြို့၏ မြောက်ပြင်ရပ်၊ မန္တလေးတောင်ခြေအနီးတွင် တည်ရှိသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားသည် မန္တလေး၏ အသည်းနှလုံးဟု သတ်မှတ်ရမည့် နေရာတစ်ခုလည်း ဖြစ်သည်။

ပိဋကတ်သုံးပုံ ပါဠိတော်များကို ရေးထွင်းထားသည့် ကျောက်စာတစ်ချပ်လျှင် စေတီတစ်ဆူနှုန်းဖြင့် ၇၂၉ ဆူသော စေတီတော်တို့သည် ၁၃ ဧကကျယ်ဝန်းသည့် စေတီပရဝုဏ်သုံးထပ်အတွင်း တည်ရှိသည်။ စေတီတော်တို့နှင့် ကပ်လျက်တည်ရှိသည့် သက်တမ်းရင့် ခရေပင်များကြောင့်လည်း ပို၍ထင်ရှားသည်။

မစ္စတာဝမ်ယီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ကုသိုလ်တော်ဘုရားသို့ ရောက်ရှိလာပြီး ဂေါပကအဖွဲ့နှင့်အတူ ဘုရားအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ မစ္စတာဝမ်ယီကို ဖိနပ်ချွတ်ရန် ဂေါပကဥက္ကဋ္ဌကိုယ်တိုင်က မေတ္တာရပ်ခံခဲ့သည်ဟုဆိုသော်လည်း ဖိနပ်သာချွတ်ပြီး ခြေအိတ်မချွတ်ခဲ့ချေ။

အလားတူ ကိုယ်စားလှယ်အဖွဲ့ဝင်အချို့လည်း ခြေအိတ်မချွတ်ဘဲ ဘုရားအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်ကို စီစီတီဗီမှတ်တမ်းအရ သိရသည်။

ထိုစီစီတီဗီမှတ်တမ်းသည် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဂေါပကအဖွဲ့ရုံးခန်း၌ The Voiceင ဂျာနယ်က ကြည့်ရှုခဲ့ရခြင်းဖြစ်သည်။

အိတ်အမည်းကိုင်ထားသည့် အဖွဲ့ဝင်တစ်ဦးသည် ဖိနပ်မချွတ်ဘဲ ဘုရားအတွင်းဝင်သွားပြီး စက္ကန့် သုံးဆယ်ခန့်အကြာတွင် ပြန်ထွက်ခွာလာခဲ့သည်ကို ထိုမှတ်တမ်းအရ တွေ့ရသည်။

အလားတူ ဖိနပ်စီးဝင်နေသည့် ကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦးကိုလည်း မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်သဖြင့် ဖိနပ်ချွတ်၍ ဆက်သွားသော်လည်း ခြေအိတ်မချွတ်ကြပေ။

မြန်မာလူမျိုးတို့သည် အထွတ်အမြတ်ထားရာ နေရာများသို့ ဝင်ရောက်သည့်အခါ ဖိနပ်၊ ခြေအိတ်များမပါဘဲ ဝင်ရောက်သည့် အလေ့အထသည် ရှေးယခင်ကတည်းက ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီများသို့ သွားသည့်အခါ ဂါရ၀တရား၊ ရိုသေလေးစားသည့်သဘောဖြင့် ယင်းကဲ့သို့ ချွတ်ကြခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ယဉ်ကျေးမှုကိုဖော်ဆောင်ခြင်းလည်း ဖြစ်သည်။ ထိုယဉ်ကျေးမှုသည် အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုမြို့တော်ဟု ထင်ရှားသည့် မန္တလေးမြို့အတွက် အထူးလိုက်နာသင့်သည့်အရာလည်း ဖြစ်နေသည်။

“ခြေလှမ်း ၁၅ လှမ်းလောက်ပါ။ အဲဒါကို ဖိနပ်စင်ကလူလည်း ပြေးပြောတယ်။ လုံခြုံရေးကလည်း မြင်လို့ပြောတယ်။ ချက်ချင်းပဲ သူပြန်သွားပါတယ်ခင်ဗျ။ အဲဒီသက်သေကလွဲလို့ ကျွန်တော်တို့ ပြစရာဘာမှမရှိပါဘူးခင်ဗျ” ဟု ဦးကျော်ဝင်းက တုံ့ပြန်ပြောဆိုသည်။

“ကျွန်တော်တို့လည်း ဘယ်ဖြစ်ချင်မှာတုန်းဗျာ။ ဗုဒ္ဓဘာသာတွေပဲ။ ဒီလိုဝင်တာမျိုးတော့ လက်မခံနိုင်ဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ဖိနပ်မချွတ်ခြင်း (နောက်ပိုင်းတွင် ချွတ်သည်)၊ ခြေအိတ်ဖြင့် ဝင်ရောက်ခြင်းတို့အပေါ် ယခင်အစိုးရလက်ထက်က အမေရိကန်သမ္မတ မစ္စတာအိုဘားမား မြန်မာပြည်သို့လာရောက်စဉ်နှင့် ခိုင်းနှိုင်းပြောဆိုကြသည်။ ထိုစဉ်က မစ္စတာ အိုဘားမားသည် ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်ရာတွင် ဖိနပ်၊ ခြေအိတ်ချွတ်လျက် ဖူးမြော်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ အဖွဲ့ဖြစ်စဉ်ကမူ ကျန်ခဲ့သည့်အဖွဲ့ဝင်သည် အဖွဲ့နောက်သို့ ပြေးလိုက်စဉ် သတိလက်လွတ်ကာ ဖိနပ်စီးလိုက်မိသည့်သဘောဟု ဂေါပကအဖွဲ့ကဆိုသည်။ တာဝန်ရှိသူများက လိုက်လံတားမြစ်သည့်အခါ လိုက်နာပြီး ဘုရားပရဝုဏ်ပြင်ပသို့ ပြန်ထွက်ခဲ့သည်ဟု ဘုရားရှိ ဈေးသည်အချို့ကလည်း ဆိုကြသည်။

စီစီတီဗီမှတ်တမ်းအရလည်း ဖိနပ်စီးဝင်ရောက်သူများသည် သတိပေးခြင်းခံရသည့်အပေါ် လိုက်နာသော်လည်း ခြေအိတ်ဖြင့် ဘုရားဝင်းအတွင်း ဝင်ရောက်သည်ကိုတော့ ငြင်းမရပေ။ အလားတူ မန္တလေးတော်ရှိ ဘုရားရင်ပြင်သို့ လှည့်လည်စဉ်တွင်လည်း ခြေအိတ်ဖြင့်ပင် လှည့်လည်သည်ကို အစိုးရကထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ သိရှိရသည်။

မစ္စတာဝမ်ယီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်နေ့အထိ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် နေပြည်တော်တွင်လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မန္တလေးမြို့တွင်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။

တွေ့ဆုံမှုများတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ- တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ချစ်ကြည်ရေးလှုပ်ရှားမှုများ၊ နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန် သွားလာလည်ပတ်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်များက ဆိုသည်။

ဘုရားသို့ ဖိနပ်စီး၍ ဝင်ရောက်သည့် ဓာတ်ပုံကို တင်လိုက်ခြင်းသည် တရုတ်- မြန်မာချစ်ကြည်ရင်းနှီးရေးကို ပျက်ပြားအောင်ပြုလုပ်သည်ဟု ရည်ရွယ်နိုင်သဖြင့် အကောင့်ပိုင်ရှင်ကို တရားစွဲမည်ဟု ဂေါပက ဥက္ကဋ္ဌ ဦးကျော်ဝင်းက သူ့အကောင့်မှတစ်ဆင့် ကြေညာခဲ့သော်လည်း ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ၎င်းက ပြောသည်။

ဗီဇာဖြေလျှော့ပေးမှုများကြောင့် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းခန့်မှစ၍ တရုတ်ခရီးသွားများ အလုံးအရင်းဖြင့် ဝင်ရောက်မှုရှိလာပြီး ပြည်တွင်းရှိ ထင်ရှားသည့်နေရာများသို့ လည်ပတ်ကြသည်။ အထူးသဖြင့် မန္တလေးနှင့် ပုဂံဒေသ များသို့ သွားရောက်ကြသည်။

မန္တလေးမြို့၏ အထင်ကရ လည်ပတ်စရာနေရာတစ်ခုဖြစ်သည့် ကုသိုလ်တော်ဘုရားတွင်လည်း တရုတ်ခရီးသွားများအတွက် ရည်ရွယ်၍ ဘုရားဖူးများလိုက်နာရန် စည်းကမ်းချက်များကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာဖြင့် ရေးသား ကာ ယခုနှစ် မတ်လခန့်ကတည်းကကပ်ထားသည်ဟု ဂေါပကအဖွဲ့က ပြောသည်။

ယင်းအပြင် ဘုရားလုံခြုံရေးဝန်ထမ်းများကလည်း ဝင်ပေါက်မှစ၍ နေရာအနှံ့ စောင့်ကြည့်ကာ စည်းကမ်းမလိုက်နာသူများကို သတိပေးလျက်ရှိနေသည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့၏ ညနေခင်းတွင်ဖြစ်သည်။ ကုသိုလ်တော်ဘုရား ဂေါပကရုံးခန်းအတွင်းသို့ ဘုရားလုံခြုံရေးဝန်ထမ်းအချို့နှင့် တရုတ်ခရီးသွားအချို့ ဝင်ရောက်လာသည်။ ဘုရားဖူးအချင်းချင်းပြဿနာဖြစ်၍ ဖြေရှင်းပေးရန် ရောက်လာခြင်း ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးနေသည့် ခရီးသွားတစ်ဦးကို အခြားခရီးသွားတစ်ဦးက တိုက်မိပြီး ဖုန်းလွတ်ကျသဖြင့် အလျော်တောင်းရာမှ ဂေါပကရုံးခန်းသို့ ရောက်လာခြင်း ဖြစ်သည်။

ဖုန်းကွဲသွားသဖြင့် လျော်ကြေးအနေနှင့် တရုတ်ငွေ ယွမ်ငါးထောင် (မြန်မာငွေ ဆယ်သိန်းကျော်) ပေးရန် တောင်းသည်ကို ညှိနှိုင်းပေးရသည်ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ဒါပေမဲ့ နောက်တော့ ယွမ် ၂၀ နဲ့ပဲ အဆင်ပြေသွားကြတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ အသေးအဖွဲကိစ္စများကို ဖြေရှင်းပေးရသကဲ့သို့ ရေအိမ်သို့ မသွားနိုင်ဘဲ မုခ်ပေါက်ဝတွင်ပင်ကိစ္စဖြေရှင်းသည့်ပြဿနာများကိုလည်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဖြေရှင်းပေးနေရသည်ဟု နီးစပ်သူအချို့က ဆိုကြသည်။

ယင်းအနက် မစ္စတာဝမ်ယီနှင့်အတူပါလာသည့် ဖိနပ်ပြဿနာက ပွက်လောညံခဲ့ခြင်း ဖြစ်သည်။

ယခုမူ ဘုရားဖူးများလိုက်နာရန် စည်းကမ်းချက်များကို ဘုရားတံတိုင်းသုံးထပ်ဝန်းကျင်တွင် ဆိုင်းဘုတ်များဖြင့်ထားရှိရန် ဂေါပကအဖွဲ့က စီစဉ်နေပြီ ဖြစ်သည်။

ယင်းစည်းကမ်းချက်များတွင် ခြေအိတ်၊ ဖိနပ်များဖြင့် မတက်ရန်၊ အင်္ကျီချိုင်းပြတ်၊ ရင်ဟိုက်၊ ဘောင်းဘီတို၊ စကတ်တိုများ ဝတ်ဆင်ခြင်းမပြုရန်၊ နံရံများအား ရေခြစ်ခြင်းမပြုရန်၊ ဆေးလိပ်သောက်ခြင်း မပြုရန်၊ ပြေးလွှားဆော့ကစားခြင်း မပြုရန်၊ အမှိုက်မပစ်ရန်တို့ ပါဝင်မည်ဟု ဂေါပကအဖွဲ့က ဆိုသည်။

ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းအနေကမူ ဘုရားအတွင်း ဖိနပ်၊ ခြေအိတ်ဖြင့် ဝင်ရောက်ခဲ့သည့်ဖြစ်စဉ်တွင် တာဝန်ရှိသူတစ်ဦးအနေနှင့် စိတ်မကောင်းဖြစ်ရသည်ဟု ညည်းတွားသည်။

“ဘယ်ကလာလာ စီစီတီဗီနဲ့ ရှင်းပြရုံပဲဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်ဗျ။ ကိုယ်မှားတာလည်း မဟုတ်ဘူး။ ကြိုတင်စီစဉ်ထားတဲ့ကြားက ဒီဖြစ်စဉ်ဖြစ်သွားတာကို စိတ်မကောင်းဖြစ်မိတာပါ” ဟု ၎င်းက ဆိုလေသည်။ 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *