နိုင်ငံတစ်ခု ကြီးပွားခြင်း ၄.၀ နိုင်ငံတော်ဦးဆောင်သော

ကိုမျိုးချစ် – ဗီယက်နမ်က တော်တော်တက်သွားတာပဲဗျ။ သူတို့ပိုင်တဲ့ Vietnam Plaza၊ အဲ Myanmar Plaza ကြီး ကြည့်လိုက်တာနဲ့တင် အထင်ကြီးစရာ။ ကျွန်တော်တို့လို ပြည်တွင်းကနေ ရင်းနှီးမြှုပ်နှံသူ ဖိတ်ခေါ်တဲ့အဆင့်တောင် မကတော့ဘဲ အပြင်ထွက်ပြီး လိုက်ရင်းနှီးတဲ့ အဆင့်ရောက်နေပြီ။ ဒီ Myanmar Plaza အပါအဝင် Project က ဒေါ်လာသန်း ၄၀၀၊ ၅၀၀ လောက် ကုန်ဆိုလား ဖတ်ဖူးတယ်။

ဖွံ့ဖြိုးရေးပါရဂူ – ဒါတင်ဘယ်ကဦးမလဲ။ ကမ္ဘာပေါ်က Smart Phone ဆယ်လုံးမှာ တစ်လုံးက ဗီယက်နမ်က ထုတ်တာတဲ့။ ကုန်ထုတ်လုပ်မှုမှာလည်း အများကြီး တိုးတက်နေပြီ။ ကုန်ထုတ်လုပ်မှု တိုးတက်တာကလည်း နည်းပညာလိုတဲ့ ကုန်ထုတ်လုပ်ရေးမှာနော။ ခင်ဗျား Facebook ကြည့်ကြည့်နေတဲ့ဖုန်းတောင် ဗီယက်နမ်ဖုန်းများ ဖြစ်နေသလား။

ကိုမျိုးချစ် – မဟုတ်ပါဘူး။ ကျွန်တော့်ဖုန်းက Made in China ပါ။ ဗီယက်နမ် Smart Phone ထုတ်တာက အဲဒီလောက်တောင်များလား။ ထုတ်နေတာသိပေမယ့် ဒီလောက်များတာ မသိဘူးဗျ။

ဖွံ့ဖြိုးရေးပါရဂူ – လက်ကိုင်ဖုန်းတွေက ဗီယက်နမ်ရဲ့ နံပါတ်တစ် ပြည်ပပို့ကုန်ဗျ။ ဗီယက်နမ်က ၂၀၁၉ မှာ ဒေါ်လာ ၄၇ ဘီလီယံဖိုး လက်ကိုင်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ပြည်ပပို့တယ်။ Samsung ဖုန်း သုံးလုံးမှာ တစ်လုံး က ဗီယက်နမ်က ထုတ်တယ်ဆိုပဲ။ တခြားတံဆိပ်တွေကို ထုတ်ပေးရုံတင်မက သူ့တံဆိပ်နဲ့ သူ့ကိုယ်ပိုင်ဗီယက်နမ်ဖုန်းတွေတောင် ထုတ်နေပြီ။

ကိုမျိုးချစ် – ဗီယက်နမ်က ဒီလောက်တောင်တက်သွားတယ်နော်။ ကျွန်တော်ဖြင့် ဗီယက်နမ်ဆို ရမ်ဘိုကားတွေထဲက ဗီယက်ကောင်းတွေ မြင်နေတုန်းပဲ။ သူတို့က ဘာဆေးတွေစားလို့ ဒီလောက်တက်သွားတာလဲ။ နိုင်ငံရေးမှာတော့ သိပ်မပြောင်းဘူး။ သတင်းတွေဖတ်လိုက်ရင် ကွန်မြူနစ်ပါတီအကြောင်းတွေ ဖတ်ဖတ်နေရသေးတာပဲ။

ဖွံ့ဖြိုးရေးပါရဂူ – ဗီယက်နမ်စစ်ကြောင့် တော်တော်ကြေသွားတယ်။ Doi Moi ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး ပြန်နာလန်ထလာတာ။ ဗီယက်နမ်က နိုင်ငံရေးကို တဖြည်းဖြည်းချင်း ပြောင်းတယ်၊ စီးပွားရေးမှာ ပိုမြန်မြန်ဖွင့်တယ်။ ကွန်မြူနစ်ပါတီက အာဏာကို မြဲမြဲမြံမြံကိုင်ထားပြီး စီးပွားရေးမှာ ဈေးကွက်စီးပွားရေးဘက်ပေါက်အောင် ဖွင့်တာ။

ကိုမျိုးချစ် – တရုတ်နဲ့ တူတူပဲပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – အိမ်နီးချင်းလည်းဖြစ်၊ ကွန်မြူနစ်ပါတီကြီးစိုးတာလည်းတူတော့ အတုယူစရာပေါ့။ ဖွံ့ဖြိုးရေးဘာသာရပ်မှာတော့ State-led development ခေါ်တာပေါ့။ နိုင်ငံတော်ဦးဆောင်သော ကြီးပွားရေး။

ကိုမျိုးချစ် – တောင်ကိုရီးယား၊ စင်ကာပူတွေကလည်း State-led နဲ့တက်လာတာပဲ မဟုတ်လား။ အစိုးရ၊ နိုင်ငံတော်က ဦးဆောင်တယ်၊ ပုဂ္ဂလိကက နောက်ကလိုက်တယ်။

ဖွံ့ဖြိုးရေးပါရဂူ – အာရှက တက်လာတဲ့ နိုင်ငံတွေက State-led နဲ့ သွားကြလေ့ရှိတယ်။

ကိုမျိုးချစ် – ဗီယက်နမ်တို့၊ တရုတ်တို့က ကွန်မြူနစ် တစ်ပါတီဆိုတော့ နဂိုကတည်းက State-led ပဲလေ။ အစိုးရချည်းပဲ လုပ်လာခဲ့တာ။

ဖွံ့ဖြိုးရေးပါရဂူ – အဲဒါက ကွန်မြူနစ်စနစ်ဗျ။ State-led မဟုတ်ဘူး။ အစိုးရက အကုန်ဝင်လုပ်တာ။ စီးပွားရေးလုပ်ငန်းတွေအကုန်လုံး သူပဲ ဝင်လုပ်တာ။ ကြားဖူးတယ်မဟုတ်လား။ အရင်ဆိုရှယ်လစ်ခေတ်တုန်းက ကွမ်းယာဆိုင်တောင် ပြည်သူပိုင်သိမ်းတယ်လို့ အရပ်ထဲမှာ ရယ်စရာပြောကြတာ။

ကိုမျိုးချစ် – ဒါဆို ဈေးကွက်ကချည်း လွှတ်ထားရမယ်ဆိုတဲ့ဝါဒနဲ့ အစိုးရချည်းအကုန်လုပ်ဆိုတဲ့ဝါဒကြားထဲက ဝါဒတစ်မျိုးပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – ရှင်းအောင် အဲဒီလိုပြောရင်ရပါတယ်။ State နိုင်ငံတော်နဲ့ Market ဈေးကွက် ပေါင်းထားတာ။ ဗီယက်နမ်က ဆိုရှယ်လစ်စနစ်ကနေ ကူးပြောင်းတဲ့အတွက် သူက ဈေးကွက်ရဲ့အခန်းကဏ္ဍကို မြှင့်တင်ရတယ်။ အစိုးရက အကုန်ဝင်လုပ်နေတာကနေ ဦးဆောင်တဲ့အခန်းကဏ္ဍလောက်ပဲဖြစ်အောင် အစိုးရရဲ့နေရာကို တော်တော်လျှော့ပစ်ရတယ်။

ကိုမျိုးချစ် – အစိုးရရဲ့နေရာကို လျှော့ပစ်တာ လွယ်တဲ့အလုပ် မဟုတ်ဘူး။ လူပဲဖြစ်ဖြစ်၊ ဌာနပဲဖြစ်ဖြစ် ကိုယ့်လုပ်ပိုင်ခွင့်ကို လျှော့ပစ်ရင် သိပ်ကြိုက်ကြတာမဟုတ်ဘူး။ သူ့ပါတီ၊ အစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးယန္တရားထဲကကို ဆန့်ကျင်ခုခံတာတွေ အများကြီးတွေ့မယ်ထင်တယ်။

ဖွံ့ဖြိုးရေးပါရဂူ – အမှန်ပဲဗျ။ အများကြီးကြုံရတာပေါ့။ အခုအခံတွေ အများကြီးရှိပေမယ့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (state-owned enterprise SOE) ၁၂၀၀၀ လောက် ၁၉၈၆မှာ ရှိတာကနေ ၂၀၁၈ မှာ ၅၀၀ အောက်အထိရောက်အောင် ဗီယက်နမ်က လျှော့ပစ်လိုက်နိုင်တယ်။ သူဒီလိုလုပ်နိုင်တဲ့အတွက် ဈေးကွက် Market ရဲ့ စွမ်းဆောင်ရည်ပါ အများကြီးတက်လာတယ်။

ကိုမျိုးချစ် – ဒါဆို ဈေးကွက်ကိုပဲလွှတ်ထားလိုက်ရင် အားလုံးကောင်းသွားမယ်ပြောတဲ့ ဟိုသီအိုရီကြီးနဲ့ လွဲနေတာပေါ့။

ဖွံ့ဖြိုးရေးပါရဂူ – Laissez-faire လား။ ဈေးကွက်သမားတွေဘက်ကကျ ဗီယက်နမ်ရဲ့အောင်ပွဲဟာ ဈေးကွက်ရဲ့အောင်ပွဲပဲ။ အစိုးရကချည်း တစ်သက်လုံးလုပ်လာတာ ဘာမှမှမဖြစ်တာ။ အခုဈေးကွက်ကို ဖွင့်ပေးလိုက်မှ တက်လာတာ။ အစိုးရကချည်း အကုန်လုံးလုပ်နေတာကို လျှော့ပေးပြီး နိုင်ငံပိုင်လုပ်ငန်း SOE တွေကို ကျွန်တော်အပေါ်မှာ ပြောခဲ့သလို သောင်းနှစ်ထောင်ကနေ ငါးရာတောင်မပြည့်အောင်အထိ လျှော့ပစ်လိုက်တဲ့အတွက် ဈေးကွက်ရဲ့ စွမ်းဆောင်ရည်တက်လာတယ်။ ဈေးကွက်ရဲ့ အခန်းကဏ္ဍတက်လာတာကြောင့် ဗီယက်နမ်တက်လာတယ်ပေါ့ဗျာ။

ကိုမျိုးချစ် – ဈေးကွက်ကိုချည်း လွှတ်ထားရမယ်ဆိုတဲ့အထိတော့ မရောက်ပါဘူး။

ဖွံ့ဖြိုးရေးပါရဂူ – ဈေးကွက်ကိုချည်း လွှတ်ထားတဲ့နိုင်ငံကတော့ မရှိပါဘူး။ သီအိုရီသဘောပဲ ပြောကြတာပါ။

ကိုမျိုးချစ် – အဲဒါတော့ မသိဘူးဆရာ။ အမေရိကန်ကြီးကတော့ Free Market ပဲ အမြဲပြောတာ ဖတ်ရကြားရတာပဲ။

ဖွံ့ဖြိုးရေးပါရဂူ – အဲဒီလောက် Free Market ပြောတဲ့ အမေရိကန်ပြည်ထောင်စုတောင် သမ္မတသစ် Donald Trump တက်လာအပြီးမှာ ဒီလောက်ပြောင်းသွားတာ။ သူ့ပစ္စည်းတွေ အဝယ်နည်းပြီး သူ့ဆီပဲ ဖိရောင်းနေတဲ့ နိုင်ငံတွေကို ဖိအားအပြတ်ပေးတာ။ တရုတ်နဲ့ ကုန်သွယ်ရေးစစ်က အဲဒီက စတာပဲလေ။

ကိုမျိုးချစ် – Donald Trump တောင် ဗီယက်နမ်ကျ ပြောတာ သိပ်မတွေ့ဘူး။

ဖွံ့ဖြိုးရေးပါရဂူ – အမေရိကန်အစိုးရက ဗီယက်နမ်ကိုလည်း ဖိအားပေးပါတယ်။

ကိုမျိုးချစ် – အဲဒါကြောင့်နဲ့တူတယ် ဗီယက်နမ်က အမေရိကန်ဆီကနေ လေယာဉ်တွေ ဒီနှစ်အစောပိုင်းမှာ ဝယ်တာ။ ဒေါ်လာ ဘီလီယံ ၂၀ ဖိုးလောက်ရှိတယ်။ Boeing ကနေ လေယာဉ်တွေဝယ်တယ်၊ General Electric ကနေ အင်ဂျင်တွေဝယ်တယ်။ Vietjet နဲ့ Bamboo လေယာဉ်လိုင်းတွေက ဝယ်ကြတာ။

ဖွံ့ဖြိုးရေးပါရဂူ – ဟုတ်ပါ့ဗျာ။ ဒီနှစ်တစ်နှစ်ထဲတော့ မဟုတ်ဘူးဗျ။ နိုင်ငံခြားမီဒီယာတစ်ခုကရေးထားတာ ဖတ်လိုက်ရတယ်။ ဗီယက်နမ်က အမေရိကန်သမ္မတ Donald Trump နဲ့တွေ့တိုင်း အမေရိကန်ကုမ္ပဏီတွေကနေ သူတို့ဝယ်မယ့် ဒေါ်လာဘီလီယံချီ စာချုပ်တွေကို Trump ရှေ့မှာ လက်မှတ်ထိုးလေ့ရှိတယ်တဲ့။ ပုံသေနည်းပေါ့။ ၂၀၁၇ တုန်းကလားမသိ၊ အမေရိကန်ဆီကနေဗီယက်နမ်ဝယ်တဲ့ စာချုပ်ခပ်ကြီးကြီးတွေ Trump ရှေ့မှာချုပ်တာ ကျွန်တော် နိုင်ငံတကာသတင်းတွေမှာ ဖတ်လိုက်ရတယ်။ Trump ကလည်း ဒါတွေကို သူ့အောင်မြင်မှုအဖြစ်ကြွားတာပေါ့။ Donald Trump ကို ကိုင်နည်း ဗီယက်နမ်တွေသိသွားပုံပဲလို့ အဲဒီ မီဒီယာက ရေးထားတယ်။

ကိုမျိုးချစ် – ဗီယက်နမ်အစိုးရက အတော်ပါးနပ်တာပဲဗျ။ ဒီတိုင်းဆို။

ဖွံ့ဖြိုးရေးပါရဂူ – အစိုးရက ဦးဆောင်တဲ့ ကြီးပွားရေးမှာ အစိုးရပါးနပ်မှ State-led နဲ့ အလုပ်ဖြစ်မှာလေ။ ဗီယက်နမ်အစိုးရ ပါးနပ်လို့ ဗီယက်နမ်က တက်သွားတာပေါ့။

ကိုမျိုးချစ် – ဗီယက်နမ် State က ဘယ်လိုဦးဆောင်သွားတာလဲ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *