နိုင်ငံကြီးသားတို့နေသည့် ရွာ

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ယောက်က လမ်းပေါ်သို့ စည်းကမ်းမဲ့ ပစ်ချလိုက်သည့် တစ်ရှုးစက္ကူကို ကလေးငယ်တစ်ဦးက ချက်ချင်းကောက်ယူ၍ အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ခဲ့သည်။

ထိုဖြစ်ရပ်ကား ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာတွင် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်ကို ကြားသိရသူတိုင်း အံ့ဩကြရသည်မှာ အမှိုက်ကို အလွယ်တကူစည်းကမ်းမဲ့ပစ်ကြသူများ နေထိုင်နေသည့် ရန်ကုန်မြို့နှင့် မနီးမဝေး မြို့နယ်ထဲရှိ ကျေးရွာမှ ကလေးတစ်ဦးက ထိုအပြုအမူကို ပြုလုပ်ခဲ့ခြင်းကြောင့်ပင်။

ထိုကလေးကဲ့သို့ပင် ဝဲကြီးကျေးရွာရှိ ကလေးတိုင်းက အမှိုက်ကို စည်းကမ်းရှိရှိ စနစ်ကျစွာ စွန့်ပစ်လျက်ရှိသည်။

အဘယ်ကြောင့်နည်း။

“အဲဒီအဖြစ်အပျက်က ကြာတော့ ကြာပြီ။ ဘယ်ကလေးမှန်းလည်း မမှတ်မိတော့ဘူး။ ဒါပေမဲ့ အမှိုက်ကို ကလေးတိုင်းလိုလို စနစ်တကျစွန့်ပစ်တယ်။ ရွာထဲ သူစိမ်းဝင်လာလို့ ကွမ်းတံတွေးလမ်းပေါ် ထွေးရင်တောင် အဲဒီလို မထွေးရဘူးဆိုပြီး ပြောလည်း ပြော အနောက်က ရေနဲ့ လိုက်ဆေးချတာ။ အဲဒီလိုအကျင့်လေးတွေပါ ရှိနေပြီ” ဟု ကျေးရွာဖွံဖြိုးရေးအဖွဲ့ဝင် ဦးတင်ထွေးက ထိုကလေး၏ဖြစ်ရပ်ကို ပြန်လည်ပြောပြသည်။

အမှိုက်မပစ်ရ ဆိုင်းဘုတ်အနီးတွင်ပင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ၊ ရုပ်ဆိုးအကျည်းတန်လှသည့် လမ်းမများပေါ်မှ စည်းကမ်းမဲ့ကွမ်းသွေးကွက်များ၊ ဥပဒေများရှိသော်လည်း အသက်မဝင်သဖြင့် အလေးမထားလိုက်နာသူ နည်းပါးလှသဖြင့် ယနေ့အချိန်အထိ ဖြစ်ပျက်နေဆဲ စည်းမဲ့ကမ်းမဲ့အမှိုက်ဖွမှုများ နိစ္စဒူဝကြုံ တွေ့နေရဆဲ ရန်ကုန်အတွက် အတုယူဖွယ်နေရာသည် အနီးအနားတွင်ပင် တည်ရှိနေသည်။

မျိုးဆက်သစ်များအတွက် အမူအကျင့်ကောင်းများကို လက်ဆင့်ကမ်းပေးနေသည့် ဝဲကြီးကျေးရွာကလေးကား မည်သို့နည်း။

ရန်ကုန်မြို့မှ နှစ်နာရီကြာသွားရောက်ရုံဖြင့်ထိုရွာကလေးသို့ ရောက်ရှိနိုင်သည်။ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ သန်လျင်မြို့နယ်ပြီးလျှင် သစ်ရိပ်ဝါးရိပ်ဖြင့် အေးချမ်းသော အမှိုက်ကင်းစင်သည့် ထိုရွာကလေးမှာ ကျောက်တန်းမြို့နယ်ထဲတွင် တည်ရှိနေသည်။

အမှိုက်စွန့်ပစ်မှုပြဿနာမှာ ရန်ကုန် မြို့အပါအဝင် တစ်နိုင်ငံလုံးအတွက် ဖြေရှင်းရခက်သည့် ပြဿနာတစ်ရပ် ဖြစ်သည်။ ထိုပြဿနာကို ဝဲကြီးဆိုသည့် ရွာကလေးက ဖြေရှင်းပြနိုင်ခဲ့လေသည်။

အလွယ်တကူ အမှိုက်ပစ်ကြသည့် ဓလေ့ကို ခုံမင်နေကြဆဲ ရန်ကုန်မြို့နေလူထုနှင့် မနီးမဝေးတွင် အမှိုက်တစ်စမရှိ စည်းကမ်းတကျ အမှိုက်ပစ်သည့် ဓလေ့တို့ ရှင်သန်နေသည့် ဝဲကြီးရွာကလေးက တစ်နိုင်ငံလုံး၏ အမှိုက်ပြဿနာအတွက် စံနမူနာပြုစရာပင် မဟုတ်လော။

“တစ်နိုင်ငံလုံးကိုလည်း ဖြစ်စေချင်တယ်”ဟု တစ်နိုင်ငံလုံးကို ဝဲကြီးကျေးရွာလို သန့်ရှင်းစေလိုသည့် ဆန္ဒကို ဝဲကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလက မိန့်ကြားသည်။

စပါးများရိတ်သိမ်းပြီး၍ ခြောက်သွေ့နေသာ လယ်ကွင်းပြင်များကို တမျှော်တခေါ်ဖြတ်သန်းပြီးချိန်တွင် ထိုရွာကလေးသို့ ရောက်သည်။

ကျောက်တန်းမြို့ပေါ်မှ ကိုးမိုင်ခန့်ဝေးပြီး ဆိုင်ကယ်ဖြင့်သွားပါက နာရီဝက်ကျော်ကြာ သွားရောက်ရသည်။ ဝဲကြီးရွာ အနီးတွင် ကြာကန်၊ ကန်ပြောင်ကြီးစသည့် ကျေးရွာများလည်း ရှိသည်။

ဝဲကြီးကျေးရွာဟု ရေးသားထားသည့် ကျောက်သားဆိုင်းဘုတ်ရှိသလို ရွာ၏ အဝင်တွင် ခံ့ညားစွာရှိနေသော မုခ်ဦးနှင့် အမှိုက်တစ်စမရှိ ပြန့်ပြူးနေသော ကွန်ကရစ် လမ်းကလေးက လာရောက်သူတိုင်းကို သာယာလှပစွာဆီးကြိုနေသည်။

မုခ်ဦးတွင် ‘မင်္ဂလာပါ ကြိုဆိုပါ၏’ စာတန်းများကို တစ်ဖက်တစ်ချက်တွင် ရေးထိုးထားပြီး မုခ်ဦးအလယ်တွင်တော့ မြန်မာဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း စံပြဝဲကြီးကျေးရွာဟု ရေးထိုးထားကာ KOICA စာတန်းနှင့် ကိုရီးယားနိုင်ငံအလံက တစ်ဖက်၊ မြန်မာနိုင်ငံအလံက တစ်ဖက်တို့ကိုလည်း တွေ့ရသည်။

ဝဲကြီးကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်နှင့် အိမ်ထောင်စု ၃၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး လယ်လုပ်ငန်း၊ ရေလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။

ထိုရွာကလေးမှ ရွာသားတစ်ဦးလည်း ဖြစ်သည့် ဆရာတော်ဘဒ္ဒန္တဝိမလသည် နိုင်ငံတကာသို့ သွားရောက်နေသည့် ဆရာတော်တစ်ပါးအနေနှင့် နိုင်ငံတကာက အမှိုက်သန့်ရှင်းမှုကို ကိုယ်တွေ့ကြုံခဲ့ရသူ ဖြစ်ရာ မိမိကျေးရွာလေးကိုလည်း နိုင်ငံတကာကဲ့သို့ သန့်ရှင်းသာယာစေချင်သည်။

ထို့ကြောင့်ပင် ဆရာတော်က ဦးဆောင်၍ ၂၀၁၄ ခုနှစ်တွင် အမှိုက်ကောက် လှုပ်ရှားမှုကို စတင်ခဲ့သည်။ လမ်းခင်းခြင်းနှင့် စာသင်ကျောင်းဆောက်လုပ်ခြင်းတို့ကိုလည်း ဆရာတော်က ဦးဆောင်ကာ ရွာသူရွာသားများက လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

“မလုပ်ခင်ကတော့ အမှိုက်လည်း အမှိုက်၊ ကွမ်းတံတွေးဆိုလည်း တပျစ်ပျစ်ပေါ့။ အခုကတော့ သွားရင်းလာရင်း အမှိုက်ပစ်ရင်တောင် စည်းကမ်းမရှိဘူးတို့ ဘာတို့ပြောလာကြတယ်” ဟု ဆရာတော်က ယခင်က အခြေအနေကို ပြန်လည်မိန့်ကြားသည်။

အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်သည့် အလေ့အကျင့်များပေါ်လာစေရန် ဆရာတော်က တရားဟောကြားချိန်တွင် ထည့်သွင်းဟောကြားလေ့ရှိသလို သီးသန့်ဟောပြောပွဲများပြုလုပ်၍လည်း ရပ်ရွာလူထုကို စည်းရုံးခဲ့ရသည်။

“တရားဟောရင်းနဲ့လည်း ဒါတွေ ထည့်ပြောတယ်။ သန့်ရှင်းမှ ကျန်းမာရေးရှုထောင့်အရ ကောင်းမယ်ဆိုတာပေါ့။ ပြည်ပကိုလည်း သွားတော့ ဗဟုသုတလေးလည်းရှိတော့ သန့်သန့်ရှင်းရှင်းနေဖို့ပြောတော့ သူတို့ စိတ်ဝင်စားကြတယ်” ဟု ဆရာတော်ဘဒ္ဒန္တဝိမလက မိန့်ကြားသည်။

ထို့ပြင် ဝဲကြီးကျေးရွာစာသင်ကျောင်းတွင် ဆရာမများကတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများကို အမှိုက်စွန့်ပစ်စနစ်ကို သင်ကြားစေသည်။ လက်ရှိတွင် ကလေးများမှာ အမှိုက်ကို စနစ်တကျစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရနေပြီဖြစ်သည်။

ဆရာတော်၏စည်းရုံးမှုအရ အမှိုက်ကောက်ခြင်း၊ စွန့်ပစ်ခြင်းများကို စနစ်တကျပြုလုပ်လာခဲ့ပြီး တစ်ရွာလုံးနီးပါး သန့်ရှင်းလာသည်။ အမှိုက်ကင်းစင်ရုံ သာမက မြေယာရှုခင်းသာယာလှပရေးအတွက် သစ်ပင်ပန်းမန်များ စိုက်ပျိုးစေခဲ့သည်။

အမှိုက်ကောက်ခြင်းကို ယခင်က အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကလေး၊ လူကြီးလူအင်အား ၅၀ ကျော် ၆၀ ခန့်ဖြင့် ပြုလုပ်ပြီးယခုအခါ နှစ်ပတ်တစ်ခါပြုလုပ်ကြသည်။ စနေနေ့ညနေရောက်လျှင် အမှိုက်ကောက်အစီအစဉ်အတွက် ရွာအတွင်း လိုက်လံဆော်ဩသည်။ အမှိုက်ကောက်ချိန်တွင် ရပ်ရွာထဲမှ ဒါနပြုလိုသည့် အိမ်က အမှိုက်ကောက်သူများအတွက် အာဟာရဒါနပြုကြသည်။

ရပ်ရွာထဲမှ အကျွေးအမွေးဒါနပြုသူမရှိလျှင် အမှိုက်ကောက်ချိန်အာဟာရဒါန ကျွေးနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့်တွဲလက်ညီအကိုအဖွဲ့က ကျွေးမွေးလေ့ရှိလေသည်။

ထိုသို့ သိုက်သိုက်ဝန်းဝန်းညီညီညွှတ်ညွှတ်ဖြင့် ဝဲကြီးရွာကလေးက ပျော်ရွှင်အားတက်စရာကောင်းသလို ရောက်လာသူအပေါင်းကိုလည်း စိတ်ကြည်လင်သာယာမှုတို့ ပေးစွမ်းနိုင်လေသည်။

“ကိုယ့်အိမ်လေးရော၊ ကိုယ့်ရပ်ရွာ ပတ်ဝန်းကျင်ရော သန့်ရှင်းပြီးသာယာတော့ စိတ်လည်းကြည်လင်တယ်။ ရောက်လာတဲ့ သူတွေကိုလည်း စိတ်ကြည်လင်စေတယ်။ ကိုယ့်ရွာအတွက်တော့ ဂုဏ်လည်းယူတယ်။ ဝမ်းသာပီတိလည်း ဖြစ်တယ်” ဟု ဝဲကြီးကျေးရွာသူ ဒေါ်သန်းသန်းက ဂုဏ်ယူစွာပြောကြားသည်။

ဆရာတော်က အမှိုက်ကောက်သည့် အစီအစဉ် စတင်နေချိန်မှာပင် မြန်မာနိုင်ငံတွင် ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသော ကိုရီးယားနိုင်ငံမှ KOICA အဖွဲ့အစည်းက ပြုလုပ်သည့် ကျေးရွာသစ်စီမံကိန်းတွင် မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၁၀၀ ကို ရွေးချယ်ခဲ့ရာ ဝဲကြီးကျေးရွာလည်း ပါဝင်ခဲ့သည်။

KOICA ၏ ကျေးရွာသစ်စီမံကိန်းမှာ ကျေးရွာတစ်ခု၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုသည့် ဦးတည်ချက်သုံးရပ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

အဆိုပါဦးတည်ချက်သုံးရပ်အတိုင်း ဖော်ဆောင်ရာတွင် သန့်ရှင်းရေးကဏ္ဍဟူ၍ သီးသန့်မပါဝင်ခဲ့သော်လည်း ဝဲကြီး ကျေးရွာတွင် လုပ်ဆောင်နေသည့် အမှိုက်သန့်ရှင်းရေးစနစ်အတွက် ပါဝင်အားဖြည့်ခဲ့သည်။

ငါးနှစ်ခံအမှိုက်အိတ်များကို တစ်အိမ်လျှင် နှစ်လုံးနှုန်းဖြင့် ထားရှိစေခဲ့ပြီး အိမ်အတွင်းတွင် အမှိုက်အိတ်တစ်လုံး၊ အိမ်အပြင်တွင် အမှိုက်အိတ်တစ်လုံးထားရှိ ပေးခဲ့ရာ ကျေးရွာလူထု၏ ငွေကြေးနှင့် ၎င်းတို့အဖွဲ့အစည်း၏ ငွေကြေးပေါင်းစပ်ကာ အမှိုက်စွန့်ပစ်စနစ်အတွက် အထောက်အကူပြုခဲ့သည်။

အမှိုက်အိတ်များအနီးတွင် အမှိုက်ကိုစနစ်တကျစွန့်ပစ်ရန်အတွက် သတိပေးစာတိုများကို ဗီနိုင်းလေးများဖြင့် ချိတ်ဆွဲထားသေးသည်။ ထို့ပြင် လမ်းခင်းခြင်း၊ ရေကန်များကို သန့်ရှင်းလှပစေရန် ခြံဝင်းခတ်ခြင်းစသဖြင့် ရပ်ရွာသာယာရေးအတွက် ကျေးရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

ရွာအတွင်းရှိ ရေကန်များတွင်လည်းကြာပန်းများ ဖြင့်လှပနေသလို ရွာအနောက်ဘက်မှ ပတ်ခွေစီးဆင်းနေသော မှော်ဝန်းမြစ်နှင့် သန့်ရှင်းသာယာသော ဝဲကြီးကျေးရွာတို့မှာ ပနံသင့်စွာလှပလို့ နေသည်။

“သန့်သန့်ရှင်းရှင်းနေရတဲ့အတွက် စိတ်ထဲမှာလည်း ကြည်လင်တယ်။ ရောဂါ အန္တရာယ်လည်း ပါးသွားတယ်၊ သက်သာသွားတယ်လို့ ထင်တယ်” ဟု ဆရာတော်ဘဒ္ဒန္တဝိမလက မိန့်ကြားသည်။

KOICA ၏ ကျေးရွာသစ်စီမံကိန်းကို ချမှတ်အကောင်အထည်ဖော်ရာတွင် ကျေးရွာပေါင်း ၁၀၀ ကို စံသတ်မှတ်ချက် များရှိပြီး ထိုစံသတ်မှတ်ချက်များအတိုင်း ရွေးချယ်ဆုပေးလေ့ရှိသည်။ သန့်ရှင်းမှုကို မြတ်နိုးသည့် ဝဲကြီးကျေးရွာသားများကြောင့် ဝဲကြီးကျေးရွာမှာ ကျေးရွာပေါင်း ၁၀၀ ထဲတွင် KOICA ၏ ကျေးရွာသစ်စီမံကိန်းမှ ပေးသော ထူးချွန်စံပြကျေးရွာဆုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။

ထို့ကြောင့်ပင် ဝဲကြီးကျေးရွာမှာ လူသိများထင်ရှားနေပြီး ကျေးရွာပေါင်း ၁၀၀ တွင်ပါဝင်သည့် အခြားသော ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစရှိသဖြင့် ဒေသများရှိ ကျေးရွာများမှ ဒေသခံများမှာ အံ့ဩတကြီး လာရောက်လေ့လာအတုယူစရာ ဖြစ်ခဲ့သည်။

ဝဲကြီးကျေးရွာအနီးရှိ ကြာကန်၊ ကွင်းမ၊ ရွာသစ်ကြီး၊ ကန်ပြောင်ကြီးစသည့် ကျေးရွာများပင် တစ်ရွာလုံးတွင် အမှိုက်ပုံးများ အစီအရီချ၍ အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းနှင့် အမှိုက်ကောက်ခြင်းအစီအစဉ်များကို လိုက်ပါဆောင်ရွက်လာကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဒေသအစုံက လာကြည့်ကြတယ်။ မေးတယ်။ သူတို့ရွာတွေနဲ့ ဘာကွာသလဲပေါ့။ ရွာမှာ ဧည့်သည် မပြတ်ဘူး။ ဝဲကြီး ရွာသားတွေရဲ့ ညီညွှတ်မှုကြောင့် ပါတယ်” ဟု ဆရာတော်ဘဒ္ဒန္တဝိမလက ဂုဏ်ယူစွာဖြင့် မိန့်ကြားသည်။

ဝဲကြီးကျေးရွာတွင် လက်ရှိ၌ လမ်းတစ်လျှောက် အမှိုက်အိတ်များ ထားရှိ၍ အမှိုက်စွန့်ပစ်ကြသည်။

သို့သော် အမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်ကို မသိရှိခင်က ဝဲကြီးကျေးရွာသားများသည်လည်း အခက်အခဲများကိုရင်ဆိုင်ခဲ့ရသည်။

အမှိုက်အမျိုးအစားအစုံကို အမှိုက် အိတ်တစ်ခုထဲသို့ စုပြုံစွန့်ပစ်ခြင်းကြောင့် အမှိုက်များကို ပြန်လည်ဖျက်ဆီးရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

“အမှိုက်စိုရော၊ အမှိုက်ခြောက်ရော တစ်အိတ်ထဲကို ဇွတ်ထည့်တာ။ အမှိုက်ခွဲခြားပစ်ဖို့ကိုပဲ တော်တော်လေး လုပ်လိုက်ရတယ်” ဟု ကျေးရွာဖွံဖြိုးရေးအဖွဲ့မှဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

ဦးမြင့်ဦးမှာကျေးရွာသစ်စီမံကိန်းမှ ပေးအပ်သော ထူးချွန်ကျေးရွာ ခေါင်းဆောင်ဆုကိုလည်း ရရှိထားသူ ဖြစ်သည်။

ယခုအချိန်တွင်တော့ ရပ်ရွာလူထုက အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ခြင်းကို စနစ်တကျ လုပ်ဆောင်နေနိုင်ပြီဖြစ်ရာ ယခင်ကလို အခက်အခဲများ မရှိတော့ပေ။

သို့သော် နောက်ဆုံးအဆင့် အမှိုက်သိမ်းစနစ်တွင်တော့ လိုအပ်ချက်အချို့ရှိ နေဆဲ ဖြစ်သည်။

မီးဖိုချောင်မှ ထွက်ရှိသော အမှိုက်စိုများကို နေအိမ်ခြံဝင်းများအတွင်း ကျင်းတူးမြေမြုပ်၍ မြေဩဇာဖြစ်စေကာ အပင်စိုက်ပျိုးစေသည်။

သို့သော်ကျေးရွာတစ်ခုလုံးမှ သိမ်းဆည်းရရှိသော အမှိုက်ခြောက်များကိုမူ ဆရာတော်၏ ကျောင်းတိုက်အနီးတွင် ဆရာတော်ပြုလုပ်ပေးထားသည့် အမှိုက်ကန်၌ မီးရှို့ဖျက်ဆီးလေသည်။ ထို့အတွက် လူကို အန္တရာယ်ဖြစ်စေသော အမှိုက်မှ ထွက်သည့် မီးခိုးငွေ့များ၏ အန္တရာယ်က အနည်းနှင့် အများရှိနေလေသည်။

“ကျွန်တော်တို့ လာမယ့်နှစ်မှာတော့ အမှိုက်သိမ်းယာဉ်နဲ့ ကျောက်တန်းတစ်မြို့နယ်လုံးက စွန့်ပစ်တဲ့ ဧက ၅၀ အမှိုက်ကန်မှာ စွန့်ပစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးမြင့်ဦးက ဆိုသည်။

အမှိုက်စွန့်ပစ်စနစ်မှာ ယနေ့ထက်တိုင် ကမ္ဘာနှင့်တစ်ဝန်း ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ် ဖြစ်သည်။ ခရီးသွားဒေသများမှာ အမှိုက်နှင့်ပတ်သက်၍ စိန်ခေါ်မှုပိုမို များပြားသည်။

UNEP(United Nation of Environmental Program) ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်၏ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးရှိ ခရီးသွားများ စွန့်ပစ်သည့် အမှိုက်တန်ချိန်ကို တွက်ချက်ထားရာ တစ်နှစ်တွင် အမှိုက်တန်ပေါင်း ၄ ဒသမ ၈ သန်း ရှိနေသည်။

ခရီးသွားအများစု သွားရောက်သည့် ကမ္ဘောဒီးယားနိုင်ငံရှိ ကမ္ဘာကျော် အန်ကောဝပ်တွင်ပင် တစ်နေ့လျှင် အမှိုက်တန်ချိန်၃၀ တန်ထွက်ရှိသည်။ ထိုအမှိုက်များကို ဝန်ထမ်းပေါင်း ၅၀၀ ဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ ခရီးသွားဒေသများတွင်လည်း အမှိုက်ပြဿနာကို ဖြေရှင်းနိုင်မှုအားနည်းနေဆဲဖြစ်သည်။ ခရီးသွားလည်ပတ်မှု အများဆုံးဖြစ်သည့် ပုဂံဒေသသည်ပင် ပြည်တွင်းခရီးသွားများ၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို မထိန်ချုပ်နိုင်သေးပေ။

မြန်မာနိုင်ငံ၏ အထင်ကရ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သည်ပင် လူနေထိုင်ခြင်းမရှိသောနေရာဖြစ်၍ စည်ပင်သာယာနယ်နိမိတ်တွင် မပါဝင်ဘဲ အမှိုက်သိမ်းစနစ်လည်း မရှိသေးပေ။ ရပ်ရွာအကျိုးပြုအဖွဲ့များနှင့် ပုဂံဧည့်လမ်းညွှန်အသင်းက ဆောင်ရွက်နေသည့် အမှိုက်ကောက်အစီအစဉ်ဖြင့်သာ အမှိုက်ပြဿနာကို ဖြေရှင်းနေရသည်။

တစ်နေ့လျှင် ညောင်ဦးဒေသမှ အမှိုက်တန်ချိန် ၂၄ တန်နှင့် ပုဂံမှ အမှိုက်တန်ချိန် ၁၂ တန်ခွဲထွက်ရှိကြောင်း ပုဂံ၊ ညောင်ဦးစည်ပင်သာယာရေးကော်မတီ၏ အချက်အလက်များအရ သိရသည်။

စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော်သည်လည်း ထို့အတူပင်။ အမှိုက်စည်းကမ်းမဲ့စွန့်ပစ်ခြင်းကို ယနေ့ထက်တိုင် ထိန်းချုပ်၍ မရနိုင်သေးပေ။ ဘတ်စ်ကားများပေါ်မှနေ၍ ကွမ်းတံတွေးကို လမ်းပေါ်သို့ ထွေးခြင်း၊ နေကြာစေ့ခွံ၊ မုန့်အခွံ၊ အအေးဘူးအခွံများကို အလွယ်တကူ စွန့်ပစ်ခြင်း၊ အများပြည်သူ အပန်းဖြေရာနေရာများတွင် စားသောက်ပြီးသည့် မုန့်ခွံ၊ ဘူးခွံများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများမှာ ယနေ့တိုင် ပြုမူနေကြဆဲပင်ဖြစ်သည်။

ထို့အပြင် စည်ပင်သာယာနယ်နိမိတ်တွင်ရှိသော မြို့နယ် ၃၃ မြို့နယ်တွင် အမှိုက်သိမ်းစနစ် ပြုလုပ်နေသော်လည်း ဝဲကြီးကျေးရွာအမှိုက်စွန့်ပစ်စနစ် စတင်ချိန်ကလိုပင် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပစ်သည့်စနစ်မှာ ယနေ့ထက်တိုင် ရန်ကုန်မြို့၏ အမှိုက်စွန့်ပစ်မှုတွင် အားနည်းချက်များအဖြစ် ရှိနေဆဲဖြစ်သည်။

စည်ပင်သာယာက သတ်မှတ်ထားသော အိတ်အရောင်ခွဲခြားသည့် စနစ်ကိုပင် စနစ်တကျမလုပ်နိုင်သေးပေ။

“တစ်ခါတလေစည်ပင်မှာ အိတ်သွားဝယ်ရင်တောင် မရှိဘူး။ ကြိုက်တဲ့အိတ်နဲ့ ထည့်ပါလို့ပြောတယ်။ ဒါက ဒေါ်လေးတို့ ကိုယ်တိုင် တွေ့ကြုံရတာ။ ဒါကို စည်ပင်က ကြပ်ကြပ်မတ်မတ်လုပ်ပေးရမယ်။ အခြေခံကနေ စမှရမယ်”ဟု မြန်မာအစိမ်းရောင်ကွန်ရက်တည်ထောင်သူ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူ ဒေါ်ဒေဝီသန့်စင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် မေလအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီးတွင်ရှိသော ဧရိယာစတုရန်းဧက ၃၀၀ ခန့်ကျယ်ဝန်းသည့် ထိန်ပင်အမှိုက်ပုံကြီးမှာ ဧရိယာစတုရန်းဧက ၁၅၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ရသည့် အကြောင်းအရင်းကား အမှိုက်ကို အစိုအခြောက်ခွဲခြားခြင်း မရှိဘဲ ရောနှောစွန့်ပစ်ခြင်းအချက်ကြောင့်လည်း ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် လူတစ်ဦးမှ တစ်နေ့တာအမှိုက်ထွက်ရှိမှုမှာ ၀ ဒသမ ၄၁ ကီလိုဂရမ်ရှိပြီး ရန်ကုန်တစ်မြို့လုံးမှ နေ့စဉ်အမှိုက်တန်ချိန်ပေါင်း ၂၄၀၀ ခန့်ထွက်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အမှိုက်သိမ်းယာဉ် ၄၀၀ ကျော်၊ သန့်ရှင်းရေးဝန်ထမ်း ၃၇၀၀ ကျော်ဖြင့် တာဝန်ယူဖြေရှင်းလျက်ရှိသည်။

ဥပဒေများထုတ်ပြန်၍လည်း ဆောင်ရွက်သည်။ သို့သော် ထင်သလောက် ခရီးမပေါက်ပေ။ အမှိုက်ပြဿနာသည်ကား ယနေ့ထက်တိုင် ရန်ကုန်မြို့တော်၏ ပြဿနာရပ်များထဲတွင် ရှင်းမရသည့် ချည်ထွေးပမာ ရှုပ်ထွေးနေဆဲပင်။

“ဥပဒေလိုက်နာမှုက အားနည်းတာကိုး။ ဥပဒေကို အကောင်အထည်ဖော်မှုကလည်း အားနည်းတာကိုး။ နိုင်ငံတကာကို သွားကြည့်ရင် တကယ်ကို သူက တင်းကျပ်တယ်။ ဒါမလုပ်နဲ့ လုပ်ရင် အပြစ်ဒဏ်က သေချာပေါက်ကျပြီးသားလေ”  ဟု ဆရာတော်ဘဒ္ဒန္တဝိမလက မိန့်ကြားသည်။

အမှိုက်ကို မီးရှို့ဖျက်ဆီးခြင်းမှာလည်း ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်စေသည်။ ထို့ကြောင့် အမှိုက်ကို စနစ်တကျမီးရှို့ဖျက်ဆီးသည့် စက်ကို အသုံးပြုနိုင်ပါက ပြည့်စုံသောအမှိုက်စွန့်ပစ်စနစ်ကို ရရှိနိုင်မည်ဟု ဝဲကြီးကျေးရွာအတွက် ဒေါ်ဒေဝီသန့်စင်က အကြံပြု သည်။

“ဒီလိုမျိုး သန့်သန့်ရှင်းရှင်းတွေ ဖြစ်လာတာ ကောင်းတယ်။ လက်ခံတယ်ကြိုဆိုတယ်။ ဒါပေမဲ့ အမှိုက်ကို ဖျက်ဆီးတဲ့နေရာကျတော့ လိုပြီလေ” ဟု ၎င်းက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ဝဲကြီးကျေးရွာမှာ အမှိုက်ကင်းစင်ပြီး သာယာလှပသည့် ကျေးရွာလေးအဖြစ် ကျော်ကြားနေလေပြီ။

မြန်မာတစ်နိုင်ငံလုံးတွင် မဖြေရှင်းနိုင်သေးသည့် အမှိုက်ပြဿနာကို အဆင့်တစ်ခုသို့ရောက်ရှိလာသည်အထိ ဝဲကြီးရွာကလေးက ဖြေရှင်းပြခဲ့ခြင်းမှာ အခြားသောဒေသအသီးသီးရှိအမှိုက်ပြဿနာကို ဖြေရှင်းရန် စံနမူနာပြု အတုယူစရာပင် မဟုတ်လော။

ထိုကျေးရွာလေးတွင်လည်း အမှိုက်မပစ်ရ ဆိုင်းဘုတ်များ ချိတ်ဆွဲသတိပေးထားသည်။ ထူးခြားချက်မှာ ယင်းစည်းကမ်းကို လိုက်နာသော နိုင်ငံကြီးသားများ နေထိုင်ကြခြင်းပင်။

ယင်းအချက်မှာ အခြားမြို့ရွာများတွင် နေထိုင်ကြသူအများစုနှင့် ကွဲပြားနေသော အချက်ပင်ဖြစ်သည်။

ထို့အတူ စိတ်နှလုံးသားထဲတွင် အမှိုက်ကို စနစ်တကျစွန့်ပစ်ရမည့် အလေ့အကျင့်ကောင်းများ ကိန်းဝပ်နေသော ဝဲကြီးကျေးရွာမှ အနာဂတ်မျိုးဆက်သစ်ကလေးများသည်လည်း လေးစားအတုယူဖွယ်ပင်။

“နောင်လာနောင်သားကလေးတွေအတွက် ဒီလိုအလေ့အကျင့်ကောင်းတွေ ရနေတော့ ပိုပြီးဝမ်းသာတယ်” ဟု ဝဲကြီးကျေးရွာသူ ဒေါ်သန်းသန်းက ဂုဏ်ယူစွာဖြင့် ဆိုသည်။

သန့်ရှင်းမှုကို မြတ်နိုး၍ ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုခဲ့သည့် ဆရာတော် ဘဒ္ဒန္တဝိမလကတော့ မြန်မာတစ်နိုင်ငံလုံးကို ၎င်း၏ ဝဲကြီးကျေးရွာကဲ့သို့ သန့်ရှင်းသာယာလှပစေလိုသည်။

“လုပ်ရင် ဖြစ်ပါတယ်။ လုပ်ဖို့ပဲ လိုတယ်။ မကောင်းတဲ့ အကျင့်ကို မကောင်းမှန်းသိလို့ ပြင်ရင်တော့ တဖြည်းဖြည်းနဲ့တော့ ပါးပါးလာလိမ့်မယ်။ ချက်ချင်းတော့ မရဘူး”ဟု ဆရာတော်က ဆန္ဒပြုမိန့်ကြားသည်။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *