တောင်သူသောကတိုးစေသည့် ဆည်

သဖန်းဆိပ်ဆည်ရေပေးဝေမှု ရပ်ဆိုင်းလိုက်သည်ဆိုသည့် သတင်းက တောင်သူများကို သောကရောက်စေခဲ့သည်။

ယင်းအနက် မိရိုးဖလာအလုပ်အဖြစ် မိုးစပါး၊ နွေစပါး နှစ်မျိုးစလုံး စိုက်ပျိုးလာခဲ့သူ ရွှေဘိုနယ်မှ တောင်သူကြီး ဦးခင်မောင်ညွန့်လည်း အပါအဝင်ဖြစ်သည်။ နွေရေမရလျှင် အခြားသီးနှံပြောင်းလဲစိုက်ပျိုးရန် ရင်ခုန်နေသည်ဟု ၎င်းက ဆိုသည်။

ဦးခင်မောင်ညွန့်သည် ရွှေဘို မြောက်ဘက် ခြောက်မိုင် ခြောက်ဖာလုံ အကွာရှိ ကြက်တက်ရွာသားဖြစ်ပြီး မိုးစပါး ရိတ်သိမ်းရန် စောင့်ဆိုင်းနေသူလည်းဖြစ်သည်။

ကြက်တက်ရွာသည် သဖန်းဆိပ်ဆည်၏ ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်ပြီး ဆည်ရေကြောင့် နွေစပါးစိုက်ပျိုးရန် မပူပင်မကြောင့်ကြရှိခဲ့ရာမှ ယခုနှစ် နိုဝင်ဘာလကုန်မှစပြီး ဆည်ရေပေးဝေမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် နွေစပါးစိုက်ပျိုးရန်အတွက် အခက်အခဲ ရှိသွားခဲ့သည်။ သဖန်းဆိပ်ဆည်သည် ဧကပေ ၂၇ သိန်း ကျော်အထိ ရေသိုလှောင်နိုင်ပြီး စိုက်ပျိုးရေပေးဝေမှုကို ၂၀၀၁ ခုနှစ်မှ စတင်ခဲ့သည်။ စိုက်ဧကလေးသိန်းနီးပါးကို ရေးပေးဝေနေသည့် ဆည်လည်း ဖြစ်သည်။

ယင်းအပြင် အခြားသော ဆည် ၃၀ ခန့်မှာလည်း ရေမပေးဝေနိုင်တော့သည့် အခြေအနေနှင့် ကြုံနေရသေးသည်။

ထိုသို့သော အခက်အခဲက ကြက်တက်ရွာနည်းတူ ဆည်ရေသောက်သည့် ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ဝက်လက်၊ ဘုတလင်၊ အရာတော် စသည့် မြို့နယ်များရှိ လယ်ဧကများစွာ ကြုံတွေ့လိုက်ရခြင်းလည်း ဖြစ်သည်။

“ဆည်ရေမပေးတော့ဘူးဆိုတာ လာကြေညာတာတော့ မဟုတ်ဘူး။ သတင်းတွေ ကြားရတယ်။ သတင်းတွေ မှာလည်း ဖတ်ရတယ်။ သဖန်းဆိပ်ဆည် ပြီးနောက် နွေရေ မရတာ ဒါပထမဆုံးပဲ” ဟု ဦးခင်မောင်ညွန့်က ဆိုသည်။

ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်မှုများရှိခဲ့သဖြင့် သဖန်းဆိပ်ဆည်၏ ရေဆင်းဧရိယာအတွင်း ရေဝင်ရောက်မှု နည်းသောကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကို ကြိုတင် ကာကွယ်၍ မရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောဆိုသည်။

“ကြိုတင်ကာကွယ်တာတော့ မရဘူးလေ။ ဆည်ဆိုတာက ရေကို စုတဲ့ ရေကန်ပဲလေ” ဟု ၎င်းက ဆိုသည်။

ဆည်တစ်ခု တည်ဆောက်တော့မည်ဆိုလျှင် ရေဆင်းဧရိယာ မည်မျှဝင်နိုင်မည်၊ တစ်နှစ်လျှင် ရေဝင် မည်မျှရှိမည် စသည်တို့ကို တွက်ချက်ပြီး ဝင်ရောက်မည့် ရေပမာဏနှင့် သင့်လျော်သည့် ပုံစံ၊ တမံဒီဇိုင်း၊ မြေသား စသည်တို့ကို စစ်ဆေးတိုင်းတာရကြောင်း၊ ယင်းကဲ့သို့ စနစ်တကျ တည်ဆောက်ထားသော်လည်း ရာသီဥတုကြောင့် ရေဆင်းဧရိယာတွင် ရေဝင်နည်း ပါးလာမှုကိုမူ ကာကွယ်၍ မရဟု ဦးမျိုးတင့်ထွန်းက ရှင်းပြသည်။

သဖန်းဆိပ်ဆည်သည် ဧကပေ ၂၇ သိန်းကျော်အထိ ရေသိုလှောင်နိုင်သော်လည်း ယခုနှစ် မိုးခေါင်မှုများကြောင့် ရေသိုလှောင်မှုပမာဏ လျော့ကျခဲ့ပြီး ဩဂုတ်လအတွင်းက ဆည်အတွင်းရှိ ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာအချို့ ပြန်ပေါ်ထွက်လာသည်အထိ ဖြစ်ခဲ့သည်။

လက်ရှိတွင်မူ ဧကပေ လေးသိန်း နီးပါးခန့်အထိသာ သိုလှောင်ထားနိုင်ပြီး နိုဝင်ဘာလကုန်မှစ၍ ရေပေးဝေမှုကို ရပ်ဆိုင်းလိုက်သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ရေပေးမည်မဟုတ်ဟု ဆည်တာဝန်ရှိသူများက ဆိုကြသည်။

“သောက်သုံးရေနဲ့ မိုးစပါး ပျိုး ထောင်ရေကို ချန်ထားတဲ့အတွက် အခု ရေကို ပိတ်လိုက်တာလို့ သိရပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးဝင်းလှိုင်ဦးက ဆိုသည်။

ယခုနှစ်အတွက် သဖန်းဆိပ်ဆည် ရေသောက်ဧရိယာအတွင်း နွေစပါး ဧက နှစ်သိန်းကိုးသောင်းကျော်၊ အခြားသီးနှံ ဧက ကိုးသောင်းကျော်၊ စုစုပေါင်း ဧက သုံးသိန်းရှစ်သောင်းခန့် စိုက်ပျိုးရန် လျာထားခဲ့သော်လည်း လက်ရှိတွင် ရေပေးဝေရန် မဖြစ်နိုင်တော့ပေ။

“ပုံမှန်ကြည့်ရင်တော့ နွေသီးနှံ လုံးဝမစိုက်နိုင်တော့ဘူး ဖြစ်မှာပေါ့” ဟု ၎င်းက ပြောကြားသည်။

သို့သော် ဆည်ရေသောက်ဧရိယာအတွင်း စက်ရေတွင်းအလုံးရေ တစ်သောင်း ခွဲခန့် ရှိသည်။ တစ်တွင်းလျှင် ငါးဧကနှုန်းခန့် ရေပေးဝေနိုင်သဖြင့် ရေတင်ပြီး စိုက်ပျိုးမည်ဆိုလျှင် ဧကရှစ်သောင်းခန့် အခြားသီးနှံများ စိုက်ပျိုးနိုင်မည်။

စပါးစိုက်ဧကများတွင် ကုလားပဲ၊ မတ်ပဲ၊ ပဲချဉ်ပေါင်၊ နှမ်း၊ပဲတီစိမ်း၊ ကြက်သွန်၊ နံနံပင်စသည့် ဆောင်းသီးနှံများ စိုက်ပျိုး နိုင်ရန်အတွက် တောင်သူများနှင့် ညှိနှိုင်းရမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ဧက နှစ်သိန်းခန့်တွင် သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်နေပြီး ကျန်သည့် ဧကတစ်သိန်းခန့်ကို မြေဆီလွှာအာဟာရမြှင့်တင်ရေးအဖြစ် သစ်ဆွေးမြေဩဇာ၊ ပဲယင်း စသည်များကို ကြဲ၍ ထယ်ထိုးထွန်မွှေကာ မြေကြီးကို နှပ်ထားမည်ဖြစ်ကြောင်း၊ အကယ်၍ ဆောင်းကြို မိုးရွာလျှင် နှမ်းစိုက်ပျိုးနိုင်ပြီး ယခင်လျာထားသည့် စိုက်ဧက မလျော့နိုင်ဟု ခန့်မှန်းထားကြောင်း ယင်းဌာနမှ ထပ်မံသိရှိရသည်။

“စိုက်ဧက မလျော့အောင်၊ တောင်သူတွေ ဝင်ငွေမလျော့အောင်ရယ်၊ နွေသီးနှံ မစိုက်ရတော့ ဆောင်းသီးနှံကို ရှေ့တိုးပြီး စိုက်လိုက်ရတော့ တောင်သူ အားလုံး အဆင်ပြေမယ်။ အဲဒီနည်းလမ်းတွေနဲ့ ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆိုသည်။

ဆည်ရေသောက်ဧရိယာများတွင် အခြားသီးနှံများ အစားထိုးစိုက်ပျိုးကြရန် နိုးဆော်ရခြင်းသည် နွေစပါးသည် ရေလိုအပ်ချက်များပြားသည့်အတွက် မတော်တဆ ရေပြတ်သွားလျှင် တောင်သူများ ပိုမို ထိခိုက်နိုင်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သဖန်းဆိပ်ဆည်၏ ဆည်ရေသောက်ဧရိယာအောက်ရှိ ဒေသများသည် မိုးစပါးပြီးလျှင် နွေစပါးကို ဆက်တိုက် စိုက်ပျိုးကြသည်မှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် စနစ်တကျ မစိုက်ပျိုးသည့်အတွက် နွေစပါးအထွက်နှုန်းသည် တစ်ဧကလျှင် စပါးတင်း ၈၀ ခန့်သာ ဖြစ်သည်။ စနစ်တကျ စိုက်ပျိုးလျှင်မူ တင်း ၁၂၀ ခန့်အထိထွက်နိုင်သည်ဟု စိုက်ပျိုးရေးကျွမ်းကျင်သူတို့က ခန့်မှန်းကြသည်။

ထို့ကြောင့် ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးကြသော်လည်း ဝင်ငွေမှာမူ ထူးထူးခြားခြား ကောင်းမွန်ခြင်း မရှိ။ တောင်သူတို့ အပိုဝင်ငွေရရှိအောင် စိုက်ပျိုးသည့် သဘောမျိုး ဖြစ်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။

နှစ်စဉ် နွေစပါး ၁၀ ဧကခန့် စိုက်ပျိုးသည့် ကြက်တက်ရွာသား တောင်သူကြီး ဦးခင်မောင်ညွန့်ကမူ တစ်ဧကလျှင် စပါးတင်း ၈၀ ခန့် ထွက်ရှိသည်ဟု ဆိုသည်။ နွေရေမရသဖြင့် အစားထိုးသီးနှံအဖြစ် နှမ်းကို စိုက်ပျိုးရလျှင်မူ မြေသိပ်မကောင်းသဖြင့် ဖြစ်ထွန်းမှု မကောင်းနိုင်ဟု ခန့်မှန်းသည်။

မိုးစပါးပြီးလျှင် နွေစပါးကို ဆက်တိုက်စိုက်ပျိုးခြင်းသည် တောင်သူတို့ ဝင်ငွေရသည်ဟု အကြမ်းဖျင်း ဆိုနိုင်သော်လည်း စိုက်ပျိုးရေးနည်းပညာဖြင့် ကြည့်လျှင် ဂေဟစနစ်အတွက် မကောင်းဟု ဦးဝင်းလှိုင်ဦးက ပြောဆိုသည်။

မိုးစပါးတွင် ကျရောက်တတ်သည့် ဆစ်ပိုး၊ ပင်စည်ထိုးပိုး၊ ဖြုတ်ပိုး စသည်တို့သည် ကြွင်းကျန်နေရစ်တတ်ပြီး နွေစပါးအထိ ပါသွားတတ်ကြောင်း၊ နွေစပါးတွင်  အပူချိန်ကြောင့် ပျက်စီးမှုများအောင် မလုပ်နိုင်သော်လည်း မိုးစပါးစိုက်သည့်အခါတွင် ဖျက်ဆီးမှုများပြားတတ်သည်ဟု ၎င်းက ရှင်းပြသည်။

“စပါးပြီး စပါးစိုက်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဒေသတွေမှာ သီးနှံဖျက်ပိုးတွေက တအားများနေတယ်” ဟု ၎င်းက ပြောဆိုသည်။

တောင်သူကြီး ဦးခင်မောင်ညွန့် ကိုယ်တိုင်လည်း ထိုပိုးများကြောင့် သူ့ လယ်ဧကများအတွင်း ပိုးသတ်ဆေးများစွာ သုံးစွဲခဲ့ရသည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆည်ရေနည်းပါးချိန် အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးသဖြင့် တောင်သူများအတွက် အကျိုးကျေးဇူးမှာ လာမည့် မိုးစပါးရာသီ၌ ပိုး ရောဂါကျရောက်မှုနည်းပါးနိုင်သည်ဟု ဦးဝင်းလှိုင်ဦးက ဟောကိန်းထုတ်သည်။

ထိုမျှမက တောင်သူများအနေနှင့် နွေစပါးစိုက်သည့် ဝင်ငွေနှင့် အခြားသီးနှံ စိုက်ပျိုးရသည့် ဝင်ငွေတို့ကို တွက်ဆသွားနိုင်မည်လည်း ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှု၏ နောက်ဆက်တွဲအဖြစ် တောင်သူတို့၏ စိုက်ပျိုးမှုပုံစံပါ ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။

စိုက်ပျိုးရေး ဦးစီးဌာနအနေနှင့်လည်း ရာသီဥတုနှင့် လိုက်လျောညီထွေ ရှိသည့် ‘မျိုး’ များကို ထုတ်ပေးရမည် ဖြစ်ပြီး တောင်သူတို့သည် မိုးစပါးပြီးလျှင် နွေစပါး စိုက်မည်လား၊ ဝင်ငွေပိုကောင်းနိုင်သည့် အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးမည်လားဟု ကိုယ်တိုင် ရွေးချယ်နိုင်သွားမည် ဖြစ်သည်။

“တောင်သူတွေအနေနဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သိပြီးသား ဖြစ်သွားတာပေါ့” ဟု ဦးဝင်းလှိုင်ဦးက အကောင်းမြင်ရှုထောင့်မှ ပြောဆိုသည်။

နွေစပါးကို အစားထိုးသီးနှံစိုက်ပျိုးလျှင် တွက်ခြေမကိုက်ဖြစ်မည် သို့မဟုတ် နွေစပါးကဲ့သို့ အကျိုးအမြတ် မရမည်ကိုလည်း စိုးရိမ်မှုများရှိသည်။

တောင်သူ ဦးခင်မောင်ညွန့်ကမူ “နှမ်းတို့ ဘာတို့ ရိတ်သိမ်းပြီးတဲ့အခါမှ ပြန်စိုက်ပျိုးမှာဆိုတော့လေ၊ တွက်ခြေကိုက် မကိုက်ဆိုတာကလည်း အမှန်တကယ် စိုက်ပျိုးပြီးမှ သီးနှံဖြစ်ထွန်းမှုအပေါ်မှာ သိရမှာ” ဟု ပြောဆိုသည်။

ယင်းအပြင် သီးနှံအစားထိုးစိုက်ပျိုးသဖြင့် မိုးစပါး စိုက်ရာတွင် မဖြစ်ထွန်းဖြစ်မည်လောဟုလည်း စိုးရိမ်မှုများလည်း ရှိသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ အကြံပေး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတင်ထွဋ်ဦးကမူ နွေစပါးတွင် အခြားသီးနှံ ပြောင်း လဲစိုက်ပျိုးထားပြီး မိုးစပါးပြန်လျှင် အခက်အခဲ တစ်စုံတစ်ရာမရှိကြောင်း ပြောဆိုသည်။

“ဈေးကွက်အနေအထားအရ နှမ်းထက် မြေပဲစတဲ့ ပဲတစ်မျိုးမျိုးကို စိုက်ပျိုးမှုက ပိုသင့်လျော်မယ်” ဟု ၎င်းက အကြံပြုသည်။

မြန်မာနိုင်ငံတွင် ရေလှောင်တမံ၊ ဆည်၊ ကန်၊ ရေတံခါး စုစုပေါင်း ၅၈၁ ခုရှိသည့်အနက် စိုက်ပျိုးရေးအတွက် ရေပေးဝေသည့် ရေလှောင်တမံ ၂၃၅ ခု ရှိသည်။ နိုင်ငံပိုင်ကြေးမုံသတင်းစာ၏ ဒီဇင်ဘာလ ၄ ရက်နေ့ သတင်းတစ်ပုဒ်တွင် သဖန်းဆိပ်ဆည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး စသည့် ဒေသ များရှိ ဆည်ပေါင်း ၃၀ ကျော်မှ နွေစပါး ရေပေးဝေနိုင်မည် မဟုတ်ဟု ဖော်ပြထားသော်လည်း ယင်းအချက်အလက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အတည်မပြုသေးပေ။

ပြည်နယ်နှင့်တိုင်းအချို့တွင် ဆည်ရေလျော့နည်းမှုများရှိသော်လည်း ဆည်အားလုံးမဟုတ်ကြောင်း၊ ဒီဇင်ဘာလ ပထမပတ်အတွင်းက ပြည်နယ်နှင့်တိုင်းရှိ ဆည်မြောင်းတာဝန်ရှိသူများကို အစည်းအဝေးခေါ်ယူကာ ဆည်များ၏ ရေပမာဏအပေါ် မူတည်ကာ ရေပေးနိုင်မည့် အခြေအနေကို တွက်ချက်ခိုင်းထားကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း က ရှင်းပြသည်။

“ရေမပေးနိုင်ဘူးဆိုရင် သီးနှံ ပြောင်းစိုက်ဖို့အတွက်ကို စိုက်ပျိုးရေးဦးစီးဌာနကနေပြီးတော့ ဘယ်လိုသီးနှံတွေ ပြောင်းလဲစိုက်သင့်တယ်ဆိုတာကို ပြည် နယ်တိုင်းအလိုက် အဖွဲ့လိုက် ကွင်းဆင်းပြီးတော့ ပြန်တင်ပြဖို့တော့ မှာထားတာ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ထိုသို့ တင်ပြလာသည့် ရေပမာဏအပေါ် မူတည်ကာ ရပ်သင့်သည့် ဆည်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး အသေးစိတ် အကြောင်း မကြားသေးကြောင်း၊ အထူးသဖြင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး စသည့် တိုင်းဒေသကြီးများအတွင်း အဓိကထား၍ စစ်ဆေးရန် မှာကြားထားသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

“အဓိကကတော့ တောင်သူတွေ မနစ်နာစေရေးပေါ့ဗျာ။ နွေစပါးစိုက်ချင်တဲ့သူက ရေရနိုးရနိုးနဲ့ စောင့်ရင်း ဘာမှ မစိုက်လိုက်ရတာမျိုး ဖြစ်သွားနိုင်တယ်လေ” ဟု ဦးမျိုးတင့်ထွန်းက ဆိုသည်။

ဆည်အတွင်း ရေဝင်ရောက်မှု နည်းပါးခြင်းသည် မိုးခေါင်လျှင် ဖြစ်ပေါ် လာမည့် သဘာဝဟု ပြည်တွင်းရေအရင်းအမြစ် ပညာရှင်တစ်ဦးက ပြောဆိုသည်။ ထို့ကြောင့် ဆည်ကို ချင့်ချိန်အသုံးပြုရမည်ဟု ၎င်းက ဆိုသည်။

“စနစ်တကျ သုံး။ ဆည်ထဲ ရေချန်ထား” ဟု ၎င်းက သတိပေးသည်။

လက်ရှိ ဆည်များ၊ အထူးသဖြင့် သဖန်းဆိပ်ဆည်သည် ရေကို သုံးဆခန့် ပိုသုံးစွဲနေသည့်သဘောရှိသည်ဟု အဆိုပါ ရေပညာရှင်က ပြောဆိုသည်။ ဥပမာ ရေပမာဏ သုံးပေခန့် ပေးရမည့်နေရာမျိုးတွင် ရှစ်ပေခန့်အထိ ပေးနေသည်မျိုး ရှိသည်ဟု ၎င်းကရှင်းပြသည်။

“ရေကို ချွေတာသုံးဖို့ လိုလာပါပြီ။။ နောက် ရေသိပ်မသုံးတဲ့ အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးသင့်တယ်” ဟု ၎င်းက အကြံပြုသည်။

သဖန်းဆိပ်ဆည် ရေလျော့နည်းသဖြင့် နွေရေမပေးနိုင်သည့် သတင်းသည် ကျွန်းလှမြို့နယ်အတွက် တုန်လှုပ်စရာ သတင်းတစ်ပုဒ် မဟုတ်ခဲ့ပေ။ ဆည်တည် ဆောက်ရန်အတွက် မြို့လုံးကျွတ်နှင့် ကျေးရွာ ၇၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရသော်လည်း ဒေသ၏ စိုက်ပျိုးရေးအတွက် ဆည်ရေကို အမှီပြုခွင့်မရခဲ့။ ဆည်ရေ သောက်ဧရိယာထဲတွင် ကျွန်းလှမြို့နယ် မပါဝင်ခဲ့ပေ။

သို့သော် ဆည်ရေလျော့နည်းခြင်း၏ အကျိုးတစ်ခုကိုမူ ကျွန်းလှနယ်သားတို့ ခံစားရသည်။ ယင်းက ဆည်ရေဝပ်ဧရိယာများ ပေါ်လာသဖြင့် ထိုနေရာများတွင် စိုက်ပျိုးနိုင်ကြခြင်း ဖြစ်သည်။

ယခင်ကလည်း ဒေသခံတို့၏ စိုက်ပျိုးလုပ်ကိုင်သည့်နေရာများဖြစ်ပြီး ရေဝပ်ဧရိယာအဖြစ် ၁၈ နှစ်ခန့် တည်ရှိခဲ့ပြီးနောက် မြေနုကျွန်းသဖွယ် ဖြစ်လာသောကြောင့် ဆောင်းသီးနှံ မတ်ပဲ၊ ကုလားပဲ၊ မြေပဲ စသည်များ စိုက်ပျိုးရန် အခွင့်အရေးရလာကြသည်ဟု ကျွန်းလှမြို့နယ် ရွာသီကျေးရွာခံ တောင်သူ ကိုသန်းနိုင်စိုးက ပြောသည်။

ဆည်ရေအမှီပြု စိုက်ပျိုးရသည့် ရွှေဘိုနယ် ကြက်တက်ရွာသား အသက် ၅၅ နှစ်အရွယ် တောင်သူကြီး ဦးခင်မောင်ညွန့်သည် ဇန်နဝါရီလကုန်လျှင် ယခု ရင့်မှည့်နေသည့် မိုးစပါးများ ရိတ်သိမ်းပြီးစီးပြီဖြစ်၍ နောက်ထပ် နွေစပါးစိုက်ပျိုးရန်အတွက် ပြင်ဆင်နေကြဟု ပြောပြသည်။

သို့သော် နွေရေမပေးနိုင်တော့သည့် သတင်းဆိုးကြောင့် အခြားသီးနှံတစ်မျိုးမျိုးကို ပြောင်းလဲစိုက်ပျိုးရမည်လားဟုလည်း ဒွိဟ ဖြစ်နေသည်။

“စိုက်ချင်တာကတော့ စပါးပေါ့။ မဖြစ်ရင်တော့ အစားထိုးသီးနှံ စိုက်ရမယ်။ မစိုက်ဘဲနဲ့တော့ မနေပါဘူး” ဟု ၎င်းက သက်ပြင်းမောချရင်း ဆိုလေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *