ပတ္တမြားမြေမှ လုပ်ကွက်ဒွိဟ

“ပြောရင် လောင်းစင်၊ ရေဝေက ခြောက်သောင်းကျော်လို့ ဇုန်ကြီးသတ်မှတ်ထားပေမယ့် တကယ်တမ်းလုပ်ခွင့်ရတာက ဧကလေးထောင်ကျော်ပဲရှိတယ်” ဟု ဝန်ကြီး ဦးမျိုးသစ်က ဆိုလိုက်သည်။

ယင်းစကားသည် မိုးကုတ်သူ မိုးကုတ်သားများအတွက် သတင်းဆိုးပင်။

၂၀၁၉ မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ကျောက်မျက်တူးဖော်မှုကို အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားများဟု သုံးမျိုးခွဲခြားထားပြီး ဒေသခံတို့၏ တူးဖော်မှုကို အသိအမှတ်ပြုခဲ့သည်။

ယခင်ကမူ လက်လုပ်လက်စား (တစ်ပိုင်တစ်နိုင်) များသည် ခိုးယူတူးဖော်သည့်အသွင် ဖြစ်ခဲ့သော်လည်း ဥပဒေသစ်အရ တရားဝင်တူးဖော်လာနိုင်ပြီဖြစ်သည်။ သတ္တုတွင်းဦးစီးဌာနက ထုတ်ပြန်ထားမှုအရ လက်လုပ်လက်စားများအတွက် ဧကရှစ်သောင်းကျော်ကို လုပ်ကွက်သတ်မှတ်ပေးခဲ့သည်။

မိုးကုတ်တစ်မြို့နယ်လုံးကို ရတနာနယ်မြေဟု သတ်မှတ်ထားပြီး ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် အလတ်စားနှင့် အသေးစား ကျောက်မျက်လုပ်ကွက်ဧရိယာ ၁၆,၁၆၀ ဧကနှင့် တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲနိုင်သည့် လက်လုပ်လက်စားလုပ်ကွက် ဧရိယာ ၈၂,၂၁၉ ဧက ရှိသည်ဟု သတ္တုတွင်းဦးစီးဌာနက ဆိုသည်။

ယင်းအနက် လက်လုပ်လက်စားတို့အတွက် ချထားပေးမည့် ဧက ရှစ်သောင်းကျော်အတွက် လုပ်ကွက်နေရာများ တရားဝင်မထုတ်ပြန်သေးသော်လည်း သတ္တုတွင်းဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ လက်လုပ်လက်စား လုပ်ကွက်ကို မိုးကုတ်မြို့၏ အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် ဇုန်နေရာသုံးခု သတ်မှတ်ထားသည်။

မိုးကုတ်အနောက်တောင်ပိုင်း လောင်းစင်၊ ရေဝေဒေသဘက်တွင် ဧကခြောက်သောင်းကျော် (၆၅,၆၀၀) ကို ဇုန် (၁) အဖြစ် သတ်မှတ်ထားပြီး မိုးကုတ်အရှေ့ပိုင်း ပိန်းပစ်ဒေသဘက်တွင် ဧကတစ်သောင်းကျော် (၁၀,၁၀၀) ကို ဇုန် (၂) အဖြစ် သတ်မှတ်ထားသည်။

မိုးကုတ်အရှေ့မြောက်ပိုင်း မိုးမိတ်ဘက်တွင် ဧက ခြောက်ထောင်ကျော် (၆၄၀၀) ကို ဇုန် (၃) အဖြစ် သတ်မှတ်ထားသည်ဟု သတ္တုတွင်းဦးစီးဌာန၏ အချက်အလက်များက ဆိုသည်။

ထိုသို့ သတ်မှတ်ထားမှုအပေါ် တာဝန်ရှိသူများက ကွင်းဆင်းပြီး အမှန်တကယ်လုပ်ကိုင်ခွင့် ရနိုင်၊ မရနိုင်ကို စိစစ်သည်ဟု မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ရှင်းပြသည်။

“သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ကွင်းဆင်းပြီးတော့ ကျွန်တော်တို့ဆီတင်ပြပြီး ဖြစ်ပါတယ်။ လုပ်ကွက်တွေချလို့ရပြီဆိုတဲ့သတင်း ကျွန်တော်တို့ဆီ အစိုးရဆီ ပို့ပါတယ်” ဟု ၎င်းက သတင်းစကားပါးသည်။

သို့သော် လက်လုပ်လက်စား လုပ်ကွက်နယ်မြေထဲတွင် အကြီးဆုံးဖြစ်သည့် ဇုန် (၁) ၏ ဧက ခြောက်သောင်းကျော်အနက် ဧက လေးထောင်ခန့်၌သာ လုပ်ကိုင်ခွင့်ရနိုင်သည့်အခွင့်အရေးသည် ဒေသခံတို့အတွက် နစ်နာလှသည်။

“ဇုန်တွေထဲမှာ မူလခြံပိုင်ရှင်တွေရှိတယ်။ မြေကွက်လပ်က မရှိသလောက်ပဲ။ တောင်ကုန်းတောင်တန်းများတယ်။ ဒီနေရာတွေ အတည်မပြုသေးပေမယ့် အတည်ဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု မိုးကုတ်ဒေသခံ ကျောက်မျက်ဥပဒေ အကြံပြုကော်မတီဝင် ဦးစိုးမြင့်က ပြောသည်။

ဇုန် (၁) နှင့် ဇုန် (၂) တို့သည် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် နီးကပ်နေပြီး ဇုန် (၃) ကမူ ကျောက်ထွက်ရှိမှု နည်းပါးသည့်နေရာဟု ၎င်းက ဆိုသည်။

ကျောက်မျက်ဥပဒေတွင် ဇုန်ဟူသည့် စကားလုံးမပါဝင်ခြင်း၊ ဇုန်ခွဲခြားရမည်ဟု မသတ်မှတ်ထားသဖြင့် ယခုကဲ့သို့လုပ်ဆောင်နေခြင်းသည် ဥပဒေကိုကျော်လွန်နေသည်ဟု ၎င်းက ထောက်ပြသည်။

၂၀၁၉ မြန်မာ့ကျောက်မျက်ရတနာဥပဒေတွင် အလတ်စားတူးဖော်ထုတ်လုပ်ခြင်းဟု သတ်မှတ်ထားသည့် စီးပွားဖြစ်ထုတ်လုပ်ကြမည့် ကုမ္ပဏီကြီးများအတွက် ငါးဧကထက်မပိုသည့်လုပ်ကွက်ကို သတ်မှတ်ထားသည့် တူးဖော်မှုစနစ်၊ စက်ယန္တရားအသုံးပြုခြင်းတို့ဖြင့် သုံးနှစ်အထိ ခွင့်ပြုထားသည်။

အသေးစားတူးဖော်ထုတ်လုပ်ရန်အတွက်မူ သုံးဧကအထိ ခွင့်ပြုထားပြီး သက်တမ်းမှာ ၂ နှစ် ဖြစ်သည်။

လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ရန်အတွက်မူ တစ်ဧကအကျယ်ခွင့်ပြုထားပြီး သက်တမ်း တစ်နှစ် ဖြစ်သည်။

“ဥပဒေအရဆိုရင် လက်လုပ်လက်စားတွေကို တိုင်းဒေသကြီးအစိုးရကခွင့်ပြုပေးနိုင်ပြီး ရတနာနယ်မြေ၊ ဒါမှမဟုတ် ရတနာနယ်မြေပြင်ပမှာ လုပ်ကိုင်ခွင့်ပြုတဲ့သဘော ဖြစ်တယ်” ဟု သဘာဝ သယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ (Natural Resource Governance Institute-NRGI) တာဝန်ခံ ဦးဟိုစနာချေက ပြောကြားသည်။

ကျောက်မျက်လုပ်ကွက်များ ချထားပေးရန်အတွက် ပြည်ထောင်စုအဆင့်ကကိုင်တွယ်ပြီး ယင်းသို့ချထားပေးနိုင်ရန် ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနက လုပ်ဆောင်ကြောင်း ဝန်ကြီး ဦးမျိုးသစ်က ဆိုသည်။

ကျောက်ထွက်ရှိမှုများသည့် နေရာ၊ ရင်းနှီးမြှုပ်နှံမှုများသည့်နေရာဆိုလျှင် အလတ်စား၊ တန်ဖိုးအသင့်အတင့်နှင့်လုပ်ဆောင်မည်ဆိုလျှင် အသေးစား၊ သာမန်လက်သုံးကိရိယာများနှင့် တန်ဖိုးအနည်းဆုံးဖြင့် လုပ်ဆောင်မည်ဆိုလျှင် လက်လုပ်လက်စား စသဖြင့် ခွဲခြားသတ်မှတ်ကာ ချထားပေးကြောင်း ၎င်းက ရှင်းပြသည်။

“ဒီအပေါ်ကို ဒေသခံများ မရှင်းလင်းတာရှိရင် ဝန်ကြီးဌာနကို မေးလို့ရပါတယ်။ ကျွန်တော်ကတော့ ဒေသခံတွေသိရှိအောင် လုပ်ပေးရမယ့်တာဝန်ရှိပါတယ်” ဟု ဝန်ကြီးက ဖိတ်ခေါ်သည်။

လက်လုပ်လက်စားများအတွက် ကျောက်မျက်ဇုန်ချထားပေးရန် လျာထားသည့်နေရာများသည် ကျောက်ထွက်ရှိမှု မရှိသလောက်နည်းပါးသည့်နေရာများဖြစ်သောကြောင့် ဒေသခံများအတွက် အဆင်မပြေနိုင်သဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့က ဒေသခံ ရာချီစုဝေးကာ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်အပြီး ရက်ပိုင်းအကြာ နိုဝင်ဘာလ ၉ ရက်နေ့တွင်တော့ မိုးကုတ်မြို့ ဒေသခံများအတွက် မျှော်လင့်ရောင်နီတစ်ခုက လင်းလက်လာခဲ့သည်။ ယင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိသာမဏေစာသင်တိုက်ရှိ ရှင် ၁၀၀၀ ဓမ္မဗိမ္မာန်ဖွင့်လှစ်ပွဲသို့ တက်ရောက်ရန်လာခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်းတွင် ဒေသခံအချို့နှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲသို့ မိုးကုတ်ဒေသခံ ကျောက်မျက်ဥပဒေအကြံပြုကော်မတီဝင် ဦးစိုးမြင့်လည်း တက်ရောက်ခွင့်ရခဲ့ပြီး လုပ်ကွက်ချထားပေးမှုများသည် ဒေသခံများအတွက် အဆင်မပြေဖြစ်နေကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြနိုင်ခဲ့သည်။

ဆွေးနွေးမှုများတွင် လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက်များကိစ္စ၊ မှတ်ပုံတင်ရရှိရန် ခက်ခဲနေသည့် တိုင်းရင်းသားအချို့၏ အရေးကိစ္စ၊ ဆေးရုံတွင် အရိုးဆရာဝန်လိုအပ်ချက်ရှိနေသည့်ကိစ္စ စသည်တို့ကို တင်ပြခဲ့သော်လည်း ဒေသခံများ၏ အဓိကလိုအပ်ချက်ဖြစ်နေသည့် လုပ်ကွက်ချထားပေးရာတွင် တရားမျှတမှု မရှိဖြစ်နေသည့်ကိစ္စက ပါမလာခဲ့။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နိဂုံးချုပ်စကားပြောကြားခါနီး ဦးစိုးမြင့်က အရဲစွန့်၍ ဒေသခံများကိုယ်စား တင်ပြခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော် ဒီလိုမှမလုပ်ရင် ကျွန်တော့်ကို ဒီထဲရောက်အောင်ပို့ပေးသူတွေနဲ့ အကြံပြုကော်မတီရယ်၊ မြို့လူထုကို ကျွန်တော် ဘယ်လိုမျက်နှာပြရမလဲ၊ သတ္တိကောင်းလှချည့်တော့ မဟုတ်ပါဘူး။ ကိုင်း ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး လုပ်ချခဲ့တာ” ဟု ဦးစိုးမြင့်က ပြောပြသည်။

လုပ်ကွက်ချထားပေးသည့်နေရာများ အဆင်မပြေမှု၊ လုပ်ကွက်စိစစ်ချထားရေးအဖွဲ့ ဖွဲ့စည်း၍ နေရာများ သတ်မှတ်ပေးရမည်ဖြစ်သော်လည်း ကျောက်မျက်ဌာနက ကြိုတင်၍ လုပ်ကွက်များ တိုင်းတာသတ်မှတ်ပေးခဲ့ခြင်းတို့ကို တင်ပြနိုင်ခဲ့ သည်ဟု ဦးစိုးမြင့်က ဆိုသည်။

ဦးစိုးမြင့်၏ စွန့်စားမှုက အောင်မြင်သည်ဟု ဆိုရမည်။ ဒေသခံတို့၏ တင်ပြချက်များကို မဖြေရှင်းနိုင်သည့်ကိစ္စ မရှိပါဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ လုပ်ကွက်များ ချထားပေးမှုသည် ဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ရန်လည်း ညွှန်ကြားခဲ့သည်။

“ကျောက်မျက်နည်းဥပဒေ အမြန်ဆုံးထွက်အောင် ကြိုးစားပေးမယ်လို့ အတိုင်ပင်ခံက ကတိပေးခဲ့တယ်” ဟု မိုးကုတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည်။

လက်လုပ်လက်စားများအတွက် လုပ်ကွက်ချထားပေးသည့်နေရာကို မိမိလည်း သဘောမကျဟု ၎င်းကဆိုသည်။

“ခက်ခဲတဲ့နေရာကို လက်လုပ်လက်စားတွေ ပေးမယ်ဆိုတာ မသင့်ဘူး။ ကျွန်တော်လည်း သဘောမကျဘူး” ဟု ဦးစောသောင်းတင်က ဆိုသည်။

ဒေသခံများအနေနှင့်မူ အလတ်စားတူးဖော်လုပ်ကိုင်ခွင့်ပြုသည့် နိုင်ငံတော်နှင့် ကုမ္ပဏီတို့၏ အကျိုးတူလုပ်ကွက်များအတွင်း လုပ်ကိုင်ခွင့်ရရှိရန် ဆန္ဒရှိကြသည်ဟု ဦးစိုးမြင့်က ပြောသည်။

လက်ရှိ မိုးကုတ်ပတ္တမြားမြေတွင် သက်တမ်းကုန်သဖြင့် လုပ်ကွက်ပိတ်ထားသည့် လုပ်ကွက်ပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး ယင်းနေရာများတွင် သုံးပုံတစ်ပုံခန့် ဝင်ရောက်လုပ်ကိုင်လိုသည်ဟု ၎င်းက ဆိုသည်။

ဒေသခံတို့၏ ဆန္ဒကို လက်ရှိ အကျိုးတူလုပ်ကိုင်နေသည့် ကုမ္ပဏီအချို့ကလည်း သဘောတူကြသည်။

“ကျေနပ်ပါတယ်။ အကျိုးတူလုပ်ကွက်ဧရိယာထဲကနေ ၂၀ နဲ့ ၃၅ ရာခိုင်နှုန်းပေးရင်လည်း သင့်ပါတယ်” ဟု ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းဝင်းက ပြောသည်။

လက်ရှိ သတ်မှတ်ထားသည့် လုပ်ကွက်များကို ချထားပေးနိုင်ရန်အတွက် အကွက်ရိုက်ရမည်ဖြစ်ပြီး ယင်းကုန်ကျငွေကို တိုင်း/ပြည်နယ် အစိုးရက အကုန်အကျခံရသည်။ ထိုသို့ အကွက်ရိုက်သတ်မှတ်ပြီးမှ သတင်းစာတွင် တရားဝင်ကြော်ငြာကာ ထိုအချိန်မှသာ လုပ်ကိုင်လိုသူတို့က လျှောက်ထားနိုင်မည် ဖြစ်သည်။

“ကုမ္ပဏီလုပ်ကွက်ထဲ လက်လုပ်လက်စားတွေ လုပ်ခွင့် ရ မရဆိုတာ ပြည်ထောင်စုဝန်ကြီးဌာနကို တရားဝင်မေးမှပဲ တရားဝင် ဖြေလို့ရပါမယ်” ဟု ဝန်ကြီး ဦးမျိုးသစ်က ဆိုသည်။

၂၀၁၉ ကျောက်မျက်ဥပဒေတွင် ဥပဒေကို မဆန့်ကျင်လျှင် အမိန့်တစ်စုံတစ်ရာထုတ်ပြန်ပြီး လုပ်ကိုင်နိုင်သည်ဟု ဆိုထားသဖြင့် အလတ်စားလုပ်ကွက်အတွင်း ဒေသခံများ လုပ်ကိုင်လိုလျှင် ဝန်ကြီးဌာနနှင့် ညှိနှိုင်းစေလိုသည်ဟု ဝန်ကြီးက အကြံပြုသည်။

ကျောက်မျက်ဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက အတည်ပြုထုတ်ပြန်ခဲ့ပြီး နည်းဥပဒေကမူ ယခုထိ မထွက်လာသေးပေ။ ပုံမှန်အားဖြင့် ဥပဒေထွက်ရှိပြီး သုံးလခန့်အတွင်း နည်းဥပဒေထုတ်ပြန်ရသော်လည်း ကြန့်ကြာနေသည့် ကျောက်မျက်နည်းဥပဒေ အမြန်ဆုံးထွက်ရှိရန် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကတိပြုထားသည်။

“ဥပဒေချုပ်ရုံးကို ရောက်နေပြီလို့ သိရပါတယ်။ ဒီနှစ်ထဲမှာ ထွက်လာနိုင်မလား၊ ကျွန်တော့်သဘောကတော့ မြန်လေကောင်းလေပေါ့” ဟု ဝန်ကြီး ဦးမျိုးသစ်က ဆိုသည်။

မိုးကုတ်သည် ပတ္တမြား၊ နီလာ၊ ဥဿဖရား၊ မြ၊ ဂေါ်မိတ်၊ စလင်း စသည့် ကျောက်မျက်ရတနာပေါင်း ၃၅ မျိုးခန့်အထိ ထွက်ရှိသဖြင့် ပတ္တမြားမြို့တော်ဟု နာမည်ကျော်သည်။ ကမ္ဘာ့ပတ္တမြားထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းသည် မိုးကုတ်မြို့က ဖြစ်သည်။

ယခင်က ဒေသခံများသည် ဘိုးစဉ်ဘောင်ဆက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်လာကြသော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် ကုမ္ပဏီများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရာမှစ၍ ဒေသခံတို့ နေရာပျောက်ခဲ့ကြရသည်။

၁၉၉၅ ခုနှစ် ကျောက်မျက်ဥပဒေပြဋ္ဌာန်းပြီးချိန်တွင်မူ ဒေသခံများသည် တစ်ပိုင်တစ်နိုင်ကျောက်မျက်တူးဖော်ခွင့်ပင် မရတော့ပေ။ ထို့ကြောင့် တရားမဝင် ခိုးယူတူးဖော်ခဲ့ကြရသည်။

၂၀၁၂ ခုနှစ်တွင်မူ ဒေသခံများတောင်းဆိုမှုကြောင့် တစ်ပိုင်တစ်နိုင် ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့ပြီး လုပ်ကွက်ပေါင်း ၄၅ ကွက်ကို ခွင့်ပြုခဲ့သည်။ တစ်ဧကအကျယ်လုပ်ကွက်များဖြစ်ပြီး တစ်နှစ်အတွက် အခွန်ငွေ ကျပ်ငါးသိန်း ပေးဆောင် ရသည်။

သို့သော်လည်း မြေကွက်ပိုင်ဆိုင်သူများသာ လျှောက်ထားလုပ်ကိုင်ခွင့်ရရှိသဖြင့် အခြေခံလူတန်းစား ကျောက်သမားများအတွက် အခွင့်အလမ်း မရရှိခဲ့ပေ။ ယင်းအပြင် ကျောက်ထွက်ရှိသည့် လုပ်ကွက်များကိုလည်း ကုမ္ပဏီများက လက်ဝါးကြီးအုပ်ထားပြီး စက်ယန္တရားဖြင့် တူးဖော်ခဲ့ကြသည်။

ယခု ကျောက်မျက်ဥပဒေအသစ်အရ ဒေသခံမည်သူမဆို ကျောက်မျက်လုပ်ကွက် လျှောက်ထားနိုင်သော်လည်း ကျောက်ထွက်ရှိမှု နည်းပါးသည့်နေရာ၊ နယ်မြေမလုံခြုံသည့်နေရာ၊ ခရီးဝေးသည့်နေရာများတွင် လုပ်ကွက်ချထားပေးသည့် ဒေသခံများ မျက်နှာသာမရသေးသည့်အခြေအနေ ဖြစ်သည်။

ထို့ကြောင့် ယခင်က ကျောက်မျက်ကြောင့် စီးပွားရေးအဆင်ပြေခဲ့ကြသည့် မိုးကုတ်ဒေသခံများသည် လက်ရှိတွင် အဆင်မပြေကြတော့။

မိုးကုတ်မြို့၏ ပစ္စက္ခအခြေအနေကို ဦးစိုးမြင့်က ယခုကဲ့သို့ တင်စားပြောဆိုသည်။

“(စီးပွားရေးက) ကျွန်းပင်ကို အခေါက်ခွာလိုက်သလို တဖြည်းဖြည်းခြောက်ကပ်လာနေတယ်။ (လုပ်ကွက်ကလည်း) အရိုးအခြောက်ကို ကိုက်ခိုင်းတဲ့သဘော ဖြစ်နေတယ်” 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *