သမ္မတ Xi ၏ ပထဝီနိုင်ငံရေး စီးပွားရေး မြန်မာရိုက်ချက်

တရုတ်နိုင်ငံ၏ နံပါတ်တစ်ခေါင်းဆောင် Xi Jin Ping သမ္မတဖြစ်အပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးခရီးစဉ်သည် မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး စီးပွားရေးသာမက ဒေသတွင်း ပထဝီဝင်နိုင်ငံရေးစီးပွားရေးကိုပါ အသွင်ပြောင်းလဲစေလိမ့်မည်။

ရှီကျင့်ဖျင်သည် ဒု-သမ္မတအဖြစ် ၂၀၀၉ ခုနှစ်က တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုစဉ်က နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ဆယ်စုနှစ်တစ်ခုအကြာတွင် လာရောက်ခြင်းဖြစ်သည်။ သူပထမဆုံးအကြိမ် လာရောက်ချိန်နောက်ပိုင်းတွင် တရုတ်နှင့် မြန်မာ အတန်ငယ်အလှမ်းကွာသွားပြီး ယခုသူပြန်လာချိန်တွင် တရုတ်-မြန်မာ ပြန်လည်နီးစပ်လာသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်နေသည်။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ကြောင်း ၁၉၄၉ ခုနှစ်အောက်တိုဘာက ကြေညာအပြီးတွင် ကွန်မြူနစ်မဟုတ်သောနိုင်ငံများအနက် အစောဆုံး အသိအမှတ်ပြုသည့် နိုင်ငံဖြစ်သည်။ ၁၉၅၀ ဇွန်လတွင် စတင်ခဲ့သည့် မြန်မာ – တရုတ် တရားဝင်သံတမန်ဆက်ဆံမှု နှစ် (၇၀) ပြည့်ကာလနှင့်လည်း Xi ၏ ခရီးစဉ်သည် တိုက်ဆိုင်နေသည်။ (Xi ၏ နောက်ခံအကျဉ်းချုပ်ကို အချပ်ပို စာမျက်နှာ – ၆ ‘ရှီကျင့်ဖျင် ဘယ်သူလဲ’ ဆောင်းပါးတွင် ဖတ်ရှုနိုင်သည်)

Xi ၏ ခရီးစဉ်အတွင်း ခေတ်သစ်ပိုးလမ်းမစီမံကိန်း Belt and Road Initiative ၏ မြန်မာနိုင်ငံဆိုင်ရာအပိုင်းဖြစ်သော China Myanmar Economic Corridor (CMEC) ခေါင်းစဉ်အောက်မှ စီမံကိန်းအချို့ကို အတည်ပြုလက်မှတ်ထိုး မည်ဟု မျှော်လင့်ကြသည်။

Xi သည် သူသမ္မတဖြစ်သည့်နှစ်တွင် ပိုးလမ်းမသစ်စီမံကိန်း Belt and Road Initiative (BRI) ကို စတင်ကြေညာခဲ့သူဖြစ်ရာ မြန်မာနိုင်ငံရှိ ပိုးလမ်းမသစ်စီမံကိန်းများကို သူကိုယ်တိုင် လက်မှတ်ထိုးခြင်းသည် ပုံရိပ်အသွင်အရလည်း ကောင်းမွန်သည်။ မြန်မာနိုင်ငံပါဝင်နေသည့် ပိုးလမ်းမသစ်စီမံကိန်း Belt and Road Initiative (BRI) သည် ဒုတိယကမ္ဘာစစ်အပြီးတွင် အနောက်ဥရောပ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ကဖန်တီးခဲ့သော Marshall Plan နှင့် အလားတူ ဧရာမစီမံကိန်းကြီးဖြစ်သည်။

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုသည် စီးပွားရေးစွမ်းဆောင်မှုပေါ် တည်နေသည်။ စီးပွားရေးတိုးတက်နှုန်းကျသွားလျှင် ပြည်သူများ လှုပ်လှုပ်ရွရွဖြစ်လာနိုင်သည်။ ထို့ကြောင့် စီးပွားရေးတိုးတက်နှုန်းကိုဆက်ထိန်းထားရမည်။ တရုတ်၏ စီးပွားရေးတိုးတက်နှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးများထဲတွင်ပါနေရာ ဆက်ထိန်းထားရန်မလွယ်။ တရုတ်နိုင်ငံသည် လူဦးရေလည်းများ၊ နိုင်ငံအရွယ်လည်းကြီးသော်လည်း လက်ရှိစီးပွားတက်နှုန်းကိုထိန်းလိုလျှင် ပြည်တွင်း နှင့်မရ၊ ပြည်ပထွက်ရှာရမည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင်းတွင် ပိုလျှံလာသော ကုန်ထုတ်စွမ်းအားများကို ပြည်ပသို့ပို့ရန် ပိုးလမ်းမသစ်စီမံကိန်းကို ရှီကျင့်ဖျင်က ကြံစည်ခြင်းဖြစ်သည်။ ကုန်းရေ လမ်းနှစ်သွယ်သည် တရုတ်ဗဟိုပြုကာ ကမ္ဘာပတ်မည်။ ထိုလမ်းတစ်လျှောက်တွင် စွမ်းအင်စီမံကိန်းများ၊ လမ်းကြီးများ၊ ဆိပ်ကမ်းများ စသည့် အခြေခံအဆောက်အဦစီမံကိန်းများကို တရုတ်နှင့် အိမ်ရှင်နိုင်ငံများ အကျိုးတူဆောင်ရွက်မည်။ အိမ်ရှင်တို့ ငွေမရှိလျှင် တရုတ်ကချေးမည်။ တရုတ်ဗဟိုပြု ကုန်းရေလမ်းနှစ်သွယ်သော လမ်းကြောင်းကြီးများတစ်လျှောက် တရုတ်ပါဝင်သော စီမံကိန်းကြီးများ ပေါ်ထွန်းလာမည်။ တရုတ်အနေနှင့် စီးပွားရေးအကျိုးအမြတ်များရမည်ဖြစ်သလို စီမံကိန်းအိမ်ရှင်နိုင်ငံများနှင့် မိတ် ဖက်နိုင်ငံအဖြစ် နှစ်ကြာရှည်စွာလက်တွဲခွင့်ရမည်ဖြစ်သဖြင့် နိုင်ငံရေးအရလည်း မြတ်သည်။ ပင်လယ်ဆိပ်ကမ်းအချို့ကို အရေးအကြောင်းစစ်ဖြစ်ချိန်တွင် တရုတ်က သုံးနိုင်သည်ဟုလည်း လုံခြုံရေးကျွမ်းကျင်သူတို့က တွက်သည်။ ပိုးလမ်းမသစ်စီမံကိန်းသည် ကမ္ဘာ၏ ပထဝီဝင်နိုင်ငံရေးစီးပွားရေးကို ပြောင်းလဲပစ်လိမ့်မည်ဟု ကျွမ်းကျင်သူများက သဘောပေါက်ပြီးဖြစ်သည်။ ပိုးလမ်းမသစ်၏ နောင်တော်ကြီးဖြစ်သည့် Marshall စီမံကိန်းသည် ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာကြီး၏ ပထဝီဝင်နိုင်ငံရေး စီးပွားရေးကို ပြောင်းလဲပစ်ခဲ့သည့်ဥပမာရှိပြီးဖြစ်သည်။ ထိုသို့ဆိုလျှင် ပိုးလမ်းမသစ်သည် မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး စီးပွားရေးကိုပါ တစ်ပါတည်း ပြောင်းလဲပစ်လိမ့်မည်။ မြန်မာနိုင်ငံသည် ပိုးလမ်းမသစ်တွင် တရုတ်၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်နေသည့်အတွက် မြန်မာ့ပထဝီဝင်နိုင်ငံရေးစီးပွားရေးနှင့်အတူ ဒေသတွင်း ပထဝီဝင်နိုင်ငံရေးစီးပွားရေးပါ ပြောင်းမည်။

အမေရိကန်ပြည်ထောင်စုသည် သမ္မတထရန့်လက်ထက်တွင် Indo-Pacific Strategy ကို ကြေညာသုံးစွဲသည်။ ယခင်က သုံးခဲ့သော Asia-Pacific အာရှပစိဖိတ်နေရာတွင် Indo-Pacific အင်ဒိုပစိဖိတ်ရောက်လာသည်။ Asia-Pacific တွင် ပစိဖိတ်သမုဒ္ဒရာတစ်စင်းသာပါသည်။ Indo-Pacific တွင် အိန္ဒိယသမုဒ္ဒရာတိုးပြီး သမုဒ္ဒရာနှစ်စင်းဖြစ်လာသည်။ Indo-Pacific တွင် အမေရိကန်ပြည်ထောင်စုသည် တစ်ကိုယ်တော်ကြဲမည်မဟုတ်၊ သူ့တွင် ထိုတာဝန်ကို တစ်နိုင်ငံတည်း ထမ်းဆောင်နိုင်စွမ်းမရှိ။ အာရှဒေသတွင်း အင်အားကြီး ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယ သုံးနိုင်ငံနှင့် လက်တွဲမည်။ တရုတ် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မရအောင် ဝိုင်းရံပိတ် (Containment) ထားရန် ရည်ရွယ်သည်။ အမေရိကန်၏ အင်ဒိုပစိဖိတ်သည် တရုတ်၏ ပိုးလမ်းမသစ်ကို တန်ပြန်သည့် ဗျူဟာသဖွယ် ဖြစ်လာသည်။

အသစ်ဖော်ဆောင်သော Indo-Pacific Strategy တွင် Indo သည် Indian Ocean အိန္ဒိယသမုဒ္ဒရာဖြစ်သည်။ အိန္ဒိယနိုင်ငံဟုလည်း ဆိုနိုင်သည်။ တရုတ်သည် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေသောနိုင်ငံ (Indian Ocean Country) မဟုတ်။ သို့သော် မြန်မာနိုင်ငံကို ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တစ်ဆင့်ခံ ကားလမ်း၊ ရထားလမ်းများဖြင့် ဖြတ်လျှင် တရုတ်သည် တစ်ဆင့်ခံအိန္ဒိယသမုဒ္ဒရာနိုင်ငံ ဖြစ်လာနိုင်သည်။ ထိုသို့ အိန္ဒိယသမုဒ္ဒရာကို ထွက်နိုင်လျှင် တရုတ် ခြေဆန့်လက်ဆန့်လုပ်ရန် ထွက်ပေါက်တစ်ခု ရနိုင်သည်။

ကျောက်ဖြူရေနက်စီမံကိန်းသည် ပိုးလမ်းမသစ်စီမံကိန်း BRI ပေါ်လာပြီးနောက်မှပေါ်လာသည့်စီမံကိန်းမူ မဟုတ်။ BRI မတိုင်မီ ၂၀၀၉ ခုနှစ် ကတည်းက တရုတ်နှင့် ကျောက်ဖြူသွယ်တန်းမည့် ရေနံပိုက်လိုင်းအပါအဝင် ကျောက်ဖြူရေနက်စီမံကိန်းကို မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာထိုးခဲ့သော်လည်း BRIပေါ်ပြီးနောက်သူ့ခေါင်းစဉ်အောက်သို့ ဆွဲသွင်းခံလိုက်ရသောစီမံကိန်း ဖြစ်သည်။ တရုတ်နိုင်ငံအတွင်းတွင် BRI ခေါင်းစဉ်တပ်လျှင် ဗဟိုအစိုးရ၏ အတည်ပြုခံရဖွယ်ပိုများသည်၊ ဘဏ္ဍာငွေထောက်ပံ့မှု ရဖွယ်ပိုများသည်ဟူသော တရုတ်နိုင်ငံပိုင်လုပ်ငန်းကြီးများအကြား နားလည်မှုအရ ထိုသို့ထည့်လိုက်ခြင်း ဖြစ်ဖွယ်ရှိသည်။

ကြွေးပိသောကြောင့် တရုတ်ကို ထိုးအပ်လိုက်ရသော သီရိလင်္ကာရှိ ရေနက်ဆိပ်ကမ်းအကြောင်း နိုင်ငံတကာသတင်းများတွင်ပါလာအပြီးတွင် ကျောက်ဖြူရေနက်စီမံကိန်းကိစ္စကို မြန်မာဘက်က ပြန်လည်စဉ်းစားသည်။

ထို့နောက် စီမံကိန်းပမာဏကို ယခင် ၇ ဒသမ ၂ ဘီလီယံဖိုးမှ ယခု ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးထိ လျှော့ချလိုက်သည်။ တရုတ်ကလည်း လက်ခံသည်။ ထိုသို့လျှော့ချနိုင်ခြင်းသည် တရုတ်နှင့် BRI အကောင်အထည်ဖော်နေသော အခြားနိုင်ငံများအတွက် စံနမူနာတစ်ခုလည်းဖြစ်သည်။

BRI စီမံကိန်းများတွင် တစ်ဆို့နေသည်များအပါအဝင် တရုတ်-မြန်မာ အရေးများကို Xi ၏ ခရီးစဉ်မတိုင်မီ ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်က လာရောက်ခဲ့သည်။ မြစ်ဆုံစီမံကိန်းသည် ရှေ့ဆက်မည်၊ မဆက်မည် မပြတ်သားသေးသော်လည်း ရွေးကောက်ပွဲနှစ်တွင် လက်ရှိအစိုးရ အခက်မတွေ့အောင် တရုတ်က အလိုက်သိစွာဖြင့် အဖြေကို မတောင်းဆိုသေးဟု ယူဆရသည်။

Xi ခရီးစဉ်ကြောင့် BRI စီမံကိန်းများ မီးစိမ်းပြကာ ၂၀၂၀ တွင်း အကောင်အထည်ဖော်ဖြစ်လျှင် စီးဝင်လာသောငွေများ၊ လုပ်ငန်းများကြောင့် စီးပွားရေးကို ဆေးထိုးပေးသကဲ့သို့ ဖြစ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ်အရွေးခံရအောင် ကြိုးစားနေသော လက်ရှိအစိုးရအကြိုက် ဖြစ်ပေလိမ့်မည်။ International Court of Justice တွင် တရားသွားရင်ဆိုင်လိုက်ရပြီးနောက်ပိုင်းတွင် နိုင်ငံတကာသတင်းမီဒီယာများတွင် မြန်မာသတင်းများ၊ ဆောင်းပါးများသည် အနုတ်လက္ခဏာပိုဆောင်လာသည့်အပြင် အရေးယူပိတ်ဆို့မှုများ ရှိလာနိုင်သည့်အတွက် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် အခြေအနေအရပ်ရပ်ကိုစောင့်ကြည့်နေသည်။ ရွေးကောက်ပွဲရှိသည့်အတွက် စောင့်ကြည့်ခြင်းပါပေါင်းလိုက်လျှင် အနောက်ကမ္ဘာမှ အရင်းအနှီးများ ၂၀၂၀တွင်းတွင် အဝင်နည်းမည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ CMEC အကောင်အထည်ဖော်မည့် တရုတ်နိုင်ငံပိုင်လုပ်ငန်းများအပါအဝင် တရုတ်ပုဂ္ဂလိက လုပ်ငန်းငယ်များမှာမူ ရွေးကောက်ပွဲကိုရော အရေးယူပိတ်ဆို့မှုဖြစ်လာနိုင်ချေကိုပါ သိပ်မှုကြသည်မဟုတ်။

အပြန်အလှန်လိုအပ်သော

မြန်မာနှင့် တရုတ်သည် အပြန်အလှန် လိုအပ်နေသည်။ မြန်မာသည် အနောက်နှင့် တဖြည်းဖြည်းဝေးလာသဖြင့် မိုးမပြိုဘူး၊ ပြိုခဲ့သော် ယခင်တပ်မတော်အစိုးရလက်ထက်ကကဲ့သို့ တရုတ်နှင့် ဆက်ဆံရေး တိုးမြှင့်ရန်လိုလာသည်။ တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ဆင်နွှဲနေရသည်။ ဟောင်ကောင်တွင် ဆန္ဒပြသူဦးရေ သန်းချီပြီး လနှင့်ချီဖြစ်နေသည့်အပေါ်တွင်လည်း အမေရိကန်အပါအဝင် အနောက်အုပ်စုကို သံသယဝင်နေသည်။ ထို့ကြောင့် Indo-Pacific အမေရိကန်မူဝါဒသည် ဆိုဗီယက်ပြည်ထောင်စုကို အမေရိကန်စစ်အေးကာလတွင် ကျင့်သုံးခဲ့သည့် ဝန်းရံပိတ်ဆို့ခြင်းမဟာဗျူဟာ Containment Strategy ဟု ယခုအချိန်တွင် ပိုသံသယဝင်လာသည်။ မြန်မာနှင့် ကျောက်ဖြူဆိပ်ကမ်းကိစ္စဖြတ်နိုင်လျှင် အမေရိကန်၏ Indo-Pacific ကို တစ်စိတ်တစ်ပိုင်း တန်ပြန်နိုင်မည်။

ကျောက်ဖြူအပါအဝင် ပိုးလမ်းမသစ်စီမံကိန်းအချို့တွင် မြန်မာဘက်က ကြန့်ကြာနေသည်ကို မူလွန်းသည်ဟု တရုတ်က ထင်ကြသည်။ BRI တွင် မြန်မာသည် မြန်မာတို့ထင်သလောက် အရေးမပါ၊ BRI တွင် မြန်မာမရှိလည်း ဖြစ်သည်ဟု မြင်သည့် တရုတ်ပညာရှင်များလည်း ရှိသည်။ ဆိုလိုသည်က မြန်မာသည် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင် မဟုတ်သောကြောင့် ဝယ်သူကဝယ်နေချိန်တွင် ဈေးမကိုင်ဘဲ ရောင်းလိုက်ရန်။ မြန်မာဘက်ကလည်း ဈေးဆွဲတင်မရသည့်တိုင် ဈေးပေါင်ကျိုးနှင့်မူ မရောင်းချင်။ သို့သော် တရုတ်အကူအညီကို မြန်မာကယူနေရသည့်အတွက် တစ်ကြောင်းမထောက် တစ်ကြောင်းထောက်ရသည်။

မြန်မာဘက်က တရုတ်ကို လိုအပ်နေသည့် နေရာကဏ္ဍသည် မကြာသေးမီနှစ်များအတွင်း ကဏ္ဍနှစ်ခုရှိသည်။ တရုတ်နယ်စပ်လှုပ်ရှားအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များက တရုတ်ဝင်ပါမှုကို လိုလားနေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရခိုင်အရေးအရ နိုင်ငံတကာစင်မြင့်တွင် တရုတ်နိုင်ငံ၏ အကာအကွယ်ပေးခြင်းဆိုင်ရာ လိုအပ်ချက်။ ၂၀၂၀ခုနှစ်တွင် မြန်မာဘက်က လိုအပ်ချက်တစ်ခု တိုးလာသည်။ ရွေးကောက်ပွဲနီးချိန်တွင် မြန်မာ့စီးပွားရေးအတွင်း ရင်းနှီးမြှုပ်နှံမှုငွေများ ဝင်လာရန် လိုအပ်ချက်။ တရုတ်စီမံကိန်းကြီးများ မီးစိမ်းပြလိုက်ခြင်းဖြင့် တစ်ချက်ခုတ် သုံးချက်လောက်ပြတ်သွားမည်။

မြန်မာတွင် အကောင်အထည်ဖော်မည့် တရုတ်စီမံကိန်းကြီးများသည် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်လိုချင်သည့်၊ အမေရိကန်ဝိုင်းပတ်ခြင်းကို ကာကွယ်မည့်၊ တရုတ်နိုင်ငံစီးပွားရေး အရှိန်မြှင့်မည့် တရုတ်ဗဟိုအစိုးရ၏ ရည်ရွယ်ချက်အတိုင်း တိတိကျကျသွားနေခြင်းလား။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC စီမံကိန်းအများအပြားသည် တရုတ်နိုင်ငံပိုင်လုပ်ငန်းကြီးများ သို့မဟုတ် ယူနန်ပြည်နယ်အစိုးရက တရုတ်အစိုးရကို တွန်းခြင်း Lobbying မှ လာသည်ဟု တရုတ်နိုင်ငံရေးနှင့် စီးပွားရေးကို ကျွမ်းကျင်သူများက ဆိုသည်။ သူတို့၏ သိန်းနှင့်ချီသောဝန်ထမ်းများကို လခပေးရန်အတွက် အလုပ်ရရန် တရုတ်နိုင်ငံပိုင်လုပ်ငန်းကြီးများက အလုပ်ရှာကြသည်။ ယူနန်ပြည်နယ်အစိုးရသည် တရုတ်နိုင်ငံရှိ အစိုးရ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံကို စိတ်အဝင်စားဆုံး အစိုးရအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

ဆိုလိုသည်က မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် အဆိုပြုထားသော CMEC သို့မဟုတ် BRI စီမံကိန်းများသည် တရုတ်အစိုးရက ဗဟိုစီမံချက်တစ်ခုဖြင့် သေချာစွာစဉ်းစားရေးဆွဲထားသော စီမံကိန်းများမဟုတ်ဘဲ ကုမ္ပဏီတစ်ခုက သူရရန်စဉ်းစားပြီး စီမံကိန်းဆွဲလိုက်၊ တရုတ်အစိုးရက သဘောတူလျှင် ထောက်ခံပေး၊ ငွေထုတ်ပေး၊ အစိုးရချင်းညှိပေးရင်းဖြင့် များလာသော စီမံကိန်းများလည်းဖြစ်နိုင်သည်။ စီမံကိန်းများတွင် သုံးစွဲရမည့်ငွေကြေးပမာဏ၊ စီမံကိန်း အရွယ်အစား ဖောင်းပွနေတတ်သည်မှာလည်း ထိုသဘောကြောင့် ဖြစ်သည်။ စီမံကိန်းပမာဏကြီးလေလေ ဝန်ထမ်းပိုခန့်နိုင်လေလေ။ မြန်မာဘက်က ထိုစီမံကိန်းများကို မကြည့်မရှုဘဲ လွှတ်ပေးလိုက်လျှင် တစ်ချိန်ကျ ကိုယ်ပါဒုက္ခရောက် မည်။ တရုတ်အစိုးရက မြန်မာကို အကြွေးပိစေရန် Debt-trap Strategy ဖြင့် တမင်သက်သက်လုပ်သည်ဟု စွပ်စွဲ၍ ရချင်မှရမည်။ တရုတ်နိုင်ငံပိုင်ကုမ္ပဏီကြီးများ၏ အကြံအစည်ရည်မှန်းချက်သည် တရုတ်အစိုးရ၏ ရည်မှန်းချက်အကြံ အစည်နှင့် တူချင်မှတူမည်။

ပိုးလမ်းမသစ်စီမံကိန်းများသည် သူ့အတွက် သပ်သပ်ရည်ရွယ်ထားသော စီမံကိန်းများရှိသလို သူမတိုင်မီက စီမံကိန်းများကိုလည်း ပိုးလမ်းမခေါင်းစဉ်အောက်သို့ ဆွဲသွင်းလိုက်သည်များရှိသည်။

ပိုးလမ်းမသစ် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းအချို့သည် တိုက်ပွဲများဖြစ်ပွားနေသောနေရာများ သို့မဟုတ် မငြိမ်မသက်ဖြစ်နေသော နေရာများကို ဖြတ်သန်းသွားမည်ဖြစ်သဖြင့် အန္တရာယ်ရှိသည်ဟု မှတ်ထင်ကြသည်။ ကျောက်ဖြူတည်ရှိသော ရခိုင်ပြည်နယ်ပင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ထိုစာရင်းတွင် ပါဝင်သည်။ သို့ရာတွင် ထိုဒေသများသည် တရုတ်နှင့် နီးစပ်သော လက်နက်ကိုင်များဖြစ်သည့် KIA၊ TNLAA ၊ AA ၊ MNDAA ၊ UWSA တို့ လှုပ်ရှားရာ၊ အခြေစိုက်ရာဒေသများ ဖြစ်သည့်အတွက် ထိုအဖွဲ့များကနှောင့်ယှက်မည့်အန္တရာယ်နည်းသည်ဟု ကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။ CMEC စီမံကိန်းများသာပြီးသွားလျှင် ထိုဒေသများပါ တစ်ပါတည်း ငြိမ်းချမ်းသွားဖွယ် ရှိသည်ဟု သုံးသပ်သည်များပင် ရှိသည်။ တရုတ်နိုင်ငံသည် မြန်မာအားနည်းနေသည်ကို ပိုလိုလားမည်ဖြစ်သည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များ ဖျက်သိမ်းပြီး မြန်မာနိုင်ငံငြိမ်းချမ်းသွားအောင် လုပ်ဆောင်မည်မဟုတ်ဟု အခြားရှုထောင့်မှ ယူဆကြသူများ ရှိပြန်သည်။ တရုတ်သည် မြန်မာနိုင်ငံတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များပေါ် အများထင်မြင်သလောက် ဩဇာမရှိဟု ခန့်မှန်းသူများလည်းရှိသည်။

တရုတ်နယ်စပ်အနီး လက်နက်ကိုင်အဖွဲ့ဝင်များကိုင်ဆောင်သော လက်နက်များသည် တရုတ်ဘက်မှလာသော လက်နက်များဟု စစ်ရေးကျွမ်းကျင်သူများက ပြောကြသည်။ ထိုအဖွဲ့များသည် သူတို့၏ စစ်ရေးနိုင်ငံရေး ကြေညာချက်များတွင် တရုတ်၏ BRI စီမံကိန်းကို ကြိုဆိုကြောင်းကို တကူးတက ထည့်သွင်းဖော်ပြခဲ့ဖူးသည်။ တရုတ်နှင့် ဆက်ဆံရေးတည်ဆောက်ထားခြင်းဖြင့် တရုတ်၏ အသိအမှတ်ပြုမှု တစ်စုံတစ်ရာရရှိကာ မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးညှိနှိုင်းရာတွင် တန်းတစ်ခုရမည်ဟု ထိုလက်နက်ကိုင်အဖွဲ့များက မျှော်လင့်ထားပုံရသည်။

Game

တရုတ်ကမူ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် ရနိုင်သမျှဖဲချပ်များကို ကိုင်ထားပြီး ကစားလိုပုံရသည်။ လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်းဆက်ဆံပြီး မြန်မာအစိုးရ၊ တပ်မတော်တို့ကိုလည်း ဆက်ဆံမည်။ လိုအပ်လျှင် လိုအပ်သလို ဖဲချပ်အမျိုးမျိုးကို သူ့နေရာ၊ သူ့အချိန်အခါအလိုက် ချသုံးမည်။ မြန်မာနိုင်ငံပျက်သွားသည်ကို တရုတ်လိုလားမည်မဟုတ်။ မြန်မာပျက်လျှင် သူထိမည်။ သူ၏ ပိုးလမ်းမသစ်စီမံကိန်းများထိမည်။

တစ်ဖက်တွင် မြန်မာအင်အားတောင့်တင်းလျှင် သူစိတ်တိုင်းကျခြယ်လှယ်ရန် ခက်မည်။ ထိုကဲ့သို့သာ တရုတ်စဉ်းစားလျှင် သူ၏ပြိုင်ဘက် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာဆက်ဆံရေးကိုလည်း တရုတ်က ထည့်တွက်မည်သာ။ ‘တရုတ်၏ အကျိုးစီးပွားများကို လေးစားသည့်အနေနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းများသို့ မသွားရန် ၂၀၁၆ နှစ်ဆန်းပိုင်းတွင် အမေရိကန်သံအမတ်ကို အသစ်ရောက်သည့် တရုတ်သံအမတ်က ကြိမ်ဖန်များစွာ သတိပေးခဲ့ကြောင်း’ ကို United States Institute of Peace ( USIP) က ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထိုဒေသများတွင် တရုတ်နှင့်နီးစပ်သော လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားနေသည်။

မြန်မာသည် ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု စသည့် အနောက်နိုင်ငံများနှင့် ၂၀၁၁ နောက်ပိုင်းတွင် ဆက်ဆံရေးတည်ဆောက်ကာ တရုတ်ကို မှီခိုနေရခြင်းမှ ရုန်းထွက်ခဲ့သည်။ ၂၀၁၁ မတိုင်မီ အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့ခြင်းခံနေရစဉ်ကမူ အိန္ဒိယနှင့် ဆက်ဆံရေးတည်ဆောက်သည်။ ယင်းသည် မြန်မာက တရုတ်ကို ထိန်းညှိခြင်း Balancing ဟု နိုင်ငံတကာရေးရာကျွမ်းကျင်သူများက ဆိုသည်။ တရုတ်က ဆောက်နေသော ကျောက်ဖြူဆိပ်ကမ်းနှင့် တစ်ပြည်နယ်တည်းတွင် အိန္ဒိယက ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် စစ်တွေရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်နေခြင်းသည် တိုက်ဆိုင်လွန်းသည်။ အိန္ဒိယနှင့် ဆက်ဆံရေး မြန်မာက တိုးမြှင့်နေသည်။

အာရှအင်အားကြီးဖြစ်သော ဂျပန်သည်လည်း တရုတ်ကိုမှီခိုမှုလျှော့ချရေး၊ နိုင်ငံစုံနှင့်ဆက်ဆံရေးတိုးချဲ့ရေး မြန်မာ၏မဟာဗျူဟာတွင် အစိတ်အပိုင်းဖြစ်သည်။
ဂျပန်ရော၊ အိန္ဒိယရောသည် အမေရိကန်ပြည်ထောင်စု၏ Indo-Pacific Strategy တွင် ပါဝင်သော အဓိကနိုင်ငံများဖြစ်သည်။

မြန်မာသည် တရုတ်၏ဩဇာစက်ဝန်းအောက်မှ နိုင်ငံဟု တရုတ်တို့ သဘောမပေါက်စေရန်လိုသလို တရုတ်ထံမှ လွတ်ထွက်သွားနေပြီဟု တရုတ်တို့ မြင်မသွားစေရန်လည်း အရေးကြီးသည်။ တရုတ်တို့ကို မြန်မာက လိုအပ်နေသည်မဟုတ်ပါလား။

တရုတ်နိုင်ငံသည် မြန်မာ့လိုအပ်ချက်ကိုသိသည်။ ဂမ်ဘီယာက မြန်မာကို International Court of Justice တွင် တရားစွဲသည်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားစွဲသွားရောက်ရင်ဆိုင်အပြီး Provisional Measures ကြားဖြတ်အစီအမံကိစ္စ ဇန်နဝါရီလအတွင်းဆုံးဖြတ်မည်ကို စောင့်ဆိုင်းနေစဉ်အတွင်း ယခုကဲ့သို့ Xi ရောက်ရှိလာခြင်းဖြစ်သည်။

မော်စီတုန်းခေတ်နောက်ပိုင်းတွင် အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်လာသည့် သမ္မတ Xi Jin Ping ၏ သမ္မတအဖြစ် ပထမဆုံးလာခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းပထဝီဝင်နိုင်ငံရေးစီးပွားရေးကို ပြောင်းလဲသောနေ့အဖြစ် သမိုင်းပညာရှင်များက မှတ်တိုင်စိုက်ထူကြလိမ့်မည်။ 

 

TVJ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *