“လူတွေကပွဲလုပ်တာ ကိုယ့်စီးပွားရေးအတွက်ထင်နေမှာ စိုးလို့ပါ။ ပြောချင်တာက ဒီပွဲကိုလုပ်တဲ့အကြောင်းရင်းက အမှတ်တရဖြစ်ချင်တယ်။ အထူးသဖြင့်က အစ်မတို့လို ကင်ဆာဖြစ်နေတဲ့သူတွေကို ခွန်အားပေးချင်တာပါ”

ဂီတသက်တမ်းအနှစ် ၂၀ ရှိနေပြီဖြစ်တဲ့ တေးသံရှင် မီးမီးခဲရဲ့ Back to You အမည်ပေးထားတဲ့ ပထမဦးဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဖြစ်ပုံ၊ ပွဲအတွက် ကြိုတင်ပြင်ဆင်ပုံတွေနဲ့ လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအကြောင်းတွေကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice : ဒီပွဲလေးကို ဘယ်လိုကြောင့် လုပ်ဖြစ်သွားတာလဲ။

MMK : လွန်ခဲ့တဲ့နှစ် မတ်၊ ဧပြီ လောက်ထဲက ကိုစိုးနိုင်ထွန်းကို ကျွန်မ တစ်ကိုယ်တော်ပွဲလုပ်ချင်တယ်လို့ ပြောခဲ့တာ။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းမှာ ကင်ဆာထပ်ဖြစ်တော့ မလုပ်ဖြစ်လိုက်ဘူး။ အခု နည်းနည်းသက်သာတာနဲ့ ပြန်လာပြီးတော့ ဒီပွဲကိုလုပ်ဖြစ်သွားတာပါ။ အဓိကတော့ အစ်မကဂီတကိုချစ်တဲ့သူ အဖေကလည်း ဂီတကိုမြတ်နိုးတဲ့သူဆိုတော့ တစ်ယောက်ထဲ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ဆိုတာ မျှော်လင့်ချက်ပါ။ အခုသီချင်းတွေအများကြီးဆိုရမှာ ပျော်တယ်။ အရမ်းရင်ခုန်နေတယ်။

Voice : သီချင်းရွေးချယ်မှုအပိုင်းတွေနဲ့ တခြားဧည့်သည်အဆိုတော်တွေ ပါဦးမှာလား။

MMK : သီချင်းတွေက အသစ်တွေ အဟောင်းတွေထက် ပရိသတ်ကြိုက်တဲ့ သီချင်းတွေပဲ ဆိုသွားမယ်။ ပရိသတ်ကြိုက်တဲ့ သီချင်းတွေလည်း ကျွန်မဆိုမယ်။ ပြီးတော့ ကျွန်မရဲ့ကိုယ်ပိုင်သီချင်းလေးတွေ ဆိုမယ်။ တစ်ယောက်ထဲ ၂၆ ပုဒ် ဆိုဖြစ်မယ်။ အတွဲနှစ်ပုဒ်ဆိုမယ်။ ဧည့်သည်ငါးယောက်ပါမယ်။ ဘယ်သူတွေပါမလဲဆိုတာတော့ ကြိုမပြောချင်ဘူး။ ပြီးတော့ သမီးလေးနဲ့ နှစ်ပုဒ်တွဲဆိုတာပါမယ်။ တခြားကလေး လေးယောက်ပါမယ်။

Voice : လက်ရှိမှာ ကျန်းမာရေးက ဘယ်လိုအခြေအနေ ဖြစ်သွားပြီလဲ။

MMK : ထိန်းချုပ်လို့ရသွားတဲ့အခြေအနေ။ ဒါပေမဲ့ မပျောက်ဘူး။ ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ရှိတယ်။ အများကြီးမပွားသွားအောင် ထိန်းချုပ်ထားတယ်။ တစ်ခု ဝမ်းနည်းစရာကောင်းတာက အစ်မသိတာ အရမ်းနောက်ကျသွားတဲ့အတွက် အမြစ်မပြတ်သွားလိုက်ဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟာတွေ ထပ်မပွားသွားအောင် ဆေးထိုးထားတယ်။ နေ့တိုင်းဆေးသောက်ရတယ်။ ဒီမှာ နှစ်လနေမှာဆိုတော့ နှစ်လစာဆေးတွေ ယူလာတယ်။ ဆရာဝန်ရဲ့ ခွင့်ပြုစာတွေအများကြီးလုပ်ခဲ့ရတယ်။ အစ်မပြောချင်တာက ဒီပွဲကိုအစ်မလုပ်တာက အစ်မရဲ့အကျိုးစီးပွားတစ်ခုမှမပါဘူး။ အစ်မတို့မိသားစုရဲ့ လေယာဉ်လက်မှတ်၊ ဆေးဖိုးတွေနဲ့ ပြန်တွက်ရင် သိန်းရာချီတန်နေပြီ။ အခုပြောပြချင်တာက လူတွေက ပွဲလုပ်တာ ကိုယ့်စီးပွားရေးအတွက် ထင်နေမှာစိုးလို့ပါ။ ပြောချင်တာက ဒီပွဲကိုလုပ်တဲ့အကြောင်းရင်းက အမှတ်တရဖြစ်ချင်တယ်။ အထူးသဖြင့်က အစ်မတို့လို ကင်ဆာဖြစ်နေတဲ့သူတွေကို ခွန်အားပေးချင်တာပါ။ ဥပမာ – ကင်ဆာဖြစ်နေတယ်။ မပျောက်ဘူး။ အားကိုးတင်းပြီးသွားနေတဲ့သူတွေကို ဒီပွဲကနေ အစ်မက ခွန်အားပေးချင်တာပါ။

Voice : ကင်ဆာရောဂါလို့ သိလိုက်ရတဲ့အချိန်မှာ ဘယ်လိုစိတ်ခွန်အားတွေနဲ့ ဖြတ်ကျော်ခဲ့ရလဲ။

MMK : အထူးသဖြင့် ဘာသာရေးဘက်မှာ အစ်မက အားသန်တယ်။ အစ်မရောဂါက ၂၀၁၇ မှာစဖြစ်ထဲက ဆရာဝန်က သေမှာပဲ။ မရတော့ဘူး။ နောက်ဆုံးအဆင့်လို့ ပြောခဲ့တယ်။ အစ်မက ငါ့ကို ဘုရားကယ်မှာပဲ စိတ်ကိုဒုံးဒုံးချပြီးတော့ ဘုရားပဲရှိခိုးတယ်။ စိတ်ကတည်ငြိမ်တယ်။ တည်ငြိမ်တဲ့အခါကျတော့ လုပ်ရမယ့်ဟာတွေကို Focus ပြတ်သွားတယ်။ ကင်ဆာသမားတွေက ကီမိုသွင်းရင် ဆံပင်ကျွတ်တယ်၊ ပါးစပ်ပျက်တယ်။ အစ်မက ကီမိုသွင်းတဲ့အချိန် ငါ့ကလေးတွေအတွက် အသက်ရှင်မယ် သူတို့အတွက် စားမယ်၊ ကြိုးစားပြီး အိပ်မယ်။ အဲဒီလိုမျိုး ပြောင်းပြန်တွေးပြီး အသက်ရှင်ခဲ့တယ်။ အဲဒီတော့ ကင်ဆာက ကိုယ့်ကိုမနိုင်တော့ဘူး။ ကိုယ်ကနိုင်သွားတယ်။ အဓိကကင်ဆာရောဂါက စိတ်နဲ့ဆိုင်တယ်။သူ့ဘာသာ ကျွမ်းမယ်လို့ ဘယ်လောက်ပြောပြော လူရဲ့စိတ်က လုပ်နိုင်တယ်ဆိုရင် အာလုံးကို ကျော်နိုင်တယ်။

Voice : ဒီပွဲက ကိုယ့်အတွက် နောက်ဆုံးပွဲလို့လည်း လူမှုကွန်ရက်မှာ ရေးထားတာ ဘယ်လိုကြောင့်လဲ။

MMK : ဆရာဝန်တွေက အစ်မကို ငါးနှစ်အသက်ရှင်ဖို့ ၂၀ ရာခိုင်နှုန်းပဲရှိတယ်လို့ပြောခဲ့တာ။ ဒါပေမဲ့ အခု အစ်မက အသက်ရှင်တာ သုံးနှစ်ကျော်လာပြီ။ သူတို့လည်း အစ်မအသက်ရှင်တာ အံ့ဩတယ်။ ဝမ်းသာကြတယ်။ ဒါပေမဲ့ သူတို့ပြောထားတဲ့ အသက်ရှင်ဖို့သက်တမ်းက သိပ်မရှိတော့ဘူးလေ။ အစ်မကဘုရားကို သက်ဝင်ယုံကြည်တဲ့သူဆိုတော့ ဘုရားပေးတဲ့ အသက်နဲ့ပဲ အသက်ရှင်ရတဲ့သူအစ်မအနေနဲ့က နောက်တစ်ခေါက်ပွဲလုပ်ဖို့ မဖြစ်နိုင်တော့ ဘူးဆိုတာ ပွဲတစ်ခုခုလုပ်ရတာ အရမ်းပင်ပန်းတယ်။ အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်သွားတော့ စီစဉ်ရတာ Stress တွေများတယ်။ ဒီပွဲကို အစ်မအရမ်းကြိုးစားထားတယ်။ အကောင်းဆုံးဖျော်ဖြေနိုင်မယ်။ ကျွန်မတစ်သက်လုံး ဖြစ်ချင်ခဲ့တဲ့ အိပ်မက်မက်ခဲ့တာတွေကို လုပ်ထားတယ်။ 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *