ဓမ္မတာမလာမီ ခံစားရတဲ့ဝေဒနာများနဲ့ ဓာတ်စာ

အမျိုးသမီးအချို့မှာ ဓမ္မတာလာချိန်အတွင်း ဟော်မုန်းပမာဏအပြောင်းအလဲကြောင့် ဝေဒနာခံစားရပါတယ်။ ဓမ္မတာလာတဲ့ အမျိုးသမီး ၁၀ ရာခိုင်နှုန်းဟာ ပြင်းပြင်းထန်ထန်ခံစားရပြီး ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းဟာ အလုပ်ခွင်မှာ အနှောင့်အယှက်ဖြစ်တဲ့အထိ တွေ့ကြုံရပါတယ်။ ဒီလိုခံစားရတဲ့ ရောဂါလက္ခဏာကို ရာသီမလာခင် နာကျင်မှု (Premenstrual Syndrome – PMS) လို့ ခေါ်တယ်။ ဟော်မုန်းပမာဏနဲ့ PMS လက္ခဏာစုတို့အကြား သုတေသနပြုဆဲဖြစ်ပါတယ်။

အမျိုးသမီးဟော်မုန်းအီစတြိုဂျင်ဟာ အခြားဟော်မုန်းတွေထက် ပိုပြီး အရေးပါတယ်။ PMS ကို ခံနိုင်ရည်ရှိမှုကလည်း အမျိုးသမီးတွေမှာ အပြောင်းအလဲရှိနိုင်တယ်။ အသက် ၃၀ ကျော်၊ ၄၀ ကျော်မှာ အပြင်းထန်ဆုံးပါပဲ။

ဓမ္မတာမလာမီ အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာတွေက ဝမ်းဗိုက်ပူဖောင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မအီမသာဖြစ်ခြင်း၊ စိုးရိမ်သောကရခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တယ်။ ချို့တဲ့အစားအစာတွေကို အာသီသဖြစ်ခြင်း၊ စားချင်စိတ်ပြင်းခြင်းတို့ ဖြစ်တတ်တယ်။ PMS ရဲ့ ရောဂါလက္ခဏာ စူးစမ်းရှာဖွေကြည့်တဲ့အခါ ရောဂါ လက္ခဏာတွေဟာ ပုံမှန်ဓမ္မတာစက်ဝန်း အလယ်ရက်မှာ ဝေဒနာတွေ စတင်ပေါ်လာ ပြီး ဓမ္မတာမလာမီမှာ အပြင်းအထန် ခံစားရပါတယ်။ ဓမ္မတာ စလာပြီး ရက်အနည်းငယ်မှာ ဝေဒနာသက်သာသွားပါတယ်။

ဓမ္မတာမလာမီ ခံစားရတဲ့ဝေဒနာ (PMS) ကုသတဲ့နည်းတွေက အငြင်းပွားတုန်း ရှိပါသေးတယ်။ အမျိုးသမီးတွေဟာ အမှန်တကယ် သင့်လျော်မယ့် ကုသနည်းတစ်ခုကို ကုသနည်းအမျိုးမျိုးထဲက ကြိုးစားရှာဖွေသင့်တယ်။ သိပ္ပံနည်းကျ ခိုင်လုံသေချာတဲ့ ကုသနည်းမှာ ဗီတာမင် ဘီစစ် (Vitamin B6) ပဲ ဖြစ်တယ်။ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်သွယ်နေတဲ့ နာဗ့်ကြောသယ်ယူပို့ဆောင်ရေးပစ္စည်း တွေဖြစ်တဲ့ စီရီတိုနင် (Serotonin) နဲ့ ဒိုပါမင် (Dopamine) ဖြစ်ပေါ်စေတဲ့ အင်ဇိုင်းတွေအတွက် ဗီတာမင်ဘီစစ် ချို့တဲ့ရခြင်း အကြောင်းရင်း တိတိကျကျ မသိသေးပါဘူး။ နေ့စဉ် ဗီတာမင်ဘီစစ် အနည်းငယ်သောက်သုံးရုံနဲ့ အကျိုးအာနိသင် များများရနိုင်ပါတယ်။

ဆီးရွှင်ဆေး (Dirutics) တွေက ဝမ်းဗိုက်ပူခြင်း၊ ဖောင်းခြင်းနဲ့ ရင်သားနာကျင်ခြင်းတွေကို ဆီးသွားစေခြင်းနည်းနဲ့ သက်သာစေပါတယ်။ ရက်အနည်းငယ်အထိပဲ အသုံးပြုသင့်ပါတယ်။ အီစတြိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေကို ထိန်းချုပ်တဲ့ဆေးဝါးတွေက အကျိုးအာနိသင် ထိရောက်မှုရှိပါတယ်။ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အမျိုးသမီးတွေ ဟော်မုန်းဆေးသောက်ရင်း၊ ထိုးရင်း ပျို့အန်ခြင်း၊ မူးဝေခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်ပါတယ်။

ဂပ်မာလင်နိုအစ်အက်ဆစ် (Gammalinoieic Acid) ပါ ဓာတ်ကြွယ်တဲ့ ညနေနှင်းဆီအဆီ (Evening Primrose Oil) ဟာ ရင်သားနာကျင်မှုနဲ့ စိတ်ခံစားချက် အပြောင်းအလဲဖြစ်စေတဲ့ ပရိုလက်တင် (Prolactin) ပမာဏကို လျှော့ချပေးတယ်။ အီစတြိုဂျင် ပါဝင်တဲ့ ဆေးပြားတွေကလည်း (သန္ဓေတားဆေး အချို့မှာ ပါဝင်တယ်) အချို့ အမျိုးသမီးတွေ ဓမ္မတာမလာမီ ခံစားရတဲ့ ဝေဒနာ အချို့ သက်သာစေပါတယ်။ နေ့စဉ် နာရီဝက်၊ တစ်နာရီ အားကစားအနေနဲ့ လမ်းလျှောက်၊ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးလုပ်ပေးခြင်းက ကိုယ်ရောစိတ်ပါ လန်းဆန်းစေကာ ပိုလျှံတဲ့အဆီကို ချွေးဖြစ်စေလို့ အဝလွန်ခြင်းကင်းစေပါတယ်။ အနာသက်သာအောင် ပါရာစီ တမော သို့မဟုတ် ဒေါ်ဖန်နယ် ၅၀၀ မီလီ ဂရမ် တစ်နေ့ နှစ်ကြိမ် သုံးရက်သောက်နိုင်ပါတယ်။

အမျိုးသမီးတွေ ဓမ္မတာမလာမီ တွေ့ကြုံရတဲ့ ရောဂါလက္ခဏာ အများကြီး ရှိနိုင်ပါတယ်။ လက္ခဏာတွေ သက်သာစေဖို့ စားသောက်မှုပုံစံအချို့ ပြောင်းလဲသင့်ပါ တယ်။ အာဟာရပြည့်ပြည့်၀၀ စားသင့်ပါတယ်။ အာဟာရဆိုရာမှာ အသက်ရှင် ကျန်းမာရေးအတွက် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ကာ အစာစားသောက်ခြင်း၊ ချေဖျက်ခြင်း၊ အစာကို စုပ်ယူခြင်း၊ ခန္ဓာကိုယ် အတွက် အသုံးချခြင်းနဲ့ မလိုအပ်တဲ့ အညစ်အကြေးကို စွန့်ပစ်ခြင်း ပါဝင်တယ်။

လူသားတို့ ခန္ဓာကိုယ်သက်ရှည် ကျန်းမာဖို့အတွက် လုံလောက်တဲ့ ဇီဝဓာတုပစ္စည်းတွေရအောင် နေ့စဉ် စားသောက်ပေးရလေ့ရှိတယ်။ အာဟာရက အသွေးအသား၊ အင်အားကိုဖြစ်စေတယ်။ အစာထဲမှာပါဝင်တဲ့ အာဟာရက ခန္ဓာကိုယ်တည်ဆောက်ခြင်း အသက်ရှင်သန်ခြင်း၊ လှုပ်ရှားသွားလာခြင်း၊ မျိုးပွားခြင်းတို့မှာ လိုအပ်ပါတယ်။ (က) ကစီဓာတ်၊  (ခ) အဆီဓာတ်၊ (ဂ) အသားဓာတ်၊ (ဃ) သတ္တုဓာတ်၊ (င) ဗီတာမင်နဲ့ (စ) ရေတို့ ပါဝင်တယ်။

အမျိုးသမီးတွေအတွက် အပင်က ရရှိတဲ့ အီစတြိုဂျင် (Plant Estrogen) တွေ စားသုံးသင့်ပါတယ်။ အီစတြိုဂျင် ဟော်မုန်းပမာဏ အတက်အကျရှိခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။ ပဲပိစပ်ကို အခြေခံထားတဲ့ အစားအစာတွေ၊ ကုလားပဲ၊ ပဲနီလေး၊ နှံစားသီးနှံ၊ ချင်း (ဂျင်း)၊ စမုံနက်၊ ပဲသီးနဲ့ တရုတ်နံနံကို စားရမယ်။

သန့်စင်ပြုပြင်စီမံထားတဲ့ အစားအစာတွေကို အစားထိုး စားသောက်သင့်တယ်။ နှံစားသီးနှံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည်တွေကို စားသုံးသင့်ပါတယ်။ ထုံးဓာတ်၊ မဂ္ဂနီ ဆီယမ်ဓာတ်၊ ခရိုမီယမ်ဓာတ်နဲ့ သွပ်ဓာတ်လို သတ္တုဓာတ်တွေဟာ ဗီတာမင်လိုပဲ အရေးပါပါတယ်။

အမျိုးသမီးတွေ ဓမ္မတာမလာမီ နာကျင်မှုမှာ အဆိုပါဓာတ်တွေ အားနည်းနေလို့ပဲ ဖြစ်တယ်။ နို့နဲ့ နို့ထွက်ပစ္စည်းသာမက ပုစွန်၊ ဘရာဇီးသစ်စေ့၊ ဆာဒင်းငါးတွေမှာလည်း ထုံးဓာတ်ပါဝင်တယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ နှံစားသီးနှံစားသုံးခြင်းက မဂ္ဂနီဆီယမ်ဓာတ် ရရှိစေပါတယ်။ သွပ်ဓာတ်ကို ငါး၊ အခွံမာငါး၊ ဝက်သား၊ ကြက်ဆင်သား၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်းနဲ့ ရွှေဖရုံသီးစေ့တွေကနေ ရရှိနိုင်ပါတယ်။ ခရိုမီယမ်ဟာ စိတ်ခံစားချက် အပြောင်းအလဲထိန်းညှိပေးနိုင်လို့ အသားတွေကနေ ရရှိနိုင်ပါတယ်။ ခရိုမီယမ်ကို ရရှိနိုင်စေဖို့ အသား၊ အမဲအသည်း၊ ကြက်သား၊ အခွံမာသီး၊ သစ်ကြားသီး၊ အယ်မွန်သီး၊ နှံစားသီးနှံ၊ ဥအမျိုးမျိုး စားသင့်တယ်။

မရှိမဖြစ်အဆီ (Essentail Fatty Acid) ဖြစ်တဲ့ အိုမီဂါ (၃) အိုမီဂါ (၆) ဟာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ ကြွက်တက်ခြင်းကို သက်သာစေပါတယ်။ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မြင့်မားလာစေဖို့လည်း အကူအညီပေးပါတယ်။ အိုမီဂါ (၆) ကို အခွံမာသီး၊ သစ်စေ့နဲ့ အပင်ကို အခြေခံထားတဲ့ အစာတွေ (Evening Primrose) တွေမှာ တွေ့ရပါတယ်။ အိုမီဂါ (၃) ကိုတော့ အဆီများတဲ့ ငါးနဲ့ သစ်အဆီတွေကနေ ရရှိနိုင်ပါတယ်။

အစားအစာအတွက် အကြံပြုရရင် လက်ဖက်ရည်၊ ကော်ဖီနဲ့ ကိုလာအချိုရည်သောက်သုံးခြင်းဟာ စိုးရိမ်သောက၊ မအီမအသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတွေ ဖြစ်ပေါ်လာစေတဲ့အတွက် မသောက်သုံးသင့်ပါဘူး။ အချို့အမျိုးသမီးတွေဟာ ကစီဓာတ်နဲ့ ချောကလက်တွေ စားချင်စိတ် ပိုမို ပြင်းပြကြပါတယ်။ အချိုကဲတဲ့ အစားအစာတွေအစား သစ်သီး၊ အခွံမာသီး၊ သစ်စေ့နဲ့ ဒိန်ချဉ် ပိုစားသင့်တယ်။

အမျိုးသမီးတွေ ရာသီမလာခင် နာကျင်မှုရဲ့ အချို့ရောဂါလက္ခဏာတွေကို ဗီတာမင်ဘီစစ် (B6) က သက်သာစေပါတယ်။ စိတ်ခံစားချက် အပြောင်းအလဲရှိခြင်း၊ အိပ်ပျော်ခြင်းနဲ့ လေပွခြင်းတွေကို သက်သာစေတဲ့အတွက် ဗီတာမင်ဘီစစ်ပါတဲ့ ပင်လယ်ငါး၊ အခွံမာငါး၊ အသား၊ အသည်းအမြစ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်၊ ပဲနီလေးနဲ့ ငှက်ပျောသီးတွေကို စားသုံးပေးသင့်ပါတယ်။   ။

ဒေါက်တာလွင်သန့်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *