ကမ္ဘာ့အလှမယ် မေမေ

အသက် ၁၈ နှစ်အရွယ်ကပင် မက်ခဲ့သည့် အိပ်မက်သည် ဆယ်စုနှစ် နှစ်စုနီးပါးအကြာတွင် လက်တွေ့ ဖြစ်လာချေပြီ။ တိတိပပဆိုရသော် ၁၉ နှစ်အကြာတွင် ရင်ဝယ်ပိုက်ခဲ့သည့် ဆန္ဒတစ်ခုကို အသက် ၃၇ နှစ်တွင် ရုပ်လုံးဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၁၈ နှစ်အရွယ် မဟန်နီချိုမှသည် အသက် ၃၇ နှစ်အရွယ် သား၊သမီးသုံးယောက်တို့၏ မိခင် ဒေါ်ဟန်နီချို အဖြစ် ရောက်ရှိချိန်မှ ထိုအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းပင်။

ဒီဇင်ဘာလ ၂၂ ရက်မှ ၃၀ ရက်နေ့ အထိ တရုတ်နိုင်ငံတွင် ကျင်းပသည့် Mrs. Universe 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ဟန်နီချိုသည် Mrs. Universe 2019 သရဖူဆုကို ဆွတ်ခူးရရှိခဲ့သည်။

“ဒီနေရာလေးမှာ ဒီလိုရပ်ပြီးတော့ ဒီလိုအလံကိုင်ဖို့ဆိုတာကလည်း အပျိုဘ၀ထဲက အိပ်မက်တွေ” ဟု ဆိုလာသူက Mrs. Universe 2019 ဟန်နီချို ဖြစ်သည်။

နိုင်ငံပေါင်း ၉၀ ဝင်ရောက်ယှဉ်ပြိုင်သည့် Mrs. Universe 2019 ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်အလှမယ်၊ ရှရှား၊ Crimea နှင့် Central Pacific Asia နိုင်ငံ အလှမယ်တို့ကို ကျော်ဖြတ်ကာ အလှမယ် ဟန်နီချိုက သရဖူရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် Mrs. Universe သမိုင်းတစ်လျှောက်တွင် မြန်မာနိုင်ငံကကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်၍ သရဖူကို ပထမဆုံးဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။ Mrs. Universe 2019 Winner ဆုအပြင် Four Second Beautiful Women Award ဆု၊ Mrs. Universe Personality ဆုနှင့် Mrs. Universe Best In Talent Award ဆုသုံးခုပါ ရရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုအဖြစ် စတင်ခဲ့သည့် Mrs.Universe  ပြိုင်ပွဲသည် နှစ်စဉ်တစ်နှစ် တစ်ကြိမ်ကျင်းပခဲ့သည်မှာ ၁၂ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ အိမ်ထောင်ရှင်အမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်ရသည့် အလှပြိုင်ပွဲတွင် ဘူဂေးရီးယား၊ လဗီးယား၊ လစ်သီးနီးယား၊ ဖင်လန်၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ မလေးရှား၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဗီယက်နမ်နှင့်မိုနာကို နိုင်ငံတို့မှ ကိုယ်စားပြုအလှမယ်များ သရဖူများ ဆွတ်ခူးထားကြသည်။

 

ထိုသို့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် သူ့ထက်ငါသရဖူရရေးမှာ အလှမယ်တိုင်း၏ စိတ်ကူးယဉ်အိပ်မက် ဖြစ်သည်။ သို့သော် မြန်မာ့လူ့အဖွဲ့အစည်းမှ အိမ်ထောင်ရှင်အလှမယ်များအတွက်မူ ထိုသို့မဟုတ်။

အလှမယ်ပြိုင်ပွဲတစ်ခုဝင်ပြိုင်ရန်အတွက် မိသားစုနှင့် အတိုက်အခံလုပ်လွန်ဆွဲနေရသည်များရှိသည်သာ။

အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၊ သို့တည်းမဟုတ် မိခင်တစ်ဦးဖြစ်သည်နှင့် သူမ၏ ကျန်းမာရေး၊ အလှအပ၊ လွတ်လပ်ခွင့်နှင့် အိပ်မက်များ ဝေဝါးသွားရမည်လော။

“တချို့တွေကျတော့ မိန်းမတွေက အိမ်ထောင်ကျသွားပြီးရင် အလှအပတွေလည်း မလိုတော့ဘူး။ မိန်းမတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားတယ်။ ဒါမျိုးလေးတွေကို။ မိန်းမတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်ပပျောက်စရာမလိုဘူးလို့ ဟန်နီတို့က ချပြချင်တာ” ဟု ကမ္ဘာ့အိမ်ထောင်ရှင်အလှမယ်သရဖူကို ပူပူနွေးနွေးရရှိထားသည့် Mrs. Universe  ဟန်နီချိုက ဆိုသည်။

အလှမယ်ပြိုင်ပွဲများသည် အမျိုးသမီးတို့၏ အလှအပ၊ ဗဟုသုတ၊ ခန္ဓာကိုယ်ကျန်းမာကျော့ရှင်းမှု စသည့်အချက်များကို ပြသကာ ယှဉ်ပြိုင်ကြရသည်။ ထို့ကြောင့် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရသည်များလည်း ရှိသည့်အတွက် အိမ်ထောင်ဖက်နှင့် မိသားစုဝင်အချို့၏ မနှစ်မြို့ခြင်းများနှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည်။

 “တချို့တွေက အိမ်ထောင်ရှင်ပြိုင်ပွဲတွေကို အားမပေးတဲ့ အိမ်ထောင်သည်တွေ အများကြီးရှိတယ်။ တချို့တွေဆိုရင် အမျိုးသားတွေကမှ မဟုတ်ဘူး။ ယောက္ခမတွေကအစ ဒီပြိုင်ပွဲကို သွားပြိုင်ရင် အခု ချက်ချင်း အိမ်ပေါ်က ဆင်းဆိုတဲ့ လူမျိုးတွေကို အများကြီးတွေ့ဖူးတယ်”ဟု ပြိုင်ပွဲဝင်အမျိုးသမီးအချို့၏ အခက်အခဲကို Mrs. Universe ဟန်နီချိုက ဖွင့်ဟသည်။

၎င်းသည် Miss Golden Land Myanmar ၏ President တစ်ဦးအဖြစ်လည်း တာဝန်ယူထားသည်။

ဒေါ်ဟန်နီချိုအနေနှင့် နိုင်ငံဂုဏ်ဆောင် သရဖူရယူနိုင်ခြင်းသည် သူမတစ်ဦးတည်း ကြိုစားမှုကြောင့် မဟုတ်ဘဲ မိသားစု၏ ပံ့ပိုးမှု အထူးသဖြင့် ခင်ပွန်းသည်၏ ပံ့ပိုးမှု ၈၀ ရာခိုင်နှုန်း ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

ဒေါ်ဟန်နီချို၏ ငယ်ဘ၀အိပ်မက်က အလှမယ်တစ်ဦးဖြစ်ရန်ပင်။ ထို့ကြောင့် မော်ဒယ်သင်တန်းများ တက်ရောက်ခဲ့သည်။ ထိုခေတ်အချိန်အခါက မော်ဒယ်လောက ခေတ်စန်းချိန်ဖြစ်သည့်အလျှောက် မော်ဒယ်လ်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းရပ်တည်သူ များကြသည်။ မော်ဒယ်လ်သင်တန်းသင်တန်းဆရာ၏ လမ်းညွှန်မှုကြောင့် မော်ဒယ်လ်မှ Dancer ဘက်သို့ ရောက်ရှိခဲ့ပြီး ဝါသနာတူသူငယ်ချင်းများနှင့် Dancer Group ဖွဲ့စည်းခဲ့သည်။

ထိုစဉ်ကသူမအသက်၁၈နှစ်ခန့်သာ ရှိသေးသည်။ Dancer Group ဖြင့် ၂ နှစ်ခန့်ရပ်တည်ခဲ့ပြီးနောက် စီးပွားနယ်ပယ်တွင် ဝင်ရောက်အခြေချခဲ့သည်။

အိမ်ထောင်ကျပြီးနောက်တွင် အမျိုးသား၏ပံ့ပိုးမှုကြောင့် ငယ်ဘ၀အိပ်မက် အလှမယ်အဖြစ်တစ်ဖန် မွေးဖွားခဲ့သည်။

အလှမယ်ပြိုင်ပွဲဝင်ရန် ငွေကြေး၊ အဝတ်အစား၊ အလှဓာတ်ပုံများအထိ ကိုယ်တိုင်ကိုယ်ကျ ရိုက်ပေးခြင်း၊ ပြိုင်ပွဲအတွက် ကြိုတင်ပြင်နေစဉ်တွင် သားသမီးများကို ကြည့်ရှုပေးခြင်းများဖြင့် ပံ့ပိုးသည်။

“ဥပမာ ဟန်နီ Activity တစ်ခု သွားတယ်ဆိုလည်း သူက ကလေးတွေကို ဝိုင်းထိန်းပေးတယ်။ အစစအရာရာ သူ့ကို စိတ်ချလက်ချနဲ့ ထားခဲ့လို့ ရတယ်ဆိုတော့။ နောက်ဆံတင်းစရာမလိုဘူးပေါ့။ အဲဒါကြောင့်လည်း ဒီလမ်းကြောင်းကို လျှောက်ဖြစ်တာပေါ့”ဟု Mrs. Universe ဟန်နီချိုက ဆိုသည်။

သို့သော်လည်း အိမ်ထောင်ရှင်မ၊ သားသမီးတို့၏ မိခင်တစ်ဦးအနေနှင့် အလှမယ်အဖြစ် ရပ်တည်ရန်မှာ မလွယ်ကူလှချေ။

ခင်ပွန်းနှင့် သားသမီးတို့၏ နေ့စဉ် စားရေး၊ သောက်ရေးကအစ ကျန်းမာရေး၊ ပညာရေးစသည်တို့ မလစ်ဟင်းရန် ဂရုစိုက်ရသကဲ့သို့ မိမိ၏ ခန္ဓာကိုယ်အလှအပ၊ ကျန်းမာကြံ့ခိုင်မှုအတွက်လည်း အချိန်ပေးရမည်သာ။

အလှမယ်ပြိုင်ပွဲတစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများသည် လပိုင်းမှသည် နှစ်နှင့် ချီ၍ အချိန်ယူကာ လေ့ကျင့်ရသည်။

“သွားပြိုင်မယ်ဆိုရင် တစ်နှစ်အထိလောက်ကတော့ ကြိုတင်ပြင်ဆင်ထားတယ်။ အဓိကအဝတ်အစားပိုင်းတွေ၊ ကိုယ့်ရဲ့ Body ကို ပြင်တယ်။ Exercise တွေ၊ GYM တွေလည်း Train တယ်။ အစားအစာကော”ဟု Mrs. Universe ဟန်နီချိုက ဆိုသည်။

နိုင်ငံပေါင်း ၉၀ ရှိ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်သည့်အလျောက် အဝတ်အစားဒီဇိုင်းမှသည် ခန္ဓာကိုယ်ကျန်းမာ၊ လှပကျော့ရှင်းမှုအထိ အဘက်ဘက်က ပြင်ဆင်ဆောင်ရွက်ရကြောင်း ၎င်းက ရှင်းပြသည်။

သို့သော်လည်း အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည်နှင့်အညီ ခင်ပွန်းသည်နှင့် သားသမီးများကသာ ဦးစားပေးအဆင့် ၁ တွင် ထားရှိပြီး ပြိုင်ပွဲများကမူ ဘ၀မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်ရန်သာ ရည်ရွယ်ကြောင်း Mrs. Universe ဟန်နီချိုက ဆိုသည်။

ထို့ကြောင့် မိသားစုအတွက် ပေးထားသည့် အချိန်များကို လျှော့ချခြင်း မရှိဘဲ။ အားလပ်ချိန်တွင်သာ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများကို  သူ ဆောင်ရွက်ခဲ့သည်။

 “သူများတွေ အိပ်နေချိန်မှာ Exercise တွေ လုပ်နေရတယ်။ သူများတွေ သက်သောင့်သက်သာနားနေချိန်မှာ ကိုယ်က မိသားစုတာဝန်အပြင် ထပ်လှမ်းချင်တဲ့ ခြေလှမ်းတွေ၊ အိပ်မက်တွေရှိတဲ့ အတွက်ကြောင့်မို့လို့ သူများထက်တော့ နည်းနည်းပိုပင်ပန်းတာပေါ့”ဟု ပြိုင်ပွဲအတွက် ပြင်ဆင်ရပုံများကို Mrs. Universe ဟန်နီချိုက ဖွင့်ဟသည်။

အိမ်ရှင်မဖြစ်သည်နှင့်အညီ ည ၉ နာရီနောက်ပိုင်းမှသာ ကိုယ်ပိုင်နားချိန် ရသည်။ ထို့ကြောင့် ည ၉ နာရီမှသည် ၁၂ နာရီအထိတိုင် လေ့ကျင့်ခန်းများ ပြုလုပ်ရသည်။

နံနက် ၅ နာရီတွင် နိုးထကာ ဘုရားဝတ်ပြုသည်။ မိသားစုဝေယျာဝစ္စများ ဆောင်ရွက်သည်။ လုပ်ငန်းခွင်ကို ဝင်ခြင်းဖြင့် တစ်နေ့တာကုန်လွန်သည်သာ။

“မနက်စောစောပိုင်းဆိုရင်တော့ သားသမီးတွေကို ရေမိုးချိုး၊ မနက်စာကျွေး၊ ကျောင်းပို့။ အဲဒီအလုပ်ကတော့ ကျွန်မ အတွက် မဖြစ်မနေလုပ်တဲ့ အလုပ်။ ဘယ်အရာမှ မလုပ်ဘဲ သားသမီးဝေယျာဝစ္စတွေ လုပ်ပေးတယ်။ မနက်စာကျွေးတယ်။ ပြီးရင် ကျောင်းသွားပို့ပေးမယ်။ ဒါ ကျွန်မရဲ့ မဖြစ်မနေပေးရမယ့် အချိန်။ ဘယ်ဟာပဲ အရေးကြီးကြီး ဒါကို အဓိကထား လုပ်ပေးတယ်” ဟု Mrs. Universe ဟန်နီချိုက ဆိုသည်။

ရုပ်ရှင်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ လုံခြုံရေးဝန်ဆောင်မှုစသည့် မိသားစုစီးပွားရေးလုပ်ငန်းများအပြင် Miss Golden Land Myanmar ၏ President တစ်ဦးဖြစ်သည့်အလျောက် အလှမယ်ပြိုင်ပွဲများအတွက် တာဝန်ယူဆောင်ရွက်ရသည်။

အလှမယ်မေမေအဖြစ် ရပ်တည်ရန်မှာ လွယ်ကူသည့် အလုပ်တော့ မဟုတ်ချေ။

အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲများသည် အမျိုးသမီးများ၏ အလှအပ၊ ကျန်းမာကြံ့ခိုင်မှုများအပြင် ပြင်ပဗဟုသုတများ ပြည့်ဝရန်လိုသည်။

ထို့ကြောင့် အလှမယ်ပြိုင်ပွဲများတွင် စာရေးဆရာမ သန်းမြင့်အောင်၊ ရုပ်ရှင် သရုပ်ဆောင်ဆွေဇင်ထိုက် စသည်တို့၏ သင်ကြားပေးမှုကဏ္ဍ ထည့်သွင်းပေးသည်။

ပြီးခဲ့သည့် Mrs. Universe 2019 ပြိုင်ပွဲတွင် Mrs. Universe ဟန်နီချိုတစ်ယောက် အိမ်တွင်းအကြမ်းဖက်မှု ရပ်တန့်ရေးပညာပေးဇာတ်လမ်းတိုပါ ထည့်သွင်းတက်ရောက် ဆွေးနွေးတင်ဆက်ခဲ့သေးသည်။

မိခင်တစ်ဦး၊ ဇနီးတစ်ဦးမှသည် အလှမယ်တစ်ဖြစ်လဲ ဘ၀တူအိမ်ထောင်ရှင် အမျိုးသမီးများကဏ္ဍ မြှင့်တင်ရန်အတွက် အလှမယ်ပြိုင်ပွဲများ ကျင်းပနိုင်ရန် စိတ်အားထက်သန်လျက်ရှိသည့် Mrs. Universe ဟန်နီချိုက အောက်ပါအတိုင်းဖွင့်ဟသည်။

“မိန်းမတွေရဲ့အောင်မြင်မှုက မိသားစုတစ်ခုလုံးရဲ့အောင်မြင်မှုပါ”

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *