အမေရိက-အီရန်စစ်မီး ဘယ်အထိလောင်မည်နည်း

အီရန်ဗိုလ်ချုပ်ကြီး ဆိုလာမာနီမှာ အီရတ်နိုင်ငံ၌ အမေရိကန်က မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။ အီရန်ကလည်း လက်တုံပြန်သည့်အနေနှင့် အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအချို့ကို တာတိုပစ်တိုက်ချင်းပစ်ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ အီရတ်အတွက် အကျပ်ဆိုက်သော အချိန်ကာလများပင်။ တကယ်တမ်းဆိုရပါလျှင် အီရတ်အကျပ်အတည်းမှာ ၂၀၁၉ အောက်တိုဘာလကတည်းက တင်းမာမှု မြင့်တက်နေခြင်းဖြစ်သည်။ အီရန် ကျောထောက်နောက်ခံပေးမှုကို လက်ခံတည်ဆောက်နေသော အီရတ်အစိုးရကို အီရတ်ပြည်သူများက ဆန္ဒပြခဲ့ခြင်းမှ တင်းမာမှု စတင်မြင့်လာခြင်းဖြစ်ကြောင်း ပဋိပက္ခချုပ်ငြိမ်းရေးနှင့်ဆိုင်သော လွတ်လပ်သည့် ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Council of British- Arab Understanding အဖွဲ့၏ ဒါရိုက်တာ ချာရစ်ဒေါ်လီက ပြောကြားသည်။

အီရတ်အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် အီရတ်နိုင်ငံရေးတွင် အီရန်က ပါဝင်စွက်ဖက်မှုတိုးလာခြင်းကို အီရတ်ပြည်သူ ထောင်နှင့်ချီ၍ ဆန္ဒပြနေခဲ့ကြသည်မှာ လအတန်ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။ အီရတ်လုံခြုံရေးအဖွဲ့၏ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူရာနှင့်ချီ သေဆုံးခဲ့သလို ဒဏ်ရာရရှိခဲ့သူမှာလည်း ထောင်ဂဏန်းထိရှိသည်။

အီရတ်နိုင်ငံသို့ ရောက်ရှိနေသည့် အီရန်ဗိုလ်ချုပ်ကြီးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ရန် အမိန့်မပေးမီရက်ပိုင်းအလိုက လူဦးရေရာဂဏန်းခန့်ရှိသည့် အီရန်လိုလားသည့် အီရတ်ဆန္ဒပြသူများက ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးကို စီးနင်းရန်ကြိုးပမ်းခဲ့သည်။ ဆန္ဒပြသူများက သံရုံးနံရံများကို ကျော်တက်ရန် ကြိုးပမ်းခြင်း၊ သံရုံးဂိတ်ဝကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အီရတ်ရှိ အမေရိကစစ်သားများကို တိုက်ခိုက်နေသည့် အီရန်လိုလားသော စစ်သွေးကြွများနှင့် ဆက်စပ်နေသည်ဟုဆိုသော အီရတ်နှင့် ဆီးရီးယားရှိ စစ်စခန်းများကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေခြင်းကို အဆိုပါဆန္ဒပြသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အမေရိကန်သံရုံးကို အီရန်လိုလားသူ အီရတ်ဆန္ဒပြသူများ ဝင်ရောက်စီးနင်းရန်ကြိုးပမ်းခြင်းမှာ အီရတ်နိုင်ငံတွင် လအတန် ကြာဖြစ်ပွားနေခဲ့သည့် အီရန်ဆန့်ကျင်ရေးဆန္ဒပြမှုကို အာရုံလွှဲသည့် မဟာဗျူဟာ အစိတ်အပိုင်းဖြစ်သည်ဟု Council of British- Arab Understanding အဖွဲ့၏ ဒါရိုက်တာ ချာရစ်ဒေါ်လီက ယူဆထားသည်။

ပစ်မှတ်ဖြစ်လာသည့် အီရန်ဗိုလ်ချုပ်ကြီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အီရန်ဗိုလ်ချုပ်ကြီးဆိုလာမာနီကို ပစ်မှတ်ထားသည့် ပထမဆုံးသမ္မတ မဟုတ်ပါ။ ယခင် အမေရိကန်အစိုးရများသည်လည်း အီရန်ဗိုလ်ချုပ်ကြီးကို လုပ်ကြံသတ်ဖြတ်နိုင်ခြေ ရှိသည်များကို စဉ်းစားခဲ့ကြဖူးသည်။ သို့သော် မသတ်သည့် နည်းလမ်းကိုသာ ယခင် အမေရိကန်သမ္မတများက ရွေးချယ်ခဲ့ကြသည်။ အကြောင်းမှာ အီရန်ဗိုလ်ချုပ်ကြီး ဆိုလာမာနီသည် အမေရိက၏ အကျိုးစီးပွားကို ခြိမ်းခြောက်နေသော လူဆိုးကြီးတစ်ဦးဖြစ်သော်လည်း ၎င်းကို လုပ်ကြံသတ်ဖြတ်သည်အထိ အရင်းအနှီးပြုရလောက်အောင် မတန်ဟု ယခင် အမေရိကသမ္မတများက ယူဆခဲ့ခြင်းကြောင့်ဖြစ်သည်။

အီရန်ဗိုလ်ချုပ်ကြီး ဆိုလာမာနီသည် ပြည်ပရှိ အီရန်စစ်သွေးကြွများကို ဦးဆောင်ကြီးကြပ်ရသူဖြစ်သည်။

သို့ဖြစ်ရာ အီရတ်နိုင်ငံတွင် အမေရိကသည် အရေးပါသော ပြည်ပအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် အီရန်ဗိုလ်ချုပ်ကြီးမှာ တိုက်ရိုက်စိန်ခေါ်ခြိမ်းခြောက်နေသူတစ်ဦး ဖြစ်နေတော့သည်။

ထို့ပြင် အီရန်တွင် အီရန်၏ လွှမ်းမိုးနိုင်စွမ်းမှာ တစ်ခါတစ်ရံ အမေရိကထက်ပင် ရှေ့ရောက်သည့် အနေအထားများလည်း ရှိနေတတ်သည်။ အီရတ်၌ အမေရိက၏ လွှမ်းမိုးနိုင်စွမ်းမှာလည်း အကျဘက်သို့ ရောက်နေသည်ကို တွေ့ရသည်။ “ ဒီလုပ်ကြံသတ်ဖြတ်မှုက အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကက လွှမ်းမိုးနိုင်စွမ်းကျဆင်းနေမှုကို ပိုမြန်သွားအောင် အရှိန်မြှင့်ပေးတာပဲ ဖြစ်ပါတယ်။ နောက်ပြီး အီရန်နဲ့ ရုရှား၊ တရုတ်တို့ကို အကျိုးရှိသွားစေပါတယ်” ဟု ချာရစ်ဒေါ်လီက ရှုမြင်ထားသည်။

အီရန်သည် အမေရိက မထင်မှတ်ထားသည်များ မကြာခဏလုပ်လေ့ရှိသည့် အကြောင်းရင်းတစ်ခုမှာ ၁၉၇၉ ခုနှစ်မှစတင်၍ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး လုံးဝပြတ်တောက်သွားခြင်းကြောင့်ဖြစ်သည်။ ယင်းကြောင့် အီရန်၏ ရှုမြင်ပုံကို အမေရိကက သိမြင်နားလည်မှု ကင်းမဲ့သွားစေခဲ့သည်။

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *