“ရှီကျင်းဖျင်အလာမှာ မြစ်ဆုံ ဘာဆက်ဖြစ်မလဲ”

ဒေါက်တာမင်းဇော်ဦး (အမှုဆောင်ဒါရိုက်တာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ- MIPS)

တကယ်တမ်းက မြစ်ဆုံသည် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားမဟုတ်ဘူး။ အဓိကတော့ မြစ်ဆုံရေကာတာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ကိုင်ထားတာက မြန်မာပြည်ကို နံပါတ်တစ်အနေနဲ့ မြန်မာပြည်လို နိုင်ငံအသေးလေးက တရုတ်နဲ့သဘောတူညီမှုတွေလုပ်ထားပြီးသားကိစ္စကို လွယ်လွယ်လေးနဲ့ ဖျက်လို့ရတယ်ဆိုတဲ့ အစဉ်အလာကို တခြားနိုင်ငံတွေဆီ မရောက်သွားစေချင်လို့ပဲ။ နံပါတ် နှစ်ကကျတော့ မြန်မာအစိုးရသည် ဒီကိစ္စကို သူကိုယ်တိုင်သဘောတူထားပြီးတဲ့ကိစ္စဖြစ်ပြီး သူသဘောတူထားတဲ့ဟာကို သူမလိုက်လျောလို့ရှိရင် တစ်ဖက်က ဖိအားပေးစရာအကြောင်းရင်းတစ်ခုလည်းဖြစ်လာနိုင်တယ်။ ဖိအားပေးလို့ရတဲ့ အားတစ်ခုအနေနဲ့ကိုင်ထားတာပေါ့။ တရုတ်အစိုးရရဲ့ မဟာဗျူဟာ အဓိကရည်မှန်းချက်က မြစ်ဆုံမဟုတ်ဘူး။ မဟာဗျူဟာရည်မှန်းချက်က တရုတ်-မြန်မာစင်္ကြန်လမ်းဖောက်ဖို့ပဲ။
နောက်တစ်ခုကတော့ တရုတ်ဘက်က စိုးရိမ်တာက အခုအနောက်နိုင်ငံတွေက မြန်မာပြည်မှာရှိတဲ့ NGOs တွေကို ပိုက်ဆံတွေအများကြီးပေးပြီး တရုတ်ဆန့်ကျင်ရေးတွေ လုပ်ဖို့ဆိုပြီး ထောက်ပံ့ကြတာရှိတယ်။ အဲဒီဟာတွေကိုလည်း တရုတ်နိုင်ငံက စိုးရိမ်တာရှိတယ်။ အဓိကကတော့ တရုတ်ဆန့်ကျင်ရေး ဒီမှာ များလာပြီးတော့ တရုတ်နိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးတို့ဘာတို့ ဟိုဘက်တရုတ်ပြည်ဘက်ကိုလာပြီးတော့ Export လုပ်မှာကို သူတို့က စိုးရိမ်တာ။ အဲဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီအရေးသွားတာ သူ့ဘာသာသွား၊ သိပ်ပြီးစိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် သူတို့နိုင်ငံဘက်ကိုတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းက ဆန္ဒတွေ၊ ဖြစ်ချင်တာတွေကို တရုတ်ပြည်ထဲ မရောက်လာဖို့မျိုး ဒါကို အဓိကထားတယ်။

The Voice Journal

(နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင်းဖျင်သည် လာမည့် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာရောက်ရှိမည်ဖြစ်ပြီး သမ္မတရှီ၏ ယခုခရီးစဉ်သည် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရုတ်သမ္မတကျန်ဇီမင်းလာရောက်ခဲ့ပြီးနောက် ၁၉ နှစ်အကြာတွင် လာရောက်မည့် တရုတ်နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်လည်းဖြစ်သည်။

ယခုခရီးစဉ်တွင် မြန်မာ-တရုတ် နှစ် ၇၀ ကြာ ဆက်ဆံရေးပိုမိုခိုင်မာရေး၊ မြန်မာ့ငြိမ်းချမ်းရေး၊ တရုတ် မဟာဗျူဟာစီမံကိန်း(Belt and Road Initiative)အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ဖောက်လုပ်နိုင်ရေး၊ ကျောက်ဖြူစီမံကိန်းနှင့် မြစ်ဆုံကိစ္စအစရှိသည်တို့ကို ဆွေးနွေးနိုင်မည်ဟု မျှော်လင့်လျက်သည်။

ယင်းတို့အနက် ပြည်တွင်း၌ မြန်မာနိုင်ငံသားတို့ ကန့်ကွက်ခဲ့ကြခဲ့သည့် မြစ်ဆုံစီမံကိန်းအရေးနှင့်ပတ်သက်၍ ယခုခရီးစဉ်တွင် မည်သို့ဖြစ်လာမည်နည်းဟူသည့် စိုးရိမ်ချက်များလည်းရှိရာ နယ်ပယ်အသီးသီးမှ အမြင်များကို The Voice Journal က ကောက်နုတ်ဖော်ပြလိုက်ပါသည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *