“ရှီကျင်းဖျင်အလာမှာ မြစ်ဆုံ ဘာဆက်ဖြစ်မလဲ”

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင်းဖျင်သည် လာမည့် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာရောက်ရှိမည်ဖြစ်ပြီး သမ္မတရှီ၏ ယခုခရီးစဉ်သည် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရုတ်သမ္မတကျန်ဇီမင်းလာရောက်ခဲ့ပြီးနောက် ၁၉ နှစ်အကြာတွင် လာရောက်မည့် တရုတ်နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်လည်းဖြစ်သည်။

ယခုခရီးစဉ်တွင် မြန်မာ-တရုတ် နှစ် ၇၀ ကြာ ဆက်ဆံရေးပိုမိုခိုင်မာရေး၊ မြန်မာ့ငြိမ်းချမ်းရေး၊ တရုတ် မဟာဗျူဟာစီမံကိန်း(Belt and Road Initiative)အောက်ရှိ တရုတ်-မြန်မာ စီးပွား​ရေးစင်္ကြန်ဖောက်လုပ်နိုင်ရေး၊ ကျောက်ဖြူစီမံကိန်းနှင့် မြစ်ဆုံကိစ္စအစရှိသည်တို့ကို ဆွေးနွေးနိုင်မည်ဟု မျှော်လင့်လျက်သည်။

ယင်းတို့အနက် ပြည်တွင်း၌ မြန်မာနိုင်ငံသားတို့ ကန့်ကွက်ခဲ့ကြခဲ့သည့် မြစ်ဆုံစီမံကိန်းအရေးနှင့်ပတ်သက်၍ ယခုခရီးစဉ်တွင် မည်သို့ဖြစ်လာမည်နည်းဟူသည့် စိုးရိမ်ချက်များလည်းရှိရာ နယ်ပယ်အသီးသီးမှ အမြင်များကို The Voice Journal က ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

မြစ်ဆုံစီမံကိန်းပြန်စဖို့၊မစဖို့ကိုလည်း ကျွန်မအထင်ကတော့ တရုတ်ကိုယ်တိုင်မြန်မာနိုင်ငံကိုလာပြီး မစည်းရုံးနိုင်ဘူးပေါ့။ အရေးတကြီးလာပြောမယ်မထင်ပါဘူး။ သူတို့လာတယ်ဆိုတာက နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ အစစအရာရာ All round တော့ပါမှာပေါ့။ ဒီအရေးကိစ္စတစ်ခုတည်းနဲ့တော့ သူကလာပြောမယ်မထင်ပါဘူး။ ဒီမြစ်ဆုံကိုလည်း ပြည်သူလူထုကမှ သဘောမတူတောလေ နော့။ ပြည်သူသဘောမတူတဲ့အတွက် တရုတ်အစိုးရဘယ်လောက်ပဲလုပ်ချင်လုပ်ချင်၊ မြန်မာအစိုးရကလည်း တရုတ်အစိုးရရဲ့ဆန္ဒကို ဘယ်လောက်ပဲ ဖြည့်ဆည်းချင်ဖြည့်ဆည်းချင် ပြည်သူသဘောထားမပါရင်တော့ သူတို့အခက်အခဲရှိမှာပေါ့။ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင်တောင် အခက်အခဲတွေ အောက်ခြေမှာ အများကြီးဖြစ်လာနိုင်တယ်ပေါ့။

………………………..

ဒေါက်တာမင်းဇော်ဦး (အမှုဆောင်ဒါရိုက်တာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ- MIPS)

တကယ်တမ်းက မြစ်ဆုံသည် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားမဟုတ်ဘူး။ အဓိကတော့ မြစ်ဆုံရေကာတာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ကိုင်ထားတာက မြန်မာပြည်ကို နံပါတ်တစ်အနေနဲ့ မြန်မာပြည်လို နိုင်ငံအသေးလေးက တရုတ်နဲ့သဘောတူညီမှုတွေလုပ်ထားပြီးသားကိစ္စကို လွယ်လွယ်လေးနဲ့ ဖျက်လို့ရတယ်ဆိုတဲ့ အစဉ်အလာကို တခြားနိုင်ငံတွေဆီ မရောက်သွားစေချင်လို့ပဲ။ နံပါတ် နှစ်ကကျတော့ မြန်မာအစိုးရသည် ဒီကိစ္စကို သူကိုယ်တိုင်သဘောတူထားပြီးတဲ့ကိစ္စဖြစ်ပြီး သူသဘောတူထားတဲ့ဟာကို သူမလိုက်လျောလို့ရှိရင် တစ်ဖက်က ဖိအားပေးစရာအကြောင်းရင်းတစ်ခုလည်းဖြစ်လာနိုင်တယ်။ ဖိအားပေးလို့ရတဲ့ အားတစ်ခုအနေနဲ့ကိုင်ထားတာပေါ့။ တရုတ်အစိုးရရဲ့ မဟာဗျူဟာ အဓိကရည်မှန်းချက်က မြစ်ဆုံမဟုတ်ဘူး။ မဟာဗျူဟာရည်မှန်းချက်က တရုတ်-မြန်မာစင်္ကြန်လမ်းဖောက်ဖို့ပဲ။
နောက်တစ်ခုကတော့ တရုတ်ဘက်က စိုးရိမ်တာက အခုအနောက်နိုင်ငံတွေက မြန်မာပြည်မှာရှိတဲ့ NGOs တွေကို ပိုက်ဆံတွေအများကြီးပေးပြီး တရုတ်ဆန့်ကျင်ရေးတွေ လုပ်ဖို့ဆိုပြီး ထောက်ပံ့ကြတာရှိတယ်။ အဲဒီဟာတွေကိုလည်း တရုတ်နိုင်ငံက စိုးရိမ်တာရှိတယ်။ အဓိကကတော့ တရုတ်ဆန့်ကျင်ရေး ဒီမှာ များလာပြီးတော့ တရုတ်နိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးတို့ဘာတို့ ဟိုဘက်တရုတ်ပြည်ဘက်ကိုလာပြီးတော့ Export လုပ်မှာကို သူတို့က စိုးရိမ်တာ။ အဲဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီအရေးသွားတာ သူ့ဘာသာသွား၊ သိပ်ပြီးစိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် သူတို့နိုင်ငံဘက်ကိုတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းက ဆန္ဒတွေ၊ ဖြစ်ချင်တာတွေကို တရုတ်ပြည်ထဲ မရောက်လာဖို့မျိုး ဒါကို အဓိကထားတယ်။

………………………………
ဒေါက်တာတူးဂျာ (ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ)

ကြားရတဲ့သတင်းအရဆိုရင်တော့ သမ္မတကြီးလာတဲ့အခါမှာ မြစ်ဆုံအကြောင်း မပါဘူးလို့ သိရတယ်။ မြစ်ဆုံအကြောင်း တကယ်လို့ပြောဖြစ်လာတယ်ဆိုရင်လည်း ကျွန်တော်တို့က ကန့်ကွက်ရမှာပဲ။ မြစ်ဆုံကတော့ ဆက်မလုပ်ဖို့ပေါ့။

………………………………..
ဦးသိန်းညွန့် (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီပါတီသစ်)

(ဦးသိန်းညွန့်သည် ပထအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး NLD ပါတီမှ နုတ်ထွက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ထားသူဖြစ်သည်။)

ကျွန်တော်တို့ သဘောထားကတော့ မြစ်ဆုံကို ကန့်ကွက်မယ်လို့ ပြောပြီးသားပဲ။ ရှင်းတယ်လေ။ ကျွန်တော်ပြောချင်တာက ၂၀၁၅ ရွေးကောက်ပွဲမဝင်ခင်တုန်းက ရွေးကောက်ပွဲကတိအနေနဲ့ မြစ်ဆုံစာချုပ်ကို ချပြမယ်လို့ ပြောပေမယ့် မချပြဘူး။ အဲဒီ့အပြင် မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်မှတ်မိသလောက်ကတော့ ဦးတီခွန်မြတ်တို့ပါတဲ့ ပါတီဖွဲ့တယ်။ ဒီကော်မရှင်ရဲ့ အစီရင်ခံစာကလည်း သူတို့ပါတီရဲ့သက်တမ်းအတွင်း ဘယ်နေ့ထုတ်မယ်၊ ဘယ်နေ့ထုတ်မယ်ဆိုပြီး အခုထိ မထုတ်ပြန်ဘူး။ မထုတ်ပြန်တဲ့အတွက် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ ဆောင်ရွက်မှု ဘယ်ကိုဦးတည်နေတယ်၊ ဘယ်အဆင့်ရောက်နေလဲ မသိတဲ့အတွက် အင်မတန်စိတ်ပျက်မိတယ်ဆိုတာလောက်ပဲ ပြောပါရစေ။ ပွင့်ပွင်းလင်းလင်းပြောရရင် ကျွန်တော်တို့တိုင်းပြည်က မေးခွန်းထုတ်စရာအများကောင်းတဲ့ ခေါင်းဆောင်မှုနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြသာနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ တစ်နေ့တစ်ခြား ကျွန်တော်ပိုပိုပြီး ယုံကြည်လာတယ်။
……………….

ဦးသိန်းထွန်းဦး (ဗဟိုအလုပ်အမှုဆောင်၊ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

လက်ရှိတာဝန်ယူထားတဲ့အစိုးရအဖွဲ့ရဲ့ လုပ်ကိုင်မှုအပေါ်မှာပဲ မူတည်တယ်ဗျ။ ဒီဟာက လက်ရှိအစိုးရရဲ့ ပေါ်လစီကိုတော့ ကျွန်တော်က သိပ်ပြီးမှတ်ချက်မပြုလိုဘူးဗျ။
…………………….
ဒေါ်မိုးမိုးထွန်း ( အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ – MATA)

မြစ်ဆုံကိစ္စ ဘာမှထူးလာမယ်လို့ မထင်ဘူးရှင့်။ လက်ရှိအစိုးရအနေနဲ့ ထုတ်ပြောမယ်ဆိုရင်တောင်မှ ကောင်းတဲ့သတင်းဆိုရင်တော့ ရွေးကောက်ပွဲနားနီးမှ ထုတ်လိမ့်မယ်။ဒါပေမယ့် သေချာတယ် ဒီအချိန်မှာတော့ သူတို့လည်း မကောင်းတဲ့သတင်းဆို ထုတ်ပြောမှာမဟုတ်ဘူး။ တရုတ်သမ္မတ အဓိကလာတာက ကျွန်မတို့ယူဆတာကတော့ BRI အတွက်လာတာပဲ။ အဲဒါနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို သူတို့ဆွေးနွေးလိမ့်မယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ MoU ထိုးရမယ့်ဟာတွေက အများကြီးပဲ။အဲဒါအတွက် အဓိကလာတယ်လို့ ယူဆတယ်။

မြစ်ဆုံနဲ့ပတ်သက်ပြီး ထူးမယ်မထင်ဘူးလို့ ဘာ့ကြောင့်ယူဆရလဲဆိုရင် ကျွန်မစဉ်းစားချက်က မြစ်ဆုံကို သူတို့အစကတည်းက လုပ်သင့်မလုပ်သင့်ဆိုပြီး အစိုးရတက်ကတည်းက ကော်မတီတွေဖွဲ့ပြီးလုပ်တယ်။ အဲဒီ့ Result ဆိုးခြင်းကောင်းခြင်းတွေကိုလည်း ပြည်သူတွေတစ်ယောက်စီကိုမှ ချမပြခဲ့ဘူး။ အရိပ်အယောင်လည်းမပြဘူး။ဒါကို ဆက်လုပ်မယ်၊ မလုပ်ဘူးဆိုပြီး တစ်လုံးတစ်ပါဒမှ မပြောခဲ့တာကတော့ ထူးဆန်းတယ်။ ရှီကျင်းဖျင်လာကာမှတော့ ဒီကိစ္စကို မပြောလောက်ဘူးပေါ့။ ကျွန်မမျှော်လင့်တာကတော့ ကောင်းသတင်းကိုတော့ ကြားရလိမ့်မယ်။ ဆိုးသတင်းဆိုရင်တော့ အစောကတည်းက ချပြမှာပေါ့။ ကောင်းသတင်းမို့လိုသာ ရွေးကောက်ပွဲအတွက် သုံးချင်လို့လားပေါ့။ BRI နဲ့ မြစ်ဆုံနဲ့ လဲတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်မတစ်ဦးတည်းယူဆချက်ပါ။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *