အမေရိကန် – အီရန် ရန်ပွဲနှင့် မြန်မာတို့အတွက် စီးပွားရေး၊ နိုင်ငံရေး

၂၀၁၈ ကတည်းက တင်းမာနေခဲ့သည့် အမေရိကန် အီရန် ဆက်ဆံရေးတွင် အလှည့်အပြောင်းအဖြစ် အမေရိကန်က အီရန်တပ်မတော်၏ ထိပ်တန်းဗိုလ်ချုပ်ကြီး Sulemani ကို မောင်းသူမဲ့ လေယာဉ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းသည် အီရန်ကို အမေရိကန်က စစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ အီရန်က အမေရိကန်ကို လက်စားချေမည်ဟု ကြေညာပြီးနောက် အီရတ်ရှိ အမေရိကန်စစ်စခန်းများကို အီရန်က ဒုံးပျံများဖြင့်ပစ်သည်။ သူပစ်ကိုယ်ပစ်ဖြင့် အရှိန်တက်ကာ စစ်ပွဲအဆင့်ထိ ရောက်နိုင်သလား၊ ကမ္ဘာ့စီးပွားရေးကို ဘာတွေရိုက်ခတ်မလဲ။ မြန်မာ့စီးပွားရေးကိုရော။

အဓိကကျသော သူတို့ဗိုလ်ချုပ်ကို အမေရိကန်က ရှင်းပစ်လိုက်သည့်အတွက် အမေရိကန်က အီရန်ကို အနည်းဆုံးအားဖြင့် သိက္ခာဆယ်သဘောလောက်တော့ ပြန်တုံ့ပြန်ပြရမည်။ ခပ်ပျော့ပျော့နိုင်ငံအဖြစ် ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ အီရန်အစိုးရက အမြင်မခံနိုင်။

နိုင်ငံရေးနှင့် စီးပွားရေးသည် ချိတ်ဆက်နေသည်။ Sulemani အသတ်ခံရသည်နှင့် ရေနံဈေးများ ခုန်တက်ပြီး တစ်စည်ဒေါ်လာ ၇၀ ဈေးဖြစ်သည်။ ရွှေဈေးသည် ခုနစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်လျှင် ရေနံဈေးက အမြဲလန့်ပြီး တက်လေ့ရှိသည်။ ယင်းအချက်ကို အီရန်က ကိုင်ထားသည်။ ရေနံဈေးတက်မှာစိုးသည့်အတွက် သူ့စီးပွားရေးထိခိုက်မည်စိုးသောကြောင့် အမေရိကန်က သူ့ကိုတိုက်ရဲမည်မဟုတ်ဟု အီရန်က တွက်လေ့ရှိသည်။

အီရန် ထိုသို့တွက်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် အမေရိကန်က ကြမ်းပစ်လိုက်သည်။ အမေရိကန်ကွန်ဂရက်တွင် ပြစ်တင်စွပ်စွဲမှုခံရမည့် အခြေဆိုက်နေသည့် ဒေါ်နယ်ထရမ့်သည် အာရုံလွှဲလိုသည့်အတွက် အီရန်ဗိုလ်ချုပ်ကြီးကို သတ်ခြင်းလား။ အီရန်က အရှေ့အလယ်ပိုင်းတွင် မလွယ်သည့်နိုင်ငံ။ အခြားအမေရိကန်သမ္မတများနှင့်မတူ နိုင်ငံရေးလောကမှ လာသူမဟုတ်သည့် ထရမ့်သည် လူအများမထင်မှတ်သည်များလုပ်လေ့ရှိရာ အီရန်ကျားမြီးကို ရူးရူးမိုက်မိုက်သွားဆွဲခြင်းလား။

ထရမ့်သည် အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် အစွပ်စွဲပြစ်တင်ခံရမည့် အန္တရာယ်နှင့် ကြုံနေရသည့်အတွက် အာရုံလွှဲခြင်းဟု အများအပြားက ထင်ကြသည်။ ယခုနှစ်နိုဝင်ဘာတွင် ရွေးကောက်ပွဲလုပ်မည်ဖြစ်ရာ အမေရိကန်ကို ကာကွယ်မည့် ခပ်ပြတ်ပြတ် ခပ်မာမာသမားပုံ ဖမ်းသည်ဟုလည်း ခန့်မှန်းကြသည်။ ဒေါ်နယ်ထရမ့်သည် ပါးနပ်သည်။ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်နေရာများကို အီရန်က ပြန်လက်စားချေလျှင် အီရန်၏ ယဉ်ကျေးမှုအမွေအနှစ်နေရာများအပါအဝင် နေရာ၅၂နေရာကို အသင့်ချိန်ရွယ်ထားပြီးသားဟု ခြိမ်းခြောက်သည်။

ထိုသို့ ခြိမ်းခြောက်ခြင်းသည် လေယာဉ်အမျိုးအစားသစ် F35A ၅၂ စင်း လေ့ကျင့်ခန်းလုပ်ခြင်းနှင့် တိုက်ဆိုင်နေသည်။ စစ်မဖြစ်မီ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ခြိမ်းခြောက်ကြခြင်းသည် မထူးခြားဟုထင်ရသော်လည်း ထူးသည်က ၅၂ ဆိုသော ဂဏန်း။ အီရန်က အကြာကြီးဖမ်းထားဖူးသော အမေရိကန်ဓားစာခံများ၏အရေအတွက်နှင့်အတူတူ။ အမေရိကန်တွေကို အီရန်က လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖမ်းထားသည်ကို ဒေါသထွက်ခဲ့သော အမေရိကန်များ သူ့ကိုထောက်ခံအောင် ဆွဲချိတ်လိုက်ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ သမ္မတဖြစ်လာမှတော့ သည်လောက်တော့ လက်ရည်ရှိပေလိမ့်မည်။

တကယ်တော့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသော အီရန်ဗိုလ်ချုပ်ကြီး Sulemani ကို သတ်လိုသည့် အမေရိကန်သမ္မတသည် ထရမ့်တစ်ယောက်တည်းမဟုတ်။ သူ့ရှေ့က သမ္မတများဖြစ်သော အိုဘားမားနှင့် ဂျော့ဘုရှ်တို့ကလည်း စဉ်းစားခဲ့ကြဖူးသည်။ ထရမ့်က လက်တွေ့ချ လိုက်ခြင်း။ အထက်တွင်ဖော်ပြခဲ့သလို ထရမ့်သည် အခြားသမ္မတများနှင့် မတူသောကြောင့်လား၊ မဲဆွယ်ခြင်းလား။

စီးပွားရေးအခြေအနေက သူ့ဘက်တွင်ရှိသည်။ အမေရိကန်သည် ရေနံအသားတင်တင်ပို့သူဘ၀သို့ ၁၉၄၀ နှစ်များနောက်ပိုင်း ၂၀၁၉ စက်တင်ဘာတွင် ပထမဆုံးအကြိမ် စရောက်သည်။ ရေနံဈေးတက်လျှင် အမေရိကန်က အမြတ်ပင်ထွက်ဦးမည်။ ထို့ကြောင့် အီရန်နှင့် အချင်းဖြစ်လျှင် ရေနံဈေးတက်ကာ အမေရိကန်စီးပွားရေးထိခိုက်မည်ဟူသော အီရန်အမြဲကိုင်ထားလေ့ရှိသည့်လက်နက်ကို အီရန် စွန့်လွှတ်လိုက်ရသည်။ အီရန်နှင့်ဖြစ်လျှင် အမေရိကန်စီးပွားရေးထိခိုက်မည်ကို သမ္မတထရမ့်အနေနှင့် ထည့်စဉ်းစားစရာမလိုတော့။ လွတ်လပ်စွာ ဆုံးဖြတ်နိုင်သွားပြီ။

အမေရိကန်စီးပွားရေးသည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်သည့်အတွက် အမေရိကန်စီးပွားရေးကို ရိုက်ခတ်လျှင် ကမ္ဘာ့အခြားနိုင်ငံများကိုလည်း အနည်းအများကွာပြီး အဆင့်ဆင့် ရိုက်ခတ်တတ်သည်။ ယခု အီရန်နှင့် အမေရိကန်ပွဲတွင် ယခင်က အီရန်-အမေရိကန်တင်းမာမှုများ ကကဲ့သို့ အမေရိကန်စီးပွားရေးကို ထိခိုက်နိုင်ချေနည်းလျှင် ကမ္ဘာ့နိုင်ငံများသို့လည်း ယခင်အကြိမ်များကထက် ရိုက်နိုင်ခြေနည်းသည်။ လက်ရှိအနေအထားအရ ပြောခြင်း။ တကယ်စစ်ဖြစ်လျှင်မူ အခြေအနေပြောင်းလဲကာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်သည်။

အီရန်ဘက်က စစ်တိုက်လိုစိတ်နည်းသည်ဟု ပြောကြသည်။ ယင်းသည်လည်း စီးပွားရေးနှင့်ဆိုင်သည်။ အီရန်သည် အမေရိကန်က ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ၏ဒဏ်ကို အတော်လေးခံနေရသည်။ ငွေကြေးဖောင်းပွမှု အလွန်မြင့်နေသည့်အတွက် အီရန် နိုင်ငံသားများ မငြိမ်မသက်ဖြစ်နေရာ အီရန်ကသာ အမေရိကန်ကို လက်စားပြန်ချေပြီး စစ်ရှိန်မြင့်လာလျှင် ပိုမငြိမ်မသက် ဖြစ်လာနိုင်သည်။ ၂၀၁၈ နိုဝင်ဘာတွင် အမေရိကန်က အီရန်ကို အရေးယူပိတ်ဆို့မှုများချမှတ်အပြီး အီရန်ငွေသည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် သုံး၊ လေးဆ ကျသွားသည်။ ယခင်က တစ်ဒေါ်လာပေးလျင် အီရန်ငွေ သုံးသောင်းခွဲရလျှင် အရေးယူပိတ်ဆို့ပြီးနောက်တွင် တစ်ဒေါ်လာလျှင် အီရန်ငွေတစ်သိန်းခွဲအထိ ပေးလာရသည်။ နိုင်ငံခြားသုံးငွေနည်းပါးနေသည့်အတွက် အပြင်ထွက်စစ်တိုက်လျှင် နိုင်ငံအပေါ် ဝန်ပိမည်။ အမေရိကန်နှင့် ဖြစ်နေသည့်ပွဲကြောင့် နိုင်ငံသားများ အာရုံလွဲသွားသော်လည်း စစ်အတွက်ဘဏ္ဍာငွေသုံးစွဲရမည့်၊ မငြိမ်မသက်ဖြစ်မှုကြောင့် စီးပွားရေးပိုထိမည့်ဒဏ်ကို အီရန်အစိုးရ ခံစားနိုင်ပါမည်လား။ အီရန် အမေရိကန် စစ်ဖြစ်လျှင် မိုးလေ၀သသည် အမေရိကန်ဘက်၊ သမ္မတထရမ့်ဘက်တွင် ရှိနေသည်။ သို့သော် အီရန်ကို ရွေးချယ်စရာမရှိ၊ ထွက်ပေါက်မပေးဘဲထား၍ သူချောင်ပိတ်မိလျှင် နှစ်ဖက်အဆုံးအရှုံးများသွားနိုင်သည်။

အီရန် – အမေရိကန်အရေးအခင်းကြောင့် ရေနံဈေးမြင့်တက်၊ မတက်ကသာ မြန်မာတို့ကို စီးပွားရေးအရ တိုက်ရိုက်သက်ရောက်မည်။ ကျန်သည့် ရိုက်ခတ်မှုများသည် လာလျှင်ပင် တစ်ဆင့်ခံသာလာမည်။ လောင်စာဈေးတက်ပါက ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးတက်လျှင် သယ်ယူ ပို့ဆောင်ရေးစရိတ်တက်ကာ ကုန်များဈေးနှုန်းတက်နိုင်သည်။ လျှပ်စစ်မီတာခတက်သောကြောင့် ကုန်ထုတ်လုပ်မှုစရိတ်တက်ထားသည့် အခံနှင့် ပေါင်းသွားနိုင်သည်။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *