၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

သင်ခန်းစာ (၁၂) နှိမ့်ချခြင်း

(အပိုင်း – ၅) ကိုယ့်ဘာသာကိုယ် ကမ္ဘာ့ဗဟိုချက်မလို့ ထင်မနေနဲ့

(စာရေးသူက သူ့လူမျိုးဖြစ်သော ဂျူးလူမျိုးများကို ဥပမာပေးပြီး လူသားများ၏ ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာကို ရှိရင်းစွဲထက် ပိုအထင်ကြီးတတ်ပုံကို မြင်နိုင်စေရန် တင်ပြထားခြင်း ဖြစ်ပါသည်။ စာဖတ်သူတို့အနေနှင့် မိမိလူမျိုးနှင့် ဘာသာကို အရှိထက်ပိုပြီးကြီးကျယ်စွာ ထင်မြင်ထားမှု ရှိ မရှိ နှိုင်းယှဉ်ချိန်ထိုး စဉ်းစားစေရန် စာရေးသူက ရည်ရွယ်ခြင်းဖြစ်ပါသည် – ဘာသာပြန်သူ)

၁၉ ရာစုနှင့် ၂၀ ရာစု ရောက်သည့်အခါမှသာ လူသားမျိုးနွယ်တစ်ခုလုံးအတွက် အထောက်အကူပြုသော တစ်မူထူးခြားသည့် အောင်မြင်မှုများကို ကျွန်တော်တို့ဂျူးများ ဆောင်ရွက်လာနိုင်သည်ကိုတွေ့ရမည်ဖြစ်သည်။ ခေတ်သစ်သိပ္ပံတွင် ဂျူးတို့မှာ လူဦးရေ အချိုးအစားနှင့်ယှဉ်လျှင် များစွာကြီးမားသော အခန်းကဏ္ဍရှိနေခြင်းဖြစ်သည်။ ဂျူးများမှာ ကမ္ဘာ့လူဦးရေ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိသော်လည်း လူသိများထင်ရှားသည့် အိုင်းစတိုင်းနှင့် ဖရိုက်တို့လို ပုဂ္ဂိုလ်များသာမက သိပ္ပံဆိုင်ရာ နိုဘယ်လ်ဆုရှင် ၂၀ ရာခိုင်နှုန်းခန့်မှာ ဂျူးများဖြစ်ပါသည်။ သို့သော် ဤနေရာတွင်လည်း အထူးဂရုပြုရမည့်အချက်မှာ ယင်းသို့ လူသားမျိုးနွယ်အတွက် ထည့်ဝင်အောင်မြင်မှုများမှာ ဂျူးဘာသာနှင့် ဂျူးယဉ်ကျေးမှုက ထည့်ဝင်ခြင်းဆိုတာထက် ဂျူးတစ်ဦးချင်းစီက ထည့်ဝင်အောင်မြင်မှုသာ ဖြစ်ပေသည်။ လွန်ခဲ့သော နှစ် ၂၀၀ အတွင်း အရေးပါသည့် ဂျူးသိပ္ပံပညာရှင်များမှာ ဂျူးဘာသာရေးအဝန်းအဝိုင်းပြင်ပမှာရှိနေသည့် ဂျူးများဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ဂျူးများမှာ ယင်းတို့၏ ယေရှီဗာများ (ဂျူးဘာသာရေး ကောလိပ်များ) ကို စွန့်ခွာပြီး သိပ္ပံနည်းကျ ဓာတ်ခွဲခန်းများတွင် လေ့လာသင်ယူခြင်းလုပ်သည့် အချိန်ကျမှသာ သိပ္ပံဘာသာရပ်များတွင် အောင်မြင်မှု ရခဲ့ခြင်းဖြစ်သည်။

၁၈၀၀ ပြည့်နှစ်မတိုင်မီက သိပ္ပံဘာသာရပ်အပေါ် ဂျူးများ၏လွှမ်းမိုးမှုမှာ များများမရှိလှပါ။ တရုတ်ပြည်၊ အိန္ဒိယပြည်နှင့် မာယာလူ့ယဉ်ကျေးမှုကြီးများတွင် သိပ္ပံပညာဖွံ့ဖြိုးတိုးတက်လာရာ၌ ဂျူးများ၏အခန်းကဏ္ဍကို သိသာထင်ရှားစွာ တွေ့ရမည်မဟုတ်ချေ။ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတွင် မိုင်မွန်းနီဒ်ကဲ့သို့ ဂျူးတွေးခေါ်ပညာရှင်များမှာ ဂျူးမဟုတ်သည့်တွေးခေါ်ပညာရှင်များအပေါ် လွှမ်းမိုးမှုရှိသည် မှန်သော်လည်း နယ်ပယ်တစ်ခုလုံး ခြုံငုံပြောရလျှင် ဂျူးများ၏ သက်ရောက်မှုမှာ သူ့လူဦးရေရှိသလောက်နှင့် ဆီလျော်ကိုက်ညီသော သက်ရောက်မှုသာဖြစ်သည်။ လူလည်းနည်းသလောက် သက်ရောက်မှုလည်း နည်းပါသည်။ ၁၆ ရာစု၊ ၁၇ ရာစုနှင့် ၁၈ ရာစုတို့တွင် ဂျူးဘာသာမှာ သိပ္ပံတော်လှန်ရေး (Scientific Revolution) ပေါ်ပေါက်လာခြင်းအပေါ် သက်ရောက်မှုမရှိသလောက်ပင် ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာရပ်များ ပေါက်ဖွားလာသည့်ဖြစ်စဉ်တွင် (ဂျူးအသိုင်းအဝိုင်းက ပြဿနာကောင်ဆိုပြီး ဝိုင်းကြဉ်ထားသည့်) တွေးခေါ်ပညာရှင် စပင်နိုဇာမှလွဲ၍ ကျန်ဂျူးများမှာ အရေးပါသည့်နေရာတွင် မရှိသလောက်ပင် ဖြစ်သည်။ ဂါလီလီယိုနှင့် နယူတန်ခေတ်တွင် အိုင်းစတိုင်း၏ ဘိုးဘေးများ ဘာလုပ်နေကြသည် ကျွန်တော်တို့မသိနိုင်သော်လည်း အလင်းစွမ်းအင်အကြောင်း လေ့လာနေသည်ထက် တယ်လ်မွတ်ကျမ်း ထိုင်ဖတ်နေကြဖို့က ပိုများပါသည်။

ဂျူးများအတွက် အရေးကြီးသည့် အပြောင်းအလဲမှာ ၁၉ ရာစုနှင့် ၂၀ ရာစုတွင်မှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းကာလတွင် ဂျူးများမှာ ဉာဏ်အလင်းပွင့်သည့်ခေတ် (Jewish Enlightenment) ဖြစ်လာပြီး ဘာသာရေးနှင့် လောကီရေးမရောယှက်တော့ဘဲ (Secularization) ယင်းတို့၏ အိမ်နီးနားချင်းဂျူးမဟုတ်သူ ဂျန်တိုင်းများ၏ ကမ္ဘာ့အမြင်နှင့် ဘ၀နေနည်းထိုင်နည်းကို လက်ခံကျင့်သုံးလာကြသည်။ ဂျူးများ ဂျာမနီ၊ ပြင်သစ်နှင့် အမေရိကန်ရှိ တက္ကသိုလ်များ၊ သုတေသနစင်တာများသို့ စတင်ရောက်ရှိလာသည်။ (ဂျူးတို့နေထိုင်သည့်) ဂတ်တိုများ (Ghettos)၊ စတက်တယ်လ်များ (Shtetls)မှ ဂျူးများသည် အရေးကြီးသော ယဉ်ကျေးမှုအမွေအနှစ်များကို သယ်ဆောင်လာကြသည်။ ဂျူးသိပ္ပံပညာရှင်များ တစ်မူထူခြားသော အောင်မြင်မှုရခြင်း အဓိကအကြောင်းရင်းတစ်ရပ်မှာ ဂျူးယဉ်ကျေးမှုက ပညာရေးကို အထူးအလေးပေးတန်ဖိုးထားခြင်းကြောင့်ဖြစ်ပါသည်။ အခြားအကြောင်းရင်းများမှာ ခွဲခြားဆက်ဆံခံရသည့် လူနည်းစုတစ်ရပ်အနေနှင့် သူတို့၏ အရည်အချင်းကို သက်သေပြလိုခြင်း၊ စစ်တပ်နှင့် အစိုးရအုပ်ချုပ်ရေးကဲ့သို့သော ဂျူးများကို ပိုပြီးခွဲခြားဆက်ဆံသည့် (anti-semite) အင်စတီကျူးရှင်းများတွင် အရည်အချင်းရှိသည့်ဂျူးများ နေရာမရခြင်းတို့ကြောင့် ဖြစ်သည်။

သို့သော်လည်း ဆိုရမည်ဆိုလျှင် ဂျူးသိပ္ပံပညာရှင်များက ယေရှီဗာများမှ စည်းကမ်းတင်းကျပ်မှုနှင့် အသိပညာကို တန်ဖိုးထားမှုများ သယ်ဆောင်လာသည်မှန်သော်လည်း သိပ္ပံပညာရပ်အတွက် အထောက်အကူပြုမည့် တိကျခိုင်မာသော အတွေးအခေါ်အယူအဆများနှင့် အသိဉာဏ်များ ပါဝင်လာခြင်း မရှိချေ။ အိုင်းစတိုင်းမှာ ဂျူးဖြစ်သော်လည်း ရီလေတီဗတီ သီအိုရီမှာ ဂျုးရူပဗေဒသီအိုရီ ဖြစ်မသွားပါ။ မြင့်မြတ်သော တိုရာကျမ်း (Torah) ကျမ်းကို ယုံကြည်သဒ္ဓါတရားရှိမှုနှင့် စွမ်းအင်မှာ ဒြပ်ထုနှင့် အလင်းအလျင် နှစ်ထပ်ကွမ်း မြှောက်လဒ်ဖြစ်သည်ဟု နားလည်ခြင်းမှာဘာဆိုင်ပါသနည်း။ ဥပမာပေးရလျှင် ဒါဝင်မှာ ခရစ်ယာန်ဖြစ်ပြီး ကိန်းဘရစ်တွင် အင်္ဂလိကန်ဘုန်းတော်ကြီးလုပ်ရန်အတွက် ကျောင်းစတက်ဖို့ပင် ကြံလိုက်သေးသည်။ ယင်းသို့ ဖြစ်ရုံနှင့် ဆင့်ကဲဖြစ်စဉ်သီအိုရီကို ခရစ်ယာန်သီအိုရီဟု ခေါ်လို့ရနိုင်ပါမည်လော။ ဆင့်ကဲဖြစ်စဉ်သီအိုရီအတွက် ခရစ်ယာန်ဘာသာကို ကျေးဇူးတင်ခြင်းမှာ အဓိပ္ပာယ်မရှိသလို ရီလေတီဗတီသီအိုရီကို ဂျူးဘာသာ၏ လူသားမျိုးနွယ်သို့ ထည့်ဝင်မှုအဖြစ် ယူဆမည်ဆိုလျှင် အဓိပ္ပာယ်ကင်းမဲ့ရာ ရောက်ပေလိမ့်မည်။

ထို့အတူပင် ၁၉၁၈ ဓာတုဗေဒနိုဘယ်လ်ဆုရှင် ဖရစ်ဟာဘာ၏ အမိုးနီးယားထုတ်လုပ်သည့် နည်းစဉ်ကို ရှာဖွေတွေ့ရှိမှု၊ ၁၉၅၂ ဇီဝ ကမ္မဗေဒနှင့် ဆေးပညာနိုဘယ်လ်ဆုရှင် ဆယ်လ်မန်ဝက်စ်မန်၏ ပဋိဇီဝဆေး စတရပ်တိုမိုင်ဆင်ကို ရှာဖွေတွေ့ရှိမှု၊ ၂၀၁၁ ဓာတုဗေဒနိုဘယ်လ်ဆုရှင် ဒန်ရှပ်စ်မန်၏ တစ်ပိုင်းခရစ်စတယ်လ်များ (Quasicrystals) ရှာဖွေတွေ့ရှိခြင်း ဖြစ်ရပ်များမှာ ဂျူးဘာသာရေးနှင့် ထူးပြီးဆိုင်သည့်ကိစ္စ၊ ဂျူးတွေမို့လို့ ရှာဖွေတွေ့ရှိတာဆိုပြီး ပြောလို့ရသည့် ကိစ္စမဟုတ်ချေ။ ဖရိုက်ကဲ့သို့ လူမှုသိပ္ပံဘာသာရပ်များ (humanities and social sciences) မှ ပညာရှင်များဆိုလျှင်တော့ သူတို့၏ ပညာ၊ ထိုးထွင်းနားလည်မှုအပေါ်တွင် ဂျူးဖြစ်ခြင်းမှာ လေးနက်သည့်သက်ရောက်မှု ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ယင်းသို့ အခြေအနေတွင်တောင်မှ သူတို့၏ အသိဉာဏ်ပညာနှင့် ဂျူးဖြစ်ခြင်း ဆက်စပ်သည်လို့ ပြောလို့ရသည့်အချက်ထက် မစပ်ဆိုင်ဟု ပြောလို့ရသည့်အချက်များက ပိုထင်ရှားပါသည်။ ဖရိုက်၏ လူသားစိတ်ကို ရှုမြင်နားလည်ပုံမှာ ရပ်ဘီဘုန်းတော်ကြီးများဖြစ်သည့် ဂျိုးဇက်ကာရိုနှင့် ရိုချနန်ဘန်ဇက်ကီတို့နှင့် များစွာကွာခြားပါသည်။ ထို့အတူ ဖရိုက်ရှာဖွေတွေ့ရှိသည့် အိဒိပစိတ်ထားဖွဲ့စည်းမှု (Oedipus complex) မှာလည်း Shulhan Arukh (ဂျူးဥပဒေသ) ကို သေချာလေ့လာဖတ်ရှုမှုမှ ဉာဏ်အလင်းရကာ ပေါ်ပေါက်လာတာမျိုး မဟုတ်ချေ။

အချုပ်ဆိုရလျှင် ဂျူးများ၏ ပညာရေးအပေါ် အလေးထားသည့်ထုံးဓလေ့ကြောင့် ဂျူးသိပ္ပံပညာရှင်များ ထူးကဲသည့်အောင်မြင်မှုရသည်ဟု ဆိုကောင်းဆိုနိုင်သော်လည်း (ဂျူးများဖြစ်ကြသည့်) အိုင်းစတိုင်း၊ ဟေဘာနှင့် ဖရိုက်တို့၏ အောင်မြင်မှုများမှာ ဂျူးမဟုတ်သူ (ဂျန်တိုင်း) သိပ္ပံပညာရှင်များ ခင်းပေးခဲ့သည့် အခြေခံအုတ်မြစ်အပေါ်တွင် ထပ်ဆင့်တည်ဆောက်ထားခြင်းဖြစ်သည်။ သိပ္ပံတော်လှန်ရေး (Scientific Revolution) မှာ ဂျူးများ၏ တော်လှန်ရေးမဟုတ်ဘဲ ဂျူးများမှာ ယေရှီဗာများမှတက္ကသိုလ်များသို့ ရောက်လာသည့်အခါမှသာ သူတို့၏အခန်းကဏ္ဍကို ရှာဖွေတွေ့ရှိသွားခြင်းဖြစ်သည်။ အမှန်စင်စစ်အားဖြင့် မေးခွန်းမှန်သမျှကို ရှေးဟောင်းကျမ်းများတွင် အဖြေရှာတတ်သည့် ဂျူးများ၏ အကျင့်ကြောင့် ခေတ်သစ်သိပ္ပံကမ္ဘာသို့ ဝင်ရောက်ရာတွင် အထူးအခက်အခဲဖြစ်ခဲ့သည်။ ခေတ်သစ်သိပ္ပံကမ္ဘာတွင် အဖြေများမှာ သုံးသပ်လေ့လာမှုများ (Observations)နှင့် စမ်းသပ်မှုများ (Experiments) မှ လာခြင်းဖြစ်သည်။ သိပ္ပံရှာဖွေတွေ့ရှိမှုများမှာ ဂျူးဘာသာရေးနှင့် တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်ပါသည်ဟု အတင်းဆိုလျှင်မူ အဘယ့်ကြောင့် ၁၉၀၅ မှ ၁၉၃၃ အတွင်း ဓာတုဗေဒ၊ ရူပဗေဒနှင့် ဆေးပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရှင်များမှာ ဘာသာရေးနှင့် လောကီရေးမရောယှက်သည့် ဂျာမန်ဂျူးဆယ်ဦးဖြစ်ပြီး ယင်းကာလအတွင်း ရှေးရိုးစွဲဘာသာရေးပြင်းထန်သည့် အော်သိုဒေါက်ဂျူး၊ ဘူဂေးလ်ရီးယားဂျူး၊ ရီမန်ဂျူးတစ်ဦးမျှ နိုဘယ်လ်ဆု မရှိရပါသနည်း။

ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် ဂျူးဖြစ်ရတာ ရှက်နေသူ၊ ဂျူးမုန်းတီးရေးဝါဒီတစ်ဦးဟု အထင်မမှားကြစေရန်အတွက် အထူးအလေးထားပြီး တင်ပြလိုပါသည်။ ကျွန်တော့်အနေနှင့် ဂျူးဘာသာမှာ အထူးအားဖြင့် ဆိုးယုတ်သည့်ဘာသာဖြစ်သည်၊ အသိပညာကင်းမဲ့သည့်ဘာသာဖြစ်သည်ဆိုပြီး ပြောနေခြင်းမဟုတ်ပါ။ ကျွန်တော့်အနေနှင့် လူ့သမိုင်းစဉ်မှာ ဂျူးဘာသာအဖို့ သူများထက်ထူးပြီး အရေးပါတာ မဟုတ်ကြောင်း တင်ပြလိုခြင်း သက်သက်သာဖြစ်ပါသည်။ ရာစုနှစ်ပေါင်းများစွာ ဂျူးဘာသာမှာ ခွဲခြားဆက်ဆံခံရသည့် လူနည်းစုကလေး၏ ရိုးရှင်းနှိမ့်ချသောဘာသာဖြစ်ပါသည်။ ယင်းလူနည်းစုမှာလည်း စာဖတ်ပြီး အေးအေးလူလူဆင်ခြင်းတွေးဆနေရတာကို ပိုနှစ်သက်သည့် လူများဖြစ်ပါသည်။ အခြားအလှမ်းဝေးသောနိုင်ငံများကို သိမ်းပိုက်ခြင်းနှင့် ဘာသာရေးဆန့်ကျင်သူများကို မီးရှို့သတ်ဖြတ်ခြင်းမျိုးလုပ်တာမျိုး စိတ်ဝင်စားသည့် ဘာသာမဟုတ်ပါ။

ဂျူးမုန်းတီးရေးဝါဒီ (anti-semite) များ ထင်လေ့ရှိသည်မှာ ဂျူးများက အလွန်အရေးပါသည့်လူမျိုးဟု ထင်လေ့ရှိပါသည်။ ဂျူးများက ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားပြီး ဘဏ်စနစ်၊ သို့တည်းမဟုတ် အနည်းဆုံးတော့ မီဒီယာကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်ထားသည်ဟု သူတို့ကထင်လေ့ရှိပါသည်။ ကမ္ဘာကြီး ပူနွေးလာခြင်းမှအစ ၉/၁၁ တိုက်ခိုက်မှုအဆုံး ဂျူးများက ဖန်တီးသည်ဟု စွပ်စွဲလေ့ရှိပါသည်။ ယင်းကဲ့သို့ ဂျူးမုန်းတီးရေးဝါဒီများ၏ ကြောက်ရွံ့မုန်းတီးရူးနှမ်းမှုမှာလည်း ဂျူးများ၏ မိမိကိုယ်ကိုယ် အဟုတ်ကြီးထင် စိတ်ကြီးဝင်သည့်အဖြစ်ကဲ့သို့ သဘာဝမကျ ယုတ္တိကင်းမဲ့သည့်အဖြစ် ဖြစ်ပါသည်။ ဂျူးများမှာ အလွန်စိတ်ဝင်စားဖို့ကောင်းသော လူမျိုးများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကမ္ဘာကြီးတစ်ခုလုံးကို ခြုံငုံကြည့်ပါက ဂျူးများ၏ သက်ရောက်မှုမှာ လွန်စွာအကန့်အသတ်နှင့်ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။

သမိုင်းတစ်လျှောက်လုံး ပြန်ကြည့်ပါက လူသားများမှာ မတူကွဲပြားသော ဘာသာများ၊ ဂိုဏ်းများ ရာနှင့်ချီပြီး ဖန်တီးခဲ့ပါသည်။ ယင်းတို့ထဲမှ လက်တစ်ဆုပ်စာဘာသာအချို့ (ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ကွန်ဖြူးရှပ်ဝါဒနှင့် ဗုဒ္ဓဘာသာ) ကသာ လူသန်းထောင်ပေါင်းများစွာအပေါ် လွှမ်းမိုးခဲ့ခြင်းဖြစ်ပါသည် (ဒီလိုလွှမ်းမိုးတာလည်း အမြဲကောင်းတာ မဟုတ်ပါ)။ ဘွန်းဘာသာ၊ ရိုယူဘဘာသာနှင့် ဂျူးဘာသာကဲ့သို့ အယူဝါဒအများစုမှာ အလွန်သေးငယ်သော သက်ရောက်မှုသာ ရှိပါသည်။ ကျွန်တော့်အနေနှင့် တစ်ဦးတည်းသဘောအရဆိုလျှင် ရက်စက်ကြမ်းကြုတ်စွာ ကမ္ဘာပတ်သိမ်းပိုက်နေသည့်လူမျိုးမှ ဆင်းသက်လာသည်မျိုးထက် သိပ်အရေးမပါဘဲ သူများဘာလုပ်လုပ် ကိုယ့်ဟာကိုယ် အေးအေး လူလူ ထမင်းယပ်ခတ်စားနေသည့်လူမျိုးမှ ဆင်းသက်လာတာကို ပိုသဘောကျပါသည်။ ဘာသာတရားအများအပြားပင် နှိမ့်ချခြင်း နိဝါတတရားကို တန်ဖိုးထားချီးမွမ်းလေ့ရှိသော်လည်း သူတို့ဘာသာသူတို့ကိုမူ စကြ၀ဠာဗဟိုချက်အရေးအကြီးဆုံးနေရာတွင် ရှိသည်ဟု ထင်မြင်မှတ်ယူလေ့ရှိပါသည်။ တစ်ဦးချင်းအနေနှင့် အောက်ကျို့သည်းခံတတ်ရန်ပြောသော်လည်း အုပ်စုတစ်ခုလုံးအနေနှင့်ကျ ဗြောင်ကျကျ မောက်မာထောင်လွှားလေ့ရှိတတ်ပါသည်။ ဘာသာတရားတိုင်းမှ လူသားများအနေနှင့် နှိမ့်ချခြင်းနိဝါတအလုပ်ကို အထူးအလေးအနက်ထားလုပ်ပါက ပိုကောင်းပါလိမ့်မည်။

နှိမ့်ချသည့်အကျင့်မျိုးစုံထဲတွင် အရေးအကြီးဆုံးအကျင့်မှာ ဘုရားရှေ့နှိမ့်ချခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘုရားအကြောင်းပြောသည့်အခါတိုင်း လူသားများမှာ မိမိ၏ ဘုရားရှေ့တော်မှောက် အဆုံးစွန်သိမ်ဖွဲသေးနုပ်မှုကို ပြောသည့်တိုင် အချင်းချင်းဘ၀တူ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများကိုကျ ဘုရားနာမည်သုံးပြီး လွှမ်းမိုးဩဇာပေး၊ ခြယ်လှယ်ကြပြန်ပါသည်။ 

 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *