ရာပြည့် သညာပွဲတော်ရောက် ကျောင်းသားတစ်ယောက် (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြို)

ပွဲတော်ရဲ့ တကယ့်အမည်အပြည့်အစုံကတော့ ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့် အမှတ်သညာပွဲတော်ပါ။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့ မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့သက်တမ်းက ၂၀၂၀ ပြည့်နှစ်ဆိုရင် နှစ်တစ်ရာတိုင်ခဲ့ပြီလေ။ ဒါကြောင့်လည်း အခုအချိန်ကစလို့ နှစ်တစ်ရာပြည့် ပွဲလမ်းသဘင်တွေ စနေကြပြီပေါ့။ ၂၀၂၀ ဒီဇင်ဘာလအထိ တစ်နှစ်ပတ်လုံးပါပဲ ဆိုပါတော့။

ဘာသာရပ်အသီးသီးက ပွဲတော်တွေ ဆင်နွှဲကြတော့မယ်။ ဒီအထဲမှာမှ အပန်းဖြေရိပ်သာခန်းမမှာ အစောဆုံးစတင်ကျင်းပခဲ့တာကတော့ ရန်ကုန်တက္ကသိုလ်သမိုင်းဌာနရဲ့ ဒီဇင်ဘာလ ၁ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ရာပြည့်အမှတ်သညာပွဲတော်ပါ။ ဒီပွဲတော်မှာ ခေတ်အဆက်ဆက် တက္ကသိုလ်သမိုင်းဖြစ်စဉ်တွေကို ပုံဖော်ခဲ့ကြတာအပြင် ပြောင်းလဲလာတဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှု ဓာတ်ပုံပြပွဲတွေ၊ ပညာရှင်ကြီးတွေရဲ့ ဆုံးမစကားတွေ၊ သူတို့တွေရဲ့ ဓာတ်ပုံတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ရေးဖွဲ့သီကုံးရာကဗျာတွေ၊ စာညွန့်တွေ ဝေဝေဆာဆာပြသပေးခဲ့ကြပါတယ်။ ဒါ့အပြင် သမိုင်းဌာန ပါမောက္ခဆရာကြီး၊ ဆရာမကြီးတွေနဲ့ ပြင်ပ ပညာရှင်ကြီးတွေရဲ့ တက္ကသိုလ်နောက်ခံ ပညာရှင်စကားဝိုင်းတွေ၊ စာတမ်းဖတ်ပွဲတွေကိုလည်း ကျင်းပခဲ့ကြပါတယ်။ ပါဝင်ခဲ့တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကတော့ စာကြည့်တိုက်များနှင့် သုတေသန၊ စတုတ္ထပညာခေတ် စကားဝိုင်းဆွေးနွေးပွဲ၊ တက္ကသိုလ်နောက်ခံဝတ္ထုများအကြောင်း၊ ပညာရေးအရွှေ့အပြောင်းဆွေးနွေးပွဲ၊ တက္ကသိုလ်နှင့် အနုပညာ၊ မြန်မာ့သမိုင်းအပေါ် အနောက်တိုင်းပညာရှင်များရဲ့အမြင်၊ Open History Project စတာတွေ ပါဝင်ခဲ့ကြပါတယ်။ တက္ကသိုလ်နောက်ခံရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ကောလိပ်ဂျင်၊ ပန်းတွေနဲ့ဝေ၊ ဒဏ္ဍာရီ၊ မယ်သီတာလိုမိန်းကလေး၊ ကြည်ပြာရောင်နဂ္ဂတစ်ရုပ်ရှင်တွေကို ပြသပေးဖို့ စီစဉ်ခဲ့ကြသလို စာအုပ်ရောင်းချပွဲတွေလည်း ပါဝင်ခဲ့ကြပါတယ်။

တက္ကသိုလ်သမိုင်းကတော့ ဆရာကြီးတွေ ရေးသားပြုစုထားပြီးသားတွေ၊ ရေးသားနေကြဆဲတွေဖြစ်တာမို့ ဒီအပိုင်းတွေမရေးတော့ပါဘူး။ ရေးဖို့ကလည်း ဒီစာစုလေးနဲ့က အကုန်လုံးမစုံနိုင်ဘူးလေ။ ဟိုဟာကျန် ဒီဟာကျန်နဲ့ဆိုရင် ဖတ်ရတဲ့သူတွေ အားမရနိုင်မှာ သေချာပါတယ်။ ဒါကြောင့်လည်း အခုရေးလိုရင်းသည် ရောက်ခဲ့တဲ့၊ မြင်ခဲ့တဲ့ တက္ကသီလာရဲ့ ရာပြည့်အကြို ဒီပွဲလေးရဲ့ ပီတိရသကို မျှဝေပေးချင်ရုံလေးပါ။ ဒါတောင် ငါးရက်စလုံး အပြည့်မဟုတ်သေးဘူး။ ရောက်ခဲ့စဉ် တစ်ခဏတာလေး အတွက်ရယ်ပါ။

ပွဲမတိုင်ခင်ကစလို့ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန ပါမောက္ခဌာနမှူး ဆရာမကြီးနဲ့ ဆရာ၊ ဆရာမတွေက ဒီပွဲအတွက် အားတက်သရော စီစဉ်ခဲ့ကြပါတယ်။ ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်သင်တန်းကျောင်းသားတွေအပြင် ဒီပလိုမာတန်းကျောင်းသားတွေကိုလည်း ဒီပွဲအတွက် အကြံကောင်းလေးတွေပေးဖို့၊ ကူညီနိုင်တာလေးတွေ ဝိုင်းဝန်းပေးကြဖို့ ဆွေးနွေးပွဲလေးတစ်ခု လုပ်ခဲ့ကြပါတယ်။ စုပေါင်းညီညာပေါ့။ လူမှုကွန်ရက်စာမျက်နှာလေး ဖွင့်ခဲ့ကြပြီး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတယ်။ အမှန်ကတော့ တက်ရောက်နေဆဲ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကတော့ ပိုပြီးအားထည့်ခဲ့ကြရတာပါ။ ပြပွဲတစ်လျှောက်မှာလည်း သူတို့တွေပဲ တောက်လျှောက်ပင်ပန်းခဲ့ကြရတယ်လေ။ ပင်ပန်းပေမယ့်လို့လည်း အပျော်တွေ၊ စိတ်ကျေနပ်မှုတွေက ဦးဆောင်ခဲ့လေတော့ ပင်ပန်းတယ်ဆိုတဲ့ စကားလုံးတောင် ပျောက်နေပါလေရဲ့။ ဘယ်လိုပဲဆိုစေဦးတော့ ပွဲတစ်ခုစီစဉ်ရတာက ပွဲပြီးလို့ပစ္စည်းတွေ သိမ်းပြီးမှပဲ ဟင်းချနိုင်ကြရတာပါ။ စီစဉ်ဆောင်ရွက်ကြသူတွေရဲ့ စေတနာစေ့ဆော်မှုတွေပေါ့။

ပွဲတော်ကို သွားဖြစ်တာကတော့ ဒီဇင်ဘာ ၃ ရက်နေ့ပါ။ ကျောင်းထဲကို အဓိပတိလမ်းဘက်က ဝင်ရင်ရပေမယ့် ကျောင်းရသလေးကို ကျောင်းသားတွေလို ခံစားနိုင်အောင် အခုလက်ရှိ ဝိဇ္ဇာကန်တင်းရှိတဲ့ စာသင်ဆောင်တွေဖြစ်တဲ့ ရာမညဆောင်ဝင်ပေါက်ကပဲ သွားဖြစ်ခဲ့ပါတယ်။ သစ်ရိပ်အောက်မှာ နားနားနေနေနဲ့ လျှောက်လို့ရတာမို့လို့ပါ။ ဒီအရသာမျိုးက ရန်ကုန်မှာ အတော်ရှားခဲ့ပါပြီ။ တစ်ခါတစ်ရံများ နွေအကူးမှာဆို ကျောင်းဝင်းထဲ လမ်းလျှောက်ရင်းနဲ့ ဥဩတွန်သံလေးတွေကို နားထောင်ပြီး ရွာကိုလွမ်းနိုင်ပါသေးတယ်။ ခုအချိန်မှာတောင် မျက်စိလည်လာတဲ့ ဥဩသံလေးကို တစ်ချက်တစ်ချက် ကြားမိသေးတယ်။ ဥဩလေးလည်း ရာသီအပြောင်းတွေ အမှတ်မှားနေပြီထင်ပါရဲ့။ ဒါတင်မကသေးပါဘူး။ ဆောင်းအကူး ခုအချိန်မှာ ရွက်ဟောင်းမကြွေသေးတဲ့ သစ်ရိပ်တွေအောက်မှာ ဆောင်းအကြို လေအေးလေးရဲ့ ကလူကြည်စယ်တဲ့ ချမ်းမြေ့မှုလေးကို ခံစားရင်း သစ်ပင်အဆင်းအတက်မှာ ဆော့ကစားနေကြတဲ့ ရှဥ့်သားအမိတွေကိုလည်း ငေးမော့ကြည့်မိပါသေးရဲ့။ ဆုတောင်းမိပါတယ်။ သူတို့လေးတွေ အမြဲဆော့ကစားနိုင်ကြပါစေပေါ့။

ရာမညဆောင်ကနေ ဝေသာလီဆောင်ဘက်အကူး ဘယ်ဘက်ခြမ်းလေးမှာတော့ ဟိုးအရင်တုန်းက ကျောင်းတော်ကြီးနဲ့ အတူရှင်သန်ခဲ့တဲ့ ဦးချစ်ဆိုင်နေရာဟောင်းလေးကို ငေးမိသေးတယ်။ အခုတော့ ကိုရီးယားစင်တာဆိုပြီး စာသင်ဆောင်အဖြစ် ပြောင်းခဲ့ပြီလေ။ ဟိုတုန်းကများဆိုရင် နောင်တော်ကြီးတွေပြောစကားအရ တက္ကသိုလ်ရောက်ရင် ဦးချစ်ဆိုင်မှာ အကြွေးစားဖူးကြမှ ခေတ်မီခဲ့ကြတာပါလား။ တစ်ဖက်ခြမ်းက ဝေသာလီဆောင်ကတော့ ခု အမှတ်သညာပွဲတော်ကြီးကို ဦးဆောင်လုပ်ခဲ့တဲ့ သမိုင်းဌာနတည်နေရာပေါ့။ မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာဒီပလိုမာသင်တန်းနဲ့ မျက်မှောက်မြန်မာ့ရေးရာဒီပလိုမာသင်တန်းတွေ သင်ကြားခဲ့တဲ့ မိမိအဖို့တော့ အမှတ်ရစရာနေရာတစ်ခုပါ။ နောင်မျိုးဆက်တွေလည်း ဆက်လက်သင်ကြားနေကြလေရဲ့။ သင်ကြားပေးတဲ့ ဆရာများကိုလည်း ရည်မှန်းကန်တော့ဖြစ်ခဲ့ပါတယ်။ နည်းနည်းလေးဆက်လျှောက်လို့ တောင်ငူဆောင်ကနေ ဘယ်ဘက်ကို ချိုးကွေ့ပြီး ဒဂုံလမ်းဘက်အသွားမှာတော့ သိပ်မကြာခင်ကအထိ ရှိခဲ့သေးတဲ့ တောင်ငူဆောင် ကန်တင်းနေရာ ကွက်လပ်ကလေးကိုမြင်တော့ လွမ်းမိပြန်သေးတယ်။ ပြီးခဲ့တဲ့သုံးနှစ်လောက်အထိ ဒီနေရာလေးမှာ ထိုင်ခဲ့ကြရသေးတယ်လေ။ ဦးချစ်နာမည်နဲ့ဆိုင်လေးက ဒီဘက်အစွန်လေးမှာ၊ နောက်တော့ နာမည်ကို ထွန်းတောက်လို့ ပြောင်းခဲ့တယ်။ ဦးချစ်ရဲ့အဆွေအမျိုးတွေကပဲ လက်ဆင့်ကမ်းဖွင့်ခဲ့ကြတာပါ။ ဘားမားမွှေကြော် ဟတ်ဖရိုက်အနားကြွပ်လေးဆိုရင် လက်ရာကောင်းလေးပဲလေ။ သူနဲ့ကပ်လျက်မှာက ကိုငယ်ဆိုင် – သူက အသုပ်ဆိုင်ပေါ့။ ပြီးတော့ မြစန္ဒာတို့ဆိုင် – မုန့်ဟင်းခါး အဓိကရောင်းတာ။ ဟိုးဘက် အစွန်ဆုံးကတော့ – ရွှေလောင်း မုန့်ဟင်းခါးဆိုင်။ အခုတော့ ဒီဆိုင်တန်းလေးတွေက စစချင်းဝင်ခဲ့တဲ့ ရာမညဆောင်ဘက်ကို ရောက်သွားကြပြီဖြစ်လို့ နောက်လူများကတော့ တောင်ငူဆောင်ကန်တင်းဆိုတာကို မေ့ပဲနေပြီလား။ ရာမညကန်တင်းလို့ပဲ ခေါ်နေကြတော့လေရဲ့။ ထွန်းတောက်တို့၊ ဦးချစ်တို့၊ ရွှေလောင်းတို့ကို တွေ့မိသေးပေမယ့် တချို့ဆိုင်တွေဆို ပြန်ပါမလာကြတော့ဘူး။ ရေကြည်ရာ မြက်နုရာ ရောက်သွားကြပြီလား။

ဒဂုံလမ်းကနေ အဓိပတိလမ်းဘက်ကို ကတ္တရာလမ်းလေးအတိုင်း လှမ်းခဲ့လို့ မကြာခင်ပဲ အဓိပတိလမ်းမပေါ် ရောက်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာလည်း ရောင်စုံအလံလေးတွေ စိုက်ထူထားလို့ တစ်နှစ်တာရဲ့ ရာပြည့်အခမ်းအနားကြီးကို ကြိုလင့်နေပြီလေ။ အဓိပတိလမ်းအတိုင်း ရှေးတူရူကို ငေးမောလိုက်ရင်တော့ ဘွဲ့နှင်းသဘင်ခန်းမကြီးက မောင်မယ်သစ်လွင်တွေကို ပြုံးပြီး လက်ကမ်းကြိုလင့်နေသယောင်ပေါ့။ ၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ အုတ်မြစ်ချ ဆောက်လုပ်ခဲ့ပြီး ၁၉၃၁ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးရဲ့ သက်တမ်းကလည်း ခုဆိုရင် နှစ် ၉၀ အတွင်း ချဉ်းနင်းခဲ့ပါပြီ။ အဓိပတိလမ်းရဲ့ ညာဘက်မှာက တက္ကသိုလ်စာကြည့်တိုက်။ ဒီအဆောက်အအုံကလည်း ၁၉၂၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပေမယ့် ကမ္ဘာစစ်ဒဏ်သင့်ခဲ့လို့ စစ်ပြီးတော့မှ ပြန်ပြင်ခဲ့ကြရပြီး ၁၉၅၁ မှာမှ ပြန်ဖွင့်ပေးနိုင်တာပါ။ ဒီဘက်ခေတ်မှာလည်း ထပ်ပြီးတိုးချဲ့ခဲ့ကြပါတယ်။ ကပ်လျက်မှာက ကျောင်းသားရေးရာဌာန၊ အဲဒီရှေ့ဘက်ကတော့ တက္ကသိုလ်ရဲ့ အထင်ကရသစ်ပုပ်ပင်ကြီး။ တကယ်က ဒီသစ်ပုပ်ပင်ကြီးက တက္ကသိုလ်ရဲ့ သက်တမ်းထက်တောင် ကြီးရင့်ပါသေးတယ်။ သူကလည်း ခေတ်အဆက်ဆက်ကို ခပ်တည်တည်ကြီးပဲ ကြည့်နေပါလေရဲ့။ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် စုံလင်စွာ သူ့ရင်ခွင်မှာ မှတ်တမ်းများစွာတင်ခဲ့ကြပါပြီ။

အဲဒီမှာရဲ့ တစ်ဖက်ခြမ်းမှာတော့ မိမိသွားမယ့် ပွဲတော်ကျင်းပနေရာ တက္ကသိုလ်အပန်းဖြေရိပ်သာခန်းမကြီးပေါ့။ အပန်းဖြေ ရိပ်သာမုခ်ဦးရောက်ရင်ပဲ အပြင်ဘက်မှာက ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်ဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်ကြီးက ခန့်ခန့်ထည်ထည် ဝင့်ဝင့်ကြွားကြားနဲ့ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသူတွေနဲ့ စည်ကားနေပါတယ်။ မိမိလည်း အားကျမခံ ပါဝင်အားပေးလိုက်ပါသေးတယ်။ အမှတ်တရပေါ့။

အပန်းဖြေရိပ်သာ ပေါ်တီကိုအတွင်းဘက် လှမ်းလိုက်တာနဲ့ အမှတ်တရပစ္စည်းဆိုင်လေးမှာ ဝယ်ယူနေကြသူတွေ၊ စာအုပ်ဆိုင်လေးတွေမှာ စပ်စုနေကြသူတွေနဲ့ စည်ကားနေကြပါတယ်။ အတွင်းဘက်မှာတော့ ခုပြပွဲရဲ့ အထိမ်းအမှတ် အမှတ်သညာပွဲတော်ဆိုတဲ့ ဗီနိုင်းဘုတ်ကြီးက သမိုင်းဆိုတာကို အဓိပ္ပာယ်ဖွင့်ပေးနေတဲ့ အဆိုအမိန့်တွေ ခြံရံပြီး လာရောက်သူတွေကို မားမားကြီး ရပ်ကြည့်နေပါလေရဲ့။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သမိုင်းပညာရှင်ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ (သမိုင်းသင်တာ မ ‘အ’ အောင်လို့ဆိုတဲ့) အဆိုအမိန့်ကတော့ ခေတ်တိုင်းက မျိုးဆက်တိုင်းအတွက် တိုတိုလေးနဲ့ ထိရောက်တဲ့ လမ်းညွှန်စကားတစ်ခုပါ။ ဒါ့အပြင် ခေတ်များ၊ အမှတ်သညာများနဲ့ ပညာယဉ်ကျေးမှုရဲ့ လမ်းပြမြေပုံဆိုတဲ့ မှတ်ချက်ကလေးကလည်း ပြပွဲရည်ရွယ်ချက်ကို မီးမောင်းထိုးပြပေးနေပါတယ်။

အမှတ်တရ မှတ်တမ်းဘုတ်ကလေးထောင်ထားပေးပြီး တက်ရောက်သူတွေရဲ့ တက္ကသိုလ်ကြီးအပေါ် မြတ်နိုးစိတ်ကိုယ်စီနဲ့ ရင်တွင်းမှတ်ချက်ကလေးတွေ မှတ်တမ်းယူနေတာလည်း အမှတ်သညာတစ်ခုပါ။ မိမိကိုယ်တိုင်လည်း နောင်နှစ်ပေါင်းများစွာတိုင်ပါစေလို့ မှတ်ချက်ပြုပေးဖြစ်ခဲ့ပါတယ်။

လမ်းညွှန်ပြထားတဲ့ အပေါ်ထပ်မှာကတော့ အဆာပြေစားသောက်နိုင်ဖို့ အညာအထာဆိုတဲ့ စားသောက်ဆိုင်ငယ်လေး ဖွင့်ထားပေးပါတယ်။ ပတ်လည်တစ်ကြောမှာလည်း ဦးအောင်ဆန်းတို့၊ ဦးနုတို့ ပုံစံတူကားချပ်ကလေးထောင်ထားပေးတော့ အဲဒီနေရာမှာလည်း မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေက သူတို့ရဲ့မမီလိုက်တဲ့ နောင်တော်ကျောင်းသားကြီးတွေနဲ့ ဓာတ်ပုံအတူရိုက်နေကြပြန်တာ ကြည်နူးစရာ သမိုင်းရဲ့လက်ဆင့်ကမ်းအထိမ်းအမှတ်အမွေတွေပေါ့။ ဟိုးတက္ကသိုလ်အစကနဦးတည်ထောင်စဉ်ကာလတွေကို လွမ်းမောဖွယ်ပြန်ရောက်သလို ခံစားမိပါတယ်။ ရှေးခေါင်းဆောင်တွေရဲ့ ရုန်းကန်ကြိုးပမ်းချက်တွေကြောင့်လည်း တို့များသည် ကိုယ့်မြေကိုယ့်ရေပေါ်မှာ ကိုယ့်တက္ကသိုလ်ကြီးနဲ့ ရပ်တည်နိုင်ခဲ့ကြသလို ကိုယ့်အမျိုးသားတွေရဲ့ မြန်မာနိုင်ငံကြီးအနေနဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူနိုင်ခဲ့ကြတယ်လေ။ တကယ်ကတော့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကလည်း တစ်ထောင့်တစ်နေရာက အခရာကျခဲ့ပါတယ်။

အတွေးထဲမှာ အတိတ်တွေကိုစီးမျောရင်းနဲ့ ခန်းမအဝင်က ဧည့်မှတ်တမ်းမှာ လက်မှတ်လေးထိုးပြီး ခန်းမကြီးထဲကို ဝင်ဖြစ်ခဲ့ပါတယ်။ ခန်းမထဲမှာတော့ ခေတ်အဆက်ဆက်က သမိုင်းသညာမှတ်တမ်း ပန်းချီကားချပ်တွေ၊ ရုပ်ပုံတွေ၊ ခေတ်ဟောင်းက မိမိတို့ မမြင်ဖူးလိုက်ခဲ့တဲ့ ဂျာနယ်သတင်းစာဖြတ်ပိုင်းတွေအပါအဝင် လေ့လာချင်စရာ တစ်ပုံတစ်ပင်နဲ့ ဝန်းရံထားပြီး ခန်းမအလယ်မှာတော့ မနက်ပိုင်း စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်ကြသူတွေနဲ့ စည်ကားနေပါတယ်။ မိမိရောက်တဲ့ မနက်ခင်းကတော့ တက္ကသိုလ်နောက်ခံဝတ္ထုတိုများအကြောင်း စကားဝိုင်းဆွေးနွေးပွဲ ကျင်းပနေချိန်ကိုး။ ဆရာတွေက အားပါးတရဆွေးနွေးကြတယ်။ တက်ရောက်သူတွေကလည်း သူတို့မသိလိုက်တဲ့အကြောင်းတွေ မရှင်းလင်းတာလေးတွေကို မေးကြမြန်းကြတယ်။ ဆရာတွေကလည်း မနက်စာချိန်နီးနေပေမယ့် အချိန်ကိုလုပြီး သိလိုသမျှ ဖြေပေးနေကြတယ်။ ဆရာချစ်ဦးညိုရဲ့ နှင်းကေသရာချစ်တဲ့သူရဲကောင်းကိုတော့ အတော်စိတ်ဝင်စားနေကြပုံပါပဲ။ ဇာတ်လမ်းခေါင်းစဉ်လေးကိုက ဆွဲဆောင်နေတာကိုး။ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာလေးတွေကလည်း ကာရံလှလှလေးနဲ့ အလှပေါ်အယဉ်ဆင့်နေပြန်ပါတယ်။ ဒီပရိသတ်ကြီးကိုကြည့်ပြီး တစ်ခေတ်တစ်ခါက တက္ကသိုလ်ဝတ္ထုလေးတွေကိုတောင် ပြန်ပြီးသတိတရ တွေးမိပါသေးတယ်။ ဆရာငြိမ်းကျော်ဆိုရင် တက္ကသိုလ်ဝတ္ထုတွေ အဖွဲ့ကောင်းလှလွန်းတာများဆိုရင် ကျောင်းပိတ်ခါနီး ကောင်မလေးနယ်ပြန်မှာကို ချစ်သူကောင်းလေးက ကျောင်းကန်တင်းမှာထိုင်ပြီး ရော်ရွက်ဝါလေးတွေ ကြွေကျနေတဲ့ ပတ်ဝန်းကျင်မှာ လွမ်းတေးသီနေတဲ့အခန်းဆိုရင် ရင်ကိုဆို့နေအောင် ဖမ်းစားထိမိလှပါတယ်။ အဲဒီခေတ်က ဝတ္ထုစာအုပ်တွေဆိုတာက တစ်ခါတစ်ရံမှာ ကောင်မလေးလက်ကို ထိဖို့ကိုင်ဖို့တောင် နှစ်မျက်နှာလောက် အချိန်ယူဖတ်ရတာကို ကျောင်းတော်သားကြီးတွေအနေနဲ့ဆိုရင် မှတ်မိကြမှာပါ။ ဖတ်ပြီးသမျှကိုလည်း စာရွက်ထောင့်လေးတွေခေါက်ထားပြီး ဘာဆက်ဖြစ်လာမှာပါလိမ့်ဆိုတာမျိုးကို တွေးကြရင်း စားလည်းမဖြောင့်၊ အိပ်လည်းမဖြောင့် ဖတ်ဖူးခဲ့ကြပါတယ်။

အတွေးနယ်ချဲ့ရင်းနဲ့ ပရိသတ်တွေ လှုပ်လှုပ်ရွရွကိုမြင်မှ ထမင်းစားချိန်ရောက်တာကို သတိထားမိတော့တယ်လေ။ အပေါ်ထပ် စားသောက်ဆိုင်လေးဘက် တွေးရင်းငေးရင်း တက်ဖြစ်ခဲ့ပါတယ်။ ထမင်း၊ ကော်ဖီ၊ လက်ဖက်ရည်တွေလောက်ပဲရပေမယ့် အဆာပြေအနေနဲ့ တော်လောက်ပါပြီ။ ကော်ဖီစစ်နဲ့ ဖျော်ထားတဲ့ နှပ်ကော်ဖီလေးတစ်ခွက် ၅၀၀ ကျပ်ကတော့ အတော်တန်လှပါတယ်။ အပန်းဖြေရိပ်သာအပေါ်ထပ်ဆိုတာက သစ်ရိပ်တွေကြားထဲက နားချင်စရာနေရာလေးဆိုတော့ ကော်ဖီလေးကို တစ်ကြိုက်ကြိုက်ရင်းနဲ့ အတွေးတွေလည်း ကွန့်မြူးနိုင်တယ်လေ။ အပန်းဖြေရိပ်သာသက်တမ်းတောင် ၁၉၆၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဆိုတော့ နှစ် ၆၀ နီးနေပါပြီ။ တာဝန်တွေ ကျေပွန်ခဲ့ကြပါပေတယ်။

စိတ်အတွေးမှာ ပေါ်လာမိတာက သီချင်းသံသဲ့သဲ့လေး – “မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်မှာကြုံ၊ စာပေ၊ ဂီတနဲ့သာ အနုပညာ – အစစမှာလည်းစုံ တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း စုပေါင်းပါလို့ သီကျူးပုံတေးမင်္ဂလာ နားဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန်”

ခုနေက ဇာတ်လမ်းရုပ်ရှင်က ညနေပိုင်းပြမှာဆိုပေမယ့် မိမိကတော့ ဆက်မထိုင်ဖြစ်တော့ပါဘူး။ ဟိုနားဒီနား လျှောက်ကြည့်ရဦးမယ်လေ။ တကယ်ကတော့ တက္ကသိုလ်ဆိုတာကြီးဟာ ပညာတွေဖြန့်ဖြူးပေးတဲ့နေရာ၊ လေ့လာချင်စရာ တစ်ပုံကြီးရှိတဲ့နေရာ၊ ရှေ့ကျောင်းသားများက အတောင်စုံလို့ ထွက်ခွာသွားကြပေမယ့် နောင်မျိုးဆက်သစ်ကလေးတွေက ရွက်သစ်လေးတွေအနေနဲ့ ဆက်လက်ရှင်သန် လေ့လာဆည်းပူးကြရင်း လက်ဆင့်ကမ်းအမွေတွေ ပေးနေဦးမှာပါ။ နောင်နှစ်ပေါင်း ရာထောင်မကဆီသို့ပေါ့။

သမိုင်းဆိုတာကလည်း ဖတ်လို့မဆုံးနိုင်တဲ့ ဝတ္ထုစာအုပ်ကြီးလို့ ရှေးပညာရှင်များက သုံးသပ်ခဲ့ကြသလိုပါပဲ။ ဇာတ်ကောင်ဇာတ်ဆောင်ပေါင်းများစွာက သမိုင်းစာအုပ်တွေပေါ်မှာ ကျရာဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ကြရင်း မပြီးသေးတဲ့စာအုပ်ကြီးကို ဆက်လက်ရေးဖွဲ့နေကြဦးမှာပါ။ မိမိတို့သည်လည်း တက္ကသိုလ်ဝတ္တုစာအုပ်ကြီးရဲ့ စာမျက်နှာများအပေါ်မှာ ဆက်လက်ပါဝင်ကြရင်းနဲ့ နောင်အနှစ်ရာချီပြီး ဆက်လက်ခြယ်မှုန်းနေကြဦးမှာကတော့ မလွဲနိုင်ပါလို့ မှတ်ယူရင်းနဲ့ နှစ်တစ်ရာပြည့် ရန်ကုန်တက္ကသိုလ်ကြီးကို ကြိုဆိုလိုက်ကြရအောင်ဗျာ။ 

ဟန်တင် (သမိုင်းကျောင်းသား)

ကိုးကား
– ကံ့ကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ်၊ ဒေါက်တာကျော်ဝင်း၊ သမိုင်းပါမောက္ခ (ငြိမ်း)၊ ခေတ်ပြတိုက်စာပေ၊ ဒီဇင်ဘာလ – ၂၀၁၇၊
– ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း – ၂၀၁၅၊ ဒေါက်တာ သန်းထိုက် (အတွင်းရေးမှူး – မဂ္ဂဇင်းကော်မတီ)၊
– ဥပဒေဒီပလိုမာသင်တန်း၊ သမိုင်းဒီပလိုမာသင်တန်း မှတ်တမ်း များ၊

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *