ငြိမ်းချမ်းရေးခရီးနှင့် ၂၀၂၀

စာဖတ်သူများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်း

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည့် နယ်ပယ်အသီးသီးနှင့်ပတ်သက်၍ စာဖတ်ပရိသတ်များ၏ စုံလင်ထွေပြားခြားနားသော အမြင်ရှုထောင့်များကို The Voice Journal တွင် သီးသန့်စာမျက်နှာ ဖွင့်လှစ်ဖော်ပြသွားမည်ဖြစ်ပါသည်။ မည်သူမဆို ဤစာမျက်နှာအတွက် ရည်သန်ရေးသားထားသော အမြင်ဆောင်းပါးများကို ဂျာနယ်တွင်ပါဝင်သော ရုံး၊ အီးမေးလ်လိပ်စာအတိုင်း ပေးပို့နိုင်ပါသည်။ ထိုသို့ ပေးပို့သောဆောင်းပါးများကို လိုအပ်ပါက မူလအာဘော်မပျက်စေဘဲ အယ်ဒီတာအဖွဲ့က ပြင်ဆင်တည်းဖြတ်မည်ဖြစ်ပါသည်။ ဤစာမျက်နှာတွင် ဖော်ပြပြီးသော ဆောင်းပါးပါအကြောင်းအရာအပေါ် အခြားတစ်ဖက်မှရှုမြင်ချက် သို့မဟုတ် သဘောထားကွဲလွဲချက်ဆိုင်ရာ အမြင်ဆောင်းပါးများကိုလည်း ရေးသားပေးပို့နိုင်ပါသည်။ ရွေးချယ်ဖော်ပြခြင်းခံရသော စာမူများကို ထိုက်သင့်သည့်စာမူခ ချီးမြှင့်ပေးပါမည်။

အယ်ဒီတာ

သမ္မတကြီး ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အဆိုပြုချက်တွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ကမ်းလှမ်းရာက အစပြုခဲ့တဲ့ ငြိမ်းချမ်းရေးခရီးလမ်းဟာ အခု ဆိုရင် ဆယ်စုနှစ်တစ်ခုနီးပါး အချိန်ကာလကို ဖြတ်သန်းကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ သည်ကာလတွေကြားမှာ အမျိုးမျိုးသော တရားဝင်အစည်းအဝေးများ၊ အဖုံဖုံသော အလွတ်သဘောတွေ့ဆုံမှုတွေနဲ့ အကြိမ်များစွာရင်းနှီးပြီးချိန်မှာတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ မှာတော့ ရွေးကောက်ခံအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့အကြားမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ သမိုင်းစဉ်တစ်လျှောက် ပြည်တွင်း၊ ပြည်ပသက်သေတွေ အသိအမှတ်ပြုမှုနဲ့ ပထမဆုံးဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အကောင်အထည်ပေါ်လာခဲ့ပါတယ်။

၂၀၁၅ အလွန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းကာလမှာလည်း ယခင်အစိုးရခင်းကျင်းခဲ့တဲ့ NCA လျှောက်လမ်းအတိုင်းပဲ ငြိမ်းချမ်းရေးခရီးဆက်ခဲ့ပြီးတော့ တာဝန်ရှိပုဂ္ဂိုလ်တချို့ နေရာပြောင်းလဲခဲ့တာကလွဲပြီး ရှေ့ဆက်ဆောင်ရွက်ခဲ့ပါတယ်။ သည့်နောက်တော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) ကို လက်ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့နဲ့ ထပ်မံချုပ်ဆိုနိုင်ခဲ့ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးတချို့ (KNU၊ RCSS) တို့ NCA လက်မှတ်ရေးထိုးရာမှာ ပါဝင်အောင် ကြိုးပမ်းအကောင်အထည်ဖော်နိုင်ခဲ့ပြီး NCA အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကိုလည်း စတင်အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အလားတူပဲ NCA သဘောတူစာချုပ်မှာပါဝင်တဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုစီးပွားရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို အစိုးရ – တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့များဖြင့်ဖွဲ့စည်းခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို အစိုးရ-တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့ အရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေအတွက် အခြေတည်ပေးနိုင်ခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရ လက်ထက်မှာတော့ NCA စာချုပ် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက နှစ်ဖွဲ့ ထပ်မံလက်မှတ် ရေးထိုးအောင် စွမ်းဆောင်နိုင်ခဲ့သလို ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီဦးဆောင်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နဲ့လည်း NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအပါအဝင် ငြိမ်းချမ်းရေးခရီး ရှေ့ဆက်နိုင်ဖို့လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းနေတာပဲဖြစ်ပါတယ်။ FPNCC ဖွဲ့စည်းထားခြင်းဟာ နိုင်ငံရေးအရ ဆွေးနွေးဖို့သာဖြစ်ပြီး စစ်ရေးအရ ဖွဲ့စည်းထားခြင်းမဟုတ်ဘူးဆိုတာကြောင့်လည်း လက်ရှိမြောက်ပိုင်းအဖွဲ့တွေနဲ့ တပ်မတော်ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ နှစ်ဖက်အဖွဲ့အကြား Bilatreal သဘောတူညီချက်သာရရှိခဲ့ရင် ရှေ့ဆက်ဖို့ ပိုမိုအဆင်ပြေချောမွေ့သွားမှာပဲဖြစ်ပါတယ်။ ထို့အတူပဲ ထာဝရငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီး ၂၁ ရာစု ပင်လုံညီလာခံတွေကို တတိယအကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီး အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအဖြစ် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၁) နဲ့ အပိုင်း (၂) ရရှိခဲ့ပြီး ကဏ္ဍစုံမှ စုစုပေါင်း အချက် ၅၁ ချက်ကို သဘောတူရရှိပြီးလည်း ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံကို စီမံအုပ်ချုပ်ခွင့်ရတဲ့ အစိုးရအဖွဲ့ရဲ့ အဓိကလုပ်ငန်းတာဝန်တွေမှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်မှုရရှိရေးနဲ့ ဒေသစုံဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ အဓိကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ သည်အချက်အလက်တွေ ဆောင်ရွက်နိုင်ဖို့အတွက် အဓိကနဲ့ အခြေခံအကျဆုံး လိုအပ်ချက်ကလည်း ငြိမ်းချမ်းရေးရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိမှသာပဲ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပဲ ၂၀၁၀ နောက်ပိုင်း အထွေထွေရွေးကောက်ပွဲတွေကနေ တစ်ဆင့် ဖွဲ့စည်းဆောင်ရွက်ခွင့်ရရှိတဲ့ အစိုးရတွေအနေနဲ့ ဦးစားပေးကဏ္ဍမှာထားရှိပြီး ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

သိရှိရမိသလောက်ဆိုရင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကာလမှာတုန်းကလည်း စတင်ဆွေးနွေးချိန်ကာလတွေမှာတုန်းက အစိုးရအဖွဲ့အတွင်းထဲမှာပင် သဘောထားတင်းမာမှု၊ နားလည်မှု လွဲမှားမှုများရှိခဲ့ပြီး သမ္မတကြီးဦးသိန်းစိန်ရဲ့ တာဝန်ခံဆောင်ရွက်မှုတွေကြောင့်သာလျှင် ရှေ့ဆက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သဘောတူညီချက်တွေရရှိရေး ဆောင်ရွက်နေတဲ့ကာလတွေမှာဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေအကြား တပ်ပေါင်းစုဖွဲ့စည်းမှုကိစ္စတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသစ်တွေ ပေါ်ပေါက်ပါဝင်လာမှုတွေနဲ့ ခေါင်းဆောင်တချို့ရဲ့ သဘောထားတင်းမာမှုတွေအကြား ငြိမ်းချမ်းရေးခရီး ရှေ့ဆက်နိုင်ဖို့ အခက်အခဲမျိုးစုံကို စိတ်ရှည်သည်းခံစွာနဲ့ ကျော်ဖြတ်ခဲ့ပြီးမှသာ NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးရထားကြီး ထွက်သွားပြီဆိုတဲ့ စကားရပ်တစ်ခုလည်း ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရထားကြီး ထွက်သွားပြီဆိုတဲ့အတွက်ကြောင့်မို့လို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် သည်ရထားပေါ်တက်ဖို့ အခွင့်အရေးရှိပါဦးမလား၊ တစ်ခရီးထဲ ငြိမ်းချမ်းရေးလမ်းကို လျှောက်နိုင်ဖို့ ဖြစ်နိုင်ပါမလားဆိုတာတွေကလည်း ပထမအကြိမ် NCA စာချုပ်နဲ့အတူ တစ်ပြိုင်ထဲပေါ်ပေါက်လာခဲ့တဲ့ ဝေဖန်အကြံပြုမှုများပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကို မီးစတစ်ဖက်၊ ရေမှုတ်တစ် ဖက်ကစားနေတဲ့ တရုတ်နိုင်ငံနဲ့ အဓိကအားဖြင့် ပတ်သက်ဆက်နွှယ်မှုရှိတဲ့ မြောက်ပိုင်းအဖွဲ့တွေ မပါဝင်ခဲ့မှုကလည်း အကြောင်းပြချက်အမျိုးမျိုးတွေအကြား ဘာကြောင့်ဆိုတဲ့ မေးခွန်းထုတ်စရာတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရကာလမှာလည်း တာဝန်ယူပြီးစ ကာလတွေကစလို့ ငြိမ်းချမ်းရေးဆောင်ရွက်မှု အောင်မြင်ရေး အတွက် နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ဖွဲ့စည်းတည်ထောင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကို NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ ညှိနှိုင်းဆွဲတင်နိုင်ခဲ့ပြီး စုစုပေါင်း NCA-Signatory EAOs အဖွဲ့ပေါင်း ၁၀ ဖွဲ့ထိ ဖြစ်လာတာရှိပါတယ်။ ဒါ့အပြင် ၂၁ ရာစုပင်လုံညီလာခံတွေကနေတစ်ဆင့် ပြည်ထောင်စုသဘောတူစာချုပ် အချက် ၅၁ ချက် ထိရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကလည်း အနာဂတ်ဒီမိုကရေစီဖက်ဒရယ်လမ်းကြောင်းအတွက် အစတည်နိုင်တဲ့ အောင်မြင်မှုပါပဲ။ ဒါပေမဲ့လည်း ကျန်ရှိလက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေထဲက အင်အားကြီး တိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်တဲ့ UWSA, NDAA နဲ့ KIA တို့ ပါဝင်လာအောင် ဆောင်ရွက်နိုင်စွမ်းမရှိသေးတာ၊ လက်မှတ်ထိုးဖို့ အသင့်နီးပါးထိဖြစ်နေတဲ့ KNPP လို အဖွဲ့အစည်းမျိုးနဲ့ ရှေ့မဆက်နိုင်သေးတာ၊ အစိုးရ-တပ်မတော်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် (MNDAA၊ TNLA၊ AA) တို့အကြား တိုက်ပွဲတွေဖြစ်လိုက်၊ ကျိုင်းတုံ-ကူမင်း ဆွေးနွေးပွဲတွေဖြစ်လိုက်နဲ့ အဖြေရှာရခက်နေတာတွေ၊ နိုင်ငံတကာရဲ့ အဓိကအာရုံစိုက်ဖိအားပေးခံနေရတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ပထမဆုံးပေါ်ပေါက်လာတဲ့ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေကလည်း အစိုးရရဲ့ ငြိမ်းချမ်းရေးခြေလှမ်းတွေကို တုံ့နှေးစေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲက ခေါင်းစည်းတစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ငြိမ်းချမ်းရေးနဲ့ ၂၁ ပင်လုံညီလာခံတွေကနေတစ်ဆင့် သွားရမလား၊ လွှတ်တော်လုပ်ငန်းစဉ်တွေကနေတစ်ဆင့် လျှောက်လှမ်းရမလား၊ ဘယ်လမ်းကြောင်းနဲ့ပဲလျှောက်လျှောက် တစ်နေရာမှာတော့ တစ်ချိန်ချိန်သွားဆုံမှာပဲဆိုတဲ့ ချိန်ဆချက်တွေနဲ့ ခေါင်းဆောင်တွေအကြားမှာလည်း ဗျာများခဲ့တဲ့ပုံ ရှိပါတယ်။

ခက်ခဲစွာကြိုးပမ်းနေရတဲ့ အချိန်အတောအတွင်းမှာ ပိုပြီး ခက်ခဲစေခဲ့တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုခရီးစဉ်တစ်လျှောက်မှာ အတက်ကြွဆုံးနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ ဦးဆောင်မှုအခန်းကဏ္ဍက အဓိကပါဝင်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုယာယီရပ်ဆိုင်းပြီး အလွတ်သဘောတွေ့ဆုံမှုများမှတစ်ဆင့်သာ ဆွေးနွေးသွားနိုင်ရေးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာပါဝင်မှု ခေတ္တရပ်ဆိုင်းခြင်းနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကလည်း ရှေ့ဆက်တိုးဖို့ ခက်နေတဲ့အခြေအနေမှာ နောက်ပြန်လှည့်သွားနိုင်သလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ တုံ့နှေးခဲ့တာပဲ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီးနှစ်ခုရဲ့ ကြေညာချက်တွေဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အကောင်အထည်ဖော်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ရှေ့ဆက်ဖို့ နည်းလမ်းနဲ့ အချိန်ရှာဖွေခဲ့ရရုံတင်မကပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆိုင်ရာ ပင်မကျောရိုးတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်အဖွဲ့ (PPST) အကြားမှာပါ ဝိဝါဒကွဲပြားစရာနဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေ ဖြစ်လာခဲ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး တင်ပြချက်အသစ်ဖြစ်တဲ့ PPCM ကိစ္စ၊ PPST ကိုဦးဆောင်မည့်သူ အပြောင်းအလဲကိစ္စတွေကလည်း အနည်းနဲ့အများတော့ စိုးရိမ်တွေးဆစရာတွေဖြစ်စေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅-၁၆ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သီးသန့်တွေ့ဆုံမှုအပြီး အောက်တိုဘာလအတွင်းမှာပဲ RCSS နဲ့ KNU ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကစလို့ ၂၀၁၈ နှစ်ကုန်ပိုင်းကာလတွေနဲ့ ၂၀၁၉ တစ်နှစ်တာကာလပတ်လုံးမှာ အလွတ်သဘောတွေ့ဆုံမှုတွေ၊ အဖွဲ့အစည်းတွင်း ပြန်လည်သုံးသပ်ရှင်းလင်းခြင်းတွေနဲ့သာ ဖြတ်သန်းခဲ့ရပြီး ငြိမ်းချမ်းရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ယုံကြည်မှုတည်ဆောက်ရေး ကိစ္စရပ်တွေကိုပင် ရရှိပြီးသားအခြေအနေထက် ယုတ်လျော့မသွားဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင်ပြန်လည်စတင်နိုင်ဖို့ နည်းလမ်းရှာဖွေမှုနဲ့သာ ကျော်လွန်ခဲ့ရတာဖြစ်ပြီး ယခု ၂၀၂၀ ဇန်နဝါရီ ၈ ရက်နေ့မှာကျင်းပမယ့် JICM အစည်းအဝေးတွေကနေ စတင်ပြီးမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေး၊ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး ၂၀၂၀ ကာလအလွန် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တည်ဆောက်နိုင်ရေးအတွက် ခိုင်မာတဲ့အခြေခံသဘောတူညီချက်တွေ ရရှိနိုင်ရေးကိုသာ အထူးအလေးထား ဆောင်ရွက်ရမယ့်အခြေအနေဖြစ်ပါတယ်။

အချိန်ကာလအားဖြင့် ၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတွက် အထွေထွေရွေးကောက်ပွဲတွေ ကျင်းပရမယ့် ကာလဖြစ်နေတာကြောင့် ၂၀၂၀ နှောင်းပိုင်းကာလတွေကျမှ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တောင်မှ လက်ရှိအာဏာရပါတီ NLD အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခွင့်ရရှိရေးကိုသာ ယခုနှစ်ရဲ့ အချိန်အပိုင်းအခြားတစ်ခုမှာ အဓိကဦးစားပေးဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိတည် တံ့ခိုင်မြဲရေးအတွက် ဘယ်လောက်ပင် အားစိုက်ဆောင်ရွက်မှုရှိပေမယ့်လည်း ရွေးကောက်ပွဲတွေမှတစ်ဆင့် ပြည်သူကတင်မြှောက်တဲ့ အစိုးရဖြစ်မှသာလျှင် သည်ခရီးလမ်းနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် ထပ်မံပါဝင်လျှောက်လှမ်းခွင့်ရမှာ ဖြစ်ခြင်းကလည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကြား ရင်ဆိုင်နေရတဲ့၊ လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွေ ဆောင်ရွက်ဖို့လည်းရှိနေတဲ့၊ တက်နေတဲ့ အညွှန်းကိန်းတွေနဲ့ လက်တွေ့ရုန်းကန်နေရတဲ့ စီးပွားရေးကဏ္ဍ အခက်အခဲတွေအကြား ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုအတွက် ကျိန်းသေပေါက် ကြိုးစားရဖို့ရှိနေတဲ့ အစိုးရတစ်ရပ်အတွက်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လောက်ပဲလိုချင်အားထည့် ဆောင်ရွက်ချင်ပေမယ့်လည်း ပေးထားချက်အခက်အခဲတွေနဲ့တော့ နှေးတစ်ချည်မြန်တစ်လှည့် ဖြစ်နေမှာ အသေအချာပါပဲ။

အလားတူပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်မှာဆိုရင်လည်း ပြည်ခိုင်ဖြိုးအစိုးရကာလနဲ့ NLD အစိုးရသက်တမ်းအကြား ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဖြည့်ဆည့်ဆောင်ရွက်ပေးမှုတွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေ ရှိနေတာဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲတွေအပြီး ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့လမ်းစဉ်နဲ့ တွေးဆမှုတွေကလည်း ယခု ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဆောင်ရွက်နိုင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ ထိရောက်နိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ၂၀၂၀ ကာလအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့အတွေးအမြင်နဲ့ ကာလတစ်ခုကြာ ရပ်တန့်နေခဲ့တဲ့ အခြေအနေတွေ၊ ပြည်ပနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လွှမ်းမိုးထားနိုင်မှု အခြေအနေတွေကိုလည်း သုံးသပ်တင်ပြသွားပါဦးမယ်။ 

 

လူသစ်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *