လစ်ဘရယ် အရင်းရှင်စနစ် အရွေ့

ဂလိုဘယ်လိုက်ဇေးရှင်း

မျက်မှောက်ခေတ် ရှင်သန်နေဆဲ သမိုင်းကာလအတွင်းမှာပင် အရေးကြီးသော အပြောင်းအလဲနှစ်ရပ်ရှိခဲ့သည်ဟု ထင်ပါသည်။

‘အရှင်းရှင်စနစ် ကမ္ဘာလွှမ်းသွားခြင်း’ နှင့် ‘အနောက်နှင့် အာရှနိုင်ငံများကြား စီးပွားရေးအင်အားချင်း ချိန်ခွင်လျှာမျှလာခြင်း’ တို့ ဖြစ်သည်။ စက်မှုတော်လှန်ရေးအပြီး ပထမဆုံးအကြိမ်အဖြစ် အာရှနိုင်ငံများ၏ ဝင်ငွေများမှာ အနောက်ဥရောပနှင့် မြောက်အမေရိကနိုင်ငံများ၏ဝင်ငွေကို အမီလိုက်လာနိုင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်က အနောက်နိုင်ငံများမှာ ကမ္ဘာ့စီးပွားရေးထွက်ကုန်၏ ၅၆ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ခဲ့ပြီး ဂျပန်အပါအဝင် အာရှနိုင်ငံများမှာ ၁၉ ရာခိုင်နှုန်းလောက်ကိုသာ ထုတ်လုပ်နိုင်ခဲ့သည်။ မျိုးဆက်သုံးခုမျှသာကြာခဲ့သော ယနေ့ကာလတွင်မူ ဆိုခဲ့ပါ အချိုးအဆမှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့လေပြီ။ အနောက်က ၃၇ ရာခိုင်နှုန်း၊ အာရှက ၄၃ ရာခိုင်နှုန်းဖြစ်သွားသည်။ ဤအတွက် ကျေးဇူးတင်ကြရမည်မှာ တရုတ်၊ အိန္ဒိယ စသော နိုင်ငံများ၏ အံ့မခန်းစီးပွားရေးတိုးတက်မှု ဖြစ်ပါသည်။

အနောက်နိုင်ငံများရှိ အရင်းရှင်စနစ်က သတင်းနှင့် ဆက်သွယ်ရေးနည်းပညာများကို မွေးထုတ်ပေးလိုက်သည်။ ထို့နောက် တစ်ဖန် အဆိုပါနည်းပညာများကပင် ၂၀ ရာစုနှောင်းပိုင်း၏ ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းသစ်တစ်ရပ်ကို အထောက်အကူပြုလိုက်ပြန်သည်။ ဤကာလမှာ အာရှနိုင်ငံများအနေနှင့် ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများနှင့် မိမိတို့ကြားရှိနေသော ကွာဟမှုကို ကျဉ်းမြောင်းလာအောင် စတင်ကြိုးပမ်းခဲ့နေသော အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ သည်လိုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းမှာ အနောက်တိုင်းစီးပွားရေးမှ ကနဦးအခြေပြုခဲ့ပြီး ပျက်သုဉ်းလုနီးပါး ဖွဲ့စည်းပုံများကို အလုံးစုံပြုပြင်ပြောင်းလဲနိုင်လိုက်ရာမှ အာရှနိုင်ငံတော်တော်များများ၏ စီးပွားရေးတိုးတက်မှုကို တွန်းတင်နိုင်ခဲ့ပါသည်။ သို့နှင့်အမျှ ကမ္ဘာလုံးအတိုင်းအတာ ဝင်ငွေကွာဟမှုမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များလောက်က ကမ္ဘာလုံး ‘ဂျီနီကိုအီးဖီးရှင့်’ မှာ ၀ ဒသမ ၇၀ ရှိခဲ့ရာမှ ယခုအခါတွင်မူ ၀ ဒသမ ၆၀ လောက်သာ ရှိတော့သည်။ အာရှနိုင်ငံများ၏ ဝင်ငွေတိုးလာသည်နှင့်အမျှ ဆက်လက်ကျဆင်းမည့်သဘောရှိပါသည်။ (ဂျီနီကိုအီးဖီးရှင့် – ဆိုသည်မှာ ဝင်ငွေခွဲဝေမှုကို တိုင်းတာသော ညွှန်ကိန်းဖြစ်ပြီး ပြည့်စုံသော ဝင်ငွေညီမျှမှုကို ]၀} (သုည) ဟု သတ်မှတ် သည်။ ပြည့်စုံသော ဝင်ငွေမညီမျှမှုကိုမူ ‘၁’ (တစ်) ဟု သတ်မှတ်ပါသည်။)

ဆိုခဲ့ပါအတိုင်း နိုင်ငံများကြား ဝင်ငွေကွာဟမှုမှာ သိသိသာသာ လျော့ပါးသွားသော်လည်း နိုင်ငံတစ်ခုချင်းအတွင်း ဝင်ငွေကွာဟမှု (အထူးသဖြင့် အနောက်နိုင်ငံများတွင်) မူ ကြီးမားလာသည်။ အမေရိကန်ပြည်ထောင်စု၏ ဂျီနီကိုအီးဖီးရှင့်ဆိုလျှင် ၁၉၇၉ ခုနှစ်က ၀ ဒသမ ၃၅ သာ ရှိခဲ့ရာမှ ယခုအခါ ၀ ဒသမ ၄၅ သို့ တက်လာသည်။ အမှန်စင်စစ် ဤသို့ဝင်ငွေကွာဟမှုတိုးပွားလာခြင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုးဆက်တစ်ရပ်ပင် ဖြစ်ပါသည်။ ဤသက်ရောက်မှုမှာ အနောက် နိုင်ငံများရှိ ဖွံ့ဖြိုးပြီး စီးပွားရေးများတွင် ပို၍ သိသာထင်ရှားသည်။ အလုပ်သမားသမဂ္ဂများ အားနည်းလာခြင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများ အခြားနိုင်ငံများသို့ ရွှေ့သွားခြင်း၊ လုပ်ခများ ရပ်တန့်နေခြင်းတို့၏ နောက်ဆက်တွဲပြဿနာများ ဖြစ်ပါသည်။

လစ်ဘရယ်မရစ်တိုခရက်တစ် အရင်းရှင်စနစ်

‘လစ်ဘရယ် မရစ်တိုခရက်တစ် အရင်းရှင်စနစ်’ မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း အသက်ဝင်လာခြင်းဖြစ်သည်။ အခြားသော မူကွဲနှစ်ရပ်နှင့် နှိုင်းယှဉ်လေ့လာခြင်းအားဖြင့် အဆိုပါစနစ်ကို အကောင်းဆုံးနားလည်နိုင်စရာ ရှိပါသည်။ ‘စံတော်ဝင်အရင်းရှင်စနစ်’ နှင့် ‘ဆိုရှယ်ဒီမိုကရက်တစ်အရင်းရှင်စနစ်’ တို့ ဖြစ်သည်။ စံတော်ဝင် အရင်းရှင်စနစ်ဆိုသည်မှာ ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းတွင် လွှမ်းမိုးခဲ့သောစနစ် ဖြစ်သည်။ ဆိုရှယ်ဒီမိုကရက်တစ် အရင်းရှင်စနစ်ကမူ ဒုတိယကမ္ဘာစစ် မှ ၁၉၈၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းထိ အနောက်ဥရောပနှင့် မြောက်အမေရိကရှိ ‘ရွှေပြည်သာနိုင်ငံများ’ ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သောစနစ် ဖြစ်ပါသည်။

၁၉ ရာစု စံတော်ဝင်အရင်းရှင်စနစ်တွင် အခွင့်အလမ်းများမှာ ပိုင်ဆိုင်မှုမှ လာပါသည်။ လစ်ဘရယ်မရစ်တိုခရက်တစ် အရင်းရှင်စနစ်တွင်ကား ဤသို့မဟုတ်။ အလုပ်မှလာခြင်းဖြစ်သည်။ လက်ရှိစနစ်ရှိ လူချမ်းသာတွေမှာ အရင်းအနှီးချမ်းသာသူများလည်း ရှိကြသလို လုပ်အားချမ်းသာသူများလည်း ရှိသည်။ သူတို့တစ်တွေမှာ သူတို့၏ဝင်ငွေကို ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်မှ ဖန်တီးထုတ်လုပ်ယူကြသည်။ ထို့ထက် သူတို့တစ်တွေမှာ သူတို့နှင့် ပညာရေးတူ၊ ဘဏ္ဍာရေးနောက်ခံခြင်း တူကြသော ဖူးစာဖက်များနှင့် အိမ်ထောင်ပြုပြီး တစ်အိုးတစ်အိမ် ထူထောင်ကြသည်။ လူမှုဗေဒပညာရှင်များက ဤအခြင်းအရာကို ‘ဘ၀တူ ကြင်ဖက်ရှာခြင်း’ ဟု ခေါ်ကြသည်။ စံတော်ဝင် အရင်းရှင်စနစ်အောက်တွင် ဝင်ငွေခွဲဝေဖြန့်ဖြူးမှု၏ ထိပ်ဆုံးတွင် ရှိနေကြသူများမှာ ငွေရှင်ကြေးရှင်တွေသာ ဖြစ်လေ့ရှိသည်။ ယခုအခါ ထိပ်ဆုံးက နေရာယူထားသူများမှာ လခကောင်းကောင်းရသော မန်နေဂျာများ၊ ဝက်ဘ်ဒီဇိုင်နာများ၊ သမားတော်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်သမားများနှင့် အခြားအီလစ်ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသည်။ ဤပုဂ္ဂိုလ်များမှာ သူတို့၏ အလွန်ကြီးမားသောလစာကို အမွေရသည်မဟုတ်၊ စုဆောင်းငွေမှ ထုတ်ယူသည်လည်း မဟုတ်။ အလုပ်ဖြင့်ရရှိခြင်းဖြစ်သည်။ သူတို့၏ ဘဏ္ဍာရေးအက်ဆက်များမှ ဆင့်ပွားယူခြင်းဖြစ်သည်။

စံတော်ဝင်အရင်းရှင်စနစ်နှင့် နှိုင်းယှဉ်လိုက်လျှင် လစ်ဘရယ် မရစ်တိုခရက်တစ် အရင်းရှင်စနစ်ရှိ လူ့အဖွဲ့အစည်းများမှာ ပို၍ တန်းတူညီမျှမှုရှိသည်ဟု ဆိုနိုင်သည်။ အမျိုးသမီးများနှင့် လူနည်းစု လူမျိုးစုများကို အလုပ်အင်အားစုထဲသို့ ဝင်နိုင်ရန် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသည်။ ထို့ထက် အထူးစိုးရိမ်ဖွယ်ကောင်းသော ဓနစုပုံမှုနှင့် အထူးအခွင့်အရေးများ၏ အဆိုးဝါးဆုံး ရုပ်ပျက်ဆင်းပျက်မှုများကို လျော့ပါးသက်သာစေရေး ကြိုးပမ်းမှုအနေနှင့် လူမှုဖူလုံရေး ထောက်ပံ့မှုများ၊ လူမှုရေးလွှဲပြောင်းမှုများကို အသုံးပြုစေသည်။ လစ်ဘရယ်မရစ်တိုခရက်တစ် အရင်းရှင်စနစ်အနေနှင့် ဤအချက်ကို သူ့ရှေ့မှသွားနှင့်သော ဆိုရှယ်ဒီမိုကရက်တစ်အရင်းရှင်စနစ်မှ အမွေရခဲ့ခြင်း ဖြစ်သည်။

ဆိုရှယ်ဒီမိုကရက်တစ် အရင်းရှင်စနစ်ပုံစံကို သမဂ္ဂများ၏ အားကောင်းသော တည်ရှိမှုနှင့် စက်မှုအလုပ်သမားကို ဗဟိုပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ဤစနစ်က ဝင်ငွေမညီမျှမှုကို အကြီးအကျယ် လျှော့ချနိုင်ရန် တာဝန်ယူခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ‘GI Bill’ နှင့် ‘၁၉၅၀ ဒက်ထရိုက်စာချုပ်’ ကာလတို့ဖြစ်သည်။ ပြင်သစ်နှင့် ဂျာမနီတွင် ဝင်ငွေတိုးတက်လာသော စီးပွားရေးစန်းပွင့်ကာလများဖြစ်သည်။ ဤစနစ်က စီးပွားရေးတိုးတက်မှုကို မျှတစွာခွဲဝေပေးသည်။ လူထုအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ရာနှင့် ငွေကုန်ကြေးကျမများလှသော ပညာရေး စသည်များကို ပိုမိုကောင်းမွန်စွာ ခံစားခွင့်ရစေသည်။ သို့ဖြင့် ပို၍များပြားသော မိသားစုများမှာ စီးပွားရေးတိုးတက်မှုလှေကားထစ်များပေါ် တက်လှမ်းလာနိုင်ခဲ့သည်။

သို့နှင့်တိုင် ဂလိုဘယ်လိုက်ဇေးရှင်း၏အောက်တွင် အလုပ်၏သဘောသဘာဝမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် လစ်ဘရယ်မရစ်တိုခရက်တစ်အရင်းရှင်စနစ်တွင် စက်မှုအလုပ်သမား လူတန်းစားမှာ ဖယ်ထုတ်ခံလိုက်ရပြီး အလုပ်သမားသမဂ္ဂများ၏အခန်းမှာလည်း အားနည်းလိုက်လာခဲ့သည်။ ၂၀ ရာစုနောက်ပိုင်းလောက်မှစ၍ စုစုပေါင်းဝင်ငွေ၏ အရင်းအနှီးဝင်ငွေဝေစုမှာ အတက်ပြလာသည်။ ဤအချက်က ဘာကိုဖော်ပြနေသနည်းဆိုလျှင် ချမ်းသာပြီးဖြစ်သော ကော်ပိုရေးရှင်းကြီးများ၏ အမြတ်နှင့်ဆိုင်သော GDP အစိတ်အပိုင်း မြင့်မားအားကောင်းလာခြင်းပင် ဖြစ်ပါသည်။ ဤတိမ်းညွတ်မှုမှာ အမေရိကန်ပြည်ထောင်စုတွင် အထူးအားကောင်းခဲ့သည်။ ဖွံ့ဖြိုးဆဲဖြစ်စေ၊ ဖွံ့ဖြိုးပြီးဖြစ်စေ အခြားနိုင်ငံတော်တော်များများတွင်လည်း ဤနည်းနှင်နှင်ပင် ဖြစ်သည်။ စုစုပေါင်းဝင်ငွေရှိ အရင်းအနှီးဝင်ငွေဝေစု မြင့်မားလာသည့်သဘောက ဘာကိုညွှန်ပြနေသနည်းဆိုလျှင် ‘အရင်းနှင့် အရင်းရှင်သည် လုပ်အားနှင့် အလုပ်သမားထက် ပို၍အရေးကြီးလာကြောင်း၊ သို့အတွက် သူတို့ (အရင်းနှင့် အရင်းရှင်) သာ စီးပွားရေးနှင့် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာကို ပိုရနေကြောင်း’ ဖော်ပြချက်ပင် ဖြစ်တော့သည်။ ထိုမျှမက ဝင်ငွေမညီမျှမှု မြင့်မားလာကြောင်း ဖော်ပြချက်လည်း ဖြစ်ပါသည်။

အနောက်မှ သရိုးသရီဇာတ်လမ်း

လက်ရှိစနစ်က ပို၍ထွေပြားသော အီလစ်များကို မွေးထုတ်ပေးသလို ဝင်ငွေမညီမျှမှုကိုလည်း ပို၍နက်ရှိုင်းပြင်းထန်စေပါသည်။ ထိုမျှမက ဆိုခဲ့ပါ မညီမျှမှုကို ဖုံးကွယ်ထားသော ဇာပုဝါကိုလည်း ‘အရည်အသွေး’ ဆိုသည်နှင့် ဖုံးကွယ်ထားကြသည်။ ယနေ့ အချမ်းသာဆုံးဆိုသောပုဂ္ဂိုလ်များက သူတို့ရရှိနေသော အဆင့်အတန်းမှာ သူတို့၏ ကောင်းမြတ်သောအလုပ်မှလာသည်ဖြစ်၍ ထိုက်တန်သည်ဟု ဆိုကြသည်။ အမှန်စင်စစ် လွန်ခဲ့သောနှစ်ပေါင်း ၄၀ အတွင်း အဆိုပါ အထက်လွှာတစ်စု ပေါ်ထွက်လာခြင်းဖြစ်သည်။ သူတို့တစ်တွေမှာ ကျန်လူ့အဖွဲ့အစည်းဝင်များနှင့် တဖြည်းဖြည်းကင်းကွာလာကြသည်။ အမေရိကမှာဆိုလျှင် အချမ်းသာဆုံးလူများ၏ ၁၀ ရာခိုင်နှုန်းက ဘဏ္ဍာရေးအက်ဆက်အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြသည်။

ဆိုခဲ့ပါ အထက်တန်းလွှာတစ်စုမှာ ပညာကောင်းကောင်းတတ်ကြသည်။ အလုပ်လုပ်ကြသူများလည်း ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းကိုမှီ၍ ‘ဂလိုဘယ်အီလစ်’ များ ဖြစ်လာကြသလို တက္ခနိုလိုဂျီအသစ်များကိုမှီ၍ ‘တက္ခနိုအီလစ်’ များ ဖြစ်လာကြသည်။ သူတို့ရရှိသော လုပ်ခလစာမှာ သာမန်လူလတ်တန်းစားထက် အဆများစွာကွာသည်။ သူတို့တစ်တွေက သူတို့၏ သားသမီးတွေကိုရော နိုင်ငံရေးတွေပါ ရင်းနှီးမြှုပ်နှံကြသည်။ သူတို့သားသမီးတွေ၏ ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် သူတို့၏ ပညာရေးနှင့် ပညာတို့ဖြင့် ဆက်စပ်နေသော အီလစ်အနေအထားကို အနာဂတ်ထိ လက်ဆင့်ကမ်းနိုင်သည်။ ရွေးကောက်ပွဲ၊ သုခမိန်အဖွဲ့၊ တက္ကသိုလ် စသော နိုင်ငံရေးတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် သူတို့၏ဩဇာအာဏာကို နောင်မျိုးဆက်သို့ ဆုံကူးပေးနိုင်သည်။ ယခင်ကဆိုလျှင် နိုင်ငံရေးမှာ လူချမ်းသာများမှလာသည်က များပါသည်။ သို့ဖြင့် နိုင်ငံရေးသမားနှင့် လူချမ်းသာများကြားတွင် အမြင်ရောအကျိုးစီးပွားပါ တူညီသည်က များသည်။ ယခု ဤအတိုင်း မဟုတ်တော့။ နိုင်ငံရေးသမားမှာ အလွှာမျိုးစုံမှလာသည်။ လူမှုလူတန်းစားနှင့် နောက်ခံခြင်းမတူကြသည်က များသည်။ ယခင်လူ့ချမ်းသာအုပ်စု နှင့် အဆက်အစပ်မရှိသလောက်ပင် ဖြစ်သည်။

လစ်ဘရယ်မရစ်တိုခရက်တစ် အရင်းရှင်စနစ်တွင် အသစ်ထွက်ပေါ်လာသော အီလစ်အလွှာမှာ လူ့အဖွဲ့အစည်းနှင့် ကင်းကွာလာရာမှ လူ့အဖွဲ့အစည်းရှိ လူလတ်တန်းစားအများစုမှာ မကျေမနပ်ဖြစ်လာကြသည်။ ဤအတွက် အဓိကတရားခံမှာ ဂလိုဘယ်လိုက်ဇေးရှင်းဟု သူတို့က ယူဆလာကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်းက လက်တစ်ဆုပ်စာ အီလစ်များနှင့် လူထုကြားတွင် ချောက်ကမ်းပါးကြီးခြားစေသည်။ ဂလိုဘယ်လိုက်ဇေးရှင်းက ဆောင်ကြဉ်းလာသော ရေကြည်ရာမြက်နုရာ ရှာဖွေသွားလာမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို အပြစ်တင်လာကြသည်။ ဤသည်ပင် အနောက်နိုင်ငံများ ခံစားနေရသော ‘သရိုးသရီ ဇာတ်လမ်း’ ဖြစ်ပါသည်။ 

 

ကျော်ဝင်း
၁၃ ဇန်နဝါရီ၊ ၂၀၂၀
စာညွှန်း – The Clash of Capitalism
(Branko Milanovic)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *