သမ္မတရှီနှင့် အပေးအယူလုပ်ခြင်း

တရုတ်သမ္မတရှီကျင်းဖျင်၏ မြန်မာခရီးစဉ်သည် မြန်မာတို့အတွက် မည့်သည့်အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်နည်း သို့မဟုတ် မြန်မာတို့ မည်သည်ကို မျှော်လင့်နိုင်ပါသနည်း။

နိုင်ငံတကာတွင် အမျိုးသားအကျိုး စီးပွားကို ဦးထိပ်ထားလာပြီးနောက်တွင် ယခုမေးခွန်းသည် မြန်မာအတွက် အရေးကြီးသည့် မေးခွန်းဖြစ်လာသည်။

တရုတ်သမ္မတခရီးစဉ်တွင် မြန်မာတို့အတွက် အကျိုးစီးပွားမည်မျှကို ဖော်ဆောင် နိုင်မည်နည်းဟူသည် မြန်မာအစိုးရ၏ ဉာဏ်ပညာ၊ အမြော်အမြင်နှင့် လုပ်ဆောင် နိုင်စွမ်းအပေါ်တွင် မူတည်လျက်ရှိပေသည်။

မည်သို့ပင်ဆိုစေ သမ္မတရှီနှင့် အပေးအယူလုပ်ခြင်းသည် မြန်မာအစိုးရ အတွက် ထင်သလောက် ရိုးရှင်းလွယ်ကူမည် မဟုတ်ပေ။

သမ္မတရှီယူလာသော သဘောတူညီမှုများ

သမ္မတရှီသည် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ဖူးသည်။ ထိုစဉ်ကမူ ဒုတိယသမ္မတအဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒုတိယသမ္မတရှီကျင်းဖျင်ကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် လက်ခံတွေ့ဆုံခဲ့သည်။

ထိုစဉ်ကမူ နှစ်နိုင်ငံအကြား စီးပွား ရေးနှင့်ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေး ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ နည်း ပညာပူးပေါင်းဆောင်ရွက်ရေး၊ စက်ပစ္စည်း ကိရိယာဝယ်ယူရေးစသည့် သဘောတူညီချက် ငါးခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘော တူညီချက် ခုနစ်ခု၊ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် သုံးခု၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသဘောတူညီချက်တစ်ခု စုစုပေါင်း နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၁၆ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ဒုတိယသမ္မတ ရှီကျင်းဖျင်သည် ထိုစဉ်ကလည်း သဘောတူညီချက်အမြောက်အမြားကို ရင်ဝယ်ပိုက်၍ ပြည်တော်ပြန်သွားခဲ့သည်။ ယခုအခါ သမ္မတအဖြစ် လာရောက်သည့် ခရီးစဉ်တွင် သမ္မတရှီသည် BRI အိပ်မက်များနှင့် သဘောတူညီချက်များကို ထမ်းပိုးလာခဲ့ပြန်သည်။

တရုတ်နိုင်ငံက ကမကထပြု လုပ်ကိုင်နေသော BRI စီမံကိန်းအောက်ရှိ CMEC တရုတ်-မြန်မာ စီးပွားရေး စင်္ကြံနှင့် အခြားသောစီမံကိန်းများသည် ယခုခရီးစဉ်၏ အဓိကသော့ချက်ဖြစ်လာ သည်။

NLDပါတီဗဟို ပြန်ကြာရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ တရုတ်သမ္မတ၏ ခရီးစဉ်တွင် အပေးအယူကိစ္စများ ဖြစ်ပေါ်လာမည်ဟု The Voice Journal သို့ မှတ်ချက်ပြုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး အစရှိသည့် နယ်စပ်ကုန်သွယ် ရေးဇုန်သုံးခု ဖော်ဆောင်ရေးနှင့် မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးတို့သည် ယခုခရီးစဉ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မည့် ကိစ္စများဖြစ်သည်ဟု ၎င်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ကမူ ကျောက်ဖြူ အထူး စီးပွားရေးဇုန်သဘောတူညီချက်၊ နယ်စပ် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျွဲနွားနှင့် ဆန်ကွဲတင်ပို့မှုဆိုင်ရာ သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးသွားနိုင်မည်ဟု မီဒီယာများသို့ ပြောဆိုထားပြီး ဖြစ်သည်။

ယခု The Voice Journal ထွက်ရှိသည့် ဇန်နဝါရီလ ၁၈ ရက်သည် သမ္မတရှီ၏ နှစ်ရက်မြောက် မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ ဇန်နဝါရီလ ၁၆ ရက် အစိုးရပိုင် သတင်းစာနှစ်စောင်တွင်မူ သမ္မတရှီကျင်းဖျင် အမည်ဖြင့် ‘နှစ်ပေါင်း ထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်’ အမည်ရ တရုတ်-မြန်မာ ချစ်ကြည်ရေးဆောင်းပါးကို ဖော်ပြခဲ့သည်။

ဆောင်းပါးပါ အဓိကအချက် ခြောက်ချက်အနက် တစ်ချက်မှာ ကျောက်ဖြူ အထူးစီးပွားရေး၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်း အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးပင်ဖြစ်သည်။

မြစ်ဆုံ နှင့် BRI

သမ္မတရှီ အလာတွင် မြစ်ဆုံစီမံကိန်း ပြန်စနိုင်ပါသလား။

သမ္မတဦးသိန်းစိန်လက်ထက်က ဆိုင်းငံ့ခဲ့သော မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အရေးကြီးသော စီမံကိန်း မဟုတ်ပါ။ အကြောင်းမှာ ယူနန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားပိုလျှံနေသောကြောင့်ဖြစ်သည်။ သို့သော်လည်း အဘယ့်ကြောင့် တရုတ်နိုင်ငံက မြစ်ဆုံ စီမံကိန်းကို လက်မလွှတ်သည်ဟု အမေးရှိလာအံ့။ နိုင်ငံရေးကြောင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အကဲဆတ်သော၊ အုပ်ချုပ်သူအစိုးရကို ခြိမ်းခြောက်နိုင်သောကိစ္စမှာ မြစ်ဆုံစီမံကိန်းဟု တရုတ်နိုင်ငံက သိရှိထားခြင်းကြောင့် ထိုစီမံကိန်းကို လက်မလွှတ်ဘဲ စွဲကိုင်ထားခြင်းပင်ဖြစ်သည်။

နောက်တစ်ချက်မှာလည်း နိုင်ငံငယ်လေးသာဖြစ်သော မြန်မာနိုင်ငံက ကမ္ဘာတွင် ရှေ့တန်းရောက်လာသော တရုတ်တို့နှင့် နိုင်ငံချင်း စာချုပ်ချုပ်ဆိုမှုကို တစ်ဖက်သတ် အလွယ်တကူ ဆိုင်းငံ့လိုက်ခြင်းမှာ နိုင်ငံတကာအလယ်တွင် တရုတ်နိုင်ငံအတွက် ခံပြင်းစရာဖြစ်သည်။ သာဓကအနေနှင့် မြစ်ဆုံကို ဆိုင်းငံ့လိုက်ခြင်းကြောင့် သမ္မတဦးသိန်းစိန်လက်ထက် နေပြည်တော် – ပေကျင်းဆက်ဆံရေးမှာ အေးစက်ခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

“တကယ်တမ်းက မြစ်ဆုံသည် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားမဟုတ်ဘူး။ အဓိကကတော့ တရုတ် အစိုးရက ကိုင်ထားတာက နံပါတ်တစ် အနေနဲ့ မြန်မာပြည်လို နိုင်ငံအသေးလေး က တရုတ်နဲ့ သဘောတူညီမှုတွေ လုပ်ထားပြီးသားကိစ္စကို လွယ်လွယ်လေးနဲ့ ဖျက်လို့ရတယ်ဆိုတဲ့ အစဉ်အလာကို တခြားနိုင်ငံတွေဆီ မရောက်သွားစေချင်လို့ပဲ” ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဆိုင်ရာ အင်စတီကျူ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက The Voice Journal သို့ ပြောကြားသည်။

“ဖိအားပေးလို့ရတဲ့ အားတစ်ခုအနေနဲ့ ကိုင်ထားတာပေါ့”

ထို့အပြင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုကို အလျှော့ပေးလိုက်ခြင်းသည် မြန်မာနိုင်ငံရှိ သဘောဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူများထံ လက်နက်ချလိုက်ရခြင်းဟု တရုတ်နိုင်ငံက မှတ်ထင်ဖွယ်ရှိသည်။ ဤသို့ဆိုပါက အနောက်နိုင်ငံ၏ ရန်ပုံငွေဖြင့် လည်ပတ်နေရသော တက်ကြွလှုပ်ရှားသူများ၊ NGOs များသည် ကွန်မြူနစ် တရုတ်နိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေး သွတ်သွင်းလာမည်ကိုလည်း တရုတ်နိုင်ငံက စိုးရိမ်လျက်ရှိပြန်သည်။ အထူးသဖြင့် အနောက်အိုင်ဒီယိုလော်ဂျီကို တရုတ်နိုင်ငံက လက်မခံလိုဘဲ ကိုယ်နည်းနှင့် ကိုယ် ဖွံ့ဖြိုးမှုဆီသို့ သွားရန်တာစူနေခြင်းလည်း ဖြစ်သည်။

“နောက်တစ်ခုကတော့ တရုတ်ဘက်က စိုးရိမ်တာက အခုအနောက်နိုင်ငံတွေက မြန်မာပြည်မှာရှိတဲ့ NGOs တွေကို ပိုက်ဆံတွေအများကြီးပေးပြီး တရုတ်ဆန့်ကျင်ရေးတွေ လုပ်ဖို့ဆိုပြီး ထောက်ပံ့ကြတာရှိတယ်။ အဲဒီဟာတွေကိုလည်း တရုတ်နိုင်ငံက စိုးရိမ်တာရှိတယ်။ အဓိက ကတော့ တရုတ်ဆန့်ကျင်ရေး ဒီမှာများလာပြီးတော့ တရုတ်နိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးတို့ ဘာတို့ ဟိုဘက် တရုတ်ပြည်ဘက်ကို လာပြီးတော့ Export အလုပ်မှာကို သူတို့က စိုးရိမ်တာ”ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူကလည်း မြစ်ဆုံစီမံကိန်းကို ကချင်တိုင်းရင်းသားများနှင့်အတူ တစ်နိုင်ငံလုံးက လက်မခံကြောင်း ဆိုသည်။

“သို့သော်လည်း မြစ်ဆုံစီမံကိန်းပြန်စဖို့၊ မစဖို့ကိုလည်း ကျွန်မအထင်ကတော့ တရုတ်သမ္မတကိုယ်တိုင် မြန်မာနိုင်ငံကို လာပြီး မစည်းရုံးနိုင်ဘူးပေါ့။ အရေးတကြီး လာပြောမယ် မထင်ပါဘူး”ဟု ၎င်းက ဆိုသည်။

ဤသို့ဆိုလျှင် တရုတ်နိုင်ငံအတွက် အသက်နှင့်အမျှ အရေးကြီးသည်မှာ OBOR ခေါ် BRI သာဖြစ်သည်။ BRI ကို တရုတ်၏ အိမ်နီးချင်း ဂျပန်နှင့် အိန္ဒိယတို့က သဘောမတူ။ သို့သော်လည်း မြန်မာမပါဘဲ တရုတ်တို့၏ BRI ရည်မှန်းချက်ပြည့်စုံမည်မဟုတ်။ တရုတ်တို့၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အိပ်မက်သည် မြန်မာကို ဖြတ်ကျော်ရမည်ဖြစ်သည်။

“တရုတ်အတွက် ပိုပြီးအရေးကြီးတာက သူ့ရဲ့မဟာဗျူဟာအကျိုးစီးပွားဖြစ်တဲ့ ဒီ BRI လို့ပြောတဲ့ တရုတ်-မြန်မာ စင်္ကြံလမ်းဖောက်ဖို့ပဲ။ ဘာလို့လဲဆိုတော့ ဒီစင်္ကြံလမ်းက မြန်မာပြည် မပါဘဲနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေ အကုန်လုံးရဖို့ အကွက်စေ့ မှာမဟုတ်ဘူး။ အဲဒီတော့ မြန်မာပြည်ပါဖို့ လိုတယ်”ဟု ဒေါက်တာ မင်းဇော်ဦး ကဆိုသည်။

ငြိမ်းချမ်းရေး အပေးအယူ

တရုတ်သမ္မတရှီသည် မြန်မာနိုင်ငံသို့ သူ လိုချင်သည့် အချက်အလက်များကို ကိုင်စွဲ၍ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရကလည်း တရုတ်သမ္မတကဲ့သို့ မိမိတို့ လိုချင်သည့် အချက်အလက်များကို သမ္မတရှီနှင့် မည်သို့ ညှိနှိုင်းမည်ဆိုသည်ကို ပြင်ဆင်ထားသင့်ပေသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကို တည်ငြိမ်မှု ရှိရန် လိုလားသည်ဟု မကြာခဏဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်က ဖော်ပြခဲ့သော သမ္မတရှီ၏ ဆောင်းပါးတွင်လည်း ယင်း အချက်ကို ဂရုတစိုက်ဖော်ပြခဲ့သည်။

“BRI တို့ အောင်မြင်ဖို့ဆိုရင် တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အထူးလိုလားတဲ့ကိစ္စဖြစ်တယ်။ ဒါမှ သူ့စီမံကိန်းတွေလည်း အဆင်ပြေမယ်ပေါ့။ မြန်မာနိုင်ငံဘက်ကလည်း လိုလားတာက ကြာလှပြီ။ နယ်စပ်ဒေသလှုပ်ရှားမှုတွေနဲ့ ဒီပြဿနာတွေကပဲ မြန်မာ့စီးပွားရေးကို ဆွဲချနေသလိုဖြစ်တာကိုး။ ပြောမယ်ဆိုရင်တော့ နယ်စပ်ဒေသတည်ငြိမ်ရေးဆိုတာ နှစ်နိုင်ငံအကျိုးစီးပွား ထပ်တူကျတဲ့ကိစ္စ ဖြစ်တယ်”ဟု မြန်မာ့နိုင်ငံရေးလေ့လာသူလည်းဖြစ်၊ မြန်မာ့အရေး အယ်ဒီတာ ဦးအေးမောင်ကျော်က ဆိုသည်။

သို့သော်လည်း တရုတ်နိုင်ငံက နယ်စပ်တည်ငြိမ်ရေးကို လိုလားသည့် ပုံစံမှာ နိုင်ငံရေးအရ အဖြေထွက်သည့် ပုံစံမဟုတ်ဟု သုံးသပ်သူများ ထောက်ပြသည်လည်းရှိသည်။

“စစ်ရေးအရ နှစ်ဖက် မတိုက်ဘဲ ဒီပုံစံအတိုင်း ပိုနေမြဲကျားနေမြဲ လုပ်နေမယ့် မော်ဒယ်လ်ကို စဉ်းစားတာ။ အဲဒီဟာက ရေရှည်မှာ ပြဿနာရှိတယ်။ ရေရှည်မှာဆို အဲဒါက ကျွန်တော်တို့တိုင်းပြည်အတွက် တိုက်ပွဲတွေ မရှိတာတောင် ရင်တထိတ်ထိတ်နဲ့ စိတ်တထင့်ထင့်နဲ့ နေသွားရမယ့် ပုံစံရှိတယ်”ဟု ဒေါက်တာ မင်းဇော်ဦး က ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုကို နိုင်ငံရေးလေ့လာသူများက သိရှိကြပြီးဖြစ်သကဲ့သို့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ အများဆုံး သုံးစွဲကြသည့် လက်နက်မှာလည်း တရုတ်နိုင်ငံထုတ် လက်နက်များဖြစ်သည်ကို အားလုံးက မျက်မြင်တွေ့ရှိပြီးဖြစ်သည်။

တစ်ဖက်တွင်လည်း သမ္မတရှီကျင်းဖျင် မြန်မာနိုင်ငံသို့မလာမီ တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်တွင် KIO ဥက္ကဋ္ဌ အင်ဘန်လ၊ AA လက်နက်ကိုင်အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် NDAA မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌတို့ကို KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် တိုက်ပွဲများမဖြစ်ပေါ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မကြာခဏပါဝင်ရေး ပြောကြားခဲ့သည်။

တရုတ်အကျိုးစီးပွားပါဝင်သော စီမံကိန်းကြီးများ၊ သဘာဝဓာတ်ငွေ့စီမံ ကိန်းကြီးများနှင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများသည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် အဓိကတည်ရှိလျက်ရှိသည်။

မြန်မာ့ပြည်တွင်းစစ်တွင် တိုင်းရင်းသားများလိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စုရရှိရေးမှာ အဓိကကျပါသည်။

တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ရရှိနေသည့် လက်နက်နှင့် ဝင်ငွေများသည် တရုတ်နိုင်ငံနှင့် ပတ်သက်လျက်ရှိပြန်သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၂၇ ရက်ကပြုလုပ်ခဲ့ သည့် ၀ ဒေသငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့်အခမ်းအနားတွင် လက်နက်များကို ထုတ်ပြခဲ့ရာ အများစုမှာ တရုတ်နိုင်ငံထုတ် လက်နက်များပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များ ကိုင်ဆောင်ရာ လက်နက်များသည် တရုတ်နိုင်ငံထုတ်ဖြစ်ခြင်းနှင့် တိုင်ရင်းသားလက်နက်ကိုင်များ၏ ဝင်ငွေမှာလည်း တရုတ်နယ်စပ်ကို ကျော်ဖြတ်၍ သယံဇာတများ တရားမဝင် တင်ပို့ခြင်းတို့နှင့် ဆက်နွှယ်၍ ရရှိခြင်းဖြစ်ရာ ယင်းအခြေအနေနှင့် ပတ်သက်ပြီး သမ္မတရှီနှင့် ညှိနှိုင်းသင့်ကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“ဒါကတော့ ဒီကိစ္စနှစ်ခုကို မြန်မာအစိုးရက ဘယ်လောက်ပြောဖို့ အာသီသရှိလဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ တစ်ဖက်ကလည်း မြန်မာအစိုးရက ဒီကိစ္စတွေကို သေချာပြောပြီဆိုရင် တရုတ်အစိုးရ လိုချင်တဲ့ စင်္ကြံလမ်းကိုလည်း ဘယ်လို မျိုးပုံစံနဲ့ မြန်မာအစိုးရက လက်ခံပေးမလဲဆိုတာကိုလည်း အစီအစဉ်ရှိဖို့ လိုတာပေါ့”

အစိုးရသည်သာ အခရာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်နိုင်ငံသို့ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ငါးကြိမ်တိတိ သွားရောက်ခဲ့သည်ကိုကြည့်လျှင် နေပြည်တော်-ပေကျင်းဆက်ဆံရေးမှာ မည်မျှနက်ရှိုင်းသည်ကို တွေ့နိုင်မည်ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် အနောက်ကမ္ဘာ၏ ဖိအားပေး ပြစ်တင်ဝေဖန်မှုများအဆုံး အစိုးရသည် အနောက်မျှော်မူဝါဒအစား အရှေ့မျှော်မူဝါဒကို ချဉ်းကပ်လာခဲ့ရာ မြန်မာနှင့် တရုတ်တို့အတွက် ပိုနီးကပ်ရန် အကြောင်းဖန်လာခဲ့ပေသည်။

အမျိုးသားအကျိုးစီးပွားအတွက် တရုတ်သမ္မတရှီကျင်းဖျင်နှင့် သာမက မည်သည့်နိုင်ငံနှင့်ညှိနှိုင်းရသည်ဖြစ်စေ အစိုးရ၏ အမြော်အမြင်နှင့် ဉာဏ်ပညာသာ အခရာဖြစ်လာသည်။

အစိုးရသည် လူထုကို ဦးဆောင်နိုင်ခြင်း၊ နိုင်ငံ့အကျိုးစီးပွားအတွက် ရေရှည်ကို မျှော်တွေးနိုင်ခြင်းနှင့် အမှန်တကယ် အကောင်အထည်ဖော်နိုင်စွမ်း ရှိခြင်းတည်းဟူသော အချက်သုံးချက်ရှိသော အစိုးရသည်သာ ပြည်သူအားကိုးထိုက်သော အစိုးရဖြစ်သည်။

မြန်မာအစိုးရသည် သမ္မတရှီနှင့် မည်သို့ အပေးအယူပြုလုပ်ကြမည်နည်း။

“ကျွန်တော်တို့က တရုတ်နဲ့ပတ် သက်လို့ရှိရင် မြန်မာအစိုးရက ဘယ်လို ချဉ်းကပ်မလဲပေါ့။ တရုတ်အစိုးရ လိုလားချက်တွေကို ဘယ်လိုဖြေရှင်းမလဲ။ တစ်ဖက်ကလည်း မြန်မာအစိုးရရဲ့ လိုလားချက်တွေကို တရုတ်က ဖြည့်ဆည်းပေးအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ တိကျတဲ့ မူဝါဒတွေတော့ ရှိဖို့လိုလိမ့်မယ်” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“အပေးအယူလုပ်တဲ့ ဟာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အစိုးရဘက်က ဘယ်လိုပုံစံနဲ့ ဘယ်လို Strategy မျိုးနဲ့ တရုတ်ကို ဆွေးနွေးမလဲဆိုတာ ကျွန်တော်တို့ သေချာမသိဘူး။ နောက်တစ်ခုက မြန်မာအစိုးရရဲ့ အားနည်းချက်က အကုန်လုံး Strategy နဲ့သွားတာထက် ဟို ငါးပွက်ရာငါးစာချတဲ့၊ ပြဿနာဖြစ်မှ လိုက်ရှင်းတဲ့ ပုံစံသွားထားတော့ သူတို့မှာလည်း အဖြေတော့ ရှိပုံ မရဘူး”

တရုတ်နိုင်ငံက CMEC အတွက် မြန်မာဘက်သို့ စီမံကိန်း ၃၈ ခု အဆိုပြုထားခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ပြုလုပ်ခဲ့သည့် BRI ညီလာခံတွင် မြန်မာဘက်က စီမံကိန်း ကိုးခုကိုသာ အတည်ပြုနိုင်ခြင်းကမူ စိတ်သက်သာဖွယ်ရာပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ အပေးအယူသည်ကား ယခုခရီးတွင် ဖြစ်ပေါ်လာမည်မှာ မုချပင်ဖြစ်သည်။ ကမ္ဘာပတ်စီးပွားရှာနေသော တရုတ်သမ္မတရှီကို မြန်မာအစိုးရ ကောင်းစွာ အပေးအယူလုပ်နိုင်မည်လော။

NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ယခုကဲ့သို့ဆိုသည်။

“တရုတ်ဘက်ကအဆိုပါပြုတဲ့ဟာရဲ့ တစ်ဝက်လောက်ပါပဲ။ ၅၀ ရာခိုင် နှုန်းလောက် သဘောတူညီမှုရရင်တောင် ကံကောင်းပါ”

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *