အာဆီယံအတွင်း ခရီးသွားဝင်ရောက်မှု မြန်မာက ဒုတိယအနည်းဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုအရေအတွက်မှာ အာဆီယံနိုင်ငံများထဲတွင် ဘရူနိုင်းနိုင်ငံပြီးလျှင် မြန်မာကအနိမ့်ဆုံးဖြစ်နေကြောင်း ASEAN Plus Three Tourism Ministers Meeting ၏ အချက်အလက်များအရ သိရသည်။

ဘရူနိုင်းနိုင်ငံ၏မြို့တော် Bandar Seri Begawan တွင် ဇန်နဝါရီ ၁၆ ရက်က ကျင်းပသော (၁၉) ကြိမ်မြောက် ASEAN Plus Three Tourism Ministers Meeting တွင်ဖော်ပြသည့်စာရင်းများအရ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု ရာခိုင်နှုန်း တိုးတက်လာသော်လည်း အရေအတွက်အားဖြင့် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ထက် နည်းပါးနေဆဲဖြစ်ကြောင်း အဆိုပါအစည်းအဝေးတက်ရောက်နေသူ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်အသင်း (ပုဂံဇုန်) ၏ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောကြားသည်။

ASEAN Plus Three International Visitor Arrivals 2018-2019 ၂၀၁၈-၂၀၁၉ စာရင်းအရ လာအိုနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၈ ခုနှစ်တွင် လေးသန်းကျော် (၄,၁၈၆,၄၃၂) ဦးမှ ၂၀၁၉ ခုနှစ်တွင် ငါးသန်းနီးပါး (၄,၇၉၁,၀၆၅) ဦး ဝင်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၄ဒသမ ၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ်တွင် ခြောက်သန်းကျော် (၆,၂၀၁,၀၇၇) ဦးမှ ၂၀၁၉ ခုနှစ်တွင် ခုနစ်သန်းနီးပါး (၆,၇၀၀,၀၀၀) ဦး ဝင်ရောက်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၀ ရာခိုင်နှုန်း ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၈ ခုနှစ်တွင် သုံးသန်းကျော် (၃,၅၅၁,၄၂၈) ဦးမှ ၂၀၁၉ ခုနှစ်တွင် လေးသန်းကျော် (၄,၃၆၄,၁၀၁) ဦး ဝင်ရောက်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိသော်လည်း အရေအတွက်အားဖြင့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံထက် နည်းပါးနေဆဲဖြစ်သည်။

“ခရီးသွားလုပ်ငန်းအတွက် သုံးတဲ့ဘတ်ဂျက်က အရမ်းနည်းလွန်းနေတယ်။ ကိုယ့်နိုင်ငံအကြောင်းကို အမှန်အတိုင်းမသိတဲ့အတွက် ကိုယ့်နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်နေတယ်၊ နှိပ်စက်တယ်ဆိုပြီး ဒါတွေကြောင့် အနောက်နိုင်ငံတွေက Ethic အရ မလာတာတွေရှိတယ်။ ဒါတွေကို အမှန်အတိုင်းပြောဖို့အတွက် Tourism မှာ ပိုက်ဆံများများထုတ်သုံးဖို့လိုတယ်” ဟု ဦးခင်အောင်ထွန်းက ပြောကြားသည်။

နိုင်ငံကို ပိုမိုသိရှိလာစေရန် Promotion Awareness လုပ်ဆောင်မှုတွင် အားနည်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနိုင်သည့် လေကြောင်းလိုင်းများမရှိခြင်း၊ အခြေခံအဆောက်အဦ လိုအပ်ချက်များရှိနေခြင်း၊ အမှိုက်ပြဿနာ၊ ရေအိမ်များ သန့်ရှင်းသပ်ရပ်မှု စသည့်ကဏ္ဍများကိုလည်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဦးခင်အောင်ထွန်း က အကြံပြုသည်။

ခရီးသွားလုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရာသီဥတုအပေါ်တွင် မူတည်နေပြီး ဘတ်ဂျက်လိုအပ်ချက်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောသည်။

“ဒီပြဿနာကို ဖြေရှင်းဖို့ သူတို့ မီဒီယာကို မီဒီယာနဲ့ တုံ့ပြန်ဖို့လိုလာပြီ။ မီဒီယာကို မီဒီယာနဲ့ တုံ့ပြန်ဖို့ဆိုတာမှာ ငွေကြေးအင်အားက လိုလာပြီ။ ဩဇာကြီးမားတဲ့ မီဒီယာတွေကို သုံးဖို့ဆိုတာက ဒေါ်လာသန်းချီသုံးစွဲမှ ရမှာလေ။ သူတို့ကိုကျော်ပြီး လွှမ်းမို့ဖို့ဆိုတာက တော်တော် ကြိုးစားရမယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်အရေးအခင်းဖြစ်ပြီးနောက်တွင် အနောက်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုမှာ ကျဆင်းသွားပြီးနောက် အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံအချို့ကို ဆိုက်ရောက်ဗီဇာနှင့် ဗီဇာကင်းလွတ်ခွင့်များပေး၍ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရန် ဆောင်ရွက်ခဲ့သည်။

“မြန်မာနိုင်ငံမှာ Type of Tourism တွေ အမျိုးအစားပိုများတယ်။ Culture နဲ့ဆိုင်တာ သွားမလား၊ ရေခဲတောင်တွေနဲ့ တောင်တန်းတွေရှိလို့ Trekking ပဲသွားမလား၊ အင်းလေးကန်လို သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ခရီးပဲသွားမလား အမျိုးအစားအစုံရှိတယ်။ ထိုင်းမှာ Trekking အတွက် တောင်တွေမရှိဘူး။ ဒါပေမဲ့ ခရီးသွားဝင်နေတာပဲ။ အဓိကတော့ ဒီနိုင်ငံမှာ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု အားနည်းချက်ကြောင့် အာဆီယံနိုင်ငံတွေကို မမီတာ” ဟု ပုဂံဧည့်လမ်းညွှန်အသင်းမှ အမှုဆောင် ကိုမြင့်နိုင်က ပြောကြားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *