မန္တလေးအစိုးရ ရရန်ရှိသည့် ကြွေးကျန် ၂၅ ဘီလီယံ

မန္တလေးတိုင်းအစိုးရအဖွဲ့တွင် ရရန်ရှိသည့် ကြွေးမြီပေါင်းမှာ ကျပ်သန်းပေါင်းနှစ်သောင်းခွဲဝန်းကျင်( ၂၅ ဘီလီယံခန့်) ရှိနေသည်။

တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ တွေ့ရှိရသည့် ကြွေးမြီများဖြစ်သည်။ ထိုကြွေးမြီများသည် မနေ့တစ်နေ့ကမှ ဖြစ်ခဲ့သည်တော့မဟုတ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ရှိခဲ့သည့် ဌာနဆိုင်ရာအသီးသီး၏ ကြွေးမြီများ ဖြစ်သည်ဟု ယင်းအစီရင်ခံစာအရ သိရသည်။

ရေခွန်ကြွေးကျန် ကိုးဘီလီယံ

ဆည်တာတမံများမှ တောင်သူများထံသို့ နွေသီးနှံစိုက်ပျိုးရန်ပေးသည့်အတွက် ကောက်ခံရရှိမည့် ရေခွန်ပေါင်း ကျပ်သန်းကိုးထောင်ကျော် (ကိုးဘီလီယံ) ကျန်ရှိနေသည်။

ဆည်ရေသောက်ဧရိယာများရှိ စိုက်ပျိုးမြေလုပ်ကိုင်သူတို့ထံမှ ကောက်ခံခြင်းမှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကျပ်သန်းပေါင်း ကိုးထောင်ကျော်(၉၁၅၆) ရှိသည်။

ရေခွန်ကြွေးကျန်ပြေစာများအရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနများတွင် ကျပ်သန်း လေးထောင့်ငါးရာကျော် (၄၅၁၅)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် ကျပ်သန်းနှစ်ထောင့်ရှစ်ရာကျော် (၂၈၇၇)၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများတွင် ကျပ်သန်း တစ်ထောင့်တစ်ရာကျော် (၁၁၃၅)၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ကျပ်သန်းခြောက်ရာကျော်(၆၁၃) အသီးသီးကောက်ခံရန်ကျန်ရှိနေခြင်းဖြစ်သည်ဟု အစီရင်ခံစာကဆိုသည်။

“တကယ်ကျတော့ အလုပ်မလုပ်ခဲ့ကြတာလေ။ တောင်သူက ရေခွန်ကို ဘယ်လောက်မှ မပေးရဘူး။ ဆည်ရေသောက်စာရင်းတွေက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဆီမှာ ရှိတယ်။ ငွေကောက်ရတာလည်း သူတို့ပဲ” ဟု မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီးဟောင်း ဦးကျော်မြင့်က ရှင်းပြသည်။

သို့သော် ဆည်ရေမသောက်ရဘဲ ရေခွန်ပေးရသည့် ပြဿနာများလည်းရှိခဲ့ပြီး အကြောင်းကြောင်းကြောင့် ကြွေးကျန်မပေးဆပ်ခြင်း၊ မတောင်းကြခြင်းကြောင့် ဘီလီယံနှင့်ချီသည့်အကြွေးများ ကျန်ရခြင်းဟု ၎င်းက ဆိုသည်။

“အဲဒီအကြွေးတွေက အစိုးရနဲ့တော့ မဆိုင်ဘူး။ သို့သော်အောက်ခြေက အလုပ်မလုပ်တာပေါ့။ သူတို့အလုပ်လုပ်ခဲ့ရင် အကြွေးကျန်စရာမရှိဘူး” ဟု ဦးကျော်မြင့် က သူ့အမြင်ကို ပြောဆိုသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများလက်ထဲရှိ ပြေစာတန်ဖိုးများထဲမှ အချို့မှာ ကောက်ခံထားရှိပြီးဖြစ်သော်လည်း ထိုအုပ်ချုပ်ရေးမှူးများ၏လက်ထဲတွင် ထားရှိခြင်း၊ ကောက်ခံရေးအဖွဲ့ဝင်အချို့ထံတွင် သိမ်းဆည်းထားခြင်း၊ ပေးသွင်းမှုမရှိသဖြင့် အုပ်ချုပ်ရေးမှူးအချို့ တရားရင်ဆိုင်နေရခြင်းများရှိသည်ဟု စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

လယ်ယာစိုက်ပျိုးရေးအတွက် ရေကို ဆည်/မြောင်းက ပေးရပြီး ငွေကောက်ခံခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လုပ်ဆောင်ခဲ့ရကြောင်း၊ ယခင်အစိုးရလက်ထက်များတွင် ဝန်ကြီးဌာနချင်း မပြေလည်ခဲ့မှုကြောင့် ကောက်ခံမည့်သူ မရှိသည့်အတွက် ရေခွန်များ မကောက်ခံနိုင်ခဲ့ဟု မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

“ဝန်ကြီးဌာနချင်း မပြေလည်တော့ ကောက်မယ့်သူမရှိတော့ဘူး။ အဲဒီတော့ ငါတို့ပဲကောက်မယ်ဆိုပြီး လယ်/ဆည်က ကောက်တဲ့အခါမှာ ဘယ်သူမှ မပေးတော့ဘူး။ မပေးတော့ ရေခွန်တွေက နစ်နာသွားတယ်” ဟု ဝန်ကြီးက ဆိုသည်။

ရေခွန်ကြွေးကျန်များ ပြန်လည်ကောက်ခံနိုင်ရန် အစိုးရတက်လာသည့် ၂၀၁၆ ခုနှစ်ကတည်းက စီစဉ်ခဲ့သော်လည်း ဥပဒေမရှိသဖြင့် မကောက်ခံနိုင်ခဲ့ပေ။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရေခွန်နှင့် တာတမံခွန်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် ရေခွန်ကောက်ခံရေးအဖွဲ့ဖြင့် ကောက်ခံခဲ့သည်။

ထွေ/အုပ်၊ လယ်/ဆည်၊ ရပ်မိရပ်ဖ၊ စိုက်ပျိုးရေးညှိနှိုင်းရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ် စသည့် လူရှစ်ဦးပါ ရေခွန်ကောက်ခံရေးအဖွဲ့ဖြင့် စနစ်တကျကောက်ခံစေခဲ့ခြင်းကြောင့် လက်ရှိတွင် ကြွေးကျန် လေးပုံတစ်ပုံခန့် ပြန်လည်ရရှိနေပြီဟု ဝန်ကြီး ဦးစိုးသန်းက ပြောသည်။

ရွှေခွန်ကြွေးကျန် ၁၂ ဘီလီယံ

မန္တလေးတိုင်းအတွင်းရှိ အသေးစားရွှေတူးဖော်လုပ်ကွက်များမှာ သပိတ်ကျင်းမြို့နယ်လုပ်ကွက် ၈၂ ခု၊ စဥ့်ကူးမြို့နယ်လုပ်ကွက် ၅၉ ခု၊ မတ္တရာ မြို့နယ်လုပ်ကွက်တစ်ခု စုစုပေါင်း လုပ်ကွက် ၁၄၂ ခု ရှိသည်။ အကြီးစားရွှေတူးဖော်လုပ်ကွက်မှာ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်သတ္တုတွင်း ဖြစ်သည်။

အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေတူးဖော်လုပ်ကွက်ကုမ္ပဏီတို့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူစာချုပ်အရ ခွဲဝေမှုမှာ တူးဖော်မှုကာလ တစ်နှစ်အတွက် နိုင်ငံတော်သို့ ၁၆ ပဲရည် ရွှေစင် ၂၄ ကျပ်သား ပေးသွင်းရမည် ဖြစ်သည်။

၂၀၁၇ မတ်လ ၃၁ ရက်နေ့အထိ အသေးစားရွှေတူးဖော်သည့် ကုမ္ပဏီများက နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်ကြွေးကျန် ၁၂၉၀ ကျပ်သားကျော် (တစ်ကျပ်သားလျှင် ၁၂ သိန်းကျော်) ရှိခဲ့ကြောင်း အစီရင်ခံစာက ပြောဆိုသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာအရ ၂၀၁၈ မတ်လ ၃၁ ရက်နေ့အထိ သပိတ်ကျင်းမြို့နယ်မှ ကုမ္ပဏီငါးခုသည် ရွှေကြွေး ကျန် ၁၄၂ ကျပ်သားကျော်၊ စဥ့်ကူးမြို့နယ်မှ ကုမ္ပဏီ ၁၀ ခုသည် ရွှေကြွေးကျန် ၈၀၀ ကျပ်သားကျော်၊ သာစည်မြို့နယ်မှ ကုမ္ပဏီတစ်ခုသည် ရွှေကြွေးကျန် ၂၆ ကျပ်သားကျော်ရှိနေသည်။

အချို့ကုမ္ပဏီများမှာ ကြွေးကျန်ကြောင့် တရားစွဲဆိုခံရပြီး အမှုမပြီးပြတ်သေးသည်များလည်းရှိသည်။ အချို့ကုမ္ပဏီများကိုမူ ကြွေးကျန်မပေးလျှင် တရားစွဲမည်ဟု အကြောင်းကြားစာ ပေးပို့ခံထားရသည်။

ရွှေခွန်သည် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်ရိုက်ပေးသွင်းရသဖြင့် တိုင်းဒေသကြီးအစိုးရဘဏ္ဍာထဲသို့ မရောက်ပေ။ သို့သော်တိုင်းဒေသကြီးအတွင်းမှ ရစရာကျန်နေသည့် အခွန်များဖြစ်၍ နိုင်ငံတော်နစ်နာလေသည်။

စက်ရုံကြွေးကျန် ဘီလီယံပေါင်းများစွာ

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်စက်ရုံ ၁၀ ခုရှိသည့်အနက် ရှစ်ခုမှာ အရှုံးပြနေသည်။ အချို့မှာ ငါးနှစ်ဆက်တိုက်အထိ ရှုံးနေခြင်းဖြစ်သည်။

လူသိများသည့် မြင်းခြံသံမဏိစက်ရုံသည် ငါးနှစ်တာအတွင်း နိုင်ငံပိုင်ငွေလေလွင့်ဆုံးရှုံးမှု အများဆုံးဖြစ်နေသည်။ စုစုပေါင်း ကျပ်သန်းပေါင်း တစ်သိန်း သုံးသောင်းကျော် ဆုံးရှုံးနေသည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

ကျောက်ဆည်မှန်စက်ရုံ၊ တောင်သာအထည်စက်ရုံ၊ ရမည်းသင်းအထည်စက်ရုံခွဲ၊ ပျော်ဘွယ်အထည်စက်ရုံ၊ မြစ်သားအထည်စက်ရုံတို့သည်လည်း ငါးနှစ်ဆက်တိုက် အရှုံးပြနေပြီး ကျပ်သန်းပေါင်း ထောင်ချီ၊ သောင်းချီ၍ နစ်နာနေသည်။

စက်ရုံခြောက်ခု၏ ငါးနှစ်တာအရှုံးအားလုံးကိုပေါင်းလျှင် ကျပ်သန်းပေါင်း သိန်းတစ်ရာကျော် ရှိသည်။

မြင်းခြံသံမဏိစက်ရုံသည် တရုတ်ချေးငွေဖြင့် တည်ဆောက်လည်ပတ်ရန် ကြံရွယ်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းမအောင်မြင်သော်လည်း ယင်းအကြွေးများကို ယနေ့အထိ ပေးဆပ်နေရဆဲဖြစ်သည်။

မြင်းခြံသံမဏိစက်ရုံတစ်ခုတည်းမှ နေ့စဉ်ပေးဆပ်ရသည့် အကြွေးအတိုးနှင့် အရင်းသည် တစ်ရက်လျှင် မြန်မာငွေ ကျပ်သိန်းငါးထောင်ခန့်ရှိသည်ဟု မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောဆိုထားသည်။

နိုင်ငံပိုင်စက်ရုံများ စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်ထားပြီး အရှုံးပြမှုသည် တိုင်းဒေသကြီးနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း တိုင်းဒေသကြီးအတွင်းရှိ နစ်နာနေသည့် အခွန်ငွေများ ဖြစ်သည်။

မန္တလေးတိုင်းအစိုးရ၏ ကြွေးကျန် ၂၅ ဘီလီယံခန့်တွင် ယခုစက်ရုံများ၏ အရှုံးများကို တွက်ချက်မထားပါ။

စည်ပင်ကြွေးကျန် လေးဘီလီယံ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရရှိမည့်ကြွေးကျန်များကို “ဘဏ္ဍာရေးနှစ်အဆက်ဆက် ကြွေးကျန်များ” ဟု စာရင်းစစ်ချုပ်က ခေါင်းစဉ်တပ်ထားသည်။

စည်ပင်သည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရပြီး ပြည်သူ့အခွန်အခဖြင့် လည်ပတ်နေရခြင်းဖြစ်သည်။ ယင်းကော်မတီ၏ ကြွေးကျန်သည် မရရှိသေးခြင်းမှာ အခွန်ထမ်းပြည်သူများအတွက် နစ်နာသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနသည် တော့ပ်လိုက်ကုမ္ပဏီထံမှ ဘိလပ်မြေဖိုး ကျပ်သုံးသန်းကျော်ကို ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်ကတည်းက ကျန်ရှိနေခြင်း၊ ကုမုဒြာ ဆောက်လုပ်ရေး ကုမ္ပဏီထံမှ ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ် မဟာမြိုင်ဈေးသစ်တည်ဆောက်ရေးစီမံကိန်းတွင် ဆိုင်ခန်းလေးခန်း သင့်ငွေပေးသွင်းရန်ကျန်ငွေ ကျပ်ရှစ်သန်း၊ PVC ပိုက်စက်ရုံ ကုန်ကြမ်း၊ ကုန်ချောဂိုဒေါင် ဆောက်လုပ်ခြင်းမှ ရရန်ကြွေးကျန် ကျပ်သုံးသန်းကျော် ကျန်ရှိနေသည်ဟု အစီရင်ခံက ဆိုသည်။

ယင်းအပြင် ဆိုင်းဘုတ်ခွန်ကြွေးကျန် စုစုပေါင်း ကျပ် ၈၃ သန်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သောင်းနှစ်ထောင်ကျော် ကျန်ရှိနေသည်။ ယင်းသည် ၂၀၀၄ ခုနှစ်ကတည်းက ကျန်ရှိနေသည့် ကြွေးမြီများ ဖြစ်သည်။

အိမ်ဆောက်မိန့်ဒဏ်ကြေးသည်လည်း ၂၀၀၁ ခုနှစ်ကတည်းက ကောက်ခံရန် ကျန်ရှိနေပြီး ရရှိရန် ဒဏ်ကြေးကြွေးကျန်ပေါင်း ကျပ်သန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော် ရှိနေသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည်လည်း မြေခွန်ကြွေးကျန် ကျပ်သန်းသုံးရာကျော်ရှိနေပြီး ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်သည်။ ကောက်ခံရန် စီမံချက်ရေးဆွဲထားသော်လည်း ကောက်ခံရရှိမှုနည်းပါးခြင်းနှင့် ကွင်းဆင်းကောက်ခံသည့် အထောက်အထားများ တင်ပြနိုင်မှုမရှိဟု စာရင်းစစ်ချုပ်က သုံးသပ်ထားသည်။

ထို့အပြင် သန့်ရှင်းရေးဌာနသည်လည်း ၂၀၀၀ ပြည့်နှစ်မှ ယခုအထိ အခွန်ကြွေးကျန်ပေါင်း ကျပ်သန်း ၂၄၀ ကျော် ရှိနေသည်။ အခွန်ဌာနသည်လည်း ပစ္စည်းခွန်ကြွေးကျန် ကျပ်သန်း ၃၂၀ ကျော်နှင့် ရေခွန်ကြွေးကျန် ကျပ်သန်း ၄၀၀ ကျော် ရှိနေသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြွေးကျန်စုစုပေါင်းသည် ကျပ်သန်းပေါင်းလေးထောင်ခန့် (လေးဘီလီယံ)နှင့် ဒေါ်လာနှစ်သောင်း နှစ်ထောင်ကျော် ရှိနေသည်ဟု စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရှိရသည်။

ဘဏ္ဍာရေးနှစ်အဆက်ဆက် ကြွေးကျန်များ စာရင်းရှင်းလင်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ညွှန်ကြားထားပြီးဖြစ်သကဲ့သို့ တိုင်းဒေသကြီးတာဝန်ရှိသူများကလည်း ကြိုးပမ်းဆောင်ရွက်နေ သည်။

“ကြွေးကျန်တွေကို မကျန်အောင်တော့ တော်တော်တောင်းခိုင်းနေတာ၊ တောင်းနေတာရှိတယ်။ အသေးစိတ် သူ့ခေါင်းစဉ်အလိုက် ဘယ်ဟာတွေတော့ရပြီ၊ ဘယ်ဟာတွေတော့ မရဘူးဆိုတာ စာရင်းတွေ ရှိပါတယ်။ သက်ဆိုင်ရာဝန်ထမ်း တွေကို အားထည့်ပြီး တောင်းခိုင်းနေပါတယ်။ တော်တော်များများလည်း ရနေပါပြီ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

စည်ပင်သာယာရေးကော်မတီအနေနှင့် အခွန်အခကောက်ခံသည့် ဝန်ထမ်းများ အပြည့်အစုံခန့်အပ်ထားလျက် ကြွေးကျန်ပြဿနာ မဖြစ်သင့်ဟု တိုင်းအစိုးရဝန်ကြီးဟောင်း ဦးကျော်မြင့်က ဝေဖန်သည်။

“နယ်မြေခံဝန်ထမ်းတွေ အလုပ်မလုပ်တာလေ။ ဘာပဲပြောပြော စည်ပင်သာယာကော်မတီမှာ တာဝန်ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

စည်ပင်သာယာရေးကော်မတီ၏ ကြွေးကျန်များကို အစိုးရသစ်တာဝန် ထမ်းဆောင်စဉ်ကတည်းက ဌာနအလိုက် ပြန်လည်တောင်းခံမှုများ ပြုလုပ်လျက်ရှိပြီး ရရှိလာလျှင် သက်ဆိုင်ရာဌာန၏ ငွေစာရင်းခေါင်းစဉ်အောက်တွင် ထည့်သွင်း အသုံးပြုကြောင်း ဦးကျော်ဆန်းမြင့်က ရှင်းပြသည်။

နိုင်ငံတော်တွင်လည်း ပြည်ပကြွေးမြီများရှိနေသဖြင့် မြန်မာနိုင်ငံသားတစ်ဦးလျှင် ငါးသိန်း၊ ဆယ်သိန်းမျိုး အကြွေးတင်နေပြီး ယင်းငွေများသည် ပြန်ဆပ်ရမည့်ငွေများဖြစ်ကာ ယခုတိုင်းအစိုးရ၏ ကြွေးမြီများသည် မိမိက ရရှိရမည့်အကြွေးများဖြစ်သည်ဟု မန္တလေးမြို့အနောက်ပိုင်းတွင်နေထိုင်သူ ဦးကျော်အောင်က ပြောသည်။

အစိုးရတစ်ရပ်သည် ကြွေးမြီ ပြဿနာရှိရမည်ဖြစ်သော်လည်း ယင်းကြွေးမြီများကို ပြန်လည်ရရှိအောင် တောင်းခံသင့်သည်ဟု ၎င်းက ဆိုသည်။

“ဒါမျိုးတွေဆိုတာ မကြားဖူးဘူးဗျ။ စာရင်းစစ်ချုပ်အစီရင်ခံစာဆိုတာလည်း ကျွန်တော်တို့လို ပြည်သူတွေ အလွယ်တကူမသိနိုင်ဘူးလေ” ဟု ဦးကျော်အောင်က ပြောဆိုသည်။

ကြွေးမြီပမာဏ ကျပ်သန်းပေါင်းနှစ်သောင်းခွဲ ( ၂၅ ဘီလီယံ) သည် စာသင်ကျောင်းများစွာ၊ ဆေးပေးခန်းပေါင်းများစွာကို တည်ဆောက်နိုင်ပြီး အမှန်တကယ်ကြွေးမြီမှာ ယင်းပမာဏထက်လည်းပိုနေနိုင်သေးသည်ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ရရှိရမည့် ကြွေးမြီများကို ပြန်လည်တောင်းခံပြီး လိုအပ်သည့်နေရာများတွင် ပြန်လည်သုံးစွဲမှုမျိုးဖြစ်သင့်သည်ဟု ဝန်ကြီးဟောင်း ဦးကျော်မြင့်က အကြံပြုသည်။

“ခင်ဗျားအိမ်မှာ ချေးထားတဲ့ ချေးငွေပြန်မရရင် မိသားစုစားဝတ်နေရေး အနှောင့်အယှက်ဖြစ်တယ်။ ဒါက မိသားစုတစ်စုတောင် ဖြစ်တာပဲလေ။ နိုင်ငံတော် တိုင်းဒေသကြီးဆို ပိုမဖြစ်နိုင်ဘူးလား” ဟု ၎င်းက ဥပမာပေး၍ပြောဆိုသည်။

ထို့ကြောင့် ကြွေးမြီများကို ရအောင်တောင်းခံရမည်ဟု ၎င်းက ဆိုသည်။ ခပ်မြန်မြန်ရရှိရန်အတွက်မူ အစိုးရအနေနှင့် “ကြွေးကျန်ရှင်းလင်းရေးကော်မတီ” ကဲ့သို့ အဖွဲ့အစည်းမျိုးဖြင့် လုပ်ဆောင်သင့်သည်ဟု ၎င်းက ဆိုလေသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *