တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်စုတစ်စည်းတည်း ပါဝင်လာနိုင်ရေး

စာဖတ်သူများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်း

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည့် နယ်ပယ်အသီးသီးနှင့်ပတ်သက်၍ စာဖတ်ပရိသတ်များ၏ စုံလင်ထွေပြားခြားနားသော အမြင်ရှုထောင့်များကို The Voice Journal တွင် သီးသန့်စာမျက်နှာ ဖွင့်လှစ်ဖော်ပြသွားမည်ဖြစ်ပါသည်။ မည်သူမဆို ဤစာမျက်နှာအတွက် ရည်သန်ရေးသားထားသော အမြင်ဆောင်းပါးများကို ဂျာနယ်တွင်ပါဝင်သော ရုံး၊ အီးမေးလ်လိပ်စာအတိုင်း ပေးပို့နိုင်ပါသည်။ ထိုသို့ ပေးပို့သောဆောင်းပါးများကို လိုအပ်ပါက မူလအာဘော်မပျက်စေဘဲ အယ်ဒီတာအဖွဲ့က ပြင်ဆင်တည်းဖြတ်မည်ဖြစ်ပါသည်။ ဤစာမျက်နှာတွင် ဖော်ပြပြီးသော ဆောင်းပါးပါအကြောင်းအရာအပေါ် အခြားတစ်ဖက်မှ ရှုမြင်ချက် သို့မဟုတ် သဘောထားကွဲလွဲချက်ဆိုင်ရာ အမြင်ဆောင်းပါးများကိုလည်း ရေးသားပေးပို့နိုင်ပါသည်။ ရွေးချယ်ဖော်ပြခြင်းခံရသော စာမူများကို ထိုက်သင့်သည့်စာမူခ ချီးမြှင့်ပေးပါမည်။

အယ်ဒီတာ

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ – ၁၆ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သီးသန့်တွေ့ဆုံမှုအပြီး အောက်တိုဘာလအတွင်းမှာပဲ RCSS နဲ့ KNU က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကစလို့ ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့ ငြိမ်းချမ်းရေးခရီးဟာ ယာယီဆိုင်းငံ့သွားခဲ့ရပါတယ်။ ယာယီဆိုသော်ငြားလည်း လွတ်လပ်ရေးရရှိပြီးချိန်ကစလို့ တစ်ပြိုင်နက်ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့နိုင်ငံ၊ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ အဓိကကျတဲ့ ဖွံ့ဖြိုးမှုရှာဖွေနေဆဲ ငြိမ်းချမ်းမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ ဟန်ချက်ညီမျှမှုအရသာကို စတင်ရရှိခါစနိုင်ငံ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ အာဏာရှင်လမ်းစဉ်အကြား ရုန်းကန်နေရတဲ့နိုင်ငံ၊ ပထဝီပေးထားချက်တွေအရ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွားတွေအကြား ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာနဲ့ သတိကြီးကြီးထားနေရတဲ့ မိမိတို့နိုင်ငံအတွက်တော့ ယာယီကလည်း ယာယီအလျောက် ဆိုင်းငံ့မှုတွေဟာ တာဝန်ရှိသူတွေအတွက်ရော၊ ပြည်သူတွေကြားမှာရော (အထူးသဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ရာဒေသတွေမှာ နေထိုင်ခဲ့ရပြီး များမကြာမီ နှစ်ပိုင်းလေးတွေအတွင်းမှာမှ အေးချမ်းမှုအရသာကို စတင်ခံစားရရှိလာသူတွေအတွက်) စိုးရိမ်စရာတစ်ခုပဲ ဖြစ်ပါတယ်။

ယုံကြည်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ဖို့ လိုအပ်နေတဲ့အချိန်မျိုး၊ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီ သွားဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွေမှာ ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက်ထိ ရရှိနေတဲ့အချိန်၊ နိုင်ငံရဲ့ အနောက်ဘက်နဲ့ အရှေ့မြောက်အရပ်တွေမှာ ကျည်သံ၊ ဗုံးသံတွေ မကြာမကြာ ကြားနေရတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ ဆိုင်းငံ့သဘောတွေဟာ ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေ အမျိုးအစားအမျိုးမျိုး ပေါ်ပေါက်လာစေပါတယ်။ ဘယ်အရာတွေက ခေတ္တရပ်ဆိုင်းသွားစေရ တာလဲ။ တကယ့်တကယ်တော့ ဒီဆိုင်းငံ့ကာလမှာ တရားဝင်အစည်းအဝေးတွေ မကျင်းပဖြစ်တာတစ်ခုကလွဲရင် တခြားစိတ်ပူပန်စရာ မငြိမ်းချမ်းတဲ့ကာလတွေကို ပြန်လှည့်မသွားဘဲ ယခု ၂၀၂၀ ဇန်နဝါရီ ၈ ရက်နေ့မှာ ပြန်လည်ကျင်းပနိုင်လာတဲ့ JICM အစည်းအဝေးနဲ့အတူ ပြန်လည်ရှေ့ဆက်နိုင်လာတာပဲ ဖြစ်ပါတယ်။ ဆိုင်းငံ့ကာလမတိုင်မီ နောက်ဆုံးအခြေအနေတွေအရဆိုရင် ခေါင်းဆောင်ကြီးတွေအကြား ပြည်ထောင်စုနိုင်ငံတော်အတွက် ဒီမိုကရေစီဖက်ဒရယ်သွားရာတံခါးပေါက်ရဲ့ နောက်ဆုံးအဓိကသော့ချက်နှစ်ခုဖြစ်တဲ့ ပြည်ထောင်စုတွင်းမှ ခွဲမထွက်ရဆိုတဲ့အချက်နဲ့ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်း တည်ထောင်ရေး ဆိုတဲ့အချက်တွေက တစ်ဖက်နဲ့ တစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ဆဲအချိန်၊ ကာလရှည် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်တော့ ရုတ်ခြည်းအခြေအနေမှာ အမျိုးမျိုးသော တွေဝေမှုနဲ့ ခက်ခဲစွာချမှတ်ရမယ့် ဆုံးဖြတ်ချက်ဆိုတာကတော့ အငြင်းပွားဖွယ်ရာမရှိတာ အသေအချာပါ။

တစ်ဖက်က တွေးကြည့်မယ်ဆိုရင် လွတ်လပ်ရေးကြိုးပမ်းနေချိန် ပင်လုံစာချုပ်ကနေအစပြုခဲ့တဲ့ တောင်တန်းပြည်မ ပေါင်းစည်းရေးအပါအဝင်၊ အမျိုးမျိုးအဖုံဖုံသောအစိုးရတွေလက်ထက် မူဝါဒတွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခေါင်းစဉ်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်ထောင်စုထီးရိပ်တစ်ခုတည်းအောက်မှာပဲ အတူတကွ တစည်းတလုံးနေထိုင်ပြီး ခွဲမထွက်ရေးဆိုတဲ့ ပူပန်ချက်အတွက် တောင်းဆိုနိုင်မှုဖြစ်သလို တခြားတစ်ဖက်အတွက်ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့နဲ့ တန်းတူညီမျှအခွင့် အရေးရရှိဖို့အတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ အခြေအနေ၊ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်အောက်မှာ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံကျကျအချက်တွေ မပါဝင်၊ မထည့်သွင်းနိုင်သေးတာတွေ၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ချိန်ကစလို့ ပင်လုံစာချုပ်နဲ့အတူ ပေါင်းစည်းပြီးသားဖြစ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်ဆဲကာလမှာ ဒီစကားစုဟာ ထည့်သွင်းဖို့ လိုအပ်မှုမရှိဘူးလို့ ယူဆချက်တွေဟာ သူ့ဘက်ကကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုးဆိုတဲ့အတိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ပြီး နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေရာကနေ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် စတင်တက်ရောက်စပြုတဲ့ နိုင်ငံအတွက်တော့ ဘယ်တစ်ဖက်ဖက်ကိုမှ အပြစ်ပြောဖို့မလိုအပ်ဘဲ နားလည်မှုပေးရမယ့် အမှန်တရားလို့ ယူဆနိုင်ပါတယ်။

တကယ်တော့လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကြား၊ အတွေးအမြင်အယူအဆကြားမှာပင် ကွဲလွဲချက်ရှိနေခဲ့ပြီး အဆင်ပြေတဲ့ အသုံးပြုမှုတစ်ခုရဖို့ ကြိုးစားနေရချိန်မျိုးမှာ ခွဲမထွက်ရဆိုတာကနေ ဆိုင်းငံ့ကာလတွေဆီ ဦးတည်သွားစေခဲ့တာမျိုးလည်း ဖြစ်ပါတယ်။ တကယ်လို့သာ သည်စကားစုအပေါ် နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူနားလည်လက်ခံတဲ့အခြေအနေကိုသာ ရရှိသွားပြီဆိုရင်လည်း ပြည်ထောင်စုနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတည်ငြိမ်မှု၊ သံသယတွေအကြားက စိတ်တထင့်ထင့် ငြိမ်းချမ်းရေးခရီးစဉ်ဟာ အောင်မြင်တဲ့အဆင့်ကို ရောက်ရှိသွားပြီဖြစ်တဲ့အတွက် ဒီအခြေအနေမျိုးဟာ အဆိုးဘက်ကနေမတွေးဘဲ ဖြစ်လာနိုင်တဲ့အခြေအနေ၊ ရင်ဆိုင်ရနိုင်တဲ့ အနေအထားတစ်ခုအနေနဲ့ လက်ခံသင့်တာပဲဖြစ်ပြီး လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက တစ်ဖွဲ့တလေသော်မျှ နောက်ပြန်လှည့်သွားတဲ့ အခြေအနေမရှိခဲ့ဘဲ အတူတကွ အမြန်ဆုံးဆက်သွားနိုင်ဖို့ ကြိုးစားနေတဲ့အဖွဲ့အစည်းတွေ၊ ခေတ္တအချိန်ယူ ပြန်လည်သုံးသပ်ပြီး ဒီကာလတွေအတွင်းမှာလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စအပါအဝင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေအားလုံးကို အေးအေးချမ်းချမ်းဖြတ်ကျော်နိုင်ခဲ့တာ၊ ယခုကျင်းပခဲ့တဲ့ JICM အစည်းအဝေးမှာ လက်မှတ်ထိုးအဖွဲ့တွေအားလုံး ပါဝင်လာနိုင်ပြီးတော့ ခေါင်းဆောင်တွေအကြားမှာ အနာဂတ်အတွက် သဘောတူညီချက်တွေချမှတ်နိုင်ခဲ့တာကိုထောက်ရင် ထာဝရငြိမ်းချမ်းရေးကြိုးပမ်းမှုခရီးမှာ ကြုံဆုံလေ့ရှိတဲ့ အခက်အခဲမျိုးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။

နောက်ထပ် အဓိကအချက်ကတော့ တစ်ခုတည်းသောတပ်မတော်ဆိုတဲ့ စကားစုအရရော ဖွဲ့စည်းတည်ဆောက်ပါဝင်ပုံအရပါ အနာဂတ်ပြည်ထောင်စုနိုင်ငံတော်အတွက် အရေးပါတဲ့အခန်းကဏ္ဍနဲ့ ပတ်သက်နေတာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာက လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့၊ တိုင်းပြည်ရဲ့ အရေးအကြီးဆုံးအချိန်တွေတိုင်းမှာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အစဉ်အလာကောင်း ၁၂ ရပ်နဲ့ အတူ ကာကွယ်စောင့်ရှောက်ခဲ့တယ်ဆိုတဲ့၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တာဝန်ထမ်းဆောင်နေတဲ့ တိုင်းပြည်ရဲ့ သမိုင်း တစ်လျှောက်မှာ ပုံရိပ်အမျိုးမျိုးနဲ့ အစိုးရတပ်မတော်ရှိနေပြီး တစ်ဖက်မှာတော့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ မိမိတို့တိုင်းရင်းသားလူမျိုးစုအလိုက် အခြေခံဖွဲ့စည်းထားတဲ့ တော်လှန်ရေးတပ်မတော် အများအပြားရှိနေတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့တဲ့ သမိုင်းကြောင်းအခြေအနေအရပ်ရပ်ကို ပြန်ကြည့်ရင်လည်း လွတ်လပ်ရေးရရှိပြီးချိန်ကစလို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းဖို့ပေါ်ပေါက်လာခဲ့ကြတာတွေရှိသလို အခြေအနေအမျိုးမျိုးကြောင့် မိခင်အဖွဲ့အစည်းကြီးကနေ ခွဲထွက်ပြီး ဖြစ်တည်လာခဲ့တာတွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီအလွန် တပ်မတော်အစိုးရလက်ထက် လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်မှုတွေကနေမှ ပုံစံအမျိုးမျိုးနဲ့ ကျန်ရှိပေါ်ပေါက်လာခဲ့တာတွေ၊ အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးမှုစားပွဲဝိုင်းတွေဆီကိုသာ မျှော်လင့်ပြီး ကြိုးပမ်းလိုပေမယ့် ဖန်တီးလာတဲ့အခြေအနေတွေအရ လက်နက်ကိုင်လမ်းစဉ်နောက်ကို လိုက်ခဲ့ရတဲ့ ကျောင်းသားတပ်မတော်အပါအဝင် အမျိုးမျိုးသော ယုံကြည်ချက်၊ ခံယူချက်တွေအကြားမှာ ကြီးမားတယ်ဆိုတဲ့ခေါင်းစဉ်ထက် ပိုပြီးကျယ်ပြန့်တဲ့ အခြေအနေတွေ ရှိနေတာပဲဖြစ်ပါတယ်။

ဒီလို မတူကွဲပြားမှုတွေကြားမှာ ဘုံသဘောတူညီချက်တွေရရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တပ်ပေါင်းစုဖွဲ့စည်းခဲ့တဲ့ သမိုင်းတွေ ရှိခဲ့ပေမယ့်လည်း အချိန်ကာလတစ်ခုခု ကျော်ဖြတ်ပြီးချိန်မျိုးမှာ တပ်ပေါင်းစုပြိုကွဲသွားတာမျိုး၊ အဖွဲ့အစည်းတွေ လျော့နည်းသွားတာကြောင့် အမည်ခံရပ်တည်ရုံလောက်သာ ကျန်ရှိနေတာမျိုး၊ အခြားတပ်ပေါင်းစု ပုံစံအသစ်ပေါ်ပေါက်လာတာမျိုးတွေကြောင့် တစ်ဖက်ကပြောလာတဲ့ တစ်ခုတည်းသောတပ်မတော်ဆိုတဲ့အကြောင်းအရာကို ရောက်ရှိတဲ့အခါ ဒီအခြေအနေကို အကောင်းဆုံးဖြတ်ကျော်နိုင်မယ့် ဘုံသဘောတူညီချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာတင်ပဲ ရှာရခက်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အားရစရာတစ်ချက်ကတော့ NCA လက်မှတ်ထိုးပြီးသားရော၊ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကုန်လုံးက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် တပ်မတော်တည်ဆောက်ရာမှာ တစ်ခုတည်းသောတပ်မတော်သာရှိရမှာကို အပြည့်အဝလက်ခံပြီး ယနေ့ကြုံတွေနေရတဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ အခက်အခဲတွေနဲ့ ပီပြင်တဲ့ဖက်ဒရယ်စနစ်ရရှိနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စတွေရှိနေချိန်မျိုးမှာတော့ ပိုမိုသေချာတဲ့အနေအထားတစ်ခု ဖန်တီးရနိုင်ခွင့်ကို စောင့်ဆိုင်းစေချင်တဲ့အမြင်မျိုးကို တွေ့ရှိရပါတယ်။

ဒါ့ကြောင့်မို့ ယခုကြုံတွေ့ခဲ့ရတဲ့ ကြန့်ကြာမှုဟာ ဖြစ်သင့်ဖြစ်ထိုက်ချိန်ကို ရောက်ရှိကြုံတွေ့ခဲ့တာဖြစ်ပြီး ဒီအခက်အခဲမျိုးကို အစိုးရနဲ့ တိုင်းရင်းသားတွေ အတူတကွ ညှိနှိုင်းကျော်ဖြတ်မှုကနေမှ ပိုမိုအားကောင်းတဲ့ ယုံကြည်မှုမျိုးနဲ့ ပိုမိုဖြောင့်ဖြူးတဲ့လမ်းကြောင်းတစ်ခုတည်းပေါ် အတူတကွရောက်ရှိသွားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်က လိုအပ်ချက်ကိုကြည့်မယ်ဆိုရင်လည်း မတူညီတဲ့အခြေပြုရာဒေသ၊ ဓလေ့ထုံးတမ်းနဲ့ စာပေယဉ်ကျေးမှုဆိုင်ရာ လူမှုရေးအခြေခံတွေကစပြီးတော့ ပတ်ဝန်းကျင် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အနေအထား၊ ဒေသတွင်း သဘာဝသယံဇာတတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် အဖွဲ့အစည်းတွေရဲ့ အဓိကထားတဲ့ နောက်ဆုံးရည်မှန်းချက် Exit Strategy နဲ့ပတ်သက်ပြီး မူဝါဒလမ်းကြောင်းတွေဟာ တပ်ပေါင်းစုတွင်းပင် မဆိုထားနဲ့ မိမိ တိုင်းရင်းသားအဖွဲ့အစည်းအတွင်းမှာပင် ကြီးမားတဲ့ထောက်ခံမှုရရှိပြီး စနစ်တကျလုပ်ဆောင်သွားနိုင်ရေးအတွက် ခက်ခဲတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ တစ်ဖွဲ့ချင်းရဲ့လိုလားချက်နဲ့ ရည်မှန်းချက်ပန်းတိုင်တွေပေါ် မူတည်ပြီး ကွဲပြားခြားနားချက်တွေ အမျိုးမျိုးရှိနေပေမယ့်လည်း တစ်ဖက်က ဆွေးနွေးဖက်အစိုးရနဲ့ တပ်မတော်ကို ပြန်လည်ဆွေးနွေးနိုင်ရေးမှာတော့ အင်အားကောင်းတဲ့ စုဖွဲ့မှုတစ်ခုတည်းပေါ် အခြေခံပြီးမှသာ ပထမအဆင့်အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ဘုံသဘောတူညီချက်ရယူပြီးတော့မှ ရှေ့ဆက်ဆွေးနွေးနိုင်ရေး၊ လိုလားချက်တွေနဲ့ ရရှိနိုင်ခြေ သဘောတူညီချက်တွေကြားမှာပဲ ခိုင်မာတဲ့နိုင်ငံရေးသဘောတူညီချက် ကတိကဝတ်တွေရရှိရေး ဆောင်ရွက်ကြိုးပမ်းရမှာဖြစ်ပါတယ်။

ဒီအခြေအနေကို မူတည်ကြည့်မယ်ဆိုရင် အစိုးရနဲ့ တပ်မတော်ဘက်က ခိုင်ခိုင်မာမာ ခံယူပြောကြားမှုတစ်ခုဖြစ်တဲ့ NCA ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ပူးတွဲပိုင်ဖြစ်တယ်၊ NCA မှာ ပါဝင်မှုတွေဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က တောင်းဆိုဆန္ဒပြုမှုတွေကို အစိုးရနဲ့ တပ်မတော်က လက်ခံသဘောတူထားမှု အများစုဖြစ်တယ်၊ NCA ဟာ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော ဘုံသဘောတူညီချက်လမ်းကြောင်းဖြစ်တယ်ဆိုတဲ့ အခြေအနေတွေကို ရှိပြီးသားပေးထားချက်တစ်ခုအနေနဲ့ လက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒီပေးထားချက်နဲ့အတူ အစိုးရနဲ့ တပ်မတော်ရဲ့ တရားဝင်အသိအမှတ်ပြုမှုကိုရယူပြီး တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေအတွက် တစ်စုတစည်းတည်းဖြစ်စေတဲ့ အင်အားစုတစ်ခုကို တည်ဆောက်ပြီးမှ မိမိတို့အတွက်အဓိကကျတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေကို ငြိမ်းချမ်းရေးစကားဝိုင်းတွေကနေတစ်ဆင့် စုပေါင်းရယူသွားနိုင်ရေးပဲ ဖြစ်ပါတယ်။ လက်ရှိရရှိပြီးသား ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက်ကို လက်ရှိ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သဘောတူ လက်မှတ်ရေးထိုးထားပြီးပြီဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ဆွေးနွေးသဘောတူနိုင်ရေး ဆောင်ရွက်ရာမှာ ပြည်ထောင်စုတစ်ဝန်းလုံးက လက်ရှိရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်စုတစည်းတည်း ပါဝင်လာနိုင်ရေး ဆောင်ရွက်ရမှာဖြစ်သလို အစိုးရနဲ့ တပ်မတော်ဘက်ကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ လားရာလိုအပ်ချက်အတွက် အားလုံးပါဝင်နိုင်ရေးကို ညှိနှိုင်းသဘောတူဆောင်ရွက်ရမှာဖြစ်ပါတယ်။

တကယ်လို့များ ၂၀၂၀ ပြည့်နှစ်ရဲ့ ကာလတစ်ခုမှာ စုဖွဲ့ပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအားလုံးသာ NCA ထီးရိပ်အောက်ကို ရောက်ရှိလာခဲ့ပြီဆိုရင် ဒီအခြေအနေဟာ အစိုးရနဲ့ တပ်မတော်အတွက် ကျေနပ်ဂုဏ်ယူနိုင်စရာအခြေအနေတစ်ခုဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း မိမိတို့ ရည်မှန်းချက်များအတွက် ညှိနှိုင်းဆွေးနွေးရာမှာ ပိုမိုအားကောင်းခိုင်မာတဲ့ စုဖွဲ့မှုကနေတစ်ဆင့် ရရှိပြီးသားအခြေအနေတွေကို ပိုမိုကောင်းမွန်လာစေတာမျိုး၊ လိုလားချက်အကုန်လုံး မဖြစ်နိုင်ရင်တောင် မိမိတို့ကိုယ်စားပြု တိုင်းရင်းသားလူမျိုးစုတွေနဲ့ အနာဂတ်ပြည်ထောင်စုနိုင်ငံတော်အတွက် ထည့်သွင်းလိုတဲ့ အရေးကြီးအချက်တွေကို ထည့်သွင်းနိုင်ခွင့် မျှော်လင့်ဆောင်ရွက်နိုင်တာမျိုးပဲ ဖြစ်ပါတယ်။

ယခုဆိုရင်လည်း အဋ္ဌမအကြိမ်မြောက်ကျင်းပခဲ့တဲ့ JICM အစည်းအဝေးရဲ့ သဘောတူညီချက်ရှစ်ချက်နဲ့အတူ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေ ပြန်လည်အသက်ဝင်လာပြီဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပိုမိုခိုင်မာတဲ့လမ်းကြောင်းအတွက် နှစ်ဖက်အဖွဲ့တွေအကြား ပေါင်းစပ်ညှိနှိုင်းမှုတွေ ပိုမိုကောင်းမွန်လာမလား၊ ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားလိုအပ်ချက်တွေကြားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုရှေ့ဆက်နိုင်မလဲဆိုတာတွေကို ဆက်လက်ဆွေးနွေးသွားပါဦးမယ်။ 

လူသစ်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *