မြန်မာကို လှန့်နေသည့် တရုတ်ကိုရိုနာဗိုင်းရပ်စ်

တရုတ်ခရီးသွား ခြောက်သောင်းကျော် လစဉ်ပျှမ်းမျှဝင်ရောက်နေသော မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ ဝူဟန်မြို့မှအစပြုသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရတက်မအေးစရာ ဖြစ်လာရပြန်သည်။

ပို၍ စိုးရိမ်ရသည်မှာ မကြာခင် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပတော့မည်ဖြစ်ရာ နိုင်ငံအသီးသီးတွင် တရုတ်ခရီးသွားများ အသွားအလာများသလို မြန်မာနိုင်ငံသို့လည်း ဝင်ရောက်မှုရှိနေသည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်ခရီးသွားများကို ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုထားခြင်းကြောင့် တရုတ် ခရီးသွားများစွာမှာ လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်လျက်ရှိသည်။ ထို့အပြင် ရေဆိပ်နှင့် နယ်စပ်ဂိတ်များမှတစ်ဆင့်လည်း ဝင်ရောက်လျက်ရှိသည်။

လတ်တလော ဗိုင်းရပ်စ်ကူးစက်မှုမှာလည်း တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင်သာမက အမေရိကန်ပြည်ထောင်စုအထိ ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်လာသည်။ ကာကွယ်မှုအားကောင်းသည့် ယင်းသို့ နိုင်ငံများတွင်ပါ ကူးစက်ပျံ့နှံ့နေပြီဖြစ်ရာ မြန်မာနိုင်ငံအနေနှင့်လည်း စိုးရိမ်ထိတ်လန့်စရာပင်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထိုဗိုင်းရပ်စ်ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern – PHEIC) အဖြစ် ကြေညာရန် သင့်၊ မသင့်ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ ဆွေးနွေးနေပြီဖြစ်သည်။

ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုသည်လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံအထိရောက်ရှိလာခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံက အသင့်ကာကွယ်နိုင်ရန် အရေးကြီးသလို အထူးသတိပြု စောင့် ကြည့်နေရသည့် အခြေ အနေဖြစ်လာသည်။

“သံသယလူနာကတော့ အခုထိ မရှိသေးဘူး။ လေဆိပ်တွေ၊ ရေဆိပ်တွေနဲ့ နယ်စပ်ဂိတ်တွေမှာ စောင့်ကြည့်စစ်ဆေးနေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဇန်နဝါရီလ ၂၃ ရက်နေ့က The Voice Journal သို့ ပြောကြားသည်။

ဗိုင်းရပ်စ် ဇာစ်မြစ်

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု စတင်ခဲ့သည့် နေရာမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ သားငါး နှင့် ပင်လယ်စာ လက်ကားဈေးမှဟူသည့် ကနဦးစစ်ဆေးချက်များကို တရုတ်နိုင်ငံရှိ ကျန်းမာရေးအာဏာပိုင်များက တွေ့ရှိခဲ့သည်။

ဝူဟန်မြို့တွင် ဒီဇင်ဘာလ ၁၂ ရက် ကစ၍ ဖျားခြင်းနှင့် အသက်ရှူရခက်ခဲခြင်း ရောဂါလက္ခဏာများကို ခံစားရသည့် လူနာတစ်ဦးတွေ့ရှိခဲ့ရပြီးနောက် အဆုတ်ရောင်ရောဂါတစ်မျိုး အစုလိုက် စတင်ဖြစ်ပွားခဲ့သည်။ ရောဂါခံစားရသူ လူနာအများစုမှာ ဝူဟန်မြို့ရှိ သားငါးနှင့် ပင်လယ်စာလက်ကားဈေးနှင့် ထိတွေ့ခဲ့သူများ ဖြစ်သဖြင့် အာဏာပိုင်များက ထိုဈေးကို ပိတ်သိမ်းခဲ့သည်။

ရောဂါကူးစက်ခံရသူများအနက် ဝူဟန်မြို့တွင်နေထိုင်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီလ ၉ ရက်တွင် သေဆုံးခဲ့ပြီး ၁၅ ရက်နေ့တွင် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့သည်။ သေဆုံးမှုများ ဆက်တိုက်ဖြစ်လာရာ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ၁၇ ဦးရှိနေကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင်လည်း ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဝူဟန်မြို့မှ လာရောက်သူ အသက် ၆၁ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးတွင် သံသယရောဂါလက္ခဏာကို တွေ့ရှိခဲ့ပြီး ထို့အတူ ဝူဟန်မြို့မှ ဂျပန်နိုင်ငံသို့ ပြန်လာသော အမျိုးသားခရီးသည် တစ်ဦးတွင်လည်း တွေ့ရှိခဲ့ရသည်။ ဗီယက်နမ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ နှစ်ဦး ရှိလာသည်။ တောင်ကိုရီးယားနှင့် အမေရိကသို့လည်း ကူးစက်ပျံ့နှံ့လာခဲ့ပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ဆိုသည်မှာ အဘယ်နည်း။

ဝူဟန် အခြေအနေ

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဝူဟန်မြို့တွင် လတ်တလော 2019 Novel Coronavirus (2019-nCoV) ကို ခံစားနေရသူ ၅၇၁ ဦးရှိနေပြီး သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၏ သတင်းမီဒီယာတစ်ခုဖြစ်သော South China Morning Post တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် လေးဦး၊ ဟောင်ကောင်တွင် နှစ်ဦး၊ မကာအိုတွင် နှစ်ဦး၊ ဗီယက်နမ်တွင် နှစ်ဦး၊ ထိုင်ဝမ်တွင် တစ်ဦး၊ တောင်ကိုရီးယားတွင် တစ်ဦး၊ ဂျပန်နိုင်ငံတွင် တစ်ဦးနှင့် အမေရိကန်ပြည်ထောင်စုတွင် တစ်ဦး ရောဂါခံစားနေရပြီဖြစ်သည်။

ဝူဟန်မြို့တွင်လည်း ခရီးသွားလာခွင့်များကို ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်သလို ဝူဟန်မြို့ရှိ သင်တန်းကျောင်းများတွင်လည်း အဆောင်ပြင်ပသို့ မထွက်ရန် သတိပေးချက်များ ထုတ်ထားကြောင်း ဝူဟန်မြို့ရောက် မြန်မာကျောင်းသား တစ်ဦးက လက်ရှိအခြေအနေကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဝူဟန်မြို့သို့ ပျံသန်းပြေးဆွဲနေသည့် စင်ကာပူ၊ ထိုင်ဝမ်နှင့် မလေးရှားလေကြောင်လိုင်းများမှာလည်း ဇန်နဝါရီလ ၂၃ ရက်တွင် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ကြောင်း သတင်းမီဒီယာများက ဖော်ပြထားကြသည်။ ခရီးစဉ်များကိုပါ ဖျက်သိမ်းလာရသည်အထိ အရေးကြီးလာပြီဖြစ်သော ထိုဗိုင်းရပ်စ်မှာ မည်သို့စတင်ခဲ့သနည်း။

ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်မှာ တိရစ္ဆာန်များတွင် အဓိကကူးစက်လေ့ရှိပြီး လူမှ လူသို့ ကူးစက်နိုင်ခြေနည်းပါးကာ အချို့ဗိုင်းရပ်စ်များမှာ ကူးစက်နိုင်ခြေရှိကြောင်း သတိပေးချက်များတွင်ပါဝင်သည်။

လူမှ လူသို့ကူးစက်ကြောင်း အထောက်အထားအချို့တွေ့ရှိ ထားသော်လည်း WHO က ကြေညာခြင်း မရှိသေးကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

“အခုထက်ထိ WHO အနေနဲ့ကတော့ လူကနေ လူကို ကူးစက်တယ်ဆိုတဲ့ အထောက်အထားအချို့တော့ တွေ့ရှိထားပြီဖြစ်တယ်။ ဒီရောဂါသည် လူကနေ လူကို ကူးစက်တယ်လို့ ပြောနိုင်ဖို့အတွက် သိသာထင်ရှား မြင်သာတဲ့ အထောက် အထားတွေ ထပ်ရဖို့ လိုအပ်နေသေးတယ်” ဟု ၎င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီး မျိုးစိတ်များစွာရှိနေကာ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်၍ သာမန်အအေးမိခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်လေ့ရှိပြီး ရောဂါပြင်းထန်လျှင် အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါနှင့် မားစ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးမှုဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်မတိုင်ခင်က ဆင်တူသည့် ကူးစက်ရောဂါများလည်း ဖြစ်ဖူးသည်။၂၀၀၂ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဆားစ် (SARS) ရောဂါဖြစ်ပွားခဲ့ဖူးပြီး ထိုရောဂါသည် ကြောင်ကတိုးများ (Civet Cats) များမှတစ်ဆင့် လူသို့ ကူးစက်ဖြစ်ပွားခြင်းဖြစ်ကာ MARS (မားစ်) ရောဂါသည်လည်း ဆော်ဒီအာရေဗျတွင် ၂၀၁၂ ခုနှစ်က ကုလားအုတ်များ (Camels) မှတစ်ဆင့် လူသို့ ကူးစက်ခဲ့ခြင်း ဖြစ်သည်။

“ဒီ ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၀၃ က ဖြစ်ခဲ့တဲ့ ဆားစ်နဲ့တော့ ဆင်တယ်။ ဒါပေမဲ့ မတူပါဘူး။ အလွယ်တကူ ဖမ်းလို့ မရဘူး။ Flu (တုပ်ကွေး) လို မဟုတ်ဘူး။ Influenza က ကျတော့ ပိုပြီး လွယ်လွယ်ပျံ့နှံ့နိုင်တယ်။ လွယ်လွယ်ဖမ်းနိုင်တယ်။ အခု ကိုရိုနာဗိုင်းရပ်စ်ကတော့ အဲဒီလို မဟုတ်ဘူး။ ဆားစ်တို့၊ မားစ်တို့လိုပဲ ဖမ်းရခက်တယ်။ ကူးစက်မှုကလည်း flu (တုပ်ကွေး) ထက် နည်းတယ်လို့ ယူဆရပါတယ်” ဟု WHO ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ပြောကြားသည်။

လတ်တလောတွင် မည်သည့်အတွက်ကြောင့် ဖြစ်ပွားသည်ကို WHO က လေ့လာနေသော်လည်း အတိအကျ မသိရှိရသေးသလို ထိုဗိုင်းရပ်စ်ကို ကာကွယ်ကုသရန်လည်း ဆေးမရှိသေးကြောင်း Dr. Stephan Paul Jost က ပြောကြားသည်။

South China Morning Post က တရုတ်မြွေဟောက်များထံမှ ကူးစက်သည်ဟုလည်း ဇန်နဝါရီလ ၂၃ ရက်က ဖော်ပြထားသည်။ မည်သည့်နေရာမှစ၍ ကူးစက်သည်ဆိုသည်မှာ အရေးကြီးသလို လူ့အသက်များကို အချိန်မီ ကာကွယ်ရန်လည်း အရေးကြီးလာပြီဖြစ်သည်။

ဆောင်ရန်၊ ရှောင်ရန်

ထို့ကြောင့် ထိုဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာမှ ကျန်းမာရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ဆောင်ရန်၊ ရှောင်ရန် အချက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်လျက်ရှိသည်။

စင်ကာပူနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့၏ စင်ကာပူနိုင်ငံသားများအား ဝူဟန်မြို့သို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ရန် သတိပေးထားပြီး မဖြစ်မနေသွားရောက်ရမည်ဆိုပါကလည်း ၎င်းတို့ ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုရန် တိုက်တွန်းထားသည်။

လိုက်နာရမည့် တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ အလေ့အထများကိုလည်း ၎င်းတို့က ထုတ်ပြန်ထားသည်။ တိရစ္ဆာန်များ အထူးသဖြင့် ကြက်နှင့် ငှက်များအနီး မနေရန်၊ အစိမ်းစားခြင်းနှင့် မကျက်တကျက်စားခြင်းကို ရှောင်ကြဉ်ရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ ချောင်းဆိုး နှာချေလျှင် နှာခေါင်းစည်းကို အသုံးပြုရန်၊ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ထားရန်နှင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ခံစားရလျှင် ဆရာဝန်နှင့် သွားရောက်ပြသရန် သတိပေးထားသည်။

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကို ဝတ်ဆင်ရုံဖြင့် ရောဂါကူးစက်မှုကို ကာကွယ်ရန် လုံလောက်ပြီး N95 နှာခေါင်းစည်းအထိ မလိုအပ်ကြောင်းလည်း စင်ကာပူနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုကြောင်း The Straits Times ၏ သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်လည်း ဝူဟန်မြို့တွင် ဗိုင်းရပ်စ်စတင်ကူးစက် ပျံ့ပွားပြီးနောက်တွင် သတိပေးချက်များ ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။

ရောဂါပိုးကူးစက်မခံရစေရန် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူထူထပ်သောနေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ လူနာနှင့် ထိတွေ့သော အရာဝတ္ထုများအား အသုံးပြုကိုင်တွယ်ပြီး တိုင်းနှင့် လူနာနှင့် တိုက်ရိုက် ထိတွေ့ပြီးတိုင်း စနစ်တကျ လက်ဆေးရန် သတိပေးထားသည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်းများအနေနှင့် လူနာအား ထိတွေ့ကိုင်တွယ်ရသည့် အချိန်တိုင်း မိမိကိုယ်ကိုယ် ရောဂါပိုးကူးစက်ခံရခြင်း မရှိစေရန် ရောဂါတားဆီးကာကွယ်ခြင်းကို အထူးဂရုပြုလိုက်နာရန်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ လေကြောင်းခရီးမှတစ်ဆင့် ဝင်ရောက်လာသော ပြည်တွင်း၊ ပြည်ပခရီးသွားများအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာအကြံပေးချက်ကို လိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံအတွင်းကူးစက်မှုကို ကာကွယ်နိုင်ရန် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအားလုံး အထူးသဖြင့် ဝူဟန်ခရီးသွားများနှင့် အဓိကထား၍ လေဆိပ်များဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်လေဆိပ်တို့တွင် Thermal Scanner စက်များနှင့် ဖျားနာခြင်း ရှိ၊ မရှိ စစ်ဆေးလျက်ရှိသည်။

နယ်စပ်ဂိတ်များဖြစ်သော တာချီလိတ်နှင့် မြ၀တီဂိတ်တို့တွင်လည်း ဖျားနာခြင်း ရှိ၊ မရှိကို Non-Contact Thermometer များနှင့် စစ်ဆေးနေပြီး မူဆယ်မြို့တွင်လည်း Thermal Scanner စက်ဖြင့် စစ်ဆေးလျက်ရှိသည်။ ဖျားနာခြင်း ရှိမရှိ စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“တိရစ္ဆာန်ကနေ ဖြစ်တယ်လို့ အခု လောလောဆယ်ပြောတဲ့အတွက် တိရစ္ဆာန်တွေနဲ့ အကာအကွယ်မပါဘဲ ထိတွေ့ခြင်းကို ရှောင်ရမယ်။ လက်ကို ဆပ်ပြာနဲ့ မကြာ ခဏဆေးရမယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူမယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားရမယ်။ ဌာနက ထုတ်ပြန်တဲ့ သတိပေးချက်တွေကို လိုက်နာမယ်ဆိုရင် ကာကွယ်နိုင်မှာပါ” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

သို့သော် သတိပေးထုတ်ပြန်ချက်များမှာ အမှန်တကယ်ပြည်သူဆီသို့ ရောက်ရှိခြင်း၊ မရှိခြင်း လိုက်နာခြင်းရှိ၊ မရှိ ဆိုသည်မှာ မသိရှိနိုင်သလို ဘက်စုံ ထောင့်စုံမှ ယိုယွင်းနေဆဲ မြန်မာနိုင်ငံအတွက် အလျင်အမြန် ကူးစက်ပျံ့နှံ့လွယ်သော ရောဂါကူးစက်မှုများအတွက် တားဆီးကာကွယ်ရန် ကိုင်တွယ်မှုနှောင့်နှေးကြောင်း ဝေဖန်မှုများကလည်း ရှိလေသည်။

“ကျွန်တော့်အမြင်အရပြောရရင် ခုချိန်ထိ အစိုးရသတိပေးစာတွေ မဖတ်ရသေးပါဘူး။ Social Media ပေါ်မှာ တွေ့တာလေးတွေနဲ့ ဘာလုပ်ရမှန်း ခုထိ မဆုံးဖြတ်ရသေးဘူး။ စင်ကာပူမှာနေတဲ့ အသိတစ်ယောက် စာရေးတင်ထားတာ တွေ့တာ။ သူကတော့ စင်ကာပူအစိုးရရဲ့ Action ယူတဲ့ကိစ္စကို မြန်မာနဲ့နှိုင်းယှဉ်ပြီးတော့ ပြောထားတာပေါ့နော်။ ချက်ချင်း လုပ်ဆောင်ရမယ့်ကိစ္စတွေလုပ်တာ မြန်ဆန်တယ်။ ဘာပဲဖြစ်လာဖြစ်လာ အဆင်သင့်ဖြစ်နေတဲ့ သဘောပေါ့နော်” ဟု သုဝဏ္ဏမြို့တွင် နေထိုင်သူ ပုဂ္ဂလိက ကျောင်းဆရာ ကိုအောင်ချမ်းသာက ပြောဆိုသည်။

ပြီးခဲ့သည့် မိုးရာသီကာလတစ်လျှောက်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး (H1N1) ရောဂါနှင့်ပင် လူဦးရေ တစ်ရာကျော်အထိ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ထို့အတူ ဆင်တုပ်ကွေးဆိုသည့် ခြင်ကြောင့်ဖြစ်သည့် တုပ်ကွေးရောဂါကိုလည်း ပြည်သူများ အလူးအလဲခံစားခဲ့ရသည်။

“ကျွန်တော်လည်း ဘယ်လို ကာ ကွယ်ရမလဲခုထိ မသိသေးပါဘူး။ အကောင်းဆုံးကတော့ မလိုအပ်ဘဲ လူကြားထဲ မသွားကြပါနဲ့။ သွားဖြစ်ရင်လည်း Mask ဆိုဟာမျိုးတွေ တပ်ဆင်သင့်တယ်။ အချိန်မှန်အိပ်၊ အချိန်မှန်စား အားရှိအောင်နေတာဟာ ရောဂါကို ခုခံနိုင်မယ်လို့ ယူဆပါတယ်” ဟု ဆရာကိုအောင်ချမ်းသာက အကြံပြုသည်။

ပြည်သူများအနေနှင့် H1N1ကဲ့သို့ ကြောက်ရွံ့စရာအဖြစ် မမြင်ကြသေးသလို လှုပ်လှုပ်ရှားရှားမဖြစ်သေးရွေ့ နှာခေါင်းစည်တပ် သွားလာသူများပင် ယနေ့အထိ ရှားပါးနေသေးသည် မဟုတ်လော။

မည်သို့ပင်ဆိုစေကာမူ တရုတ်ခရီးသွားဝင်ရောက်မှုလည်း ရှိထားပြီး လက်ရှိတွင်လည်း ရောဂါခံစားလာရသည့် အိမ်နီးချင်းနိုင်ငံများမှာ ခပ်စိပ်စိပ်ဖြစ်လာခဲ့ရာ မြန်မာနိုင်ငံအတွက် စိုးရိမ်မှုပိုစေခဲ့သလို ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများအပေါ်လည်း ပိုမိုအားစိုက်လုပ်ဆောင်ရမည် မဟုတ်ပါလော။

WHO ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost ကလည်း အရေးအကြီးဆုံးနှင့် အလွယ်ကူဆုံး ကာကွယ်နည်းဖြစ်သော လက်ဆေးခြင်းအလေ့အထကို ပြုလုပ်ပေးရန် သတိပေးစကား ပြောကြားသည်။

“ဆားစ်တို့၊ မားစ်တို့၊ ကိုရိုနာဗိုင်း ရပ်စ်တို့ကို ကာကွယ်ရမယ့် နည်းလမ်းတွေက အတူတူပါပဲ။ လက်ဆေးတာ၊ အာဟာရ ပြည့်ဝစွာစားသုံးတာ၊ အိပ်ရေးဝအောင် အိပ်တာတွေကို ပုံမှန်လုပ်ရမှာပါ” ဟု ၎င်းက အကြံပြုသည်။

မေသက်ဇက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *