တရုတ်ပုံစံ အရင်းရှင်စနစ် သို့မဟုတ် နိုင်ငံရေး အရင်းရှင်စနစ်

ကွန်မြူနစ်မှ အရင်းရှင်သို့

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ပတ်သက်လျှင် အရှေ့နှင့် အနောက် သဘောထားခံယူပုံချင်း မတူကြပါ။ အရှေ့က အနောက်လို အဆိုးမမြင်၊ အကောင်းမြင်သည်။ ဥပမာ – ဗီယက်နမ်တွင် လူဦးရေ၏ ၉၁ ရာခိုင်နှုန်းက ‘ဂလိုဘယ်လိုက်ဇေးရှင်း’ မှာ ကောင်းမြတ်မှုကို ဦးတည်သောအင်အားစု’ ဟု မြင်ကြသည်ဟု ဆိုသည်။ ထို့ထက် ထေ့ငေါ့သရော်ချင်စရာကောင်းသော အချက်တစ်ခုလည်း ရှိပါသေးသည်။ တရုတ်လို၊ ဗီယက်နမ်လိုနိုင်ငံမျိုးတွင် အရင်းရှင်စနစ် အသွင်ကူးပြောင်းရေးအတွက် အခြေခံအုတ်မြစ်ကို ခင်းပေးလိုက်သည်မှာ ကွန်မြူနစ်စနစ်ကိုယ်တိုင်ပင်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီမှာ နိုင်ငံခြားလွှမ်းမိုးမှုကို ဆန့်ကျင်သော ‘အမျိုးသားတော်လှန်ရေး’ နှင့် မြေရှင်ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သော ‘လူမှုတော်လှန်ရေး’ တို့ကို ဆင်နွှဲပြီး ၁၉၄၉ ခုနှစ်တွင် အာဏာရလာပါသည်။ ဤတော်လှန်ရေးနှစ်ရပ်ဖြင့်ပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးလေးလံစေသော အတွေးအခေါ်အယူအဆများ၊ ဓလေ့ထုံးစံများနှင့် တမင်ဖန်တီးထားသော လူတန်းစားကွဲပြားမှုဆိုသည်များကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ (တရုတ်နှင့် နှိုင်းယှဉ်လျှင် ရယ်ဒီကယ်သိပ်မကျလှသော အိန္ဒိယလွတ်မြောက်ရေးလှုပ်ရှားမှုတွင်မူ ဇာတ်ခွဲခြားမှုကို အောင်အောင်မြင်မြင် မဖျက်သိမ်းနိုင်ခဲ့ပါ။) အမှန်စင်စစ် ရေရှည်တွင် စီးပွားရေးကို ရှေ့သို့တွန်းတင်မည့် ဒေသခံအရင်းရှင်လူတန်းစား (တစ်နည်း) တိုင်းရင်းသားအရင်းရှင်ကို ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။ လက်တွေ့ကျကျ ပြောရမည်ဆိုလျှင် တရုတ်နှင့် ဗီယက်နမ်တို့၏ ကွန်မြူနစ်တော်လှန်ရေးများမှာ ၁၉ ရာစု ဥရောပ၏ ဘူဇွာများအားကောင်းလာခြင်းနှင့် သရုပ်သကန်ခြင်းတူသည့် သဘောပင်ဖြစ်သည်။

တရုတ်ပြည်တွင် မြေရှင်ပဒေသရာဇ်တစ်ပိုင်းမှ အရင်းရှင်စနစ်သို့ ကူးပြောင်းသွားသည့်ဖြစ်စဉ်မှာ အလွန်အမင်းဩဇာအာဏာကြီးသော နိုင်ငံတော်တစ်ရပ်၏ ထိန်းချုပ်မှုအောက်တွင် မြန်မြန်ဆန်ဆန်ကြီး ပြောင်းသွားခြင်းဖြစ်သည်။ ဥရောပတွင်ကား မြေရှင်ပဒေသရာဇ်ဖွဲ့စည်းပုံများမှာ ရာစုနှစ်နှင့်ချီ၍ နှေးကွေးလေးလံစွာ အမြစ်ပြတ်သွားခြင်းဖြစ်သည်။ ထို့ထက် အရင်းရှင်စနစ်သို့ အကူးအပြောင်းတွင် နိုင်ငံတော်၏ အခန်းကဏ္ဍမှာ ပြောလောက်အောင် အရေးပါလှသည် မဟုတ်ပါ။ ဤသမိုင်းအကွက်ကို ကြည့်လိုက်လျှင်ပင် တရုတ်၊ ဗီယက်နမ်နှင့် ဒေသတွင်း နိုင်ငံများ၏အရင်းရှင်စနစ်မှာ အာဏာပိုင်စနစ်များနှင့် ပူးတုံခွာတုံရှိခဲ့သည်ကို အလွယ်နှင့် နားလည်နိုင်စရာရှိပါသည်။ ဤသို့ ထူးထူးခြားခြား ပေါ်ထွက်လာသည့် အရှေ့၏ အရင်းရှင်စနစ်ကို ‘နိုင်ငံရေး အရင်းရှင်စနစ်’ ဟု ခေါ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးအရင်းရှင်စနစ်တွင် အနက်အဓိပ္ပာယ်သဘောဆောင်သော လက္ခဏာသုံးရပ် ရှိပါသည်။ ပထမလက္ခဏာမှာ နိုင်ငံတော်ကို ‘တက္ခနိုခရက်တစ် ဗျူရိုကရေစီ’ နှင့် မောင်းခြင်းဖြစ်သည်။ အဆိုပါ တက္ခနိုခရက်တစ်ဗျူရိုကရေစီ၏ တရားနည်းလမ်းကျမှုမှာ စီးပွားရေးတိုးတက်မှုအပေါ် အရင်းခံသည်။ ဒုတိယလက္ခဏာမှာ နိုင်ငံတော်တွင် ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့ကျင့်သုံးရာတွင်မူ အီလစ်များ၏ အကျိုးစီးပွားပေါ်မူတည်ပြီး စိတ်တိုင်းကျကျင့်သုံးကြခြင်း ဖြစ်သည်။ အီလစ်များအတွက် အဆင်မပြေလျှင် ဥပဒေကို ဘေးချိတ်ထားပြီး သူတို့ရန်သူများနှင့်ပတ်သက်လျှင်မူ ဥပဒေကို အပြည့်အဝအသုံးချပြီး အပြစ်ပေးလေ့ရှိကြသည်။ ဤလူအဖွဲ့အစည်းများ၏ ဥပဒေကို လိုသလိုကျင့်သုံးကြခြင်းကပင် နိုင်ငံရေးအရင်းရှင်စနစ်၏ တတိယလက္ခဏာကို ဖြစ်ပေါ်စေပါသည်။ နိုင်ငံတော်၏ လိုအပ်သော လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့်ပင်ဖြစ်သည်။ နိုင်ငံတော်ကို ပြတ်ပြတ်သားသားဆောင်ရွက်နိုင်စေရေးအတွက် ဥပဒေအကန့်အသတ်များမှ ကင်းလွတ်စေဖို့ ဖြစ်ပါသည်။

ပထမနှင့် ဒုတိယလက္ခဏာ (တစ်နည်း) တက္ခနိုခရက်တစ်ဗျူရိုကရေစီနှင့် ဥပဒေကို လိုသလိုအသုံးပြုခြင်းကြား တင်းမာမှုက ‘အဂတိ လိုက်စားမှု’ ကို မွေးထုတ်ပေးပါသည်။ သို့အတွက် အဂတိလိုက်စားမှုမှာ ‘မူမမှန်သော ဖြစ်ရပ်’ မဟုတ်။ နိုင်ငံရေးအရင်းရှင်စနစ်နှင့် သီးခြားခွဲထုတ်လို့မရနိုင်သော မွေးရာပါအမှတ်အသားဟု ဆိုနိုင်သည်။

အနောက်နှင့် မတူသော ထူးခြားချက်အချို့

၁။ စီးပွားရေးတိုးတက်မှုနှင့် ဝင်ငွေကွာဟမှု အဆက်အစပ်

အနောက်နိုင်ငံများတွင် စီးပွားရေးတိုးတက်မှုမှာ လူလတ်တန်းစားမှ စတင်သည်။ လူလတ်တန်းစား၏ စီးပွားရေးတိုးတက်မှုအရှိန်ရလာတော့မှ အခြေခံလူတန်းစား (အလုပ်သမား၊ လယ်သမား) ၏ စီးပွားရေးပါ အတက်ပြလာသည်။ သို့အတွက် စီးပွားရေးတိုးတက်မှု အရှိန်ရလာလေ၊ တစ်နည်း အရင်းရှင်စနစ် ရင့်ကျက်လာလေ၊ ဝင်ငွေကွာဟမှု နည်းပါးလာလေဟု ဆိုနိုင်သည်။ သို့တိုင် တရုတ်ပြည်တွင်မူ ပြောင်းပြန်ဖြစ်သည်။

စစ်အေးတိုက်ပွဲအပြီး ၁၉၈၉ မှ ၂၀၁၇ ခုနှစ်အတွင်း ၂၇ နှစ်ကျော်ကျော်ကာလတွင် တရုတ်ပြည်၏ ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်းမှာ ၈ ရာခိုင်နှုန်းနီးပါးရှိ၍ ဗီယက်နမ်၏ ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်း မှာ ၆ ရာခိုင်နှုန်းဝန်းကျင် ရှိသည်။ (အမေရိကန်ပြည်ထောင်စု၏ ၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်ကြဖို့ ဖြစ်သည်။) ဤ စီးပွားရေးတိုးတက်မှုမှာ အလွန်ကြီးမားသော ကိန်းဂဏန်းများဖြင့် ပြနေချိန်တွင် ဝင်ငွေမညီမျှမှုမှာ အကြီးအကျယ် မြင့်မားလာသည်။ ၁၉၈၅ မှ ၂၀၁၀ အတွင်း တရုတ်ပြည်၏ ဂျီနီကိုအီးဖီးရှင့်မှာ ၀ ဒသမ ၃၀ မှ ၀ ဒသမ ၅၀ ဝန်းကျင်အထိ ခုန်တက်သွားသည်။ အမေရိကထက် ပိုမြင့်ပြီး လက်တင်အမေရိကအဆင့်နှင့် နီးကပ်သွားသည်။

ဤသို့သော ဝင်ငွေကွာဟမှုကြီးမားလာခြင်းမှာ ကျေးလက်ရော၊ မြို့ပြတွင်ပါ ဖြစ်သည်။ မတူသော ခွဲခြားမှုများအလိုက် ဝင်ငွေမညီမျှမှု ကြီးထွားလာခြင်းလည်း ဖြစ်သည်။ ချမ်းသာသောပြည်နယ်နှင့် ဆင်းရဲသောပြည်နယ်များကြား ကျွမ်းကျင်မှုမြင့်မားသော အလုပ်သမားနှင့် ကျွမ်းကျင်မှုနိမ့်သော အလုပ်သမားကြား၊ အမျိုးသားနှင့် အမျိုးသမီးများကြား၊ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရကဏ္ဍကြား ခွဲခြားမှုမျိုးစုံတွင် ဝင်ငွေကွာဟမှု ကြီးထွားလာခြင်းဖြစ်သည်။

၂။ မြေယာနှင့် အဆက်အစပ်

အနောက်၏ မြေရှင်ပဒေသရာဇ်စနစ်မှာပင် ကြားလူတန်းစားဟု ဆိုနိုင်သော ‘လက်မှုလုပ်ငန်းရှင်လေးများ’ ရှိသည်။ ကုန်သွယ်ရေး ဖွံ့ဖြိုးလာသောအခါ အဆိုပါလက်မှုလုပ်ငန်းရှင်လေးများမှာ ‘ကုန်သည်’ များ ဖြစ်လာပြီး စက်မှုတော်လှန်ရေး ပေါ်ပေါက်လာသောအခါ ထုတ်လုပ်ရေးအရင်းရှင်များ ဖြစ်လာကြသည်။ တရုတ်ပဒေသရာဇ်စနစ်တွင်မူ ဆိုခဲ့ပါလက်မှုလုပ်ငန်းရှင်မျိုး အားမကောင်းခဲ့ပါ။ သို့နှင့်အမျှ တရုတ်အရင်းရှင်လူတန်းစားဖြစ်ပေါ်လာပုံမှာ အနောက်နှင့်မတူ တစ်မူထူးပါသည်။

တရုတ်ပြည်၏ လူတန်းစားသစ်ဟု ဆိုနိုင်သော အရင်းရှင်လူတန်းစားမှာ ‘မြေယာ’ မှ ပေါ်ထွက်လာသည်ဟု ဆိုနိုင်ပါသည်။ ပြောရလျှင် အဆိုပါလူတန်းစား၏ ငါးပုံလေးပုံကို ကြည့်လိုက်လျှင် လယ်သမားများ သို့မဟုတ် အလုပ်ကြမ်းသမားများ၏ သားသမီးတွေ ဖြစ်နေသည်ကို တွေ့ရပါသည်။ ဤသို့သော မျိုးဆက်အလိုက် အပြောင်းအလဲမှာ သူ့ဟာနှင့်သူ သဘာဝကျသည်ဟု ဆိုနိုင်ပါလိမ့်မည်။ အကြောင်းမူ ၁၉၄၉ ကွန်မြူနစ်များ အောင်ပွဲရပြီးနောက်ပိုင်းနှင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်းတွင် အရင်းရှင်လူတန်းစားမှာ လုံးဝနီးပါးပျက်သုဉ်းသွားသောကြောင့် ဖြစ်ပါသည်။

သို့နှင့်တိုင် အနာဂတ်တွင်တော့ ဤပုံစံအပြောင်းအလဲမှာ ဖြစ်နိုင်ခြေမရှိလှတော့ပါ။ အရင်းပိုင်ရှင်များ၏ စုစည်းမှု၊ ပညာရေးအသုံးစရိတ်မြင့်မားလာမှုနှင့် မိသားစုအဆက်အသွယ်၏ အရေးပါမှုများကြောင့် မျိုးဆက်အလိုက် ဓနနှင့် အာဏာ လက်ဆင့်ကမ်းမှုမှာ အနောက်နှင့်ပိုတူလာမည့်သဘောရှိပါသည်။ အနောက်၏ အရင်းရှင်လူတန်းစားနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင်မူ တရုတ်ပြည်၏ အရင်းရှင်လူတန်းစားသစ်မှာ သူ့ဘာသာဖြစ်တည်လာသော လူတန်းစားဆိုသည်ထက် တစ်စုံတစ်ရာက ပုံသွင်းလိုက်သော လူတန်းစားနှင့် ပိုတူဟန် ရှိပါသည်။

၃။ နိုင်ငံရေးမဲ့ ကုန်သည်လူတန်စား

ပြီးခဲ့သော ထောင်စုနှစ်များစွာကပင် တရုတ်ပြည်ကြီးမှာ တောင့်တင်းခိုင်မာပြီး ဗဟိုချုပ်ကိုင်မှုကဲထားသော တိုင်းနိုင်ငံများ၏ နေအိမ်ကြီးဖြစ်ခဲ့ပါသည်။ ဤအချက်ကပင် တရုတ်ကုန်သည်လူတန်းစားကို လွတ်လပ်သော အာဏာဗဟိုတစ်ရပ်ဖြစ်မလာစေရန် အမြဲတစေဟန့်တားထားခြင်း ဖြစ်နိုင်သည်။

ပြင်သစ်သောတုဇနတစ်ဦးဖြစ်သူ ယန်းကပ်စ်ဂါးနက်၏ အလိုအရ ‘၁၃ ရာစု ဆုန်မင်းဆက်အောက်ရှိ ချမ်းသာသောကုန်သည်များမှာ တူညီသောအကျိုးစီးပွားနှင့် ကိုယ်ပိုင်အသိရှိရှိ လူတန်းစားတစ်ရပ်အဖြစ် မည်သည့်အခါကမှ အောင်အောင်မြင်မြင် မဖန်တီးနိုင်ခဲ့’ ဟု ဆိုပါသည်။ ဤသို့ဖြစ်ရသည်မှာ နိုင်ငံတော်အနေနှင့် အဆိုပါကုန်သည်များ၏ လုပ်ပိုင်ခွင့်ကို စစ်ဆေးနိုင်ရန် အမြဲတစေစောင့်ကြည့်နေသောကြောင့်ဟု ဆိုသည်။ ဆိုခဲ့ပါ ကုန်သည်များအနေနှင့် လူပုဂ္ဂိုလ်အရ ချမ်းသာကြွယ်ဝလာကြသော်လည်း သူတို့ကိုယ်ပိုင်နိုင်ငံရေး၊ စီးပွားရေးအရသော်လည်းကောင်း၊ အကျိုးစီးပွားအရသော်လည်းကောင်း ယုတ္တိတန်သော လူတန်းစားတစ်ရပ်အနေနှင့်ကား မစုစည်းနိုင်ခဲ့ကြသလို ခိုင်ခိုင်မာမာ မကာကွယ်နိုင်ခဲ့ကြဟုလည်း သူက ဖော်ထုတ်ခဲ့ပါသည်။

ဂါးနက်ဖော်ပြခဲ့သော အဆိုပါရှုမြင်ကွင်းမှာ အလားတူအချိန်လောက်က ပေါ်ထွန်းခဲ့သော အီတာလျံကုန်သည်နိုင်ငံများ၊ နယ်သာလန် ဖင်လန် စသောနိုင်ငံများ၏ အခြေအနေနှင့် ထူးထူးခြားခြား ကွဲလွဲနေသည်။ လူပုဂ္ဂိုလ်အရ ချမ်းသာကြွယ်ဝကြသည့်တိုင် နိုင်ငံရေးအာဏာအရ လုပ်ပိုင်ခွင့်ကင်းမဲ့နေသော ကုန်သည်လူတန်းစားမှာ ယနေ့တရုတ်ပြည်အထိ ဆက်လက်တည်ရှိနေသည့် သဘောရှိသည်။ နိုင်ငံရေးအရင်းရှင်စနစ်နှင့် သွားနေသော အခြားနိုင်ငံများတွင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။

ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်း

တရုတ်ပြည်အနေနှင့် ၎င်း၏ အခန်းကဏ္ဍကို နိုင်ငံတကာစင်မြင့်ထက်သို့ ဆွဲတင်တိုးချဲ့လိုက်သည်နှင့် အနောက်၏ လစ်ဘရယ်မရစ်တို ခရက်တစ်အရင်းရှင်စနစ်နှင့် ထိပ်တိုက်တိုးလေတော့သည်။ လစ်ဘရယ်အရင်းရှင်စနစ်၏ အားကောင်းချက်မှာ ၎င်း၏ နိုင်ငံရေးစနစ် (ဒီမိုကရေစီ) ပေါ် တည်မှီပါသည်။ ဒီမိုကရေစီမှာ သူ့သဘာဝကိုယ်တိုင်က ဆွဲဆောင်အားကောင်းပြီး ဖြစ်သည့်တိုင် ၎င်းတွင် အခရာကျသော အားသာချက်တစ်ရပ်လည်း ရှိပါသေးသည်။ လူထုနှင့် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလမ်းကြောင်းများကို ကောင်းသထက်ကောင်းအောင် ပြင်ဆင်နိုင်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် လူထု၏ဆုံးဖြတ်ချက်များမှာ စီးပွားရေးတိုးတက်မှုကို ကျဆင်းစေခြင်းသော်လည်းကောင်း၊ ညစ်ညမ်းမှုကို တိုးပွားစေခြင်းသော်လည်းကောင်း သို့မဟုတ် ဘ၀၏မျှော်လင့်ချက်ကို လျော့ကျစေခြင်းသော်လည်းကောင်း ဖြစ်စေတတ်ပါသည်။ ဤသို့ဖြစ်သည့် အခါတိုင်း ဒီမိုကရက်တစ်ဆုံးဖြတ်ချက်ချမှတ်သည့်အပိုင်းသည် အချိန်တိုအတွင်း အမှန်ရောက်အောင် ပြင်ဆင်နိုင်ပါသည်။

နိုင်ငံရေးအရင်းရှင်စနစ်ကမူ ၎င်း၏ ကျွမ်းကျင်လိမ္မာသော စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပိုမိုမြင့်မားသော စီးပွားရေးတိုးတက်မှုနှုန်းတို့ဖြင့် ထင်ရှားသည်။ ပြီးခဲ့သော ရာစုဝက်အတွင်း တရုတ်ပြည်ကြီး စီးပွားရေးအရ အအောင်မြင်ဆုံးနိုင်ငံဖြစ်လာသည်မှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။ ဆိုခဲ့ပါအချက်ကို တရုတ်ပြည်၏ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်စီမံကိန်း (BRI) က ဖော်ပြနေသည်သို့ ရှိသည်။ ဤစီမံကိန်းမှာ တရုတ်ပြည်မှ ဘဏ္ဍာရေးအရ ကမကထလုပ်မည့် အခြေခံအဆောက်အဦတည်ဆောက်ရေးအတွက် နိုင်ငံအများ ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ထားသည့် ရည်မှန်းချက်ကြီးမားလှသော ပရောဂျက်ကြီးဖြစ်သည်။ ကမ္ဘာလုံးအတိုင်းအတာ၊ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အနောက်၏ကိုင်တွယ်အသုံးပြုပုံ အတွေးအမြင်များကို စိန်ခေါ်မည့် စီမံချက်ကြီးဖြစ်ပါသည်။ အနောက်က အင်စတီကျူးရှင်းများ တည်ဆောက်ရေးတွင် အာရုံပြုနေစဉ် တရုတ်ပြည်က ရုပ်ပိုင်းဆိုင်ရာများ တည်ဆောက်ရေးအတွက် ငွေတွေသွန်ချလျက်ရှိနေသည်။ ဤနည်းဖြင့် BRI က ပူးပေါင်းပါဝင်မည့်နိုင်ငံများကို တရုတ်ဩဇာအောက်သို့ ရောက်လာစေရန် ရည်ရွယ်ဟန်ရှိပါသည်။

တိုင်းပြည်တော်တော်များများအနေနှင့်လည်း BRI တွင် ပူးပေါင်းပါဝင်ရန် စိတ်အားထက်သန်နေကြသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုက လမ်းများ၊ ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် အခြားဆိုးဆိုးဝါးဝါးလိုအပ်နေသော အခြေခံအဆောက်အဦများကို ဆောင်ကြဉ်းသွားဖို့ ဖြစ်သည်။ သို့တစေ အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ပါနေကြဖြစ်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုများကိုကား တွေ့နိုင်လိမ့်မည်မဟုတ်ပါ။ ပေကျင်းအနေနှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် တရုတ်တို့ ဖန်တီးထားသော တရားရုံးများ၏ စီရင်ပိုင်ခွင့်အထိပင် စဉ်းစားစီစဉ်ထားဟန် ရှိသည်။

တရုတ်ပြည်မှာ ပူးပေါင်းပါဝင်လာကြသောနိုင်ငံများ၏ ပြည်တွင်းပေါ်လစီများကို စိတ်ဝင်စားဟန်မရှိပါ။ BRI တွင် ပါဝင်ကြမည့် နိုင်ငံအားလုံးကြား တန်းတူညီမျှမှုကိုသာ ဦးစားပေးသွားမည်ဟု တရားဝင်ကြေညာထားပါသည်။ ဤအချက်ကိုပင် နိုင်ငံငယ်လေးများက အထူးသဘောကျနှစ်ခြိုက်နေကြပြီး BRI ၏ အဓိကဆွဲငင်အားလို ဖြစ်နေသည်။ တရုတ်ပြည်အနေနှင့် ‘အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်’ လို နိုင်ငံတကာအင်စတီကျူးရှင်းများ တည်ဆောက်ရေးအတွက်လည်း နည်းလမ်းရှာလျက်ရှိသည်။ ဒုတိယကမ္ဘာစစ်အပြီး ဝါရှင်တန်ဦးဆောင်ခဲ့သော ‘ကမ္ဘာ့ဘဏ်’ နှင့် ‘နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့’ လိုမျိုး ဖြစ်ပါလိမ့်မည်။

ပေကျင်းအနေနှင့် နိုင်ငံတကာစင်မြင့်ထက်တွင် တက်တက်ကြွကြွလှုပ်ရှားနေသည်မှာ နောက်ထပ်အရေးကြီးသောအကြောင်းတစ်ခုလည်း ရှိပါသေးသည်။ ၎င်း၏ ‘နိုင်ငံရေးအရင်းရှင်စနစ်’ ကို နိုင်ငံရပ်ခြားတွင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခြင်းဖြင့် သူ့နိုင်ငံသားများအပေါ် အနောက်တိုင်းလစ်ဘရယ်ပုံစံ၏ ဆွဲဆောင်လွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဟု ယူဆဟန်ရှိသည်။ ယခုလောလောဆယ် ဟောင်ကောင်တွင်ဖြစ်ပေါ်နေသော ဆူပူလှုပ်ရှားမှုများမှာ တရုတ်ပြည်အနှံ့ ပျံ့နှံ့ မသွားဘဲ ပွဲပြီးသွားခဲ့ပါပြီ။ သို့နှင့်တိုင် လူထု၏ မကျေနပ်မှုကိုကား ရှင်းရှင်းလင်းလင်း ပြသသွားခဲ့သည်။ ထို့ထက် အင်တာနက်ကို ဗြောင်ကျကျ ထိန်းချုပ်ထားမှုကလည်း လူငယ်ပညာတတ်များကြားတွင် အကြီးအကျယ် လူကြိုက်နည်းလျက်ရှိသည်။ သို့တိုင် ပြည်ပရှိ နိုင်ငံအစိုးရတော်တော်များများသည်ကား အနောက်တိုင်းပုံစံ အရင်းရှင်စနစ်နေရာတွင် တရုတ်ပုံစံ နိုင်ငံရေးအရင်းရှင်စနစ်ဖြင့် အစားထိုးနိုင်ရန် စဉ်းစားလျက်ရှိနေကြသည်။ 

စာညွှန်း – The Clash of Capitalism
(By Branko Milanovic)

ကျော်ဝင်း
၁၆ ဇန်နဝါရီ၊ ၂၀၂၀

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *