မြန်မာရောက်နေသော ဒီမိုကရေစီအဆင့်နှင့် နေရာ

ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီး၏ Economist Intelligence Unit က ကမ္ဘာ့နိုင်ငံများ၏ ၂၀၁၉ ခုနှစ်အတွင်း ဒီမိုကရေစီအဆင့်အတန်းအခြေအနေကိုပြသည့် 2019 Democracy Index ၂၀၁၉ ဒီမိုကရေစီပေတံစစ်တမ်းကို ထုတ်ပြန်သည်။ နိုင်ငံပေါင်း ၁၆၅ နိုင်ငံနှင့် ဒေသနှစ်ခု၊ စုစုပေါင်း ၁၆၇ ခုကို လေ့လာဆန်းစစ်ထားသည်။ မြန်မာက အဆင့် ၁၂၂ ဖြင့် Authoritarian Regime စာရင်းထဲတွင် ရောက်နေသည်။ ၂၀၁၉ တွင် ၁၆၇ နိုင်ငံ၊ ဒေသများတွင် အဆင့် ၁၂၂၊ အမှတ်ပြည့်၁၀မှတ်တွင် ၃ ဒသမ ၅၅ မှတ် ရသည်။ ၂၀၁၈ ထက် ၄ ဆင့် ကျသွားသည်။ သူ့ပေတံအရ ဒီမိုကရေစီ ယုတ်လျော့သွားသည့်သဘော။

Democracy Index က နိုင်ငံများကို အုပ်စုလေးခုခွဲသည်။ Full Democracies ပြည့်ဝဒီမိုကရေစီ၊ Flawed Democracies အနာအဆာရှိဒီမိုကရေစီ၊ Hybrid Regimes ကပြားအစိုးရ၊ Authoritarian Regimes အာဏာရှင်အစိုးရ။ Full Democracies က ၂၂ နိုင်ငံသာ ရှိသည်။ အုပ်စုလေးစုကိုမြင်အောင် ဥပမာပြရလျှင် ၂၀၁၉ စာရင်းအရ နော်ဝေက နံပါတ်တစ် အမှတ်ပြည့် ၁၀ မှတ်၊ Full Democracies တွင်လည်းထိပ်ဆုံး။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် စသည့် အနောက်ဒီမိုကရေစီအတော်များများလည်း Full Democracies စာရင်းတွင်ပါသည်။ ဒီမိုကရေစီဖခင်ကြီးဟု အသိအမှတ်ပြုခံရသည့် အမေရိကန်ပြည်ထောင်စုမှလွဲလျှင်။ အမေရိကန်က အဆင့်၂၅ ဖြင့် Full Democracies စာရင်းဝင်သည်။

ဂျပန်၊ တောင်ကိုရီးယားတို့က အမေရိကန်အထက်တွင် Full Democracies စာရင်းတွင် ကပ်ပါသည်။ မြန်မာပါဝင်သော အာဆီယံမှ စင်ကာပူကလည်း အဆင့် ၇၅ ဖြင့် Full Democracies စာရင်းဝင်သည်။ အာဆီယံမှ ထိုင်း၊ မလေးရှားတို့လည်း Full Democracies စာရင်းပေါက်သည်။ ထိုင်းက အဆင့် ၆၈၊ မလေးရှားက ၄၃။ မလေးရှားက အရှေ့တီမောမပါသည့် အာဆီယံတွင် အဆင့်အမြင့်ဆုံး။

Hybrid Regimes တွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ပါသည်။

အာဆီယံအကြောင်းဆက်ပြောလျှင် ကမ္ဘောဒီးယားက ၁၂၄၊ ဗီယက်နမ်က ၁၃၆။ အိမ်နီးချင်း တရုတ်က ၁၅၃၊ လာအိုက ၁၅၅။ သူတို့ အကုန်လုံး Authoritarian Regime ထဲ ရောက်သည်။

အဆင့်ကျ၊ တက်

မြန်မာ့ဒီမိုကရေစီအတက်အကျကို ပြန်ကြည့်ရအောင်။ ၂၀၁၈ က မြန်မာက အဆင့် ၁၁၈၊ ရမှတ် ၃ ဒသမ ၈၃ ဆိုတော့ အထက်တွင် ပြောသည့်အတိုင်း ၂၀၁၉ နှစ်တွင်းတွင် မြန်မာ့ဒီမိုကရေစီ ယုတ်လျော့သွားသည်။ ၂၀၁၇ တွင် မြန်မာက အဆင့် ၁၂၀၊ ရမှတ် ၃ ဒသမ ၈၃။

မြန်မာသည် ယခင်နှစ်များက Authoritarian Regime တွင်သာ နေရာရသည်။ ၂၀၁၀ကဆိုလျင် အဆင့် ၁၆၃၊ ရမှတ် ၁ ဒသမ ၇၇။ အောက်ဆုံးကရေလျှင် ငါးခုမြောက်၊ အောက်ဆုံးက မြောက်ကိုရီးယား။ ၂၀၁၀ က တပ်မတော်အစိုးရ အုပ်ချုပ်နေသည်။

ထို့နောက်တွင် မြန်မာ အဆင့်တောက်လျှောက်တက်သည်။ ၂၀၁၃ ခုနှစ်တွင် အဆင့် ၁၄၉၊ အမှတ် ၂ ဒသမ ၇၆၊ ၂၀၁၄ တွင် အဆင့် ၁၄၁၊ အမှတ် ၃ ဒသမ ၀၅။

၂၀၁၅သည် Democracy Index အရ မြန်မာ့ဒီမိုကရေစီတွင် ထူးခြားသောနှစ်ဖြစ်သည်။ အဆင့် ၁၁၄၊ ရမှတ် ၄ ဒသမ ၁၄ ဖြင့် Hybrid Regimes ထဲ ခုန်ပျံရောက်သွားသည်။ ၂၇ ဆင့် ခုန်တက်ခြင်း။ ၂၀၁၅ သည် တရားမျှတပြီး လွတ်လပ်သည်ဟု အများကသတ်မှတ်ကြသော ရွေးကောက်ပွဲကျင်းပသည့်နှစ်။ ၂၀၁၆တွင် တစ်ဆင့်ထပ်တက်သည်။ အဆင့် ၁၁၃၊ ရမှတ် ၄ ဒသမ ၂၀။ Hybrid Regimes ထဲတွင်ပင်။

၂၀၁၇ခုနှစ်တွင် Authoritarian Regime ထဲ ပြန်ဆင်းသွားသည်။ Hybrid Regimes ထဲတွင် ၂၀၁၅၊ ၂၀၁၆၊ ၂ နှစ်သာ နေလိုက်ရသည်။

ဆိုတော့ Democracy Index အရ မြန်မာ့ဒီမိုကရေစီသည် ၂၀၁၂ မှစပြီး အတက်ဘက်သို့ ဦးတည်နေပြီး ၂၀၁၅ တွင် ခုန်ပျံကျော်လွှားသွားသည်။ ၂၀၁၇ မှစပြီး ပြန်လျှောကျနေသည်။ စာဖတ်သူတို့ ကိုယ့်ကိုယ်ပိုင်အမြင်နှင့် ယှဉ်ပြီး သုံးသပ်ကြည့်ပါ။

ဒီမိုကရေစီက တိုင်းတာရခက်သည်။ ပေါင်၊ ပေ စသည်ဖြင့် အတိအကျ တိုင်းမရ။ လူတို့၏ အမြင်ပေါ်တည်သည်၊ ခံစားချက်ပေါ် တည်သည်။ Democracy Index ကလည်း ကျွမ်းကျင်သူများ၏ အကဲဖြတ်ချက်နှင့် အများပြည်သူ၏ အမြင်များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ရှိဒီမိုကရေစီအဆင့်အတန်းကို အကြမ်းဖျင်းပြောသည်ဟုသာ ယူဆနိုင်သည်။

The Economist ၏ ဒီမိုကရေစီပေတံဖြင့် အားမရသေးသည့်အတွက် ကျွန်တော် ၂၀၁၇ ခုနှစ်တုန်းက ရေးဖူးသည့် ‘ကွန်ဒီရိုက်စ်ပြောသော မြန်မာ့ဒီမိုကရေစီရေခံမြေခံ’ ဆောင်းပါးမှ ကွန်ဒီရိုက်စ်ပေတံဖြင့် ထပ်တိုင်းကြည့်ဦးမည်။

ကွန်ဒီရိုက်စ်ပေတံ

ကွန်ဒိုလီဇာရိုက်စ် အတိုကောက် ကွန်ဒီရိုက်စ်ကို နိုင်ငံရေး၊ နိုင်ငံတကာရေးစိတ်ဝင်စားသူအများအပြား ရင်းနှီးပြီးဖြစ်မည်။ ကမ္ဘာကျော် Stanford တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခဘ၀မှသည် အမေရိကန်နိုင်ငံ၏ ပထမဦးဆုံးလူမည်းအမျိုးသမီး နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ ပထမဦးဆုံး လူမည်းအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဟူသော ထိပ်တန်းရာထူးကြီးနှစ်ခုကို ရယူနိုင်ခဲ့သူ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲစဉ်ကာလအတွင်း သမ္မတဂျော့ဘုရှ်အကြီးလက်ထက် ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ ဥရောပရေးရာအကြံပေးအဖြစ် အသွင်ပြောင်းစ ဆိုဗီယက်ပြည်ထောင်စုကို အနီးကပ်လေ့လာခွင့်ရခဲ့သည့် ရုရှားကျွမ်းကျင်သူ ကွန်ဒီရိုက်စ်သည် ဆိုဗီယက်အုပ်စုပြိုကွဲပြီး အရှေ့ ဥရောပဒီမိုကရေစီ အသွင်ပြောင်းမှုအကြောင်းကို ပါမောက္ခအဖြစ် သီအိုရီအရရော၊ အိမ်ဖြူတော်အတွင်းစည်း ပုဂ္ဂိုလ်အဖြစ်ရော ကြေညက်သူဖြစ်သည်။ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေးနှင့် ဒီမိုကရေစီအဆင့်အတန်းတို့သည် ဒီမိုကရက်တစ်အဖွဲ့အစည်းများ စည်းဘောင်များ Democratic Institutions ပေါ်တွင် မူတည်သည်။ တစ်ဖန် ထို Institutions များသည် သက်ဆိုင်ရာနိုင်ငံ ဖြတ်သန်းနေရသည့် ရေခံမြေခံ Institutional Landscape ပေါ်တွင် တည်မှီပြန်သည်။ ၂၀၁၇ တွင် ထုတ်ဝေသည့် သူ့စာအုပ် ‘Democracy: Stories from the Long Road to Freedom’ တွင် ဒီမိုကရက်တစ် Institutions များ၏ရေခံမြေခံ လေးမျိုးအကြောင်း ဖော်ပြထားရာ နိုင်ငံများ၏ ဒီမိုကရေစီအဆင့်အတန်းနှင့် ရောက်နေသည့်နေရာကို အကဲဖြတ်နိုင်သည့် ပေတံကောင်းဖြစ်သည်။

ထိုရေခံမြေခံ လေးမျိုးမှာ Type 1: Totalitarian Collapse: Institutional Vacuum ပုံစံ (၁)၊ အလုံးစုံ အာဏာရှင်စနစ် ပြိုကျခြင်း၊ အဖွဲ့အစည်းစည်းဘောင် လေဟာနယ်။

Type 2 Gradual Decay of Totalitarian Regimes ပုံစံ (၂) အလုံးစုံအာဏာရှင်အစိုးရများ တဖြည်းဖြည်းယိုယွင်းလာခြင်း။ Type 3: Authoritarian Regimes and the Struggle for Meaningful Political Space ပုံစံ (၃)၊ အာဏာရှင်အစိုးရများနှင့် နိုင်ငံရေးကွက်လပ်ရရှိရေးတိုက်ပွဲ။ Type 4: Quasi-Democratic Regimes: Fragile and Vulnerable Institutions ပုံစံ (၄)၊ ဒီမိုကရေစီတစ်ပိုင်း အစိုးရများ၊ နုနယ်သော အဖွဲ့အစည်း စည်းဘောင်များ။

လက်ရှိ မြန်မာ့ဒီမိုကရေစီအခြေအနေမှာ ပုံစံ (၄) ဟု ကျွန်တော်မြင်သည်။ ပုံစံ (၄) အကြောင်းကို ၂၀၁၇ ဆောင်းပါးတွင် စာဖတ်သူတို့ မဖတ်ရသေးလျှင်သော်လည်းကောင်း၊ မေ့နေလျှင်သော်လည်းကောင်း သိရှိရန် ထိုဆောင်းပါးထဲကအတိုင်း ဖော်ပြလိုက်ပါသည်။

“ပုံစံ (၄)၊ ဒီမိုကရေစီတစ်ပိုင်း အစိုးရများ၊ နုနယ်သော အဖွဲ့အစည်း စည်းဘောင်များ။

နောက်ဆုံးတွင် အချို့နေရာဒေသများတွင် ပွင့်လင်းတက်ကြွသောနိုင်ငံရေး ဖြစ်ပေါ်လာသည်။ သို့သော် Institution များမှာမူ မရင့်ကျက်သေးသလို အကာသာရှိပြီး အနှစ်မရှိဟုလည်းကောင်း၊ ခြစားသည်ဟုလည်းကောင်း အမြင်ခံကြရသည်။ လိုက်ဘေးရီးယား၊ တူနီးရှား၊ အီရတ်ကဲ့သို့ နိုင်ငံများတွင် ရှည်လျားသော ဒီမိုကရေစီတိုက်ပွဲ ယခုမှစတင်သည်ဟု ကွန်ဒီရိုက်စ်က ဥပမာပေးသည်။ ဒီမိုကရေစီ Institution များသည် အဖြစ်မရှိဟု အမြင်ခံရသည်။ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိလျှင် အားလုံးပြီးပြီဟု ထင်ချင်စရာဖြစ်သော်လည်း ဒီမိုကရေစီ Institution များကို စာမေးပွဲစစ်မည့် အခက်အခဲ ကြီးကြီးမားမားတစ်ရပ် ပေါ်လာတတ်သည်။

ဒီမိုကရေစီ Institution များဖြစ်သည့် နိုင်ငံရေးပါတီ၊ လွှတ်တော်၊ တရားရုံး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများသည် ရေခံမြေခံတွင်တည်ရှိနေသော်လည်း သူတို့၏ တောင့်တင်းမှု၊ ပျော့ညံ့မှုတို့ကို စာမေးပွဲမစစ်မချင်း သိနိုင်ရန် ခဲယဉ်းသည်။

ဒီမိုကရေစီတစ်ပိုင်းနိုင်ငံများတွင် ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတလေ့ရှိသည်။ ရွေးကောက်ပွဲများဖြင့် ခေါင်းဆောင်လဲကြသည်။ သို့ရာတွင် ရွေးကောက်ပွဲများသည်နိုင်ငံတွင်းရှိ အကွဲအပြဲများကို ဖော်ထုတ်တတ်ကြသည်။ ရွေးကောက်ပွဲအပြီးကာလကို အေးချမ်းတည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခြင်းသည် မှတ်တိုင်ကြီးတစ်ရပ်ပင်ဖြစ်သည်။

ဒီမိုကရေစီတစ်ပိုင်းနိုင်ငံများသည် ဒီမိုကရေစီဖြင့်အုပ်ချုပ်ခြင်းယန္တရားကို ရေရှည်တည်တံ့စေမည့် အင်အားအထိန်းအညှိကို တည်ဆောက်ဆဲဖြစ်သည်။ ထို့ကြောင့် ထိုနိုင်ငံများတွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် လွတ်လပ်သော သတင်းမီဒီယာသည် အစိုးရ၏အာဏာကို ထိန်းညှိမည့် သော့ချက်အဖွဲ့အစည်းများဖြစ်သည်။ လွတ်လပ်သောတရားစီရင်ရေးသည် ခြစားခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းတို့ကို တိုက်ဖျက်ရသည်။ ပြည်သူ့စစ်များနှင့် သူပုန်များသည် နိုင်ငံတော် ကျရှုံးမည့်အကြောင်းရင်းများဖြစ်သည်။ အာဏာအလွန်ပြင်းသော အုပ်ချုပ်ရေးမဏ္ဍိုင်သည် အခြား Institution များကို လွှမ်းမိုးထားပါက အာဏာရှင်စနစ်သို့ သေချာပေါက်တစ်ပတ်ပြန်လည်သွားစေနိုင်သည်။ အာဏာရှင်စနစ်သို့ တစ်ပတ်ပြန်လည်သွားသည့်နိုင်ငံများအဖြစ် တူရကီ၊ ရုရှားတို့ကို ကွန်ဒီရိုက်စ်က ဥပမာပေးသည်။”

မြန်မာ့အခြေအနေကို ထိုဆောင်းပါးတွင် ကျွန်တော် သုံးသပ်မှတ်ချက်ပေးခဲ့သည်။ ၂၀၁၇ က သုံးသပ်ချက်ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်တွင်လည်း ထိုအတိုင်းပင်မြင်သဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။

မြန်မာ့အခြေအနေ

၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ကာ လွှတ်တော်တွင်းသို့ ရောက်အပြီးမှ ယနေ့ကာလအထိသည် ပုံစံ ၄ ဟု ကျွန်တော်မြင်သည်။ ၂၀၁၂ ရော ၂၀၁၅ ပါ ထိုရွေးကောက်ပွဲနှစ်ခုလုံးသည် လွတ်လပ်ပြီး တရားမျှတသည်၊ ခေါင်းဆောင်လည်း လဲသည်။ တစ်ချိန်တည်းတွင် ဒီမိုကရေစီ Institution များသည် နုနယ်သေးသည်။ အာဏာအထိန်းအညှိကို တာဝန်ယူရမည့် သတင်းမီဒီယာနှင့် တရားရုံးများသည် ယခုထက်တောင့်တင်းရန်လိုအပ်ပြီး ထိုသို့ တောင့်တင်းရန် သူတို့ကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုလိုအပ်သလို သက်ဆိုင်ရာအာဏာပိုင်များက အကာအကွယ်ပေးရန်လည်းလိုသည်။

အခန့်မသင့်လျှင်

ကွန်ဒီရိုက်စ်၏ ဒီမိုကရေစီရေခံမြေခံပုံစံလေးမျိုးနှင့် ချိန်ထိုးကြည့်လျှင် မြန်မာ့ဒီမိုကရေစီအခြေအနေနှင့် သမိုင်းကြောင်းကို ပိုမိုနားလည်လာမည်။ ယနေ့အခြေအနေသည် ပုံစံ (၄) သို့ ရောက်နေပြီဖြစ်သည်၊ ပုံစံ (၃) နှင့် (၄) အကြား အကူးအပြောင်းကာလသာရှိသေးသည်ဟု ဆိုသူများလည်း ရှိမည်။ နုနယ်သောဒီမိုကရေစီ Institution များ အားကောင်းလာသည်နှင့်အမျှ ပြည့်ဝသောဒီမိုကရေစီနိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်သော်လည်း အခန့်မသင့်လျှင် နောက်ပြန်လည်သွားနိုင်သည့်အတွက် မေ့မေ့လျော့လျော့ မနေသင့်ပါ။”

ယခုဆိုလျှင် မြန်မာနိုင်ငံ၏ လက်ရှိဒီမိုကရေစီအဆင့်အတန်းနှင့် ဒီမိုကရေစီခရီးလမ်းတွင် ရောက်နေသည့်နေရာကို စဉ်းစားကြည့်နိုင်ပြီဟု ထင်သည်။ ကျွန်တော်ရေးသားဖော်ပြခဲ့သည့် Democracy Index နှင့် ကွန်ဒီရိုက်စ်၏ ပုံစံလေးမျိုး၊ ပေတံနှစ်ချောင်းကိုသုံးပြီး ကိုယ့်ကိုယ်ပိုင်အမြင်များဖြင့် သုံးသပ်ကြည့်ကြပါ။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *