ရွေးကောက်ပွဲနှင့် သူ၏ဇက်ကြိုးများ

ရွေးကောက်ပွဲများ၏ ဖြစ်နိုင်ခြေရှိသော ရလဒ်များကို ခန့်မှန်းရာတွင် ဘက်ပေါင်းစုံမှ အခြေအနေမျိုးစုံကို လေ့လာသိရှိထားဖို့လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲလာသော ခေတ်သစ်နိုင်ငံရေးလမ်းကြောင်းတွင် ရွေးကောက်ပွဲများ၏အဖြေကို တစ်စုံတစ်ရာ ထိစေစားနိုင်သော အကြောင်းတရားများစွာ ရှိလာသောကြောင့်ပင်ဖြစ်သည်။

ရွေးကောက်ပွဲဆိုသည်မှာ တိုင်းပြည်ကို အချိန်ကာလတစ်ခုထိ စီမံအုပ်ချုပ်ရန်အတွက် လူတစ်ကိုယ် မဲတစ်ပြားစနစ်ဖြင့် နှစ်သက်ရာနိုင်ငံရေးအဖွဲ့အစည်းကို ရွေးချယ်စေသောကိစ္စဖြစ်သည်။ အုပ်ချုပ်ခံရမည့်သူတွေကိုယ်တိုင် အုပ်ချုပ်မည့်သူကို စိတ်ကြိုက်ရွေးချယ်ရခြင်းဖြစ်သည်။ သို့တိုင် ခေတ်သစ်နိုင်ငံရေးတွင် ရွေးကောက်ပွဲတို့၏ သဘောသဘာဝမှာ ဤမျှ မရိုးရှင်းတော့ပေ။ ရွေးကောက်ပွဲကို ကိုင်လှုပ်နိုင်သော အကြောင်းတရားများစွာ ရှိလာခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲတစ်ခုတွင် အနိုင်ရဖို့ဆိုသည်မှာ မဲဆန္ဒရှင်တို့ အကြိုက်တွေ့ဖို့လိုသည်။ သို့အတွက် မဲဆန္ဒရှင်တို့၏ ညွတ်တိမ်းမှုကို ရယူနိုင်ရန် နိုင်ငံရေးအဖွဲ့အစည်းများက ကြိုးပမ်းကြရသည်။ နည်းပညာရှေ့တန်းရောက်လာသော ယခုလိုခေတ်သစ်မှာတော့ မဲဆန္ဒရှင်တို့၏ နှလုံးသားကိုဆုပ်ကိုင်ဖို့ ကြိုးစားလာကြသည်မှာ နိုင်ငံရေးသမားများချည်းသာ မဟုတ်တော့ပေ … ။

ရွေးကောက်ပွဲတစ်ခု၏ ရလဒ်ကို လိုချင်သည့်ပုံစံရအောင် ပုံဖော်ယူကြရာတွင် နိုင်ငံရေးသမားများက ‘ရှေ့ထွက်’ များသာဖြစ်ကြပြီး ယင်းတို့အတွက် နောက်ကွယ်က စနစ်တကျဖန်တီးနေကြသော အကြောင်းတရားများ ရှိနေသည်။ တကယ်တမ်းဆိုရလျှင် ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒရှင်များ၏ သဘောထားသာ အဓိကကျသည်။ သို့ဖြင့် မဲဆန္ဒရှင်အများစုက ကြိုက်နှစ်သက်လျှင် နိုင်မည်ဟုတွက်ဆလို့ရသည်။ယခုစာစုတွင်ဖော်ပြမည့်အကြောင်းအရာများကတော့ မဲဆန္ဒရှင်တို့၏ နှလုံးသားနှင့် ဦးနှောက်ကိုပါ ဆုပ်ကိုင်ဖမ်းစားပြီး ရွေးကောက်ပွဲရလဒ်များကို လိုချင်သလိုပုံဖော်ယူကြသည့် အကြောင်းအရာများပင် ဖြစ်ပါသည်။

ရာစုသစ်နိုင်ငံရေး၏ အခန်းကဏ္ဍတွင် ရွေးကောက်ပွဲများ၏ အခရာကျမှုက ရှေ့တန်းရောက်လာခဲ့သည်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံတစ်ခု၏ နိုင်ငံရေးသည် သူ့နိုင်ငံတစ်ခုတည်းအတွက်သာ မဟုတ်တော့ဘဲ ဒေသတွင်းအခြေအနေနှင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေတို့အထိ သက်ရောက်မှုများ ရှိလာနိုင်သည်ဖြစ်ရာ ရွေးကောက်ပွဲများကို ဝင်ရှုပ်တတ်သော ခြေတံလက်တံတို့ ပိုများလာခဲ့သည်။ ပထဝီအကျိုးစီးပွားဆိုင်ရာ အကြောင်းတရားတို့ စုဆုံရာဒေသများတွင် ရွေးကောက်ပွဲကိုင်လှုပ်မှုဖြစ်စဉ်များက ပို၍ပင်များပြားလာသည်။ ရွေးကောက်ပွဲကိုကိုင်လှုပ်သော အဓိကအကြောင်းတရား သုံးပါး ရှိသည်။

၁။ Sponsor
၂။ Technology
၃။ Fake – News (Media) ဟူသော နယ်ပယ်သုံးရပ် ဖြစ်သည်။

စပွန်ဆာ

နိုင်ငံတိုင်းလိုလို စပွန်ဆာနှင့် ကင်းနိုင်သည်ဟူ၍ မရှိပါ။ စပွန်ဆာလမ်းကြောင်းကား တိတ်တဆိတ်လည်း ဝင်သည်။ ပုန်းလျှိုးကွယ်လျှိုးဖြင့်လည်း လာတတ်သည်။ စပွန်ဆာတို့၏ အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်ရာနိုင်ငံအတွင်းမှာ မိမိတို့၏ ဩဇာထူထောင်နိုင်ဖို့ပင် ဖြစ်သည်။ လူမှုရေးအကူအညီများပေးခြင်းဖြင့် စတင်ပြီး နောက်ဆုံးမှာ နိုင်ငံရေးအထိ ပါဝင်ပတ်သက်လာတတ်သည်။ သို့တိုင် စပွန်ဆာကို ကင်းအောင်နေဖို့လည်း မဖြစ်နိုင်။ အခြေအနေအရ အားကိုးအားထားပြုနေရသည်များလည်း ရှိသည်။ အထူးသဖြင့် နိင်ငံရေးသမားတို့သည် စပွန်ဆာနှင့်ကင်းလို့ မရပေ။ အဘယ်ကြောင့်ဆိုသော် ငွေမရှိဘဲ လေချည်းသက်သက်ဖြင့် နိုင်ငံရေးလုပ်ရသောခေတ်ကား ကုန်ပြီဖြစ်သောကြောင့်ပင်။ သို့ဖြင့် အလျဉ်းသင့်သလို စပွန်ဆာယူနေကြရသော နိုင်ငံရေးသမားများ၏ အဓိကပြိုင်ပွဲကြီးဖြစ်သည့် ရွေးကောက်ပွဲလိုကိစ္စမျိုးတွင် သက်ဆိုင်ရာစပွန်ဆာများ၏ အားပြိုင်ပွဲများလည်း ရှိလာတတ်သည်မှာ ထုံးစံပင်ဖြစ်သည်။ စပွန်ဆာတို့၏ သဘောသဘာဝမှာ နိုင်ငံရေးသမားများကိုချည်း ထောက်ပံ့ပေးနေခြင်းမျိုးမဟုတ်ဘဲ မဲဆန္ဒရှင်တို့၏ လိုလားချက်တစ်စိတ်တစ်ပိုင်းကိုလည်း ဖြည့်ဆည်းပေးလေ့ရှိသည်။ နိုင်ငံရေးသမားနှင့် မဲဆန္ဒရှင်များအကြားက အဆက်အစပ်ကို စပွန်ဆာတို့က ကော်ရည်သုတ်ပေးသည့် နည်းဗျုဟာမျိုးတွေ ချမှတ်လုပ်ဆောင်ပေးလေ့ ရှိကြသည်။ ၎င်းတို့ဖြစ်စေချင်သောပုံစံကို ကဏ္ဍအသီးသီးနှင့် ချိတ်ဆက်ပြီး ပုံဖော်ယူတတ်ကြသည်မှာ စပွန်ဆာတို့၏ အရည်အသွေးတစ်ခုလည်း ဖြစ်သည်။ နိုင်ငံရေးသမားများဘက်မှာလည်း စပွန်ဆာကို အလကားမတ်တင်းရသည်တော့မဟုတ်။ လူမသိ သူမသိ ကတိကဝတ်တွေ ရှိထားရသည်။ ရည်မှန်းချက်အောင်မြင်ခဲ့လျှင် စပွန်ဆာကိုပေးထားသော ကတိကဝတ်တို့ကို အကောင်အထည်ဖော်ပေးရသည်။ မပေးလို့မရ။ မပေးလျှင် နောက်တစ်ကြိမ်စာအတွက် စပွန်ဆာရဖို့ မလွယ်ကူနိုင်ပေ။ ထို့ကြောင့် နိုင်ငံရေးသမားများအနေနှင့် စပွန်ဆာကတိကဝတ်များကို ဖြစ်နိုင်သလောက် အကောင်အထည်ဖော်ပေးရသည့်သဘောရှိသည်။ သို့သော် ပြိုင်ဘက်နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပြည်သူအများစု၏ ဝေဖန်မှု အနည်းဆုံးအခြေအနေဖြစ်အောင်တော့ သတိပြုကြရလေ့ရှိသည်။ စပွန်ဆာဆိုသည်မှာ မကင်းနိုင်လို့ ကောင်းအောင်နေရသည့် အပေါင်းအဖ်ာမျိုးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စပွန်ဆာများကတော့ ရွေးကောက်ပွဲတစ်ခုကို ကိုင်လှုပ်နိုင်သည့် နံပါတ်တစ်အကြောင်းတရားတစ်ခုအဖြစ် ရှိနေဆဲသာဖြစ်သည်။

နည်းပညာ

နည်းပညာအထောက်အကူပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကလည်း ရွေးကောက်ပွဲရလဒ်ကို ဂျွမ်းထိုးမှောက်ခုံဖြစ်သွားအောင်လုပ်နိုင်သော အစွမ်းသတ္တိရှိသည်။ ဒေါ်နယ်ထရမ့်လိုလူမျိုးကို သမ္မတဖြစ်လာစေလာနိုင်စေသည်ထိ စွမ်းဆောင်ပြခဲ့သော နည်းပညာအထောက်အကူပြုအဖွဲ့အစည်းမျိုး အမေရိကန်နိုင်ငံမှာ ရှိခဲ့ဖူးသည်။ အမေရိကန်သမ္မတရွေးချယ်ပွဲတွင် နောက်ကောက်ကျခဲ့ရသော နာမည်ကြီးနိုင်ငံရေးသမား ဟီလာရီကလင်တန်က ၎င်းတို့အနေနှင့် ရွေးကောက်ပွဲ ကမ်ပိန်းပုံသဏ္ဌာန်များနှင့်ပတ်သက်၍ အားနည်ချက်မရှိသလောက်ဖြစ်ကြောင်း၊ မိမိတို့ ရှုံးနိမ့်ခဲ့ခြင်းမှာ ကမ်ပိန်းဆိုင်ရာ အားနည်းချက်ကြောင့် မဟုတ်ဘဲ တစ်ဖက်က ရေဒါမှာမပေါ်တဲ့ နည်းလမ်းမျိုးတွေကို စနစ်တကျ အသုံးပြုသွားနိုင်ခဲ့လို့ဖြစ်ကြောင်း နည်းပညာဂျာနယ်လစ်တွေကို ဝန်ခံဖြေကြားသွားခဲ့ဖူးသည်။ တစ်ဆက်တည်းပင် နည်းပညာအထောက်အကူပြု အဖွဲ့အစည်းဖြစ်သော CA (Cambridge Analytical) ၏ နည်းပညာပိုင်းအရည်အသွေးကိုလည်း အသိအမှတ်ပြုသွားခဲ့သည်။

ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ စိတ်ပညာဆိုင်ရာ သုတေသီတစ်ဦးအပါအဝင် အခြားပညာရှင်အချို့ဖြင့် ဖွဲ့စည်းထားသည့် Cambridge Analytical အဖွဲ့သည် Faebook လူမှုကွန်ရက်မှတစ်ဆင့် မဲဆန္ဒရှင်များ၏စရိုက်ကို လေ့လာသုံးသပ်ခဲ့ကြပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လိုအပ်သောအချက်အလက်များကို လေ့လာခဲ့ကြသည်။ ထို့နောက် တစ်ဦးချင်းတစ်ဖွဲ့ချင်းကို ပစ်မှတ်ထားပြီး ထိရောက်သည့် သတင်းစကား (Targeted Message) တွေ ပို့ပေးခဲ့ကြသည်။လူတစ်ဦးချင်းစီ၏ အကြိုက်နှင့် စရိုက်ကို သိသွားသော CA က မဲဆန္ဒရှင်များအတွက်လိုအပ်သော Political Psychographic Profiles များကို တည်ဆောက်ပြီး နိုင်ငံရေးဂျင်းတွေ ကျွေးလေတော့သည်။ စိတ်ပညာရှင်များသာမက Data Scientists များ ၊ Designers များ၊ Photographer များ စုံလင်စွာပါဝင်သော CA အဖွဲ့အနေနှင့် Psychographic ကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့ပြီး ၎င်းတို့၏ အဓိကပစ်မှတ်များကို စနစ်တကျပို့ဆောင်စည်းရုံးနိုင်ခဲ့သည်။ အထူး သဖြင့်တော့ ဟီလာရီအတွက် သေချာနေသော မဲတွေကို ဝေဝါးသွားအောင်လုပ်ခဲ့နိုင်သလို ဒေါ်နယ်ထရမ့်အတွက် ရနိုင်ဖွယ်ရှိသော မဲတို့ကို ပို၍သေချာအောင် ဆွဲဆောင်ယူနိုင်ခဲ့ကြသည်။ ထို့ပြင် ဟိုဘက် သည်ဘက် ယိမ်းသွားနိုင်သည့် မဲဆန္ဒရှင်များ တစ်နည်းဆိုရလျှင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ သင့်တော်မည်ထင်သောသူကိုသာ မဲပေးကြမည့် အလယ်အလတ် မဲဆန္ဒရှင်များ (Swing Voters ) ၏ မဲများကိုပါ တစ်စိတ်တစ်ပိုင်း ရယူနိုင်သည်ထိ CA ၏ စွမ်းဆောင်ရည်က မြင့်မားလွန်းခဲ့သည်။ ဒေါ်နယ်ထရမ့် အနိုင်ရအပြီးတွင် CA ၏ စီအီးအိုဖြစ်သူက ၎င်းတို့၏ Data – Driven Communication ပုံစံမှာ အောင်မြင်ခဲ့ကြောင်း ဝံ့ကြွားခဲ့သည်။

တကယ်တမ်းဆိုလျှင် ဟီလာရီ၏ အနေအထားဖြင့် ဒေါ်နယ်ထရမ့် မှာ နိုင်ငံရေးအရ ပြိုင်ဘက်အဆင့်ပင် မဟုတ်ခဲ့ပါ။ နိုင်ငံရေးပုံရိပ်၊ နောက်ခံအသိုင်းအဝိုင်း၊ ဖြတ်သန်းမှုပုံစံတွေကအစ ကွာခြားလွန်းလှသည်။ ရွေးကောက်ပွဲအသုံးစရိတ်မှာပင် ဟီလာရီက သန်း ၅၈၀ ကျော်ထိ သုံးစွဲထားပြီး ထရမ့်ကတော့ သန်း ၃၅၀ ခန့်သာ သုံးစွဲခဲ့သည်။ ထောက်ခံမှုအရလည်း ကွာခြားလွန်းသည်။ ဟီလာရီကို မီဒီယာလောက၏ သုံးပုံနှစ်ပုံကျော်လောက်က ထောက်ခံနေပြီး ထရမ့်ကိုထောက်ခံသော သတင်းစာအရေအတွက်မှာ ၁၆ ခုသာ ရှိခဲ့သည်။ သို့တိုင် နောက်ဆုံးမှာ ဟီလာရီ ရှုံးခဲ့သည်။ ‘လူကြိုက်များမှု’ က ‘နည်းပညာ’ ကို ဒူးထောက်အရှုံးပေးလိုက်ရခြင်းလည်း ဖြစ်သည်။ နာမည်ကြီးဂျာနယ်လစ်တစ်ဦးဖြစ်သော ဖာရိဇာ ခါရိယာကတော့ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရမှုကို C လေးလုံး ဖြင့် ကောက်ချက်ဆွဲပြသည်။ ၎င်းအထူးပြုသော နောက်ဆုံး C မှာ Communication ပင် ဖြစ်သည်။ IT ကို အခြေခံပြီး လူထုကို ဆက်သွယ်ခဲ့သည်။ လူထု၏ ဟဒယကို IT ပညာရပ်ဖြင့် ခြေရာကောက်နိုင်ခဲ့သည်။ ထို့နောက် ရရှိလာသောအချက်အလက်တွေကို အခြေခံပြီး စိတ်ပညာဆိုင်ရာသီအိုရီတို့ဖြင့်တွက်ချက်၍ ကြောင်းကျိုးဆီလျော်မှုရှိသော ဝါဒဖြန့်မှုများကို Facebook မှတစ်ဆင့် ပြုလုပ်နိုင်ခဲ့သည်။

ယခုအခါ CA အဖွဲ့ ပျက်သွားခဲ့ပြီဖြစ်သော်လည်း အလားတူအဖွဲ့အစည်းမျိုးတွေ ရှိနေနိုင်ပါသေးသည်။ သို့ဖြင့် ‘နည်းပညာ’ သည် ရွေးကောက်ပွဲတစ်ခု၏ အဖြေကို ကိုင်လှုပ်နိုင်စွမ်းရှိသော အကြောင်းတရားတစ်ခုအဖြစ် သတိပြုရမည်ဖြစ်ပါသည်။

သတင်းအတုအယောင်များ

Fake – News ဟုခေါ်သော သတင်းအတုအယောင်များသည် ယခုမှ ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ ‘သတင်း’ ဟူသည်ကို အသိအမှတ်ပြုလက်ခံလာကြသော ရှေးနှစ်ပေါင်းများစွာကတည်းက ‘သတင်းအတု’ များ ယှဉ်တွဲပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အစစ်ရှိလျှင် အတုလိုက်သည့်သဘောဖြစ်မည်ထင်သည်။ ကမ္ဘာ့ပုံနှိပ်သတင်းများ ပေါ်ပေါက်လာခဲ့သော ၁၄၄၀ ပြည့်နှစ်ခန့်မှစတင်၍ သတင်းတုများလည်း လိုက်ပါပေါ်ထွက်ခဲ့ကြောင်း လေ့လာဖူးသည်။ သတင်းအတည်ပြုဖို့ ခဲယဉ်းလွန်းသော ခေတ်ဟောင်းကာလများမှာ သတင်းအတုများက အတော်ပင်အလုပ်ဖြစ်ခဲ့သည်။ ၁၈၉၈ တွင် ဖြစ်ပွားခဲ့ရသော စပိန် – အမေရိကန် စစ်ပွဲသည်ပင် သတင်းအတုများ ချဲ့ကားရေးခဲ့မှုများကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်သည်။ သတင်းအတု (Fake – News ) ဟူသောခေါင်းစဉ်မှာ အတန်ငယ်ကျယ်ပြန့်သည်။ သတင်းမျှသာမဟုတ်။ စာပေဆောင်းပါးများ ရေးသားရာတွင်လည်း ဖြောင့်မတ်သော စဉ်းစားချက်နှင့် သမာသမတ်ကျသော ရပ်တည်ချက်မရှိလျှင် မိမိတို့စာပေများမှာ Fake – News ခေါင်းစဉ်အောက်သို့ ရောက်သွားတတ်လေသည်။

မမှန်သတင်း (Disinformation)

အဓိကတော့ နိုင်ငံရေးနယ်ပယ်အတွက် အဖြစ်များသည်။ မမှန်မကန်အချက်အလက်များဖြင့် ဖန်တီးထားသည်။ ရည်ရွယ်ချက်ရှိရှိ သိက္ခာချခြင်းမျိုးဖြစ်သည်။ လုံးဝ သတင်းအမှားသာဖြစ်သည်။

တိကျမှုမရှိသော ရေးသားချက်များ (Inaccuracies)

အဖြစ်အပျက်ကိုသာပြသည်။ အချက်အလက်မပါ။ဆက်စပ် အထောက်အထားများ မရှိ။ လိုချင်သလို ဖန်တီးပုံဖော်ထားသည်။ သတင်းအတုလုံးလုံးတော့မဟုတ်။ သို့သော် အစစ်ထဲက လိုချင်တာလောက်ကိုယူပြီး မိမိတို့မလိုလားသူကို တရားခံဖြစ်အောင် ပုံဖော်ထားသည်။ အမှန်တစ်ဝက် အမှားတစ်ဝက်သာ ဖြစ်သည်။

ဘက်လိုက်ခြင်း (Partisan)

မိမိတို့ အားပေးလိုသူကို ဘက်လိုက်ရေးသားခြင်း ဖြစ်သည်။ သတင်းဆိုပါကလည်း မိမိတို့အားပေးလိုသူကို ပိုပိုသာသာတင်ပြီး ရေးသားပေးခြင်းမျိုး ဖြစ်သည်။ အချို့က အစိုးရအပြစ်ရှိသောကိစ္စများမှာပင် အစိုးရအနေနှင့် အပြစ်မရှိသယောင်ထင်ရအောင် မသက်ဆိုင်သည့် အချက်အလက်များ ထည့်သွင်းရေးသားပြီး ကာကွယ်ပေးတာမျိုး ဖြစ်သည်။

မိမိတို့ မလိုလားသူများကိုတော့ တစ်ဖက်သတ် နှိမ့်ချရေးသားကြသည်။ မလိုက်ဖက်သောအကြောင်းတရားများကို ဇွတ်အတင်းဆွဲကပ်ပြီး အပြစ်ဖို့ရေးသားသည်။

ပုံဖျက်ခြင်း (Mutilate)

ဩဇာကြီးသော မီဒီယာများ အများဆုံး အသုံးချခံနေရသောပုံစံဖြစ်သည်။ သတင်း Body ကို ယူ၍ လိုအပ်သလို ပြန်လည်ဖြတ်တောက်အသုံးချခြင်းဖြစ်သည်။ တချို့ကတော့ ဩဇာကြီးမားသောမီဒီယာများ၏ Logo များကို အသုံးချပြီး သတင်းအမှားများကို တင်ဆက်ကြသည်။ ရပ်တည်မှုမှန်ကန်သော မီဒီယာကြီးများ၏ ပုံရိပ်ကိုယူပြီး သတင်းအမှားအတွက် အသုံးချခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ဩဇာကြီးမားသူများ၊ ထင်ရှားကျော်ကြားသူများ၏ စကားများကိုလည်း လိုသလိုဖြတ်ညှပ်ကပ်လုပ်ပြီး တင်ပြအသုံးပြုကြခြင်းမျိုးလည်းရှိသည်။

အစွမ်းထက်သတင်းအတု (Deep – Fake)

နည်းပညာမြင့်မားလာသောခေတ်တွင် ပို၍ကျယ်ပြန့်လာနေသော အကြောင်းအရာတစ်ခုဖြစ်သည်။ ကြောက်စရာအလွန်ကောင်းလှသည်။ အထူးသဖြင့် နိုင်ငံရေးသမားတွေအတွက် အန္တရာယ်များလွန်းသည်။ မိမိတို့ မပြောခဲ့သောစကားများကို ပြောခဲ့သယောင်၊ မိမိတို့မပြုလုပ်ခဲ့သော အပြုအမူတို့ကို ပြုလုပ်ခဲ့သယောင်ထင်ရအောင် IT နည်းပညာဖြင့် ဖန်တီးပြုပြင်ခံရခြင်းဖြစ်သည်။ Deep – fake ၏ ပထမဆုံးသားကောင်ဖြစ်ခဲ့ရသော အထင်ကရခေါင်းဆောင်မှာ အိုဗားမား ဖြစ်သည်။ အိုဗားမားသည် ၎င်းမပြောခဲ့သောမိန့်ခွန်းကို အမှန်တကယ်ပြောခဲ့သည်ဟုထင်ရအောင် အသိဉာဏ်အတု (AI) ဖြင့် ဖန်တီးထားသော ဗီဒီယိုဖိုင်ဖြင့် ဖွင့်ချခြင်းခံခဲ့ရဖူးသည်။ ရုပ်အရှင်ဖြစ်သော ဗီဒီယိုဖိုင်ကိုပင် အသံနှင့်တကွ ခွဲမရအောင်ပြုလုပ်ပြီး လိမ်ညာနိုင်နေပြီဖြစ်သည်။ နည်းပညာခေတ်ကြီးတွင် Deep -fake တို့၏ အစွမ်းအစကြောင့် မည်သူတွေဒုက္ခရောက်ကြဦးမည်ကို မသိနိုင်ပါပေ။

ဆိုခဲ့ပါအချက်များမှာ သတင်းအတု (Fake – News)ခေါင်းစဉ်အောက်တွင်အကျုံးဝင်သော အကြောင်းတရားများပင် ဖြစ်လေသည်။ သတင်းအတုများသည် အရေးယူလို့ရသော အခြေအနေများရှိသလို အရေးယူလို့မရသော အခြေအနေများလည်း ရှိတတ်သည်။ နောက်မှ အမှန်တရားပေါ်ပေါက်လာအောင်လုပ်ယူလို့ရသည့်တိုင် လတ်တလောမှာတော့ ကာယကံရှင်မှာ ခေါင်းမဖော်နိုင်လောက်အောင် ခံကြရသည်။အထူးသဖြင့် ရွေးကောက်ပွဲကာလတွင် ပေါ်လာတတ်သော သတင်းအတုများမှာ ပို၍ကြောက်စရာကောင်းလေသည်။ သတင်းအတုများကို စပွန်ဆာများက ဖန်တီးပေးကြသည်များရှိသလို နည်းပညာအခြေခံအဖွဲ့အစည်းများကလည်း ငွေကြေးရယူပြီး ဖန်တီးပေးနေကြတာမျိုး ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲကြီးကား နီးချေပြီ ။ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံရေးသမားများ၊ ပြည်တွင်းပြည်ပစပွန်ဆာများ၏ အဓိကအာရုံကျရာ စားကျက်ကွင်းကြီးတစ်ခု ဖြစ်သည်။ သို့ဖြင့် နိုင်ငံရေးသမားတွေ လှုပ်ရှားနေကြပြီဖြစ်သလို စပွန်ဆာတွေလည်း နည်းဗျုဟာတွေ အမျိုးမျိုးခင်းပြီး လှုပ်ရှားနေကြပြီ ဖြစ်ပါသည်။ စာရေးသူအနေနှင့်တော့ ရွေးကောက်ပွဲတစ်ခုအပေါ် မြင်းဇက်ကြိုးဆွဲသလို စေစားနိုင်စွမ်းရှိသော အကြောင်းတရားများကို ဖော်ထုတ်တင်ပြခဲ့ခြင်းသာဖြစ်ပါသည်။ အလိမ်မခံရဖို့နှင့် အရွေးမမှားဖို့ကတော့ စာရှုသူများ၏ တာဝန်သာဖြစ်ပါလိမ့်မည်။ သို့ဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းပြည်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းရှိသော စွမ်းရည်မြင့်အစိုးရတစ်ရပ် ပေါ်ပေါက်လာအောင် အကောင်းဆုံးရွေးချယ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယခုစာစုကို နိဂုံးချုပ်အဆုံးသပ်လိုက်ရပါသည် …။ 

ဝင်းကို

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *