ဥယျာဉ်လေးထဲ လှပစွာဖူးပွင့်နေသော ရတနာပန်းလေးများ

အရောင်စုံ ပလတ်စတစ်ကြိုးချောင်းလေးများက လက်ချောင်းလေးများ၏ ခေါ်ဆောင်ရာအတိုင်းသွက်လက်စွာ လှုပ်ရှားလို့နေသည်။

အရွယ်စုံ ကလေးတစ်သိုက်က အရောင်စုံဒီဇိုင်းစုံခြင်းတောင်းလေးများကို တက်ညီလက်ညီ ရက်လုပ်နေကြခြင်းဖြစ်သည်။

တိတ်ဆိတ်အေးချမ်းသော နှစ်ဧကခြံဝင်းကျယ်ထဲ သစ်ရိပ်ဝါးရိပ်အောက်တွင် အဆောင်လေးများစွာ စီစီရီရီ နေရာယူထားသည်။

ထိုအဆောင်လေးများထဲမှ တစ်ဆောင်ရှိ ခြင်းတောင်းရက်လုပ်၍ ကိုယ်ပိုင်ဝင်ငွေရှာဖွေနေကြသည့် ကလေးတစ်သိုက်တွင် အများစုကား မိဘမရှိတော့သူများ ပါဝင်သလို အချို့က ပညာရေးအခက်အခဲကြောင့် ရတနာဂေဟာသို့ လာရောက်ခိုလှုံကြသူများဖြစ်သည်။ ဂေဟာတွင် အစားထိုးမိဘများ တစ်နည်းအားဖြင့် ဂေဟာဝန်ထမ်းများ၏ စောင့်ရှောက်မှုဖြင့် နေထိုင်ကြီးပြင်းခဲ့ရသည့် ကလေးများ ဖြစ်သည်။

သို့သော် သူတို့သည် ကိုယ်ပိုင်ဝင်ငွေအသီးသီးနှင့် ဂေဟာကိုပင် နေထိုင်စားသောက်စရိတ် ပြန်လည်ပေးနိုင်နေသည့်ကလေးများဖြစ်သည်။

မြန်မာနိုင်ငံရှိ ခိုကိုးရာမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် အများစုသော မိဘမဲ့ဂေဟာများတွင် ထိုသို့ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေနိုင်ရန် စောင့်ရှောက်ပေးသည့်ဂေဟာမှာ နည်းပါးလှသည်မဟုတ်ပါလော။

ထိုသို့ ကိုယ်ပိုင်ရပ်တည်နေနိုင်ရန် ပြုစုပျိုးထောင်ပေးနေသည့် ဂေဟာကား အခြားမဟုတ်ပေ။ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာစံပြကျေးရွာ၊ ခရေလမ်းရှိ ရတနာကလေးပြုစုရေးဂေဟာပင် ဖြစ်သည်။

မိဘမဲ့နှင့် ခိုကိုးရာမဲ့ကလေးများအတွက် ဂေဟာဆောက်လုပ်ပေးရန် စိတ်ကူးအိပ်မက်မက်ခဲ့သူမှာ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်သည့် ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် Total E & P Myanmar ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Mr.Viallard ၏ ဇနီးဖြစ်သူ Dr. Dominique Viallard ဖြစ်သည်။

“မဒမ်က သူ့ရဲ့အိပ်မက်ကို ခဏခဏပြောတယ်။ ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက သူများကိုကူညီတာ ဝါသနာပါတယ်” ဟု ရတနာဂေဟာ၏ ကျောင်းအုပ်လည်းဖြစ်၊ ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးအသင်း၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဦးချမ်းသာအောင်က ပြောကြားသည်။

ဦးချမ်းသာအောင်မှာ Dr. Dominique Viallard ၏ ယာဉ်မောင်းဖြစ်ပြီး လက်ရှိတွင်လည်း ကိုယ်ပိုင်ယာဉ်ဖြင့် အငှားမောင်းနေသူ ဖြစ်သည်။

Dr. Dominique Viallard က ၎င်း၏ အိပ်မက်အတိုင်း ဂေဟာဆောက်လုပ်ချိန်တွင် နိုင်ငံတကာတွင် တည်ထောင်ထားကြသည့် SOS Children’s Villages များ၏ စနစ်အတိုင်း စတင်ခဲ့သည်။

SOS (Socially Responsible Society) ၏ လူသိများသောအဓိပ္ပာယ်မှာ သင်္ဘောနစ်မြုပ်၍ ကယ်ဆယ်ရန်လိုအပ်ချိန်တွင် အကူအညီတောင်းခံသည့် အချက်ပြသင်္ကေတတစ်ခုဖြစ်ပြီး ထိုစကားလုံးကိုယူ၍ SOS Children’s Villages အဖြစ် မိဘမဲ့ကလေးများနှင့် မိသားစုစွန့်ပစ်ခံရသောကလေးများကို ကယ်ဆယ်ရန် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားခြင်းဖြစ်သည်။

SOS Children’s Villages မှာ အကျိုးအမြတ်မယူသော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုံးချုပ်မှာ ဩစတြေးလျနိုင်ငံ Innsbruk တွင် ရှိသည်။ ၁၉၄၉ ခုနှစ်တွင် Hermann Gmeiner နှင့် ၎င်း၏မိတ်ဆွေတို့က စတင်ထူထောင်ခဲ့သည်။

ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကာကွယ်ရေးနှင့် ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်၍ ထူထောင်ထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှ ကလေးများအတွက် လုံခြုံမှု၊ နေချင်စဖွယ်အိမ်၊ ပျော်စရာဘ၀များရရှိစေရန် ထောက်ပံ့နိုင်ရန်ဖြစ်သည်။

ယခုအချိန်တွင် SOS Children’s Villages များမှာ နိုင်ငံတကာတွင် ၅၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။ ထိုအဖွဲ့အစည်း၏ ကလေးများအပေါ် စောင့်ရှောက်ပုံ ထူးခြားချက်မှာ နေအိမ်တစ်လုံးကို ကလေးငါးဦး၊ ဆယ်ဦးအတွက် စသဖြင့် ဆောက်လုပ်ပေးထားပြီး ထိုကလေးများကို စောင့်ရှောက်သည့် အမေနှင့် အဖေမှာ အမှန်တကယ် အိမ်ထောင်ရှင်များဖြစ်ကာ စေတနာ့ဝန်ထမ်းလာရောက်စောင့်ရှောက်ပေးခြင်း ဖြစ်သည်။

ထိုစနစ်အတိုင်း အကောင်အထည်ဖော်လိုသော Dr. Dominique Viallard ၏ဆန္ဒကို ကမ္ဘာအေးဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဒီပမထေရ်က ဖြည့်ဆည်းကာ မင်္ဂလာဒုံမြို့နယ်ရှိ ဆရာတော်ပိုင်ဆိုင်သည့် မြေလေးဧကကို လှူဒါန်းခဲ့သည်။

ဂေဟာအဖြစ် စတင်အကောင်အထည်ဖော်ရန်နှင့် ရပ်တည်နိုင်ရန်အတွက် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးစီမံကိန်း (MOGE, UNOCAL ,TOTAL, PTTEP) တို့၏ ရန်ပုံငွေဖြင့် စီမံခန့်ခွဲ၍ ပံ့ပိုးကူညီခဲ့သည်။

ထိုမြေပေါ်တွင် လုံးချင်းအိမ်ငယ်လေးလုံးနှင့် ထမင်းစားဆောင်၊ မီးဖိုဆောင်၊ ခန်းမ စသဖြင့် အဆောင်များကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကလေးစတင်လက်ခံခဲ့ကာ ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မိဘနှစ်ပါးစလုံး သို့မဟုတ် ခိုကိုးရာမဲ့နေသူ မွေးကင်းစအရွယ်မှ အသက်ငါးနှစ်အတွင်းရှိ နာတာရှည်နှင့် ကူးစက်ရောဂါကင်းရှင်းသော ကလေး (ကျား၊ မ) လူမျိုး၊ ဘာသာမရွေး လက်ခံပြုစုစောင့်ရှောက်ခဲ့ပြီး အသက် ငါးနှစ်နှင့်အထက် ကလေးဖြစ်ပါက ၎င်းသင်ကြားနေဆဲဖြစ်သော အတန်းအပေါ်မူတည်၍ လက်ခံစောင့်ရှောက်ရန် စဉ်းစားပေးလျက်ရှိပြီး မူဝါဒနှင့် ကိုက်ညီပါက ဂေဟာသို့ လာရောက်ပို့ဆောင်သည့် ခိုကိုးရာမဲ့ကလေးများကို စောင့်ရှောက်ပေးလျက်ရှိသည်။

ရတနာဂေဟာမှ ကလေးပေါင်း ၅၀ ကျော်ကို ပြုစုစောင့်ရှောက်မွေးထုတ်ခဲ့ပြီးဖြစ်သလို လက်ရှိတွင်လည်း အသက် သုံးနှစ်မှ ၂၀ ကျော်အရွယ်အထိ ကလေး ပေါင်း ၄၂ ဦးကို စောင့်ရှောက်ပေးလျက် ရှိသည်။

ဂေဟာစတင်ချိန်တွင် မွေးကင်းစမှ အသက် ငါးနှစ်အထိ ကလေး ကျား၊ မ တစ်ပေါင်းတည်းထား၍ပြုစုကာ သင်တန်းကျောင်းတစ်ခုကဲ့သို့ အချိန်ဇယားဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွင် မိသားစုစစ်စစ်အရသာကို ပေးစွမ်းလိုသူ ဦးချမ်းသာက အိမ်တစ်အိမ်တွင် အသက်ငါးနှစ်အထက်ကလေးများကို ကျား၊ မ သီးသန့်ခွဲ၍ မိသားစုနေအိမ်များတွင် ပြုစုသူတစ်ဦးက ဦးဆောင်စောင့်ရှောက်ကာ ထမင်းအတူစားခြင်း၊ ဟင်းအတူချက်ခြင်း စသဖြင့် အိမ်တစ်အိမ်ကဲ့သို့ ဖန်တီးပေးခဲ့သည်။

“ကျွန်တော်တို့ မိသားစုလို အတူတူထမင်းစားဖို့ဖြစ်နိုင်လားပေါ့။ စဉ်းစားပြီးတော့မှ တကယ့်မိသားစုအစစ်တွေလိုနေဖို့ သင်တန်းကျောင်းက အချိန်ဇယားတွေ တန်းစီတာတွေလည်း မထားတော့ဘူး” ဟု ဦးချမ်းသာအောင်က ရှင်းပြသည်။

ကျောင်းနေအရွယ်ကလေးများကို ကျောင်းထားပေးသည်။ ကျောင်းပညာရေး အားနည်းသူများကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးလျက် ရှိသည်။

ဦးချမ်းသာအောင်ကိုလည်း ကလေးများက ဖေကြီးဟုသာ ခေါ်ဆိုကြပြီး အိမ်တစ်အိမ်ချင်းစီတွင် စောင့်ရှောက်သည့် ဆရာ၊ ဆရာမများကိုလည်း အဖေ၊ အမေဟုသာ ခေါ်ဆိုကြသည်။

“မိဘအစစ် မဟုတ်ဘူး။ အတုပေမယ့် အစားထိုးစရာအနေနဲ့ပေါ့” ဟု ဦးချမ်းသာအောင်က ဆိုသည်။

လက်ရှိတွင် မိန်းကလေးဆယ်ဦးနှင့် အမေတစ်ဦးစီနေထိုင်သည့် အိမ်သုံးလုံးရှိပြီး ယောက်ျားလေး ဆယ်ဦးနှင့် အဖေတစ်ဦးနေထိုင်သည့် အိမ်တစ်လုံးရှိသည်။

“သူတို့ရဲ့ ကျောင်းတွေအထိ ဆရာ၊ ဆရာမတွေနဲ့ပါ ရင်းနှီးအောင် လုပ်ထားရတယ်။ သွန်သင်ဆုံးမတယ်။ ကလေးတွေကလည်း နာခံကြပါတယ်” ဟု ဂေဟာစတင်ဖွင့်လှစ်ချိန်မှစ၍ ယနေ့အထိ ကလေးများကို ပြုစုစောင့်ရှောက်ခဲ့သူ ဒေါ်နော်ဖရီးဒါ က ပြောကြားသည်။

TOTAL ကုမ္ပဏီသည် မြန်မာပြည်မှ အချိန်တစ်ခုတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ရာ ရတနာဂေဟာဆက်လက်လည်ပတ်နိုင်ရန်အတွက် ပြည်တွင်းရှိ ပရဟိတလုပ်ငန်းလုပ်ဆောင်နေသူများ ပါဝင်သော အသင်းအဖွဲ့ကို ဖွဲ့စည်း၍ ထိုအသင်းအဖွဲ့ထံသို့ ၂၀၁၅ ခုနှစ်တွင် ဂေဟာကို လွှဲပြောင်းပေးခဲ့သည်။

သုခရိပ်မြုံနှင့် ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာတို့ကိုလည်း တည်ထောင်ထားသူဖြစ်ရာ ပြုစုစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အတွေ့အကြုံကောင်းများရှိနေသည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်ပေးရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဦးချမ်းသာအောင်က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးအသင်း – Foster Family Association (FFA) ကို ဖွဲ့စည်းခဲ့သည်။

ဂေဟာကို လွှဲပြောင်းချိန်တွင် MOGE, UNOCAL ,TOTAL, PTTEP တို့၏ ရန်ပုံငွေမှာ ဘဏ်တွင်အပ်နှံထားရှိခဲ့သော်လည်း ထိုရန်ပုံငွေ မပျောက်ပျက်စေရန်နှင့် ဂေဟာတစ်ခုလုံး ရေရှည်ရပ်တည်နိုင်ရေးကိုမူ ဦးချမ်းသာတစ်ယောက် ခေါင်းခဲခဲ့သည်။

ကုမ္ပဏီစီမံခန့်ခွဲချိန်က ဂေဟာတွင် ဝန်ထမ်းဘ၀ဖြင့် လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီက FFA သို့ လွှဲပြောင်းပြီးချိန်တွင် ဂေဟာကိုပါ ဆက်လက်ရှင်သန်ရန် ဆောင်ရွက်ရမည့်အခြေအနေဖြစ်ခဲ့သည်။

“ဝန်ထမ်းတွေရဲ့ စရိတ်စကတွေနဲ့ ခေါင်းခြောက်တာပေါ့။ အရင်က ဝန်ထမ်းဦးရေက အမြင့်ဆုံး ၂၆ ဦး ရှိခဲ့တယ်။ အခုကတော့ ကျွန်တော်အပါအဝင်မှ ရှစ်ဦးပဲ ရှိတော့တာပေါ့။ ရန်ပုံငွေဆိုတာကလည်း ဘဏ်ကနေ ထုတ်သုံး ထုတ်သုံးနဲ့ ကုန်မှာပဲ။ ဝန်ထမ်းလစာကလည်း ဘယ်လောက်မှရကြတာမဟုတ်တော့ ဒါကို ရေရှည်ဆက်ထိန်းဖို့ တာဝန်ဖြစ်လာတယ်” ဟု ဦးချမ်းသာက ပြောပြသည်။

ထိုအချိန်တွင် ဂေဟာရပ်တည်ရေးအတွက် ငွေကြေးရနိုင်မည့် နည်းလမ်းအမျိုးမျိုးကို စဉ်းစားခဲ့သည်။ ဦးချမ်းသာအောင်က အလှူခံခြင်းထက် လက်တွေ့မိသားစုဘ၀၏ စားဝတ်နေရေးအခက်အခဲကိုဖြေရှင်းသကဲ့သို့ပင် ဂေဟာတစ်ခုလုံးတွင် အိမ်တစ်အိမ်စီမှ မိသားစုများ တက်ညီလက်ညီ အလုပ်လုပ်ကြသည့်အခြေအနေသို့ ပြောင်းလဲခဲ့သည်။

“အလှူခံရမှာ ကျွန်တော် ရှက်လည်း ရှက်သလို ရေရှည်မှာ ဒီကလေးတွေအတွက်လည်း ဒါက အမှန်မဟုတ်ဘူး။ ရေရှည်ဘ၀ရပ်တည်နိုင်ရေးအတွက် စိတ်ပူမိတယ်။ အလှူရှင်က လာလှူဒါန်းပေမယ့်လည်း သူတို့ကို ကျေးဇူးလည်းတင် ကိုယ့်ကိုယ်ကိုယ်လည်း အားမရဘူး။ အရင် အဲဒီလိုနေခဲ့တဲ့သူမှ မဟုတ်တာကိုး” ဟု ဂေဟာလွှဲပြောင်းယူချိန်တွင် ခံစားခဲ့ရသည့် အခက်အခဲများကို ပြောပြသည်။

ဂေဟာစတင်ချိန်မှစ၍ ရန်ပုံငွေထားရှိပေးထားပြီး တစ်လလျှင် တစ်ဦးချင်းစီအတွက် လစဉ်ဆုချီးမြှင့်အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်နှင့် ညီညွတ်ပါက ဆုကြေးချီးမြှင့်ပေးသည်။ ထိုအစီအစဉ်အတွက် ပုံမှန်ငွေကျပ် နှစ်သိန်းခန့်ကို ပေးထားသည်။ ထို့ပြင် တစ်ယောက်ချင်းစီအတွက် ဟင်းစရိတ် (ကုန်ခြောက်၊ ဆန်၊ ဆီ မပါ) ကို ငွေကျပ် ၈၀၀ နှုန်း ပေးထားသည်။

ထို့ပြင် အိမ်တစ်အိမ်ချင်းစီတွင် မိသားစုပိုင်ငွေရှိသည်။ ထိုမိသားစုပိုင်ငွေမှာ စိုက်ပျိုးရေးလုပ်၍ ရရှိသည့်ငွေကို မိသားစုပိုင်ငွေ (Unit) အဖြစ် ထားရှိခြင်း ဖြစ်သည်။ ထိုငွေကြေးထဲမှ ပထမဦးစွာ ဆပ်ပြာဆီလုပ်၍ ရောင်းချကြခြင်း၊ ပန်းအိုးလေးများ ပြုလုပ်ခြင်းတို့ဖြင့် စတင်ခဲ့သည်။

အလှူရှင်များ လာရောက်လှူဒါန်းလျှင် ထိုအလှူရှင်ကို ဟန်းမိတ်ပန်းအိုး လက်ဆောင်ပေးသည်။ အာဟာရဒါနအလှူရှင်က လှူဒါန်းသောငွေဖြင့် ဟင်းချက်စရာပစ္စည်းများ ဝယ်ယူပြီး၍ ပိုလျှံသောငွေကို စုဆောင်းထားသည်။ အလှူရှင်သို့ လက်ဆောင်ပေးသည့် ပန်းအိုးဖိုးကို ထိုငွေထဲမှ ပန်းအိုးလုပ်သည့် ကလေးသို့ ပြန်လည်ပေးချေသည်။

ပန်းအိုးလုပ်သူ ကလေးတွင်လည်း ငွေကြေးပိုင်ဆိုင်မှုရရှိလာသည်။ ထို့ပြင် လေးဧကမှ မြေအလွတ်နှစ်ဧက ကျန်ရှိနေရာစိုက်ပျိုးရေးကို ကလေးများ၊ ပြုစုသူများက စုပေါင်း၍ စိုက်ပျိုးခဲ့သည်။ အိမ်တစ်အိမ်ချင်းစီမှ စိုက်ပျိုးသည့် ထိုအသီးအနှံများကို ဂေဟာမှပင် လစဉ်အသုံးစရိတ် Petty Cash ဖြင့် ပြန်လည်ဝယ်ယူသည်။

ထို့ကြောင့် ထိုငွေမှာ အိမ်တစ်အိမ်ချင်းစီတွင် မိသားစုဝင်ငွေ ဖြစ်လာသည်။

သို့သော် ရေရှည်တွင် ထိုစိုက်ပျိုးရေးတစ်ခုဖြင့်ပင် သွား၍မရသည့်အတွက် ပလတ်စတစ်ကြိုးဖြင့် ခြင်းတောင်းရက်လုပ်သည့်လုပ်ငန်းကို ရွှေပြည်သာရှိ ခြင်းတောင်းလုပ်ငန်းရှင်တစ်ဦးကို အကူအညီတောင်း၍ ဂေဟာရှိ ကလေးများကို အတတ်ပညာကို သင်ကြားစေခဲ့သည်။

“ကလေးတွေကို စိတ်အားတက်ကြွအောင် လုပ်တာပေါ့။ ခြင်းရဲ့အောက်ခြေမှာ နာမည်အတိုကောက်လေးတွေ ရေးထားတယ်။ သူ့ခြင်းရောင်းရရင် သူပိုက်ဆံရတယ်။ ကြိုးဖိုးဖယ်ပြီး သူ့ခြင်းဖိုးကို ရှင်းပေးလိုက်တာပေါ့” ဟု ဦးချမ်းသာအောင်က ခြင်းလုပ်ငန်း စတင်ခဲ့ချိန်ကို ပြန်လည်ပြောပြသည်။

ထိုခြင်းများမှာ ပလတ်စတစ်ကြိုး အလှခြင်းတောင်းကဲ့သို့ လုပ်ကိုင်ရမလွယ်ကူဘဲ ခက်ခက်ခဲခဲ လုပ်ခဲ့ရသည်။ ထိုအချိန်တွင် အလှခြင်းတောင်းလေးများ ခေတ်စားစပြုလာသည်။ ထိုအလှခြင်းများသို့ ပြောင်းလဲရက်လုပ်ရန် ခြင်းတောင်းရက် လုပ်နိုင်သူ ဆရာမတစ်ဦးလည်း ပေါ်လာပြီး နှစ်ရက်တာကလေးများကို ပညာဒါန သင်ပြပေးခဲ့သည်။

ထိုအချိန်မှစ၍ ခြင်းရက်လုပ်ခြင်းကို စိတ်ဝင်စားသည့် ကလေးများက ခြင်းရက်လုပ်ကြကာ အလှခြင်းတောင်းများမှာ ဒို့ရတနာခြင်းလုပ်ငန်းအမည်ဖြင့် လက်ကားဖြန့်ရောင်းချနိုင်သည်အထိ တွင်ကျယ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အလှခြင်းတောင်းများကို သင့်လျော်သော ဈေးနှုန်းနှင့် အဖိုးနည်းဝန်ပါသဘောရောင်းချခဲ့ရာ တစ်နှစ်အတွင်း ကျပ် သိန်း ၅၀၀ ခန့်ရရှိခဲ့သည်။

ခြင်းလုပ်ငန်းမှာ ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲရှိနိုင်ပြီး ချက်ပြုတ်ရေးလုပ်ငန်းမှာ ပိုမိုသင့်လျော်ကြောင်း စိတ်ကူးရရှိကာ ချက်ပြုတ်ရေးလုပ်ငန်းကို ထပ်မံချဲ့ထွင်ခဲ့ပြန်သည်။

ငယ်စဉ်ကပင် မိသားစုများ အတူတူချက်ပြုတ်စားသောက်ရသည့်အတွက် အချက်အပြုတ်ကျွမ်းကျင်သည့်ကလေးများ ထွက်ပေါ်လာပြီး ဂေဟာအတွက် ဦးစီးချက်ပြုတ်သလို ပြင်ပအော်ဒါများ၊ အလှူရှင်များ လှူဒါန်းလိုသည့် အစားအသောက်များကိုပင် ချက်ပြုတ်နိုင်ခဲ့သည်။

ချက်ပြုတ်ရေးလုပ်ငန်းတွင်ပါဝင်သူများမှာလည်း ကိုယ်ပိုင်ငွေကြေးရရှိသလို ခြင်းတောင်းရက်လုပ်သူများမှာလည်း ကိုယ်ပိုင်ဝင်ငွေ အသီးသီးရှိသည်။ အသက် ၁၈ နှစ် မပြည့်သေးသူများအတွက် ဦးချမ်းသာအောင်နှင့် အမှုဆောင်နှစ်ဦး ပါဝင်သည့် ဘဏ်ငွေစာရင်းတစ်ခု ဖွင့်ထားပြီး တစ်ဦးချင်းဆီသို့ အလှူရှင်များကလှူဒါန်းသည့် ငွေကြေးနှင့် မုန့်ဖိုးငွေများကို ထည့်ပေးထားသည်။

ထို့ပြင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ငါးဦးကိုလည်း ဘဏ်ငွေစာရင်းတစ်ခုစီ လုပ်ပေးထားပြီး ထိုဘဏ်စာအုပ်ထဲတွင် မိမိကိုယ်ပိုင်ဝင်ငွေကို စုဆောင်းပေးထားသည်။

ချက်ပြုတ်ရေးတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦးမှာ ကိုယ်ပိုင်ဝင်ငွေ ၄၁ သိန်းအထိပင် စုဆောင်းထားနိုင်ပြီဖြစ်သည်။

“သမီးက ထမင်းဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တယ်” ဟု ထိုမိန်းကလေးက ပြောကြားသည်။

ယခုအခါ ခြင်းလုပ်ငန်း၊ ချက်ပြုတ်ရေးလုပ်ငန်း၊ ကြက်ဥဘူးခွံလုပ်ငန်း၊ စက်ချုပ်လုပ်ငန်းနှင့် တံဆိပ်ရိုက်လုပ်ငန်းများအထိ တိုးချဲ့လုပ်ကိုင်လာနိုင်ပြီဖြစ်သလို ဂေဟာရှိကလေးများသည်လည်း မိမိတို့အားသာရာ လုပ်ငန်းများတွင် တက်ညီလက်ညီ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

အသက်သုံးနှစ်ကလေးပင် ငွေကြေးနှစ်သိန်းနီးပါး ပိုင်ဆိုင်နေပြီဖြစ်သည်။ ကလေးများအားလုံးတွင် ကိုယ်ပိုင်ဝင်ငွေများဖြင့် ရပ်တည်နေနိုင်ပြီး အသက်မွေးဝမ်းကျောင်းပညာများကိုလည်း တတ်မြောက်ထားလေသည်။

ရတနာဂေဟာ ရေရှည်ရပ်တည်နိုင်ရေးနှင့် ကလေးများ ကိုယ့်အားကိုယ်ကိုးတတ်စေရန် ရည်ရွယ်ကာ ဂေဟာရှိကလေးများထဲမှ မွေးကင်းစမှ အသက် ၁၈ နှစ်အထိ ကလေးများကို စားစရိတ်တစ်သောင်းကျပ်၊ အသက် ၁၈ နှစ်မှ ၂၀ ကြားကို စားစရိတ် နှစ်သောင်းကျပ်နှင့် အသက် ၂၀ အထက် ကလေးများကို စားစရိတ် နှစ်သောင်းနှင့် နေစရိတ် သုံးသောင်းပေးဆောင်ရန် သတ်မှတ်ထားပြီး ကလေးအားလုံးမှာ ရေနှင့် မီတာခအတွက် တစ်ဦးလျှင် နှစ်ထောင်ကျပ်ဖြင့် လစဉ်ပေးဆောင်ရသည်။

ဝင်ငွေမရှာနိုင်သေးသည့် ကလေးများအတွက် ကလေးအကြီးများက စရိတ်မျှခံပေးကြသည်။ ရရှိသည့် ငွေကြေးအားလုံးကို ဂေဟာ၏ လစဉ်အသုံးစရိတ်အဖြစ် ပေးသွင်းခြင်းဖြစ်သည်။

မိဘမရှိသူ သို့မဟုတ် ခိုကိုးရာမဲ့သူ၊ ပညာရေးလိုအပ်ချက်ရှိ၍ မိဘများနှင့် ခွဲခွာနေထိုင်နေရသူ မည်သို့ပင်ဆိုဆို ထိုကလေးများတွင် ကိုယ်ပိုင်ငွေကြေး သိန်းဆယ်ချီအထိရရှိစေရန် ရတနာဂေဟာက ပျိုးထောင်ပေးနိုင်ခြင်းသည် ထိုဂေဟာ၏ ထူးခြားချက်တစ်ခုပင် မဟုတ်ပါလော။

ကလေးများ၏ အနာဂတ်ဘ၀မှာ တောက်ပသောရတနာများအဖြစ် ဆက်လက်တည်ရှိနေနိုင်မည်ဆိုသည်မှာ ဧကန်မုချပင်။

ထိုကလေးများကို ပြုစုပျိုးထောင်ခဲ့သည့် ရတနာဂေဟာကို ရှေ့ဆက်တည်တံ့နေစေရန် ဦးချမ်းသာအောင်က ယခုကတည်းကပင် စတင်ဆောင်ရွက်နေပြီး စီမံခန့်ခွဲနိုင်သော အရည်အချင်းရှိသည့်ကလေးများ ပေါ်ထွန်းလာစေရေးအတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ရတနာလှေကို ဆက်လက်လှော်ခတ်သူများကို လေ့ကျင့်မွေးထုတ်ပေးနေသည်။

ဥယျဉ်မှူးကောင်းကြောင့် လှပသန်မာသော ရတနာပန်းပွင့်များထိုဂေဟာ တစ်နည်း ထိုဥယျာဉ်မှူးလေးအတွင်းတွင် ရှင်သန်ဖူးပွင့်နေပြီမဟုတ်ပါလား။

လက်ရှိရတနာဂေဟာ၏ ကိုယ်ပိုင်ရပ်တည်နေနိုင်သည့်အခြေအနေကိုလည်း ဦးချမ်းသာအောင်က ဂုဏ်ယူစွာဖြင့် ယခုလို ဆိုသည်။

“ကျွန်တော်တို့က အသက်ရအောင် မွေးဖို့ထက် ဘ၀လှအောင် မွေးပေးတာပါ”

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *