၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

သင်ခန်းစာ (၁၃) ဖန်ဆင်းရှင်ဘုရားသခင် (God)

အပိုင်း (၂) ဖန်ဆင်းရှင် ဘုရားသခင်မပါသော ကိုယ်ကျင့်တရား

ကျွန်ုပ်တို့၏ လူ့အသိုင်းအဝိုင်း၏ လူမှုစနစ်အစီအစဉ် (Social Order) ကို ထိန်းပေးရန် စကြ၀ဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဘာမှမဆိုင်၊ ယင်းက လုံးလုံးမကူညီနိုင်သည်ကတော့ ဟုတ်ပါသည်။ လူသားများလိုက်နာရန် လက်ဆုပ်လက်ကိုင်ပြနိုင်သောဥပဒေများ သတ်မှတ်ပေးသည့် ဖန်ဆင်းရှင်ဘုရားသခင်တစ်ပါးပါးကို ယုံကြည်ခြင်းမရှိပါက လူ့ကိုယ်ကျင့်တရား ပျောက်ကွယ်သွားပြီး လူ့အသိုင်းအဝိုင်းတစ်ခုလုံး ကမ္ဘာဦးကလို အကုန်ပရမ်းပတာဖြစ်ကုန်မည်ဟု လူအများက ပြောဆိုလေ့ရှိကြပါသည်။

ဖန်ဆင်းရှင်နတ်ဘုရားများကို ယုံကြည်မှုက အမျိုးမျိုးသော လူမှုစနစ်အစီအစဉ်များအတွက် အထူးအရေးပါသည်ဆိုသည့်အချက်နှင့် တစ်ခါတစ်ရံ ထိုသို့ယုံကြည်မှုက ကောင်းသောအကျိုးသက်ရောက်မှုများ ရှိသည်ဆိုတာက မှန်ပါသည်။ အမှန်စင်စစ်အားဖြင့် လူအချို့ကို အမုန်းတရားနှင့် တစ်ယူသန် တဇောက်ကန်းဝါဒများ ဖြစ်ပေါ်စေသည့် ယင်းဘာသာရေးများကပင် အချို့အတွက် ချစ်ခြင်းမေတ္တာ၊ ကရုဏာနှင့် ကိုယ်ချင်းစာစိတ်များ ပွားများစေပြန်ပါသည်။ ဥပမာပေးရလျှင် ၁၉၆၀ ပြည့်နှစ်များ အစောပိုင်းကာလက မက်သဒစ်ဘုန်းတော်ကြီး တက်မက်လ်ဗီနားက သူ့ရပ်ရွာအသိုင်းအဝိုင်းရှိ LGBT အုပ်စုများ အတိဒုက္ခရောက်နေသည်ကို သိလာပါသည်။ ဘုန်းတော်ကြီးက ယေဘုယျ လူ့အဖွဲ့အစည်းအတွင်း ဂေးများ (အမျိုးသားချင်း စုံမက်သူများ) နှင့် လက်စဘီယန်များ (အမျိုးသမီးချင်း စုံမက်သူများ) ၏ အခြေအနေကို စတင်လေ့လာပြီး ၁၉၆၄ ခုနှစ် မေလတွင် ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဂေး၊ လက်စဘီယန် တက်ကြွလှုပ်ရှားသူများ ပါဝင်သော သုံးရက်တာဆွေးနွေးပွဲကို ကယ်လီဖိုးနီးယားရှိ White Memorial Retreat စင်တာတွင် ရှေ့ဆောင်လမ်းပြဆောင်ရွက်ခဲ့ပါသည်။ ရလဒ်အနေနှင့် ဆွေးနွေးပွဲတွင် ပါဝင်သူများက ‘ဘာသာရေးနှင့် လိင်တူစုံမက်သူများကောင်စီ’ (Council of Religion and the Homosexual – CRH) ကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကောင်စီတွင် တက်ကြွလှုပ်ရှားသူများအပြင် မက်သဒစ်ဘုန်းတော်ကြီးများ၊ အက်ပီစကော်ပယ်ဘုန်းတော်ကြီးများ၊ လူသာရီယန်ဘုန်းတော်ကြီးများ၊ ခရစ်တော်၏ ညီညွတ်သောအသင်းတော်မှ ဘုန်းတော်ကြီးများ ပါဝင်ပါသည်။ ယင်းကောင်စီမှာ ‘လိင်တူစုံမက်သူများ’ ဆိုသည့် စကားလုံးကို တရားဝင်အဖွဲ့နာမည်တွင် ပထမဆုံး စတင်ဖော်ပြရဲသည့် အမေရိကန်အဖွဲ့အစည်း ဖြစ်ပါသည်။

နောက်နှစ်များတွင် CRH တက်ကြွလှုပ်ရှားသူများက ဝတ်စုံဆန်းများဝတ်ဆင်သွားရသော ပါတီများ (Costume Parties) ကျင်းပခြင်းမှသည် မတရားခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်အနိုင်ကျင့်မှုများကို ဥပဒေကြောင်းအရ တရားစွဲခြင်းအထိ များစွာသောဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပါသည်။ CRH ကောင်စီမှာ ကယ်လီဖိုးနီးယားရှိ ဂေးအခွင့်အရေးလှုပ်ရှားမှု စတင်သန္ဓေတည်ရာနေရာ ဖြစ်လာပါသည်။ ဘုန်းတော်ကြီး မက်လ်ဗီးနားနှင့် အခြားဘုရားသခင်ကို ယုံကြည်သူများက သမ္မာကျမ်းစာပါ လိင်တူစုံမက်ခြင်းကို မြစ်တားကန့်သတ်ထားချက်များကို ကောင်းကောင်းသိကြပါသည်။ သိုနှင့်တိုင် သူတို့အဖို့မှာ သမ္မာကျမ်းစာထဲရှိ စကားလုံးတိုင်းကို သည်၊ ၏ မရွေးလိုက်နာဖို့ထက် ခရစ်တော်လမ်းညွှန်ပြသည့် မေတ္တာ၊ ကရုဏာ စိတ်ထားနှင့်အညီ ဆောင်ရွက်ဖို့က ပိုအရေးကြီးသည်ဟု ယူဆကြပါသည်။

ဖန်ဆင်းရှင်နတ်ဘုရားများက ကျွန်ုပ်တို့ကို မေတ္တာ၊ ကရုဏာနှင့်အညီ ပြုမူနေထိုင်ရန် လမ်းပြနိုင်သည့်တိုင်အောင် ကိုယ်ကျင့်သီလရှိစွာ ပြုမူနေထိုင်နိုင်ဖို့အတွက် ဘာသာတရားအပေါ် ယုံကြည်မှုရှိရန်ကိစ္စမှာ လိုကိုလိုအပ်သည့် ကိစ္စမဟုတ်ပါ။ လူသားများ ကိုယ်ကျင့်တရားနှင့်အညီ ပြုမူနေထိုင်စေရန် သဘာဝလွန်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လမ်းညွှန်ချက် လိုအပ်သည်ဟု ယူဆပါက ကိုယ်ကျင့်တရားမှာ သဘာဝလွန်ကိစ္စ၊ သဘာဝမကျသောကိစ္စဟု ယူဆရာရောက်ပါသည်။ ဤအချက်ကို ပြန်လည်စဉ်းစားသုံးသပ်ကြည့်ကြဖို့ ကောင်းပါသည်။ အချို့ ကိုယ်ကျင့်တရားဆိုင်ရာ အပြုအမူများမှာ သဘာဝအလျောက် ပေါ်ပေါက်လာသော အပြုအမူများ ဖြစ်ပါသည်။ ချင်ပန်ဇီမျောက်ဝံများကအစ ကြွက်များအဆုံး အစုအဖွဲ့နှင့် စုဝေးနေထိုင်ဆက်ဆံတတ်သည့် နို့တိုက်သတ္တဝါများ (Social Mammals) မှာ သူတစ်ပါးဥစ္စာခိုးယူခြင်းနှင့်၊ သူတစ်ပါးအသက်ကိုသတ်ခြင်း အစရှိသည့် အပြုအမူများကို မလုပ်ရန်ကန့်သတ်ထားသည့် ကိုယ်ကျင့်တရားစည်းကမ်းများ ရှိပါသည်။ လူသားများတွင်လည်း သည်လိုပဲ ဖြစ်ပါသည်။ ကိုယ်ကျင့်သီလကို ဘယ်လူ့အဖွဲ့အစည်းမှာမဆို တွေ့နိုင်ပါသည်။ ဖန်ဆင်းရှင်ဘုရားတစ်မျိုးတည်းကို မယုံကြည်သည့်တိုင်အောင်၊ ဒါမှမဟုတ် ဘယ်ဖန်ဆင်းရှင်ကိုမှ မယုံကြည်သည့်တိုင်အောင် ကိုယ်ကျင့်တရားသီလကို လူ့အဖွဲ့အစည်းတိုင်းတွင် တွေ့ရမည်ဖြစ်ပါသည်။ ခရစ်ယာန်များက ဟိန္ဒူနတ်ဘုရားများကို မယုံကြည်ပါ၊ သို့နှင့်တိုင် ပေးကမ်းစွန့်ကြဲခြင်းဒါနကို ဆောင်ရွက်ကြပါသည်။ မွတ်ဆလင်များက ခရစ်တော်၏ ဘုရားဖြစ်မှုကို မယုံကြည်သော်လည်း ရိုးဖြောင့်မှုကို တန်ဖိုးထားကြပါသည်။ လောကီသက်သက်နိုင်ငံများဖြစ်သည့် ဒိန်းမတ်နှင့် ချက်သမ္မတနိုင်ငံလိုနိုင်ငံများက ဘာသာတရားကိုင်းရှိုင်းသည့် အီရန်နှင့် ပါကစ္စတန်လို နိုင်ငံများထက်ပိုပြီး အကြမ်းဖက်လိုစိတ် မရှိကြပါ။

ကိုယ်ကျင့်သီလဆိုသည်မှာ ‘ဖန်ဆင်းရှင် ဘုရားသခင်၏ အမိန့်ဥပဒေများကို လိုက်နာခြင်း’ ဟု အဓိပ္ပာယ်ဖွင့်လို့မရပါ။ ကိုယ်ကျင့်တရား၏ဆိုလိုရင်းမှာ ‘ဆင်းရဲဒုက္ခကို သက်သာစေခြင်း’ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကိုယ်ကျင့်သီလနှင့်အညီ နေထိုင်ရေးအတွက် ပုံပြင်၊ ဒဏ္ဍာရီများကို ယုံကြည်ရန် မလိုအပ်ပါ။ စာဖတ်သူအနေနှင့် သတ္တဝါများ ဆင်းရဲဒုက္ခခံစားနေရခြင်းကိုသာ နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ မိမိအပြုအမူကြောင့် မိမိကိုယ်တိုင်နှင့် အခြားသူများမလိုအပ်သော ဆင်းရဲဒုက္ခခံစားရသည်ကို အမှန်တကယ် နားလည်ပါက ယင်းအပြုအမူကို အလိုအလျောက်ရှောင်ရှားမည်သာ ဖြစ်ပါသည်။ လူအများအဖို့ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် သူတစ်ပါးဥစ္စာကို ခိုးခြင်းကဲ့သို့သော အပြုအမူများကို ဆောင်ရွက်ကြခြင်းမှာ ယင်းအပြုအမူများကြောင့်ဖြစ်သော ဆင်းရဲဒုက္ခကို အပေါ်ယံလောက်သာ နားလည်ထားသောကြောင့် ဖြစ်ပါသည်။ သူတို့၏ ရုတ်ချည်းပေါ်လာသော အာသာရမ္မက်နှင့် လိုဘကို ဖြည့်ဆည်းရေးကိုသာ စိတ်ရောက်နေပြီး ယင်းအပြုအမူများက အခြားသူများအပေါ် ဘယ်လိုသက်ရောက်မည်၊ ရေရှည်တွင်လည်း မိမိအပေါ်တွင်လည်း ဘယ်လိုသက်ရောက်မည်ကို မသိကြသောကြောင့်သာ ထိုသို့ပြုမူကြခြင်း ဖြစ်ပါသည်။ မိမိစစ်မေးနေသောသူကို များနိုင်သမျှများများ နာကျင်ခံစားရအောင် တမင်လုပ်သည့် စစ်ကြောရေးအလုပ်ကို ဆောင်ရွက်ကြသည့်သူများပင် လုပ်နေရသောအလုပ်ကို ကိုယ်နှင့် မဆိုင်ဘူးဟု ထင်ရအောင် အမျိုးမျိုးလုပ်ကြပါသည်။ သူတို့က တစ်ဖက်သားကို လူမဟုတ်ဟု ကိုယ့်ဘာသာကိုယ်ထင်အောင် (Dehumanizing) နှင့် လုပ်နေရသောအလုပ်ကို ရိုးသွားပြီး ဘာမှမခံစားရတော့စေရန် (Dehumanizing) နည်းအမျိုးမျိုး သုံးကြရပါသည်။

လူသားတိုင်း ကိုယ့်ကိုယ်ကိုယ် ဆင်းရဲဒုက္ခမခံစားရအောင် သဘာဝအလျောက် ရှောင်ရှားကြသည်မှာ မှန်ပါသည်။ သို့သော် အခြားသူများ၏ ဆင်းရဲဒုက္ခနှင့် ပတ်သက်လာလျှင်မူ သဘာဝလွန်ဘုရားသခင်က လမ်းညွှန်သည်မဟုတ်လျှင် သူများကို ကိုယ်ကဂရုစိုက်ကြမည်မဟုတ်ဟု စာဖတ်သူက ငြင်းချက်ထုတ်ကောင်း ထုတ်နိုင်ပါသည်။ သိသာထင်ရှားသည့်အဖြေတစ်ခုမှာ လူသားများမှာ အစုအဖွဲ့နှင့် စုဝေးနေထိုင်ဆက်ဆံတတ်သော သတ္တဝါများ (Social Animals) ဖြစ်သောကြောင့် သူတို့ ၏ ပျော်ရွှင်မှုမှာ အခြားသူများနှင့် ဆက်ဆံရေးအပေါ် များစွာမှီတည် နေသည်ဆိုသည့်အကြောင်းပင် ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း မိတ်ဆွေများနှင့် ရပ်ရွာအသိုင်းအဝိုင်းမရှိပါက ဘယ်သူ ပျော်ရွှင်စွာနေနိုင် ပါမည်နည်း။ တစ်ကိုယ်တည်း အထီးကျန်၊ ကိုယ့်ဖို့ကိုယ်သာကြည့်သောဘ၀မျိုး နေထိုင်နေပါက သေချာပေါက်နီးပါး စိတ်မချမ်းမြေ့သောဘ၀မျိုး ဖြစ်နေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ပျော်ရွှင်သောဘ၀နေရရန်အတွက် အနည်းဆုံး မိသားစု၊ သူငယ်ချင်းများနှင့် မိမိရပ်ရွာအသိုက်အဝန်းကို ဂရုစိုက်အလေးထားရန် လိုအပ်ပါသည်။

ထိုသို့ဆိုလျှင် မိမိ လုံးလုံးမသိမရင်းနှီးသော လူစိမ်းများဆိုရင်ရောဆိုပြီး မေးစရာရှိပါသည်။ လူစိမ်းများကိုသတ်ပြီး သူတို့ပစ္စည်းများကိုယူကာ မိမိနှင့် မိမိမျိုးနွယ်စုချမ်းသာအောင် မလုပ်စရာဘာအကြောင်းရှိသနည်းဟု မေးနိုင်ပါသည်။ အတွေးအခေါ်ပညာရှင်များစွာက ယင်းသို့ဆောင်ရွက်ပါက ရေရှည်တွင် မိမိအကျိုးဆုတ်ယုတ်နိုင်ကြောင်း လူမှုသီအိုရီများထုတ်ပြီး အကျယ်တဝင့်ရှင်းပြကြပါသည်။ လူစိမ်းများကို ပုံမှန်သတ်ဖြတ်လုယက်နေသည့် လူ့အဖွဲ့အစည်းမျိုးတွင် စာဖတ်သူအနေနှင့် နေလိုမည်မဟုတ်ဟု သူတို့က ဆိုကြပါသည်။ စာဖတ်သူကိုယ်၌လည်း အချိန်ပြည့် အန္တရာယ်ကြုံနေရမည်ဖြစ်သလို လူစိမ်းများ၏ ယုံကြည်မှုလိုအပ်သည့် စီးပွားကူးသန်းရောင်းဝယ်ရေးကဲ့သို့သောအရာများမှ အကျိုးအမြတ်ကိုလည်း ရနိုင်မည်မဟုတ်ချေ။ ကုန်သည်များက သူခိုးများနှင့်ပြည့်နေသည့် ဒုစရိုက်ရိပ်မြုံများကို လာချင်မည်မဟုတ်ချေ။ ယင်းအချက်က ‘ကိုယ့်ကို မလုပ်စေချင်တဲ့အရာကို သူများကိုလည်းမလုပ်နဲ့’ ဆိုသည့် အမြဲလိုက်နာသင့်သောစည်းကမ်းကို ရှေးခေတ် တရုတ်ပြည်မှ ခေတ်သစ်ဥရောပအထိ လောကီသက်သက် သီအိုရီသမားများ ကျိုးကြောင်းပြရှင်းပြသည့်အချက်ဖြစ်ပါသည်။

သို့သော် တစ်လောကလုံးနှင့်သက်ဆိုင်သော မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာစိတ်အတွက် သဘာဝကျသောအခြေခံအကြောင်းတရား ဘယ်မှာရှိလဲဆိုသည်ကို ရှုပ်ထွေးသော ရေရှည်ကြည့်ရေးသီအိုရီများတွင် သွားရှာနေစရာ မလိုပါ။ ကုန်သွယ်ရေးကိစ္စကို ခဏမေ့ထားလိုက်ပါ။ ချက်ချင်းလက်ငင်း မြင်သာသည့်အဆင့်ကိုပဲ ကြည့်ပါ၊ သူတစ်ပါးကို ထိခိုက်အောင်လုပ်ပါက မိမိကိုယ်ကိုလည်း ထိခိုက်ပါသည်။ တစ်ကမ္ဘာလုံးရှိ ဘယ်ကြမ်းတမ်းသည့်လုပ်ရပ်မဆို လူတစ်ဦးတစ်ယောက်၏ စိတ်ထဲတွင် ကြမ်းတမ်းလိုစိတ်ဖြင့် စတင်ပါသည်။ ထိုသို့ အကြမ်းဖက်လိုစိတ် ပေါ်ပေါက်လာပါက သူတစ်ပါး၏ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကို မထိခိုက်မဖျက်ဆီးခင် ယင်းပုဂ္ဂိုလ်၏ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကို အရင်ထိခိုက်ဖျက်ဆီးပစ်ပါသည်။ သို့ဖြစ်ရာ သူတစ်ပါး ဥစ္စာကို ခိုးယူဖို့ရန်မှာ မိမိစိတ်ထဲတွင် လောဘစိတ်နှင့် သူများပစ္စည်းရှိတာကို မလိုလားသည့် အဘိဇ္ဈာစိတ်များ အရင်ဖြစ်ပါသည်။ သူတစ်ပါးအသက်ကို သတ်ဖို့ရန်မှာ မိမိစိတ်ထဲတွင် ဒေါသ၊ ဒေါမနဿစိတ်များ အရင်ပွားများရပါသည်။ လောဘ၊ ဣဿာ၊ ဒေါသ၊ ဒေါမနဿ တရားများမှာ လွန်စွာစိတ်ကိုဆင်းရဲစေပါသည်။ စာဖတ်သူအနေနှင့် ဒေါမနဿ၊ ဣဿာ မစ္ဆရိယစိတ်များ ဆူပွက်နေပါက ချမ်းသာသုခနှင့် ပျော်ရွှင်မှု၊ သမစိတ္တဖြစ်မှုများကို ခံစားနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မသတ်ခင် မိမိဒေါသက မိမိ၏စိတ်အေးချမ်းမှုကို အရင်ပျက်စီးဆုတ်ယုတ်စေပါသည်။

အမှန်စင်စစ်အားဖြင့် စာဖတ်သူအနေနှင့် မိမိမုန်းတီးနေသည့်သူကို အမှန်တကယ်သတ်ဖြတ်ခြင်းမရှိဘဲ ဒေါသများဆူပွက်ပြီး နှစ်ပေါင်းများစွာ ရှိနေနိုင်ပါသည်။ ယင်းကဲ့သို့ အခြေအနေတွင် စာဖတ်သူ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်အောင် ပြုလုပ်ခြင်းမရှိသော်လည်း မိမိကိုယ်ကိုထိခိုက်အောင် လုပ်မိလျက်သားဖြစ်နေပါသည်။ သို့ဖြစ်ရာ မိမိဒေါသစိတ်ငြိမ်းအေးစေရန်ကိစ္စမှာ ဘယ်ဘုရားသခင်က လမ်းညွှန်လို့မှ လုပ်ရသည်မဟုတ်ဘဲ မိမိအကျိုးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စ ဖြစ်ပါသည်။ စာဖတ်သူအနေနှင့် စက်ဆုပ်ရွံရှာဖွယ်ရန်သူကို သတ်ဖြတ်လိုက်သည်ထက် ဒေါသတရား လုံးဝကင်းစင်အောင် ဆောင်ရွက်လိုက်ခြင်းက ကိုယ့်စိတ်အေးချမ်းမှုအတွက် များစွာပိုကောင်းမည် ဖြစ်ပါသည်။

ရန်ကို ရန်ချင်း မတုံ့မူအောင် ညွှန်ပြသည့် ကရုဏာတရားရှိရန်သွန်သင်သော ဘုရားသခင်တစ်ပါးပါးအပေါ် ခိုင်ကြည်သည့်သဒ္ဓါတရားက ဒေါသကိုချုပ်ထိန်းနိုင်ရန် အချို့လူများအတွက် အကူအညီဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယင်းအချက်က ကမ္ဘာတွင် ငြိမ်းချမ်းရေးနှင့် သမမျှတစွာ နေထိုင်နိုင်ရေးအတွက် ဘာသာတရားက အကြီးအကျယ် ကူညီထောက်ပံ့သောအချက် ဖြစ်ပါသည်။ ကံဆိုးစွာပင် အချို့အတွက်မူ ဘာသာတရားအပေါ်ယုံကြည်မှုက သူတို့ဒေါသကို ဆွပေးရန်နှင့် ဒေါသထွက်သင့်သည့်ကိစ္စဟု ယုံကြည်စေရန် ကူညီပေးပါသည်။ အထူးသဖြင့် တစ်ယောက်ယောက်က မိမိဘုရားကို စော်ကားပြောဆိုရဲလျှင် သို့မဟုတ် မိမိလိုဘများ မပြည့်လျှင် ဖြစ်ပါသည်။ သို့ဖြစ်ရာ လောကလူသားများကို ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်ဘူး စည်းမျဉ်းများ ချမှတ်ပေးသည့် ဖန်ဆင်းရှင်ဘုရားသခင်၏ တန်ဖိုးမှာ သူ့ကို ကိုးကွယ်သူများ၏ အပြုအမူပေါ် မူတည်နေပါသည်။ ကိုးကွယ်သူများက ကောင်းကောင်းပြုမူနေထိုင်ပါက သူတို့အနေနှင့် ကြိုက်ရာကို ယုံကြည်လို့ရပါသည်။ ထို့အတူ ဘာသာရေးဓလေ့ထုံးတမ်းများနှင့် တန်ခိုးကြီးနေရာများ၏ တန်ဖိုးမှာ သူတို့သွန်သင်ညွှန်ပြနိုင်သည့် အပြုအမူများ၊ ပေးအပ်နိုင်သည့် ခံစားချက်များအပေါ် မူတည်ပါသည်။ ဘုရားကျောင်းတစ်ခုကိုသွားလို့ လူများကို ငြိမ်းအေးမှုနှင့် သမမျှတစိတ်ရှိမှုတို့ကို ပေးအပ်နိုင်ပါက ကောင်းသည့်ကိစ္စ ဖြစ်ပါသည်။ သို့သော် ဘုရားကျောင်းကိုသွားခါမှ အကြမ်းဖက်မှု၊ ပဋိပက္ခများ ဖြစ်ပေါ်လာသည်ဆိုလျှင်ကား ကျွန်ုပ်တို့ သွားစရာအကြောင်း မရှိပါ။ ယင်းဘုရားကျောင်းမှာ အလုပ်မဖြစ်သည့် ဘုရားကျောင်းမှန်း ပေါ်လွင်ပါသည်။

ဘယ်ဘုရားကျောင်းကိုမှ မသွားဘဲ၊ ဘယ်ဘုရားသခင်ကိုမှ မယုံကြည်ဘဲနေခြင်းသည်လည်း အလုပ်ဖြစ်နိုင်သည့် ရွေးစရာနည်းတစ်ခု ဖြစ်ပါသည်။ လွန်ခဲ့သော ရာစုနှစ်အနည်းငယ်က ထင်ရှားသက်သေပြပြီးဖြစ်သည့်အတိုင်း ကျွန်ုပ်တို့အနေနှင့် ကိုယ်ကျင့်သီလရှိသည့် ဘ၀တစ်ခုနေထိုင်ရန်အတွက် ဘယ်ဖန်ဆင်းရှင်ဘုရားသခင်ကိုမျှ ကိုးကွယ်နေစရာမလိုပါ။ လောကီသက်သက်ဝါဒ (Secularism) က ကျွန်ုပ်တို့ လိုအပ်သော စံတန်ဖိုးများအားလုံးကို ဖော်ထုတ်သတ်မှတ်ပေးနိုင်သည်သာ ဖြစ်ပါသည်။ 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *