စိနမြေမှ သောကဝေ မြန်မာများ

“ဝူဟန် ကျားရို ဝူဟန် ကျားရို” (အားတင်းထား ဝူဟန်)

စိုးရိမ်ထိတ်လန့်စိတ်ကို ဖျောက်ဖျက်နိုင်ရန်အတွက် အခန်းတွင်းမှနေ၍ လိုက်ပါအော်နေမိသည်။ တိတ်ဆိတ်နေသည့် ဝူဟန်မြို့တွင် မြို့သူမြို့သားများ၏ အားပေးသံများက ဖုံးလွှမ်းသွားပြီး အားရှိသယောင် ခံစားရမိစေသည်။

သို့သော် ထိတ်လန့်စိတ်က ပျောက်မသွား။ ယခုအဖြစ်အပျက်သည် “ပထမဆုံး အတွေ့အကြုံပဲ” ဟု မသင်းသင်းထက်က မောလျသည့်လေသံဖြင့် ပြောသည်။

ဝူဟန်မြို့တွင် Ph.D Program ဖြင့် မြန်မာပညာတော်သင်ကျောင်းသူတစ်ဦးအဖြစ် ရောက်ရှိနေသည်မှာ သုံးနှစ်ခန့်ရှိပြီ။

“အရင်တုန်းကဆိုရင် ကိုယ့်ကျောင်းဝင်းထဲမှာဆိုလည်း ကြည့်လိုက်ရင် လူတွေလှုပ်လှုပ်ရှားရှားနဲ့။ ကျောင်းပိတ်ထားတယ်ဆိုရင်တောင် တချို့တရုတ်လေးတွေက မပြန်ကြဘူး။ ကျောင်းထဲမှာ သွားလာနေတာတွေ မြင်ရတယ်။ အခုကျတော့ လုံးဝကို ခြောက်သွေ့တဲ့ပုံစံမျိုး” ဟု ဝူဟန်မြို့၏ ပစ္စက္ခအခြေအနေကို မသင်းသင်းထက် က ရှင်းပြသည်။

လူဦးရေ ၁၁ သန်းခန့်ရှိပြီး ရန်ကုန်၊ မန္တလေးတို့ထက် အဆများစွာ လူဦးရေထူထပ်သည့် ဝူဟန်မြို့သည် Public Transportation များ အစိုးရကမဖြတ်တောက်မီအထိ စည်ကားခမ်းနားသည့် မြို့ကြီးဖြစ်ကာ စားသောက်ဆိုင်များ၊ ပျော်ပွဲ ရွှင်ပွဲများ များပြားလှသည့် မြို့ဖြစ်သည်ဟု ဝူဟန်မြေရောက် မြန်မာကျောင်းသူ ကျောင်းသားအချို့က ပြောကြားသည်။

“အခုကျတော့ လမ်းပေါ်မှာ ကားတွေလည်း မရှိဘူး။ လူတွေလည်း မရှိဘူး။ လူနာတွေကို ပို့နေတဲ့ အရေးပေါ်ကားတွေရယ်၊ ဗော်လန်တီယာကားတချို့ရယ်ပဲ ရှိတော့တယ်ဗျ။ လုံးဝ တိတ်ဆိတ်ငြိမ်သက်ပြီးတော့ တကယ်မြို့ပျက်ကြီးလိုပါပဲ” ဟုဆိုသူက ဝူဟန်သို့ ပညာတော်သင်အဖြစ်ရောက်ရှိနေသည့် အသက် ၂၅ နှစ်အရွယ်ရှိ ရန်ကုန်မြို့သား ကိုစည်သူထွန်း ဖြစ်သည်။

ဝူဟန်မြို့သို့ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ပညာတော်သင်အဖြစ် ရောက်ရှိခဲ့သူဖြစ်သည်။

ထိုဗိုင်းရပ်စ်သည် ၂၀၀၂ ဝန်းကျင်က တရုတ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ဆားစ်ရောဂါနှင့် အလားသဏ္ဌာန်တူညီပြီး ဒီဇင်ဘာလနှောင်းပိုင်းကတည်းက တရုတ်အာဏာပိုင်များက သတိပေးမှုများရှိခဲ့သော်လည်း နှစ်သစ်ကူးဖြင့် တိုက်ဆိုင်နေသဖြင့် အများစုက သတိမထားမိခဲ့ကြ။

နှစ်ကူးပြီး တစ်ပတ်ခန့်အထိ ဝူဟန်မြို့သည် စည်ကားမြဲ၊ သွားလာလည်ပတ်ကြမြဲ၊ ပျော်ရွှင်ကြမြဲဖြစ်သည်ဟု ကိုစည်သူထွန်းက ပြောသည်။

“ကျွန်တော့်နည်းတူပဲ ဒီမှာရှိတဲ့နိုင်ငံသားတွေလည်း ဒီလောက်ထိဆိုးရွားလာလိမ့်မယ်လို့ မမျှော်လင့်ဘူးဗျ။ တကယ်ဖြစ်လာတဲ့အချိန်မှာတော့ လူသားတစ်ယောက်အနေနဲ့ ကြောက်စိတ်တော့ ဖြစ်မိပါတယ်” ဟု ရင်တွင်းခံစားချက်ကို ကိုစည်သူထွန်းက ဖွင့်ဟသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင်မူ ထို ရောဂါအကြောင်းက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီး ဝူဟန်တွင် ပညာတော်သင်အဖြစ် ရောက်ရှိနေသူများအနက် ကိုစည်သူထွန်း၊ မသင်းသင်းထက်တို့အပါအဝင် မြန်မာ ၆၀ ဦးခန့် ပိတ်မိသွားသည်။

တရုတ်အစိုးရက ဝူဟန်မြို့၏ ပို့ဆောင်ဆက်သွယ်ရေးမှန်သမျှ ဖြတ်တောက်ထားသဖြင့် မည်သည့်နေရာမှ သွား၍မရကြတော့။

“တချို့က ကျောင်းပိတ်ရက်ဖြစ်နေတာ ဖြစ်နေတော့ အစောကြီးပြန်သွားကြတာပေါ့နော်။ တစ်ကျောင်းနဲ့ တစ်ကျောင်း ပိတ်ချိန်က သိပ်မတူဘူး။ ကိစ္စပြီးရင် ပြန်သွားတဲ့သူတွေရှိတယ်။ လောလောဆယ် အယောက် ၆၀ ကတော့ ကျန်ခဲ့ပြီး ပိတ်မိနေတဲ့အနေအထား ဖြစ်နေတာပေါ့” ဟု မသင်းသင်းထက်က ရှင်းပြသည်။

တရုတ်ဝူဟန်ဗိုင်းရပ်စ်ဟု လူသိများသည့် 2019 Novel Coronavirus (2019-nCov) ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် လေမှတစ်ဆင့် ကူးစက်နိုင်သည်ဟု သိထားသဖြင့် မြန်မာကျောင်းသူ ကျောင်းသားများသည် အခန်းအပြင်သို့ မထွက်ကြတော့။

အချင်းချင်း တရုတ် WeChat လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ကြပြီး သတင်းဖလှယ်ခြင်း၊ သတိပေးခြင်း၊ အားပေးခြင်းတို့ဖြင့် ရင်ဆိုင်နေကြရသည်။

“နည်းနည်း အဆင်ပြန်ပြေလာတယ်ပေါ့နော်။ ဖြစ်ဖြစ်ချင်းနဲ့စာရင်။ ကျောင်းထဲက ကန်တင်းတွေလည်း ပြန်ဖွင့်ပေးတယ်။ တချို့ကျောင်းတွေဆိုလည်း အချိန်ကန့်သတ်ပြီးတော့ အချိန်ပိုင်း အပြင်ထွက်ဝယ်ခွင့်ပေးတယ်။ တချို့ကျောင်းတွေကတော့ လူတအားများတဲ့ရက်ဆိုရင် အပြင်ပေးမထွက်တော့ဘူးလို့ ပြောတယ်” ဟု မသင်းသင်းထက်က ဆိုသည်။

ရောဂါပျံ့နှံ့နေပြီဟုသိရသည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဝူဟန်မြို့ကို အာဏာပိုင်များက ချိပ်ပိတ်လိုက်သည့်အတွက် စားသောက်ကုန်များ ဈေးတက်သွားသည်။ သို့သော် အစိုးရက ချက်ချင်းပင် ဖြေရှင်းနိုင်ခဲ့သည်။

စားသောက်ဆိုင်၊ ဆေးဝါးဆိုင်များတွင် ဈေးတင်ရောင်းချမှုများရှိလျှင် တရုတ်ရဲတပ်ဖွဲ့ဝင်များ ချက်ချင်းရောက်လာကာ ဖမ်းဆီးအရေးယူသည်ဟု ကျောင်းသူ ကျောင်းသားများက ပြောသည်။ ထို့ကြောင့် ၂၃ ရက်နောက်ပိုင်းတွင် ဈေးတင်ရောင်းချမှုများ မရှိတော့ပေ။

သို့သော် လိုသလောက် ဝယ်ယူမရသည့် အခက်အခဲလည်း ရှိသည်။ ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်များ၊ အသား ငါးများ ရောင်းချခြင်း မရှိတော့ဘဲ ပေါင်မုန့်၊ အာလူးကြော်နှင့် ဆပ်ပြာ စသည်များကိုသာ ရောင်းချပေးခဲ့ကြသည်။

ဈေးဆိုင်များဖွင့်လှစ်ပေးသည့်အချိန် ကိုစည်သူထွန်းတို့ ရောက်သွားသောအခါ လိုသလောက်ဝယ်ယူနိုင်သည့်အခြေအနေဖြစ်သော်လည်း နိုင်ငံတကာမှ ကျောင်းသူကျောင်းသားများ ဘ၀တူချင်းစာနာသည့်အနေနှင့် တစ်ပတ်စာဖူလုံရုံမျှသာ ဝယ်ယူခဲ့ကြသည်။

“ကျန်တဲ့သူတွေကိုလည်း မျှဝေပေးတဲ့သဘောပါ” ဟု ကိုစည်သူထွန်းက ပြောပြသည်။

ဝူဟန်မြို့တွင်က နိုင်ငံတကာမှ လာရောက်ပညာသင်နေသည့် ကျောင်းသူ ကျောင်းသားများ ရှိကြသည်။ စင်ကာပူနိုင်ငံမှလွဲ၍ ကမ္ဘာ့မြို့အသီးသီးမှ လာရောက်ကြသည်ဟု ကျောင်းသူကျောင်းသားအချို့ထံမှ သိရသည်။

ယင်းအနက် မြန်မာပညာတော်သင် ကျောင်းသူကျောင်းသား ၁၅၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိ ဗိုင်းရပ်စ်ဖြစ်ပွားချိန်တွင် ၆၀ ခန့် ကျန်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်ရှိသည့် မိသားစုနှင့်မူ အဆက်အသွယ်မပြတ်ကြ။ ရောဂါဆိုးကြီး ကျရောက်နေသော်လည်း အင်တာနက်ဆက်သွယ်မှု မပြတ်တောက်သဖြင့် အဆင်ပြေနေသည်။ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ကြသည်။

WeChat မှတစ်ဆင့်လည်း ဆက်သွယ်ကြပြီး လက်ရှိတွင် အဆင်ပြေနေသေးသည့်အနေအထားဖြစ်၍ စိတ်မပူစေရန် မိသားစုကို ပြောဆိုနိုင်ကြသည်။

“ကြောက်တာတော့ ကြောက်တာပေါ့။ မိန်းကလေးလည်း ဖြစ်တာကိုး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မခံရအောင်တော့ အကောင်းဆုံးကာကွယ်ပြီး နေနေပါတယ်” ဟု မသင်းသင်းထက်က ဆိုသည်။

နေထိုင်ရသည့်အဆောင်၏ အခန်းအပြင်ဘက်သို့ အတတ်နိုင်ဆုံး မထွက်ကြဘဲ မိမိကိုယ်ကို ကျန်းမာအောင် နေထိုင်ကြရသည်။ သို့သော် လူမှုကွန်ရက်တွင် သတင်းအမှားများ၊ သတင်းအတုများတက်လာသည့်အချိန် မိသားစုဝင်များက စိတ်ပူသဖြင့် မကြာခဏဖုန်းဆက်တတ်ကြကြောင်း ကိုစည်သူထွန်းက ပြောပြသည်။

ယင်းအပြင် Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး မြန်မာပြည်သူအချို့ကလည်း မျှဝေထားကြသည့် ဝူဟန်မြို့၏ အခြေအနေဟုဆိုသည့် ဗီဒီယိုဖိုင်များတွင် ရုတ်တရက် လဲကျသေဆုံးသည့် ပုံရိပ်များလည်းပါပြီး ထိုသို့သောအခြေအနေ မျိုး မဖြစ်ပေါ်သေးဟု တရုတ်ဆရာဝန်များက ထုတ်ပြန်ထားသည်ဟု ကိုစည်သူထွန်းက ပြောသည်။

“အဲဒီဗီဒီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အဲလိုတင်တဲ့သူတွေကို လိုက်လံဖမ်းဆီးပြီး ထောင်ချနေတာမျိုးတွေတောင်ရှိတယ်။ ရောဂါအခြေအနေက ဖြစ်လို့ရှိရင် အပြင်းဖျားပြီးတော့ ရာသီတုပ်ကွေးပုံစံမျိုးပဲ ချောင်းဆိုးမယ်၊ နှာစေးမယ်။ ကိုယ်အပူကြီးပြီးတော့ အိပ်ရာထဲလဲသွားတာ အဲလိုမျိုး။ လမ်းပေါ်လျှောက်သွားနေရင်းနဲ့ ဘုံးခနဲ ဇွန်ဘီးတွေလိုမျိုး လဲကျသွားတဲ့အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူးဗျ။ အဲဒါတွေ မယုံကြဖို့ ကျွန်တော်သတိပေးချင်ပါတယ်” ဟု ၎င်းက လူမှုကွန်ရက်သုံးစွဲသူများသို့ အသိပေးသည်။

ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ မြန်မာကျောင်းသူကျောင်းသားများသည် အဆောင်အပြင်မထွက်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်နေထိုင်ကြ၍ ရောဂါကူးစက်သူ၊ ရောဂါလက္ခဏာရှိသူ တစ်ဦးမျှမရှိသေးဟု ၎င်းတို့က တူညီစွာပြောဆို ကြသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ စာရင်းများအရ တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ရှစ်ထောင်နီးပါးရှိပြီး သေဆုံးသူ ၁၇၀ ဦး ရှိသည်။ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်တွင်လည်း ကူးစက်ခံနေရပြီး သေဆုံးသူမရှိသေးပါ။

ကျောင်းသူကျောင်းသားများ နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပေကျင်းမြို့ရှိ မြန်မာသံရုံးတို့က ကြိုးပမ်းဆောင်ရွက်ပေးနေသည်။

ဇန်နဝါရီလ ၃၀ ရက် ထုတ်ပြန်ချက်များအရ မြန်မာအစိုးရက အထူးလေယာဉ်ဖြင့် ၎င်းတို့ကိုခေါ်ဆောင်ရန် စီစဉ်နေပြီး တရုတ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု မြန်မာသံရုံးက ဆိုသည်။

“ပြန်ချင်လားဆိုတဲ့ မေးခွန်းကို ထပ်ဖြေရရင်တော့ တော်တော်လေးကိုပြန်ချင်နေပါပြီ။ ဒီမှာအခြေအနေက ဘယ်လောက်အထိ ဆိုးဝါးဦးမယ်ဆိုတာ မသိသေးလို့ပါ” ဟု ကိုစည်သူထွန်းက ပြောသည်။

ပညာတော်သင်ကျောင်းသူ ကျောင်းသားများ နေရပ်ပြန်ရမည့်အခြေအနေနှင့် ပတ်သက်ပြီး ရောဂါပိုးများပါလာနိုင်သဖြင့် ပြန်မလာသင့်ကြောင်း လူမှုကွန်ရက်သုံးစွဲသူအချို့ကလည်း ပြောဆိုထားကြပြီး ယင်းကဲ့သို့ ဆက်ဆံခံရခြင်းများအပေါ် စိတ်မကောင်းဖြစ်ကြရသည်ဟု ကျောင်းသူကျောင်းသားများက ဆိုသည်။

“အကယ်၍ ရောဂါကူးစက်ခံရပြီဆိုရင်တောင်မှ ကျွန်တော်တို့ လုံးဝပြန်မလာပါဘူး” ဟု ကိုစည်သူထွန်းက ပြတ်သားစွာ ပြောဆိုလေသည်။

ထိတ်လန့်ဖွယ်မြို့ကြီးမှ အမိမြေသို့ သူတို့ အပြေးပြန်လာချင်နေကြပြီ။ လူနာတင်ယာဉ်အသံများက သူတို့အားလုံးရင်တွင်း၌ သောကဝေစေသည့်အသံများ ဖြစ်လေသည်။ စိနမြေ၌ ညတာသည် ၎င်းတို့အတွက် ရှည်ကြာလွန်းလှသည်။

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *