ဝူဟန်အတွက် မြန်မာ့ခံစစ်

ကျန်းမာရေး ကိုယ်ခံအားနည်းသော မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်ကူးစက်မည်ကို တစ်နိုင်ငံလုံးရှိ ပြည်သူများက အပြင်းအထန် စိုးရိမ်လျက်ရှိပြီး တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့အချို့ကလည်း ထိုရောဂါအတွက် ခံစစ်အမျိုးမျိုးကို ပြင်ဆင်လျက်ရှိသည်။

ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအဖြစ် တရုတ်နိုင်ငံနှင့် လွန်စွာ ဒွေးရောယှက်တင်ဖြစ်လွန်းသော မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မျက်ဖြူဆိုက်နေပြီ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ အစပြုခဲ့သည့် အဆိုပါ ဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီလနှောင်းပိုင်းအထိ လူပေါင်းခြောက်ထောင်ခန့် ကူးစက်ခံနေရကာ သေဆုံးသူတစ်ရာကျော်ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံကြီးများနှင့် အိမ်နီးချင်းနိုင်ငံများတွင်ပါ ကူးစက်ပြန့်နှံ့နေပြီဟု တရုတ်အခြေစိုက်မီဒီယာများနှင့် ကမ္ဘာ့မီဒီယာအသီးသီးက ရေးသားခဲ့ကြသည်။

ဗိုင်းရပ်စ်အစပြုရာ

စက်မှုလုပ်ငန်းထွန်းကားသည့် ဝူဟန်မြို့၏ ပင်လယ်စာဈေးတန်းတစ်ခုမှ စတင်ခဲ့သည်ဟု လတ်တလောသတ်မှတ်ထားကြသည့် 2019 Novel Coronavirus (2019-nCov) ကိုရိုနာ ဗိုင်းရပ်စ် (ဝူဟန်ဗိုင်းရပ်စ်ဟု လူသိများ) စတင်ဖြစ် ပွားချိန်သည် ဒီဇင်ဘာလကုန်ပိုင်းဟု ဆိုသော်လည်း ဇန်နဝါရီလ ၂၀ ရက် ဝန်းကျင်မှသာ ပျံ့နှံ့လာခဲ့ပြီး တရုတ်အာဏာပိုင်များက ဝူဟန်မြို့၏ မြို့တွင်းပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကို ယာယီဖြတ်တောက်ခဲ့သည်။

ဝူဟန်နှင့် ပြည်တွင်းရှိ မြို့များ၊ ပြည်ပမြို့များ၏ ပို့ဆောင်ဆက်သွယ်ရေးကိုလည်း ဖြတ်တောက်လိုက်ခြင်းကြောင့် လူဦးရေ ၁၁ သန်းခန့်ရှိသည့် ဝူဟန်မြို့၏ အသွင်သဏ္ဌာန်သည် လူမနေသည့် မြို့ပျက်တစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်ဟု ကမ္ဘာ့မီဒီယာအချို့တွင် ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့အထိ နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် ကူးစက်ခံရသူ ၇၇၇၉ ရှိနေပြီး သေဆုံးသူ ၁၇၀ ဦးရှိသည်။ သေဆုံးသူများသည် ဝူဟန်မြို့မှဖြစ်ပြီး ဝူဟန်မြို့ပြင်ပအဖြစ် ပေကျင်းမြို့တွင်လည်း တစ်ဦးရှိခဲ့ကြောင်း တရုတ်တာဝန် ရှိသူများက ထုတ်ပြန်ခဲ့သည်။

လက်ရှိအထိ ဝူဟန်မြို့တွင် အသွားအလာများ ပြတ်တောက်နေသေးကြောင်း ယင်းမြို့သို့ ရောက်ရှိနေသည့် မြန်မာပညာတော်သင်ကျောင်းသား ကိုစည်သူထွန်းက ပြောသည်။

ကာကွယ်ဆေး မပေါ်သေးခြင်း၊ မည်သို့မည်ပုံကူးစက်သည်ကို တိကျသေချာစွာ မသိရှိရသေးခြင်း၊ ရောဂါဝင်ပြီး ရက်ပိုင်းအတွင်း သေဆုံးခြင်း စသည့်အကြောင်းအချက်များကြောင့် တစ်ကမ္ဘာလုံးက ယင်းရောဂါကူးစက်ခံရမည်ကို လွန်စွာစိုးရိမ်လျက်ရှိပြီး နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ ထိုဗိုင်းရပ်စ်ကူးစက်ခံရပြီးသော်လည်း လက္ခဏာချက်ချင်းမပြဘဲ ယင်းအချိန်တွင်ပင် အခြားသူများသို့ ကူးစက်နိုင်သည်ဟူသော သတိပေးစကားသည် မြန်မာအပါ အဝင် ကမ္ဘာ့နိုင်ငံများကို များစွာခြိမ်းခြောက်နေလေသည်။

ဝူဟန်ကို ပူပန်ခြင်း

ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့ကို တရုတ်အလယ်ပိုင်းမြို့တော်ဟု တင်စားကြပြီး မန္တလေးမြို့သည်လည်း မြန်မာနိုင်ငံ၏ အလယ်ပိုင်းမြို့တော်တစ်ခု ဖြစ်သည်။

နေ့စဉ် တရုတ်ခရီးသွားအများအပြား အဝင်အထွက်ရှိနေသည့်အတွက် ဂရုပြုသင့်သည့်မြို့ဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သူအများစုသည် မန္တလေးမြို့သို့ ဦးတည်ကြပြီး တရုတ်မြို့ ၃၀ ခန့်သို့ လေကြောင်းလိုင်း ၁၀ လိုင်းဖြင့် တိုက်ရိုက်ပျံသန်းနေသည်။

နှစ်နိုင်ငံအကြား လည်ပတ်မှုများအပြင် အလုပ်လုပ်ကိုင်ခြင်း၊ ကျောင်းတက်ခြင်းတို့ဖြင့် ကူးလူးဆက်ဆံမှုများရှိသည်ဟု ဦးဇာနည်အောင်က ဆိုသည်။

“ခရီးသွားတွေလည်း ဝင်ထွက်နေတာဟာ တစ်နေ့တစ်နေ့ကို ထောင် (ဂဏန်း) ကျော်တယ်” ဟု ၎င်းကပြောသည်။

မန္တလေး-ဝူဟန် တိုက်ရိုက်ခရီးစဉ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ယာယီရပ်နားခဲ့ပြီးနောက် တစ်ပတ်အတွင်း လေကြောင်းလိုင်းရှစ်လိုင်း၏ မန္တလေးနှင့် တရုတ်မြို့ပေါင်း ၃၀ ခန့်၏ ခရီးစဉ်များကို ဆက်တိုက်ရပ်နားခဲ့ကြသည်။

အချို့လေကြောင်းလိုင်းများက မတ်လကုန်ပိုင်းအထိ ရပ်နားထားကြပြီး ပြန်လည်ပြေးဆွဲမည့်အချိန်ကို မကြေညာကြသေးပေ။

တရုတ်အပါအဝင် ပြည်ပခရီးသွားများ တကူးတကသွားရောက်လေ့ရှိကြသည့် တောင်သမန်အင်းစောင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်သည် သံဃာတော်များ ရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်သည့်အတွက် ရောဂါဖြစ်ပွားနေသည့် အချိန်ကာလအတွင်း တရုတ်ခရီးသွားများ မလာရောက်ရန် ဆရာတော်ကြီးများက ဆန္ဒရှိနေကြသည်။

သို့သော် သာသနာရေးဦးစီးဌာနနှင့် ဟိုတယ်/ခရီး တာဝန်ရှိသူအချို့ကမူ ရောဂါအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဝင်မြဲအတိုင်း ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းခဲ့ပြီး ယနေ့အထိ တရုတ်ခရီးသွားများ ဝင်ရောက်နေဆဲဟု ကျောင်းတိုက်ရှိ သံဃာတော်အချို့ထံမှ သိရှိရသည်။

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက် တစ်နေ့ထက်တစ်နေ့ များပြားလာခဲ့ပြီးနောက် တရုတ်နှင့် အများဆုံးထိတွေ့ဆက်ဆံမှုရှိသည့် မန္တလေးတိုင်းတွင် ယင်းရောဂါစောင့်ကြည့်စစ်ဆေးကုသမည့်ကော်မတီ (Surveillance and Respond Team-SRT) ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သည်။

SRT အဖွဲ့ကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က အတွင်းရေးမှူး ဖြစ်သည်။

ယင်းအဖွဲ့၏ အဓိကတာဝန်သည် တိုင်းဒေသကြီးအတွင်း ရောဂါပိုးစောင့်ကြည့်ကာကွယ်ရမည်ဖြစ်ကာ ဝူဟန်မြို့ရှိ မြန်မာပညာတော်သင်များ မန္တလေးသို့ရောက်ရှိလာချိန်တွင် အနီးကပ်စောင့်ကြည့်ပေးရမည့်တာဝန်လည်း ရှိသည်။

“ကန်တော်နဒီဆေးရုံမှာ အသင့်ပြင်ဆင်ထားပါတယ်” ဟု ဒေါက်တာရဲလွင် က ပြောသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင်လည်း ရောဂါဖြစ်ပွားသူများရောက်ရှိလာလျှင် စောင့်ကြည့်ကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထားသည်ဟု တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ သိရသည်။

“ကျောင်းသားတွေ ရောက်လာရင် လေယာဉ်ကွင်းထဲအထိ ကားနဲ့ကြိုမယ့်သဘောရှိပါတယ်။ သူတို့ (SRT အဖွဲ့) ပြင်ဆင်ထားတဲ့ကားနဲ့ပေါ့။ နောက် လေဆိပ်ထဲကို မဝင်ဘဲ ဆေးရုံကို တိုက်ရိုက်ခေါ်သွားမယ်လို့ သိရတဲ့အတွက် အန္တရာယ်တော့ နည်းပါတယ်” ဟု မန္တလေးလေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့အထိ မန္တလေးတိုင်းအတွင်း ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်သံသယရှိသူတစ်ဦးမျှ မတွေ့ရသေးဘဲ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း စသည့် ဝင်ရောက်နိုင်သည့်လမ်းကြောင်းများကို စနစ်တကျ စောင့်ကြည့်နိုင်ရန် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောဆိုသည်။

စောင့်ကြည့်ရမည့် ပြည်နယ်နှင့် တိုင်းလေးခု

မန္တလေးတိုင်းသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် ထိစပ်နေပြီး ကချင်နှင့် ရှမ်းတို့တွင် တရုတ်နိုင်ငံနှင့် နေ့စဉ်ဝင်ထွက်သွားလာနေသည့် နယ်စပ်ဂိတ်ပေါက်များ ရှိကြသည်။

လွန်ခဲ့သည့်တစ်ပတ်ခန့်က ဝူဟန်မြို့မှ တရုတ်လုပ်ငန်းရှင်တစ်ဦး မကွေးတိုင်းအတွင်းသို့ ရောက်ရှိခဲ့သဖြင့် ၎င်း၏ကျန်းမာရေးကို စောင့်ကြည့်နေသည်ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြောသည်။

ယင်းအပြင် တရုတ်ပြည်မှ မကွေးတိုင်းအတွင်း ပြန်လာမည့် အလုပ်သမားခြောက်ဦး၏ ကျန်းမာရေးအခြေအနေကိုလည်း စောင့်ကြည့်ရန် တိုင်းကျန်းမာရေးဦးစီးဌာနသို့ ညွှန်ကြားထားသည်ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်တွင်လည်း ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်ရေးများ လုပ်ဆောင်လျက်ရှိသည်။ ဝိုင်းမော်မြို့ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်မှတစ်ဆင့် ကချင်ပြည်နယ်အတွင်းသို့ မြန်မာအလုပ်သမားများနှင့် တရုတ်နိုင်ငံသားများ ဝင်ထွက်မှုရှိပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ စစ်ဆေးမှုအရ တရုတ်နိုင်ငံသားသုံးဦးသည် ကိုယ်ပူချိန် ၁၀၃၊ ၁၀၄၊ ၁၀၅ ဒီဂရီဖာရင်ဟိုက်ရှိနေသည့်အတွက် ပြန်လည်စေလွှတ်ခဲ့သည်ဟု ကချင်ပြည်နယ်အစိုးရက ထုတ်ပြန်သည်။

ယင်းအပြင် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှပြန်လာသည့် မြန်မာအလုပ်သမား ၃၀၀ ပြန်လည်လက်ခံရေးနှင့် ကျန်းမာရေးစစ်ဆေးနိုင်ရန် မြန်မာ-တရုတ် ချစ်ကြည်ရေးလိုဏ်ခေါင်းအနီးတွင် ယာယီစခန်းဖွင့်၍ ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

ယင်းအပြင် ပန်ဝါနှင့် လွယ်ဂျယ်ဂိတ်များတွင်လည်း ကျန်းမာရေးစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသားအချို့ မော်တော်ယာဉ်ငါးစီးဖြင့် ဝူဟန်ဗိုင်းရပ်စ်ရှောင်ရန် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းရှိ တရုတ်ယန်စီကြေးနီစီမံကိန်းအတွင်းသို့ ရောက်လာသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့သည်။

လက်ရှိတွင် ယင်းစီမံကိန်းအတွင်း တရုတ်နိုင်ငံသား ၂၀ ကျော်ကို သီးခြားအဆောင်ဖြင့် ခွဲခြားထားရှိပြီး ၎င်းတို့ကို ကျန်းမာရေးတာဝန်ရှိသူများစစ်ဆေးချက်အရ ရောဂါပိုးသံသယရှိသူမတွေ့ရကြောင်း စစ်ကိုင်းတိုင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က အတည်ပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့အထိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တစ်ဦးမျှမရှိသေးကြောင်း ဝန်ကြီး ဦးမြင့်ကြည်က ခိုင်မာစွာဆိုသည်။

ရှမ်းပြည်နယ်အတွင်း၌လည်း ကျန်းမာရေးစောင့်ကြည့် စစ်ဆေးမှုများကို အထူးသဖြင့် နယ်စပ်ဂိတ်များ၌ ပြုလုပ်နေသည်ဟု မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

နယ်စပ်ဂိတ်များ ပိတ်သည်ဟု လူမှုကွန်ရက်တွင် ကောလာဟလများ ရေးသားနေကြပြီး လက်ရှိအချိန်ထိ ပိတ်ထားခြင်းမရှိဟု တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်ပြည်ဘက်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

ညောင်ရွှေဆေးရုံ၌ တရုတ်နိုင်ငံသူတစ်ဦး ဝမ်းလျှောနှင့် အဖျားရောဂါဖြင့် ဇန်နဝါရီလ ၂၆ ရက် ညပိုင်းတွင် လာရောက်ကုသခဲ့သဖြင့် စောင့်ကြည့်ခဲ့သော်လည်း ဗိုင်းရပ်စ်လက္ခဏာများ မတွေ့ခဲ့ရဟု ပြန်ကြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံတွင်း ရောဂါမကူးစက်စေရန် တရုတ်ခရီးသွားများဝင်ရောက်မှုကို ဝင်ပေါက်အားလုံးတွင် တင်းကျပ်စွာတားမြစ်ကန့်သတ်လိုက်ခြင်းနှင့် နိုင်ငံတွင်းရောက်နေသော တရုတ်ခရီးသွားများကို မူရင်းဒေသသို့ ပြန်လည်ပို့ဆောင်ခြင်းတို့ အပူတပြင်း လုပ်ဆောင်နေကြချိန် မြန်မာနိုင်ငံတွင်မူ တရုတ်ခရီးသွားဝင်ရောက်မှုကို လုံးဝပိတ်ပင်လိုက်ခြင်းမျိုး ယနေ့အချိန်အထိ မရှိသေးဘဲ ဝူဟန်အပါအဝင် ဒေသအချို့မှလွဲ၍ ကျန်ဒေသများမှ တရုတ်ခရီးသွားများမှာ ဝင်ပေါက်အသီးသီးမှ အလျှိုလျှို ဝင်ဆဲ၊ ဝင်လာလတ္တံရှိနေသေးသည်။

ယင်းအချက်ကြောင့်ပင် ပြည်သူများမှာ အချိန်နှင့်အမျှ ဝူဟန်ဗိုင်းရပ်စ်ဆိုင်ရာသတင်းများကို နားစွင့်လျက် စိုးတထိတ်ထိတ်နှင့် နေထိုင်နေကြရသည်။

မြန်မာ့စီးပွားနှင့် ခရီးသွားအပေါ် ရိုက်ချက်

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်၏ အရှိန်က နယ်စပ်စီးပွားရေးကိုလည်း ထိခိုက်ခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် ခရီးသွားလာမှုနှင့် ကုန်သွယ်မှုများကို တရုတ်အစိုးရက ကန့်သတ်ထားသဖြင့် တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဈေးကွက်မှာ အရောင်းအဝယ်ရပ်တန့်လုနီးပါးရှိခဲ့သည်ဟု နယ်စပ်သစ်သီးကုန်သည်တို့က ဆိုကြသည်။

တရုတ်နှစ်သစ်ကူးကာလတွင် သစ်သီးဈေးကွက် အေးလေ့ရှိပြီး ဗိုင်းရပ်စ်နှင့်တိုက်ဆိုင်နေသဖြင့် ပို၍ ဆိုးဝါးခဲ့သည်ဟု ၎င်းတို့က ညည်းတွားကြသည်။

တရုတ်နှစ်သစ်ကူးမတိုင်မီ ၁၅ တန်ပါ ဖရဲသီးတင်ယာဉ်တစ်စီးလျှင် တရုတ်ယွမ် လေးသောင်းရှစ်ထောင် (ကျပ်သိန်း ၉၀) ခန့် ရှိခဲ့သော်လည်း နှစ်သစ်ကူးပြီးနောက် ယွမ် ၁၅,၀၀၀ (ကျပ်သိန်း ၃၀) ခန့်သာ ဈေးပေါက်တော့ကြောင်း ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ဆိုသည်။

ယင်းအပြင် ကုန်သွယ်ရေးဇုန်သို့ ရောက်လာသည့် ဖရဲ၊ သခွား မော်တော်ယာဉ်အစီးပေါင်း ၂၀၀ ခန့်အနက် တစ်ရက်လျှင် အစီးရေ ၅၀ ခန့်သာ တရုတ်ဘက်သို့ ဝင်ရောက်နိုင်တော့သည်ဟု နယ်စပ်ကုန်သည်တို့က ပြောကြသည်။

တရုတ်မှ ရောဂါထိန်းချုပ်နိုင်ပြီး အခြေအနေတည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးမှသာ သစ်သီးယာဉ်များ နယ်စပ်သို့တင်ပို့သင့်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၃၀၀ ကျော် ရှိသည်။ ယင်းအနက် အကြီးမားဆုံးကုန်သွယ်နယ်စပ်ဖြစ်သည့် မူဆယ်နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိခဲ့သည်။ ယင်းအနက် ပို့ကုန်တန်ဖိုးက ဒေါ်လာသန်းရှစ်ရာနီးပါး ရှိသည်။

တရုတ်အများစု ဝင်ရောက်နေသည့် ခရီးသွားလုပ်ငန်းတွင်လည်း ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဝင်ရောက်မှု ရပ်တန့်နေသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဆိုသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်တွင် တရုတ်ခရီးသွား သုံးသိန်းခန့် ဝင်ရောက်ပြီး ၂၀၁၉ ခုနှစ်တွင် ခုနစ်သိန်းခွဲ ဝင်ရောက်ထားသည်။ ယခုဗိုင်းရပ်စ်ကြောင့် မျှော်မှန်းထားသည်ထက် လျော့ကျလာမည်ဟု ခရီးသွားလုပ်ငန်းရှင်အချို့က ခန့်မှန်းကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေနှင့်လည်း ကျန်းမာရေးအသိပညာပေးမှုများကို လုပ်ဆောင်နေသည်ဟု ယင်းလုပ်ငန်းရှင်အသင်းများထံမှ သိရသည်။

“ကိုယ့်ဆီတည်းတဲ့သူကိုစောင့်ကြည့်ဖို့၊ ဖျားနာတဲ့လက္ခဏာတွေ့တယ်ဆိုရင် ချက်ချင်းအကြောင်းကြားပေးဖို့ လုပ်ထားတယ်” ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေးမှုများ၊ သက်ဆိုင်ရာ၏ လုပ်ဆောင်နေမှုများကို ပိုမိုအသိပေးသင့်သည်ဟု မန္တလေးတိုင်း ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ဆိုသည်။

ပြည်ပခရီးသွားများတွင် သံသယခရီးသည်များတွေ့ပါက သက်ဆိုင်ရာ ဟိုတယ်၊ တည်းခိုခန်းများအနေနှင့် တာဝန်ရှိသူများထံ ချက်ချင်းသတင်းပို့ရန်လည်း ညွှန်ကြားထားသည်။

ခရီးသွားမြှင့်တင်ရေးအတွက် နည်းမျိုးစုံနှင့် အပြင်းအထန် ကြိုးပမ်းနေသော မြန်မာနိုင်ငံအတွက် ဝူဟန်ဗိုင်းရပ်စ်သည် ကျိန်စာဖြစ်လာပြီလော။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားအများစုသည် တရုတ်နိုင်ငံမှ ဖြစ်နေပြီး လက်ရှိအခြေအနေအရ ခရီးသွားဝင်ရောက်မှုမှာ လျော့ကျသွားပြီဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးတွင်လည်း အရှိန်လျော့ကျသွားရာ မြန်မာနိုင်ငံအတွက် အဘက်ဘက်မှ အကျပ်ရိုက်နေသော အခြေအနေဖြစ်နေသည်။

အသင့်ပြင်သော်လည်း အားမရ

မြန်မာနိုင်ငံသို့ အဆိုပါဗိုင်းရပ်စ်ရောဂါ ဖြစ်ပေါ်လာပါက သေမည်ရှင်မည်ကို ဝေခွဲမရဖြစ်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်သည့် ကျန်းမာရေးဟောပြောပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။

“တော်တော်ကြောက်ဖို့ ကောင်းတယ်။ ဒီရောဂါမှာ ကုတဲ့ဆေးမရှိဘူး။ ရောဂါဖြစ်လာရင် သေမလား၊ ရှင်မလားဆိုတာ ဝေခွဲမရဘူး” ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ပိုးရှိသူ ယနေ့အထိ မတွေ့ရသေးသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့်လည်း စောင့်ကြည့်ကာကွယ်မှုများကို ပြုလုပ်လျက်ရှိသည်။

သို့သော် ရောဂါကူးစက်ခံရသူရှိလာပါက တိုက်ဖျက်နိုင်ရန် အသင့်ရှိသည်ဟုလည်း ဒေါက်တာမြင့်ထွေးက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရောဂါကာကွယ်နိုင်ရန် ဖျားနာခြင်း၊ နှာချေခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာခံစားနေရသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူထူထပ်သည့်နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ မကြာခဏ ဆေးကြောရန် လိုအပ်သည်ဟု ဆိုသည်။

ယင်းအပြင် နှာချေ ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ထားရန်၊ အထူးသဖြင့် ဘတ်စ်ကားစီးသူများအနေနှင့် အခြားသူများထံသို့ ရောဂါမကူးစက်ရန် သတိပြုရန်နှင့် တိရစ္ဆာန်များကို အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ ကိုင်တွယ်ခြင်းမပြုရန်၊ အသားငါးများကို သေချာစွာချက်ပြုတ်စားသောက်ရန်နှင့် အိပ်ရေး၀၀ အိပ်စက်ရန်လည်း ဝန်ကြီးဌာနက လမ်းညွှန်ထားသည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများသည် H1N1 တုပ်ကွေးရောဂါတွင် အတွေ့အကြုံရပြီးသူများဖြစ်သောကြောင့် လက်ရှိကာကွယ်သည့် ဆောင်ရွက်ချက်များအပေါ် အထူးအားရကြောင်း ဒေါက်တာ မြင့်ထွေးက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြောဆိုထားသည်။

သို့သော် နယ်စပ်ဂိတ်အချို့တွင် စစ်ဆေးပေးနေသည့် ကျန်းမာရေးဝန်ထမ်းအချို့သည်ပင် နှာခေါင်းစည်းအုပ်ထားခြင်းမရှိသည့်အတွက် ဝေဖန်မှုများလည်း ရှိသည်။ အလားတူ ရန်ကုန်လေဆိပ်ရှိ တာဝန်ရှိသူအချို့သည်လည်း ချောင်းဆိုး နှာချေခြင်းများကို နှာခေါင်းစည်းမတပ်ဘဲ လုပ်ဆောင်နေကြသဖြင့် ခရီးသွားပြည်သူများက ဝေဖန်မှုများ ရှိနေသည်။

“ဝေဖန်တဲ့သူကို ကျွန်တော့်ဆီ လာတွေ့ခိုင်းလိုက်၊ ဒီမှာလာ (ကြည့်) ရင် သူဖျားသွားမယ်။ တခြားနိုင်ငံတောင် ဒီလောက် မလုပ်ဘူး။ ကျွန်တော်တို့နိုင်ငံလုပ်ထားတဲ့သူတွေ ဘယ်လောက်ပြောင်မြောက်တယ်ဆိုတာ။ အဲဒီဟာတွေက ဂရုမစိုက်နဲ့။ သေချာကို လုပ်ထားတာ” ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လက်ရှိအချိန်ထိ အစိုးရနှင့် ပြည်သူတို့၏ ကြိုတင်ကာကွယ်မှုအပေါ် အားမရသူက မန္တလေးမြို့ခံ ပရဟိတလုပ်ငန်းများဖြင့် ထင်ရှားသူ ကိုဝမ်း ဖြစ်သည်။ “ဟိုနေ့က ဆေးရုံကြီးကို ကျွန်တော်တို့ သွားလှူတာ ရှိတယ်။ ရိုးရိုးနှာခေါင်းစည်းတွေလောက်ပဲ တပ်ဆင်ထားတာ တွေ့တယ်။ တကယ် ဆိုရင် N95 လိုမျိုး စိတ်ချရတဲ့ဟာကို ကျန်းမာရေးဝန်ထမ်းတွေ ရသင့်တယ်။ အနည်းဆုံးတော့ အရေးပေါ်ဌာနမှာတော့ ရှိသင့်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိ မန္တလေးမြို့၏ Mask (နှာခေါင်းစည်း) ဈေးကွက်သည် ယခင်ထက် ၁၀ ခန့် တက်သွားသဖြင့် အစိုးရအနေနှင့် ထိန်းချုပ်မှုများ ဆောင်ရွက်သင့်ပေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် အနိမ့်ဆုံးအဆင့်တွင်ရှိနေသော နိုင်ငံများထဲတွင် ပါဝင်နေသည်ဟု ၂၀၁၉ ခုနှစ် ထုတ်ပြန်ထားချက်အရ သိရသည်။

ဝူဟန်ဗိုင်းရပ်စ် သံသယရှိလူနာ တွေ့ရှိရသည်ဟူသော သတင်းများက ပြည်သူများကို စိုးရိမ်မှုမြင့်တက်စေသည့်အပြင် သတင်းအတုစာမျက်နှာများက မဟုတ်မမှန်သတင်းများကို ရေးထားနေမှုများကလည်း စိုးရိမ်စိတ်ကို သာသာထိုးထိုး မီးထိုးပေးလျက် ရှိသည်။

တစ်နိုင်ငံလုံးအနေအထားနှင့် သိသင့်သည့် ဝူဟန်ဗိုင်းရပ်စ်ဆိုင်ရာသတင်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်အမျှ ထုတ်ပြန်ပေးနိုင်မှု မရှိသည်ကလည်း ပြည်သူများကို ယင်းဗိုင်းရပ်စ်ကူးစက်မည့်အရေး ပိုမိုထိတ်လန့်စေ သည်။

မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်ကမူ ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အောက်ပါအတိုင်း သတိပေးသည်။

“ဒီရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်အားကြီးဖို့ မလိုသလို လျစ်လျူရှုထားလို့လည်း မရပါဘူး” 

 မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *