မန္တလေးလွှတ်တော် လေးနှစ်ပြည့်ဒိုင်ယာရီ

ဖေဖော်ဝါရီလ ၈ ရက်နေ့သည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယအကြိမ်သက်တမ်း လေးနှစ်ပြည့်သည့်အချိန် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ခဲ့သည့် မန္တလေးတိုင်းလွှတ်တော်၏ ဒုတိယသက်တမ်း လေးနှစ်အတွင်း မဲဆန္ဒရှင်ပြည်သူများကို မည်မျှမျက်နှာမူခဲ့ကြသနည်း။

မှတ်တမ်းများအရမူ မေးခွန်းတစ်ခုလျှင် အနည်းဆုံး ကျပ် ၁၃ သိန်းကျော်တန်သည့် မေးခွန်းများကို မေးမြန်းခဲ့ကြောင်း ဖော်ပြနေသည်။

မန္တလေးတိုင်းလွှတ်တော်တွင် မြို့နယ် ၂၈ မြို့နယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ် ၅၆ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၉ ဦးနှင့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ စုစုပေါင်း ၇၆ ဦး ရှိသည်။

ရွေးကောက်ခံကိုယ်စားလှယ်များအနက် NLD ပါတီမှ ၄၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ခုနစ်ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တစ်ဦး ဖြစ်သည်။

လေးနှစ်သက်တမ်းအတွင်း အတိုက်အခံပါတီ (ကြံ့ခိုင်ရေးပါတီ) ဘက်မှ မေးခွန်းအများဆုံးမေးမြန်းခဲ့သည်ဟု လွှတ်တော်စောင့်ကြည့်ရေး ဆောင်ရွက်နေသည့် ကနောင်အင်စတီကျု၏ အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးက ပြောကြား သည်။

“ဒါပေမဲ့ ဒေသဖွံ့ဖြိုးရေးကိုပဲ ဦးတည်တယ်။ အစိုးရကို Check and Balance မေးခွန်းက အရမ်းအားနည်းတာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်သက်တမ်း လေးနှစ်အတွင်း ပုံမှန်အစည်းအဝေးပေါင်း ၁၅ ကြိမ်၊ အရေးပေါ်အစည်းအဝေး တစ်ကြိမ်၊ အထူးအစည်းအဝေး သုံးကြိမ်အထိ ကျင်းပထားသဖြင့် အစည်းအဝေးပေါင်း ၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင်မူ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကျင်းပနေဆဲဖြစ်၍ ယခုဆောင်းပါးတွင် ထည့်သွင်းမထားပါ။

ထိုအစည်းအဝေးများတွင် မေးခွန်းပေါင်း ၁၀၀၇ ခုအထိ မေးမြန်းထားခဲ့သည်ဟု ကနောင်အင်စတီကျု၏ မှတ်တမ်းများအရ သိရသည်။

မေးမြန်းမှုအများဆုံးမှာ ဝန်ကြီးချုပ်ကိုင်တွယ်သည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများသို့ ဖြစ်သည်။ မေးခွန်းပေါင်း ၃၀၆ ခုအထိ ရှိနေသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ မေးခွန်းပေါင်း ၂၆၅ ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနသို့ မေးခွန်းပေါင်း ၁၅၄ ခု၊ လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ မေးခွန်းပေါင်း ၁၄၆ ခုအထိ ရှိခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနသို့ မေးခွန်း ၆၂ ခုသာ မေးမြန်းခဲ့ကြောင်း ကနောင်အင်စတီကျုထံမှ သိရသည်။

“Check and Balance ကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်တဲ့ မေးခွန်းဆိုတာထက် လမ်းဖောက်တဲ့ကိစ္စ၊ တံတားဆောက်တဲ့ဟာမျိုးကိုပဲ ဇောင်းပေးတာ များတယ်။ ပေါ်လစီကို ကိုင်လှုပ်နိုင်တဲ့မေးခွန်းမျိုးက အင်မတန်နည်းတယ်” ဟု ကနောင်အင်စတီကျု အမှုဆောင် ဒါရိုက်တာ ဦးသန်းမြတ်စိုးက သုံးသပ်သည်။

အစည်းအဝေးပေါင်း (၁၉) ကြိမ် တွင် မေးခွန်းပေါင်း ၁၀၀၇ ခု မေးမြန်းထားသဖြင့် ပျမ်းမျှအစည်းအဝေးတစ်ကြိမ်လျှင် မေးခွန်း ၅၃ ခု မေးမြန်းခဲ့သည်ဟု ဆိုရမည်။

ကနောင်အင်စတီကျု၏ မှတ်တမ်းအရဆိုလျှင် လေးနှစ်တာကာလအတွင်း NLD ကိုယ်စားလှယ်များသည် မေးခွန်းပေါင်း ၆၁၀ ခု၊ ကြံ့ခိုင်ရေးကိုယ်စားလှယ်များသည် မေးခွန်း ၃၆၇ ခု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားလှယ်သည် မေးခွန်းသုံးခုနှင့် တပ်မတော်သားကိုယ်စားလှယ်များသည် မေးခွန်း ၂၇ ခု မေးမြန်းထားကြသည်။

ပါတီအလိုက် မေးခွန်းနှင့် ကိုယ်စားလှယ်အရေအတွက်ကို အချိုးချကြည့်လျှင် NLD ကိုယ်စားလှယ်များသည် တစ်ဦးလျှင် မေးခွန်း ၁၂ ခုခန့်၊ ကြံ့ခိုင်ရေးကိုယ်စားလှယ်များသည် တစ်ဦးလျှင် မေးခွန်း ၅၂ ခုခန့် မေးမြန်းခဲ့သည်ဟု ဆိုနိုင်သည်။

မေးခွန်းများ၊ အဆိုများ လွှတ်တော်သို့တင်ပြရာ၌ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီသို့ ဦးတည်ရသော်လည်း နောက်ဆုံး ဆုံးဖြတ်သည်မှာ လွှတ်တော်ဥက္ကဋ္ဌဖြစ်သည်ဟု မိတ္တီလာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း (ကြံ့ခိုင်ရေးပါတီ) က ဆိုသည်။

၎င်းသည် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်ပြီး ကိုယ်တိုင်လည်း မေးခွန်းများ ဖြတ်တောက်ခံရခြင်း ရှိခဲ့သည်ဟု ပြောသည်။

“ဥပမာ – မိတ္ထီလာထဲမှာ မီးလင်းဖို့ ကျန်နေသေးတာ ၁၂ ရွာ ရှိသေးတယ်။ ဒါတွေကို ကျန်ခဲ့မှာစိုးလို့ မေးခွန်းမေးဖို့လုပ်တာ အစိုးရက ၂၀၂၀-၂၀၂၁ မှာ တစ်တိုင်းလုံး မီးလင်းဖို့ လုပ်နေတာဖြစ်လို့ မေးလို့မရဘူး” ဟု ဦးစိုးသန်းက ပြောဆို သည်။

ပြည်သူများအနေနှင့် မိမိတို့ကျေးရွာ မီးမရရှိမည်ကို စိုးရိမ်သဖြင့် လွှတ်တော်မှတစ်ဆင့် မေးမြန်းလိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ သို့သော် အစိုးရ၏ အကောင်အထည်ဖော်ဆောင်နေသည့် လုပ်ငန်းများကို လွှတ်တော်အတွင်း၌ မေးမြန်းခွင့်မပေးထားဟု ဆိုသည်။

NLD ပါတီ၏ ကိုယ်စားလှယ်အချို့လည်း မေးခွန်းများ မေးမြန်းခွင့်မရခြင်းများ ရှိသည်။ သို့သော် ထိုကိုယ်စားလှယ်အချို့က ယင်းကိစ္စနှင့်ပတ်သက်၍ မီဒီယာသို့ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။

တိုင်းနှင့်ပြည်နယ် လွှတ်တော်အသီးသီးနှင့် နှိုင်းယှဉ်လျှင် မန္တလေးရှိ လွှတ်တော်ကိုယ်စားလှယ်အများစုသည် တက်တက်ကြွကြွရှိကြသည်ဟု ဦးသန်းမြတ်စိုးက ဆိုသည်။

ပညာရပ်ပိုင်းဆိုင်ရာကိစ္စများကို ကျွမ်းကျင်ပြီး ပညာရှင်ရှုထောင့်မှ ဆွေးနွေးနိုင်သည့် ကိုယ်စားလှယ်မျိုးများလည်းရှိကာ ဖောက်ထွက်နိုင်သည့်ကိုယ်စားလှယ် လေးငါးဦးခန့်လည်းရှိသည်ဟု ၎င်းက ပြောသည်။

“အေးအေးသက်သာနေတဲ့ ကိုယ်စားလှယ်မျိုးလည်းရှိတယ်” ဟု ဦးသန်းမြတ်စိုးက ပြောပြသည်။

မန္တလေးတိုင်းလွှတ်တော်အပြင် တစ်နိုင်ငံလုံးတွင် တစ်ဦးတည်းသာရှိသူဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေသည် မေးခွန်းသုံးခုမေးမြန်းပြီးနောက်ပိုင်း မမေးတော့ပေ။

“တချို့မေးခွန်းတွေ ပယ်ချတာမျိုး၊ မေးခွင့်မရှိတာမျိုး ရှိခဲ့တယ်။ နောက် အဆိုတင်မယ်ဆိုရင်လည်း ထောက်ခံပေးမယ့်ကိုယ်စားလှယ်မရှိဘူး။ ဒါကြောင့် လွှတ်တော်ပြင်ပ လုပ်နိုင်တာတွေပဲ လုပ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။

လွှတ်တော်သည် ဥပဒေပြုရေး၊ စောင့်ကြည့်ထိန်းကျောင်းရေး၊ ကိုယ်စားပြုရေး စသည့် လုပ်ငန်းသုံးခုကို ရပ်တည်ရသည်ဖြစ်ပြီး စောင့်ကြည့်ထိန်းကျောင်းရေးအပိုင်းတွင် အားနည်းမှုများရှိနေသည်ဟု ယူဆကြောင်း ကနောင်အင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးက ဆိုသည်။

လေးနှစ်အတွင်း ၂၀၁၄ ခုနှစ် မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၆)၊ မန္တလေးတိုင်းဒေသကြီး ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၉) နှင့် မန္တလေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ (၂၀၁၉) တို့ကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး လက်ကျန်သက်တမ်းအတွင်း ဥပဒေ ငါးခုခန့်အထိ ပြဋ္ဌာန်းခဲ့သင့်သည်ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။

လက်ရှိပြုလုပ်နေသည့် (၁၆) ကြိမ် မြောက် လွှတ်တော်အစည်းအဝေးတွင်မူ ခရီးသွားလုပ်ငန်းဥပဒေကြမ်းကို တင်သွင်းထားပြီး ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအနေနှင့် မန္တလေးတိုင်းလွှတ်တော်အပေါ် လွှမ်းမိုးမှုများရှိသည်ဟု ထင်မြင်နေမှုများ ရှိသော်လည်း စောင့်ကြည့်ထိန်းကျောင်းမှုများ လုပ်ဆောင်နေသည်ဟု ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

ဘတ်ဂျက်စိစစ်သည့်ကိစ္စများသည် အခြားတိုင်းနှင့် ပြည်နယ်များတွင် အုတ်အော်သောင်းနင်းဖြစ်ပြီး မိမိတို့ထံတွင် မဖြစ်သဖြင့် စောင့်ကြည့်ထိန်းကျောင်းမလုပ်ဟု ထင်မြင်ဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။

“တကယ်တမ်းကျ ဘတ်ဂျက်စာအုပ်တွေ ရပြီဆိုကတည်းက သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေက ဌာနဆိုင်ရာတွေရဲ့ ဘတ်ဂျက်စာအုပ်ကို သေချာစိစစ်တယ်။ ဌာနတစ်ခုချင်း ခေါ်ပြီး မေးတယ်။ မမျှတတာတွေ၊ ဥပဒေနဲ့ မညီတာတွေကို တစ်ခါထဲ တွေ့ဆုံပြင်ဆင်ခိုင်းတယ်။ ဖျက်သင့်တာ ဖျက်ခိုင်းတယ်။ အဲဒါပြီးမှ လွှတ်တော်ကိုတက်လာတာ” ဟု ဦးမြင့်အောင်မိုးက ပြောဆိုသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်၍လည်း ကိုယ်စားလှယ်များ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

မိတ္ထီလာမြို့နယ် ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးစိုးသန်းကလည်း အစိုးရနှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းမှု လုပ်နိုင်သည်ဟုမြင်ကြောင်း ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ကျင်းပခဲ့ပြီးသည့် အစည်းအဝေးများအနက် ပဉ္စမအကြိမ်၊ အဋ္ဌမအကြိမ်နှင့် (၁၁) ကြိမ်မြောက်တို့တွင် မေးခွန်းအများဆုံးထွက်သည်ဟု ကနောင်အင်စတီကျု၏ မှတ်တမ်းများအရ သိရသည်။

ထိုအစည်းအဝေးများသည် ၂၀၁၇၊ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အစည်းအဝေးများဖြစ်ပြီး လွှတ်တော်သက်တမ်း ၂ နှစ်ခွဲ (သက်တမ်းဝက်) အထိ လွှတ်တော်အတွင်း တက်တက်ကြွကြွမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ကိုယ်စားလှယ်တို့၏ လုပ်ဆောင်မှုများ လုပ်သလောက် ဖြစ်မလာဟုခံစားမိချိန်တွင် အားလျော့သွားသည်ဟု ဆိုနိုင်ကြောင်း ဦးသန်းမြတ်စိုးက ပြောဆိုသည်။

လက်ရှိကာလသည် ပို၍ဆိုးလာသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလ နီးကပ်လာချိန်ဖြစ်၍ လွှတ်တော်အနေဖြင့် အစိုးရအကျပ်တွေ့စေမည့်၊ ပွတ်တိုက်မှုဖြစ်စေမည့် မေးခွန်းအဆိုများကို မတွေ့ရသလောက်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ယခု လက်ရှိကျင်းပနေသည့် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌လည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်များ၏ မေးခွန်းအများစုသာဖြစ်ပြီး အရေးကြီးသည့် မေးခွန်း၊ အဆိုများ မတွေ့ရဟု လွှတ်တော်သတင်းများရေးသားသည့် မန္တလေး အခြေစိုက်သတင်းထောက် ကိုဘုန်းနေက ပြောပြသည်။

မေးခွန်းများ အားလျော့သွားခြင်းအပေါ် ဦးသန်းမြတ်စိုးက ၎င်း၏အမြင်ကို ယခုကဲ့သို့ပြောဆိုသည်။

“တော်တဲ့သူတွေ ရှိပါတယ်။ အခြေအနေအရ ငြိမ်သွားတယ်လို့ ထင်ပါတယ်။ နောက်ထပ် အိပ်မက်လေးတွေ ရှိတဲ့သူလည်း ရှိမှာပေါ့” 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *