ဒီရီဗေးတစ်ဖ် ဈေးကွက်ဆိုသည်မှာ

နိုင်ငံတကာဈေးကွက်တွင် ကုန်စည်ဈေးနှုန်းများ အပြောင်းအလဲဖြစ်တိုင်း ပြည်တွင်းစားသုံးသူများမှာ တိုက်ရိုက်ခံစားနေရသဖြင့် ဒီရီဗေးတစ်ဖ်ဈေးကွက်ရှိပါက အဆိုပါဈေးနှုန်းပြောင်းလဲမှုဒဏ်ကို ခံနိုင်ကြောင်း သုံးသပ်မှုများကိုကြားနေရသည်။ အိမ်နီးနားချင်း ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ယမန်နှစ်က ဒီရီဗေးတစ်ဖ် အိတ်ချိန်းဈေးကွက်ကို တည်ထောင်လိုက်ရာ ယင်းဈေးကွက်၏ လုပ်ငန်းဆောင်ရွက်ပုံကို တစ်စေ့တစ်စောင်း တင်ပြလိုက်ပါသည်။

ဒီရီဗေးတစ်ဖ် (Derivative) ဆိုသည်မှာ Derive ဆိုသည့် စကားလုံးမှ ဆင်းသက်လာပြီး နဂိုမူလကရှိနေသည့် အခြေခံပိုင်ဆိုင်ပစ္စည်းတစ်ခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုအစုတစ်စုမှ ပြောင်းလဲဆင်းသက်လာခြင်းကို ဆိုလိုသည်။ ဒီရီဗေးတစ်ဖ်သည် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့များအချင်းချင်းချုပ်ဆိုသည့်စာချုပ်များဖြစ်ပြီး ဈေးနှုန်းမှာ မူလအခြေခံသည့်အက်ဆက်များ အပေါ်မူတည်ပါသည်။

လူသိများသည့် ဒီရီဗေးတစ်ဖ်များမှာ စတော့များ၊ ငွေချေးစာချုပ်များ၊ ကုန်စည်များ၊ အဖိုးတန်သတ္တုများ၊ ငွေကြေးများ၊ အတိုးနှုန်းများ၊ စတော့အညွှန်းကိန်းများအပေါ်အခြေခံသည့် ပရောဒတ်များ ဖြစ်ပါသည်။ ဒီရီဗေးတစ်ဖ်ပရောဒတ်များကို ကောင်တာဈေးကွက် (OTC) များတွင်လည်းကောင်း၊ စတော့အိတ်ချိန်းများတွင်လည်းကောင်း၊ ဒီရီဗေးတစ်ဖ်အိတ်ချိန်း သီးသန့်ထောင်၍လည်းကောင်း ရောင်းဝယ်ဖောက်ကားလေ့ရှိပါသည်။ ဒီရီဗေးတစ်ဖ်ပရောဒတ်များကို ကောင်တာဈေးကွက်များတွင် အများဆုံးရောင်းဝယ်ဖောက်ကားကြသော်လည်း ‘Counterparty Risk’ ဟုခေါ်သည့် ရောင်းသူ သို့မဟုတ် ဝယ်ယူ တစ်ဖက်ဖက်မှ ပေးချေရန်ပျက်ကွက်ခြင်းများ ရှိနိုင်သည့်အတွက် စနစ်တကျထိန်းကျောင်း ကွပ်ကဲနိုင်သည့် ဒီရီဗေးတစ်ဖ်အိတ်ချိန်းများကို နိုင်ငံအသီးသီးတွင် ထူထောင်လာကြသည်။

ဒီရီဗေးတစ်ဖ်၏ အခြေခံလုပ်ငန်းစဉ်

ဒီရီဗေးတစ်ဖ်၏ အခြေခံလုပ်ငန်းစဉ်မှာ အကာအကွယ်ယူခြင်း (Hedging) ပင်ဖြစ်ပါသည်။ မူလအခြေခံသည့် ပိုင်ဆိုင်ပစ္စည်းတစ်ခု၏ ပြောင်းလဲနိုင်သည့် ဈေးနှုန်းအတက်အကျဒဏ်ကို အကာအကွယ်ပြုခြင်း ဖြစ်ပါသည်။ မူလက ဒီရီဗေးတစ်ဖ်ကို နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးဈေးကွက်တွင် ငွေလဲလှယ်နှုန်းပြောင်းလဲမှုဒဏ်ကို ကာကွယ်ရန် စတင်အသုံးပြုခဲ့သော်လည်း ယခုအခါ နယ်ပယ်မျိုးစုံတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီဖြစ်ပါသည်။

ဥပမာ – ယူရိုငွေကြေးများ ကိုင်ဆောင်ထားသည့် ဥရောပဒေသမှ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် အမေရိကန် စတော့ဈေးကွက်မှ စတော့များကို အမေရိကန်ဒေါ်လာဖြင့် ဝယ်ယူလိုက်သည် ဆိုပါစို့။ ဖော်ပြပါ ဥရောပ ရင်းနှီးမြှုပ်နှံသူသည် အဆိုပါရောင်းဝယ်မှုကို စတင်လိုက်သည်နှင့် နိုင်ငံခြားငွေလဲလှယ်မှုမှ ဆုံးရှုံးနိုင်ခြေ Exchange Rate Risk ကို စတင်ထမ်းလိုက်ရပြီဖြစ်ပေသည်။ အကယ်၍ ယူရိုငွေလဲလှယ်နှုန်း မြင့်တက်လာပါက အမေရိကန်စတော့ဈေးကွက်မှ စတော့များ ရောင်းချခြင်းမှ အမြတ်ငွေကို ယူရိုနှင့်လဲလှယ်ရာတွင် ရရှိမည့်ငွေပမာဏ လျော့နည်းသွားမည်ဖြစ်ပါသည်။

ယခင် ၁ ယူရို = ဒေါ်လာ ၁.၂
ယခု ၁ ယူရို = ဒေါ်လာ ၁.၃
ရှယ်ယာ ရောင်းချခြင်းမှ အမြတ်ဒေါ်လာ ၂၀ ရပါက
ယခင်နှုန်းနှင့် ယူရို ၁၆ ဒသမ ၆၆ ရသော်လည်း ယခုနှုန်းဖြင့်
၁၅ ဒသမ ၃၈ သာ ရမည်ဖြစ်သည်။

အဆိုပါငွေကြေးဆုံးရှုံးနိုင်ခြေကို အကာအကွယ်ပြုရန်အတွက် ရင်းနှီးမြှုပ်နှံသူသည် Currency Derivative ကို ဝယ်ယူလေ့ရှိပါသည်။ ငွေကြေးဒီရီဗေးတစ်ဖ်တွင် အဓိကကျင့်သုံးလေ့ရှိသည်မှာ Currency Future နှင့် Currency SWAP တို့ ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ယူရိုငွေဈေးတက်မည်ဟုယူဆပါက အဆိုပါ Currency Derivative ကို အသုံးပြုကာ ယူရိုဈေးတက်ချိန်တွင် မူလဈေးမတက်ချိန်က ဈေးနှင့် ယူရိုငွေဝယ်ယူခွင့်စာချုပ်ကို ချုပ်ဆိုကာ အကာအကွယ်ယူခြင်းဖြစ်ပါသည်။ အဆိုပါစာချုပ်ချုပ်ဆိုခြင်းအတွက် ရင်းနှီးမြှုပ်နှံသူဘက်မှ Premium ဟုခေါ်သည့် ငွေကြေးတစ်ရပ်ကို ပေးသွင်းရပါသည်။ ယင်းစာချုပ်ကို Currency Future စာချုပ်ဟုခေါ်ပြီး Derivative အမျိုးအစားတစ်ခု ဖြစ်ပါသည်။

အကယ်၍ သတ်မှတ်ချိန်တစ်ခုတွင် ယူရိုဈေးတက်သွားပါက စာချုပ်ပါအတိုင်း မတက်ခင်ကဈေးဖြင့် ယူရိုများ ဝယ်ယူရရှိနိုင်ပြီး အကယ်၍ သတ်မှတ်ချိန်တစ်ခုအတွင်း ယူရိုဈေးမပြောင်းလဲခဲ့ပါမူ အဆိုပါပုဂ္ဂိုလ်သည် ပရီမီယံကြေးသာ ဆုံးရှုံးမည်ဖြစ်ပါသည်။ ထိုသို့အကာအကွယ်ယူခြင်းကြောင့် ဥရောပမှပုဂ္ဂိုလ်အနေနှင့် အမေရိကန်စတော့များဝယ်ယူခြင်းမှ ရရှိမည့်ငွေကြေးကို အကာအကွယ်ရရှိသွားစေမည်ဖြစ်ပါသည်။

ဒီရီဗေးတစ်ဖ် အမျိုးအစားမျာ

ဈေးကွက်အတွင်းတွင် ဒီရီဗေးတစ်ဖ်ပုံစံများစွာရှိပြီး အသုံးများသောပုံစံများမှာ Futures, Forwards, SWAPS နှင့် Option တို့ ဖြစ်ပါသည်။

Futures ။ ။ အမည်တွင်သည့်အတိုင်း ကြိုတင်သတ်မှတ်ထားသည့် အနာဂတ်ကာလတစ်ခုတွင် ကုန်စည်တစ်ခုကို ကြိုတင်သတ်မှတ်ထားသည့်ဈေးနှုန်းနှင့်ပေးအပ်ရန် ရောင်းသူနှင့် ဝယ်ယူသူအကြား ချုပ်ဆိုသည့် စာချုပ်ဖြစ်သည်။ သတ်မှတ်ထားသည့် ‘စံ’ ပုံစံဖြင့် ချုပ်ဆိုလေ့ရှိသည်။ ထိုသို့ချုပ်ဆိုခြင်းဖြင့် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းပြောင်းလဲမှုဒဏ်ကို ခံနိုင်မည်ဖြစ်ပါသည်။ ဥပမာ- ကုမ္ပဏီ A သည် ၁၉-၁၂-၂၀၁၉ နေ့တွင် ရေနံတစ်စည်ကို ၆၂ ဒေါ်လာဖြင့် ဝယ်ယူရန် Future Contract တစ်ခုကို ၆-၁၁-၂၀၁၉ နေ့တွင် ချုပ်ဆိုလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီ A သည် ဒီဇင်ဘာလမှသာ ရေနံလိုအပ်ပြီး ယင်းကာလတွင်ရှိနိုင်မည့် ရေနံဈေးနှုန်းမြင့်တက်မှုဒဏ်ကို ကာကွယ်ခြင်းဖြစ်ပါသည်။ အကယ်၍ ၁၉-၁၂-၂၀၁၉ နေ့တွင် ရေနံတစ်စည် ဒေါ်လာ ၈၀ ဖြစ်သွားခဲ့ပါက ကုမ္ပဏီ A သည် တစ်စည် ၆၂ ဒေါ်လာဈေးဖြင့်ပင် ဝယ်ယူခွင့်ရှိမည်ဖြစ်ပြီး အကယ်၍ ကုမ္ပဏီ A က ထိုအချိန်တွင် ရေနံမလိုအပ်တော့ပါကလည်း အဆိုပါ Future Contract ကို စတော့အိတ်ချိန်းမှတစ်ဆင့် ပြန်လည်ရောင်းချ၍ အမြတ်ယူနိုင်ပါသည်။

Forward ။ ။ Future Contract နှင့် ဆင်တူပါသည်။ ၎င်းတွင် စံသတ်မှတ်သည့် စာချုပ်ပုံစံမရှိဘဲ OTC ဈေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြပါသည်။ Future Contract တစ်ခုကို စာချုပ်ချုပ်ဆိုရာတွင် ရောင်းသူဝယ်ယူ နှစ်ဖက်စိတ်ကြိုက်ပုံစံဖြင့် ချုပ်ဆိုနိုင်ကြပါသည်။ သို့သော်လည်း ယင်းစာချုပ်များမှာ Counterparty Risk ရှိနိုင်ပါသည်။

SWAP ။ ။ ဒီရီဗေးတစ်ဖ်စာချုပ်အမျိုးအစားတစ်ခုဖြစ်ပြီး အက်ဆက်ပုံစံတစ်ခုနှင့် အခြားမတူညီသည့် ပုံစံတစ်ခုကို လဲလှယ်ခြင်း ဖြစ်ပါသည်။ ဥပမာ – ကုမ္ပဏီ A သည် ဒေါ်လာတစ်သန်းကို လက်ရှိအတိုးနှုန်း ၆ ရာခိုင်နှုန်းဖြင့် ချေးယူထားပြီး ဘဏ်အတိုးနှုန်းများ ထပ်မံမြင့်တက်မည်ကို စိုးရိမ်လျက်ရှိသည်။ ထိုအခါ ယင်းကုမ္ပဏီ A သည် ကုမ္ပဏီ B နှင့် SWAP စာချုပ်ချုပ်ဆိုကာ ကုမ္ပဏီ B ၏ ပုံသေအတိုးနှုန်း ၇ ရာခိုင်နှုန်းရှိ ပမာဏတူ ချေးငွေစာချုပ်တစ်ခုနှင့် လဲလှယ်လိုက်ပါသည်။ ဤသို့ စာချုပ်ချုပ်ဆိုလိုက်ခြင်းကြောင့် ကုမ္ပဏီ A သည် ကုမ္ပဏီ B သို့နှစ်စဉ်ခြားနားအတိုးငွေ ၁ ရာခိုင်နှုန်း ပေးဆောင်ရပါသည်။ အကယ်၍ ဗဟိုဘဏ်အတိုးနှုန်းများ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားပါက ကုမ္ပဏီ A သည် B သို့ ခြားနားအတိုးငွေ ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။ အကယ်၍ ဘဏ်တိုးနှုန်း ၈ ရာခိုင်နှုန်းသို့ မြင့်တက်သွားပါကကုမ္ပဏီ B သည် ခြားနားအတိုးငွေ ၁ ရာခိုင်နှုန်းကို ကုမ္ပဏီ A သို့ ပေးသွင်းရမည်ဖြစ်သည်။ SWAP ကို အတိုးနှုန်းအပြင် အခြားသော ကုန်စည်များ၊ အက်ဆက်များတွင်လည်း ချုပ်ဆိုနိုင်ကြပါသည်။

Option ။ ။ Future Contract နှင့် ဆင်တူပြီး အဖွဲ့နှစ်ခုမှ အနာဂတ်ကာလတစ်ခုတွင် အက်ဆက်တစ်ခုကို ပေးချေရန် သဘောတူသည့် စာချုပ်ဖြစ်သော်လည်း အဓိကကွဲပြားခြားနားသည့်အချက်မှာ Buyer အနေနှင့် စာချုပ်သက်တမ်းစေ့ရောက်သည့်နေ့တွင် စာချုပ်ပါအတိုင်း စိတ်ကြိုက်ရွေးချယ်ခွင့် (Option) ရှိသည့် စာချုပ်မျိုးဖြစ်သည်။ ဥပမာ – တစ်စောင်ကို ဒေါ်လာ ၅၀ တန်သည့် စတော့ ၁၀၀ ကိုင်ဆောင်ထားသူတစ်ဦးသည် ၎င်း၏စတော့များ တန်ဖိုးကျဆင်းမည်ကို စိုးရိမ်သည့်အတွက် စတော့တစ်စောင်ကို ဒေါ်လာ ၅၀ ဖြင့် အချိန်မရွေးပြန်သွင်းနိုင်သည့် Put Option စာချုပ်တစ်ခုကို စာချုပ်တန်ဖိုး ဒေါ်လာ ၁၀၀ ဖြင့် ချုပ်ဆိုလိုက်သည်။ အကယ်၍ စတော့တန်ဖိုးများ ဒေါ်လာ ၄၀ သို့ ကျဆင်းသွားပါက သူသည် စတော့များကို ဒေါ်လာ ၅၀ ဖြင့် ပြန်သွင်းကာ ၎င်း၏ပိုင်ဆိုင်မှုကို ကာကွယ်လိုက်သည်။ ယခု ဒေါ်လာ ၁၀၀ တန် Put Option စာချုပ် ချုပ်ထားလိုက်ခြင်းကြောင့် ရှယ်ယာဈေးကျသွားကာ ဒေါ်လာတစ်ထောင် ဆုံးရှုံးမည့်အရေးကို ဒေါ်လာ ၁၀၀ ဖြင့် အကာအကွယ်ပြုလိုက်ခြင်းဖြစ်သည်။ အကယ်၍ ရှယ်ယာဈေးများတက်ပါက အဆိုပါ Option ကို မကျင့်သုံးတော့ဘဲ စာချုပ်ဖိုး ဒေါ်လာ ၁၀၀ အရှုံးခံလိုက်သည့် သဘောဖြစ်သည်။

ဤသည်မှာ Derivative စာချုပ်များချုပ်ဆိုသည့် နမူနာမျှသာဖြစ်ပြီးလက်တွေ့တွင် ပိုမိုများပြားလှသည့်စာချုပ်များကိုချုပ်ဆိုကာ အကာအကွယ်ပြုကြသည်ဖြစ်ပေရာ စနစ်ကျနသည့် Derivative Exchange များ တည်ထောင်နိုင်ခြင်းဖြင့် ဈေးနှုန်းအတက်အကျဒဏ်များ၊ ဆုံးရှုံးနိုင်ခြေများကို ပိုမိုအကာအကွယ်ပြုနိုင်မည်ဟု ယူဆပါကြောင်း။ 

ထွန်းသက်ထွန်း
References: (1)https://www.investopedia.com (2) Dictionary of Finance and Investment Terms

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *