“တိုင်းရင်းသားပါတီ မပါဘဲနဲ့လည်း လုပ်သွားလို့ ရတဲ့အနေအထားမှာ ကျွန်တော်တို့က အိမ်ဖြည့်သဘောမျိုးနဲ့ ဝင်ကူရတာပါ”

Photo by Hurn Kayang FB

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်နှင့် ဆက်သွယ်မေးမြန်းခြင်း

The Voice Journal – အခြေခံဥပဒေပြင်ဆင်ရေး နဲ့ပတ်သက်ပြီး NLD က မူကြမ်းနှစ်ခုတင်ထားတယ်။ အဲဒီမူကြမ်းမှာ တိုင်းရင်းသားတွေ လိုလားတဲ့အချက်တွေပါလားဗျ။ အထူးသဖြင့် SNLD က လိုလားချက်တွေ ပါလား။

SL- အရှင်းဆုံးပြောရမယ်ဆိုရင် မပါဘူးဗျ။ သူတို့ တင်လိုက်တဲ့ ၁၁၄ ချက်ကို ကြည့်လိုက်ရင် ၄၃၆ (က) နဲ့ (ခ) ကိုပဲ ပြင်ထားတာပေါ့။ အဲဒီအထဲမှာမှ ဖက်ဒရယ်စံနဲ့ ညီတာတွေမပါဘူး။ ဖက်ဒရယ်စံနဲ့ညီဖို့ မပြောနဲ့ ဖက်ဒရယ်ဆန်တဲ့ ကိစ္စလေးတွေတောင် မတွေ့ရဘူး။ နောက်ပြီး ၄၅ ဦးကော်မတီမှာ NLD အပါအဝင် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ စုပေါင်းလုပ်ဆောင်တယ်ဆိုပေမယ့် တကယ်တမ်း ရလဒ်ထွက်လာတော့ NLDရဲ့ လိုအပ်ချက်၊ NLDရဲ့ တင်ပြချက်တွေပဲ တစ်သဝေမတိမ်း ထွက်လာတာ တွေ့ရတယ်လေ။ အဲဒီတော့ တိုင်းရင်းသားတွေ လိုအပ်ချက်နဲ့မကိုက်ညီသလို တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့လည်း ဘယ်လိုမှ မအပ်စပ်ဘူး။ အဓိကပြောချင်တာကတော့ ဖက်ဒရယ်လုံးဝမဆန်တဲ့ ပြင်ဆင်ချက်လို့ပဲ ပြောချင်ပါတယ်။

The Voice Journal – ဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးတဲ့ အချက်တွေရော မပါဘူးလား။ ဆိုလိုတာကတော့ ဗဟိုအစိုးရချုပ်ကိုင်မှုကို ဖြေလျှော့ပေးတဲ့ အချက်တွေပေါ့။

SL- အဲဒါလည်း မတွေ့ရဘူး။ ပုဒ်မ ၂၆၁ ကို လုံးဝပြင်မထားဘူး။

The Voice Journal – ဒါဆိုရင် NLD နဲ့ ပူးပေါင်းပြီး ၄၅ ဦးကော်မတီမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် SNLD အနေနဲ့ အကြိမ်ရေ များစွာ ဆွေးနွေးခဲ့တယ်ပေါ့လေ။ တခြားပါတီတွေလည်း ဝင်ဆွေးနွေးတယ်။ မကြိုက်လို့ ထွက်သွားတဲ့ သူတွေလည်း ရှိတာပေါ့လေ။ ဆိုလိုတာကတော့ အဲဒီလိုဝိုင်းဝန်းဆွေးနွေးပြီး မူကြမ်းထွက်လာတဲ့အခါ မျှတတဲ့ ရလဒ်ထွက်လာတယ်လို့ ထင်လား။

SL- ၄၅ ဦးကော်မတီကို ဖွဲ့စည်းစဉ်ကတည်းက ကျွန်တော်တို့ လေ့လာကြည့်ပါတယ်။ ကျွန်တော်တို့တွေ အထူးသဖြင့် တိုင်းရင်းသားပါတီမပါဘဲနဲ့လည်း လုပ်သွားလို့ရတဲ့ အနေအထားမှာ ကျွန်တော်တို့က အိမ်ဖြည့်သဘောမျိုးနဲ့ ဝင်ကူရတာပါ။ အဲဒီတော့ မျက်နှာပြလို့ ကောင်းအောင်၊ ရှင်းရှင်းပြောရရင်တော့ ပြည်သူလူထုကို တိုင်းရင်းသားတွေပါအပါ သူတို့နဲ့ အတူလက်တွဲပြီး လုပ်ဆောင်နေပါတယ်ဆိုတဲ့ ပြယုဂ်လေးတစ်ခုရဖို့ လုပ်ဆောင်သွားတယ်လို့ပဲ မြင်တယ်။ ဒါ့ကြောင့် နောက်ဆုံးထွက်လာတဲ့ ရလဒ်ကလည်း တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘူး။ NLD ပါတီရဲ့ ပြင်ဆင်လိုတဲ့အချက်ကိုပဲ အဓိကဇောင်းပေးပြီး လုပ်သွားတယ်ဆိုတဲ့အတွက် ရှင်းရှင်းပြောရရင်တော့ဗျာ နောက်နောင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ထပ်မံပြီး လုပ်ကြရဦးမှာပဲလေ။ အဲဒီအခါကျရင် ကျွန်တော်တို့တွေအတွက် သင်ခန်းစာတွေ အများကြီးရပါတယ်။ ဆင်ခြင်စရာတွေ အများကြီး ရလိုက်ပါတယ်ခင်ဗျ။

The Voice Journal – ဒါကို ပါတီသဘောထားလို့ သတ်မှတ်လို့လား။ ကိုစိုင်းလိတ်သဘောထားလို့ပဲ သတ်မှတ်ရမလား။ သေချာရှင်းလင်းသွားအောင်ပါ ခင်ဗျ။

SL- ကျွန်တော်က ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ပါ။ ပါတီသဘောထားလို့ ယူဆလို့ရပါတယ်။ ဒီနေ့ပဲ ကျွန်တော်တို့ ပါတီ CEC အစည်းအဝေး ပြီးပါတယ်။ ဒီသဘောထားတွေကို ကျွန်တော်တို့ CEC တစ်ဖွဲ့လုံးနဲ့လည်း ဆိုင်ပါတယ်ခင်ဗျ။

The Voice Journal – အခုတော့ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်တင်တယ်။ စိစစ်ရေး ကော်မတီဖွဲ့တယ်။ နောက် ၁၄ ရက်ကြာရင် ပြီးမယ်ပေါ့။ ဆိုတဲ့အခါကျတော့ ဥပဒေကြမ်းနှစ်ခုတင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးရဲ့ အဆုံးသတ်က ဘာဖြစ်လာမယ်ထင်လဲဗျ။

SL – နောက်ဆုံးအဆုံးသတ်ကတော့ တပ်မတော်ရဲ့ သဘောထားပေါ့ဗျာ။ တပ်မတော်က သဘောတူရင် ပြင်လို့ရမယ်။ တပ်မတော်က ဗီတိုအာဏာသုံးပြီး လုံးဝသဘောမတူဘူးဆိုရင်လည်း ဒီဇာတ်လမ်းက ပြီးသွားမှာပဲလေ။

The Voice Journal – ဒီမူကြမ်းမှာ NLD ရဲ့ အပေးအယူလေးတွေ တွေ့တယ်။ ဥပမာပြောရရင် လွှတ်တော်ကနေ တပ်မတော်ဆုတ်ခွာရေး အဆင့်လိုက် ကမ်းလှမ်းချက်တွေရှိတယ်။ နောက် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်လုံမှာ တပ်မတော်သား ဝန်ကြီးဖြစ်တော့ ဝန်ကြီးဖြစ်တာနဲ့ တပ်ကနေ နုတ်ထွက်ရမယ်ပေါ့။ ပြည်ထောင်စုဝန်ကြီးကတော့ အရင်ပြဋ္ဌာန်းချက်က နိုင်ငံရေးလုပ်လို့မရဘူး။ အခု ပြင်ဆင်ချက်ကတော့ အဲဒီ့အချက်ကို ပယ်ဖျက်မယ်ဆိုတော့ နိုင်ငံရေးလုပ်လို့ ရမယ်ပေါ့။ ဆိုတော့ ဒီအပေးအယူက တပ်မတော် လက်ခံနိုင်လောက်တဲ့ အပေးအယူမျိုး ဖြစ်ရဲ့လား။ ဘယ်လိုမြင်လဲဗျ။

SL- တပ်မတော်က ထွက်ရတယ်ဆိုတဲ့ အဲဒီအချက် အလက်လေးတွေက တပ်မတော်ဘက်က လက်ခံလို့ ရကောင်းရနိုင်တယ်။ ဒါပေမဲ့ ကာလုံမှာ သွားစကားပြောလိမ့်မယ်။ ကာလုံ ၁၁ ဦးကနေ ၁၂ ဦး ပြောင်းလိုက် တယ်။ အခုက အရပ်သားဘက်က အသာပြန်ယူထားတဲ့ အနေအထားမျိုး ဖြစ်တယ်လေ။

The Voice Journal – ဟုတ်ကဲ့။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတွေကို ကာလုံထဲထည့်ပြီး နယ်လုံဝန်ကြီးကို ထုတ်လိုက်တဲ့ ပြင်ဆင်ချက်ပေါ့။

SL- ဟုတ်တယ်။ ထပ်ဖြည့်ထားတယ်။ နယ်စပ် ဒေသဝန်ကြီးကို ဖြုတ်လိုက်တယ်။ အဲဒီအချက်ကို တပ်မတော်က လက်ခံမစဉ်းစားရင် ကျန်တဲ့ အချက်တွေကို လက်ခံလိမ့်မယ်လို့ ကျွန်တော်က မထင်ဘူးခင်ဗျ။

The Voice Journal – ဒါဆိုရင် ဒီအခြေခံ ဥပဒေပြင်ဆင်ရေးမှာ ခုနဖြေတဲ့အချက်တွေအရ အားလုံးချုပ်ပြောရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘူးပေါ့။

SL- အမှန်ပဲဗျ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်သာပြောတာ။ အခုလုပ်နေတာက ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့ အဆင့်လောက်ပဲရှိတယ်လို့ ကျွန်တော် သုံးသပ်တယ်ခင်ဗျ။
The Voice Journal – ကျေးဇူးတင်ပါတယ် ခင်ဗျ။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *