ရန်ကုန်မြို့၏ အဆုတ်သန့်ရှင်းရေး

အဖွံ့ ဖြိုးအတိုးတက်ဆုံးသော မြို့ပြရန်ကုန်၏ လေထုသည် မှုန်မှုန်ဝါးဝါးမြင်ကွင်းအဖြစ် တွေ့မြင်နေရပြီ ဖြစ်သည်။

စက်ရုံ၊ အလုပ်ရုံများ ပတ်ချာလည်ရှိသည့် ရန်ကုန်မြို့တော်တွင် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီ။

နယ်သို့ အလုပ်ကိစ္စဖြင့် ခရီးသွားပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်အခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လတ်ဆတ်သော လေများကို ရှူရှိုက်လာရာမှ ဖှုန်မှုန့်၊ ညှော်နံ့များ အစားထိုးဝင် ရောက်လာသည်ကို ဦးသော်ဖြိုးရွှေ ခံစားလိုက်ရသည်။

၎င်းမှာ ရန်ကုန်မြို့တွင် အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအဖွဲ့  (BANCA တွင် Project Assistant Officer အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

“ရန်ကုန်ထဲ ပြန်ဝင်လာပြီဆိုရင်  ညနေပိုင်း ၄၊ ၅ နာရီပိုင်းဆို ပိုဆိုးတယ်။  သိသာတယ်ကွာ။ လေက လတ်ဆတ်တဲ့ လေလာပြီး ဒီဘက်ထဲပြန်ဝင်တဲ့အခါ သိပ်ပြီးတော့ လေက ရှူလို့မကောင်းဘူး။   ညနေပိုင်းဆိုတော့ ညှော်နံ့တွေနဲ့ လေက  မလတ်ဆတ်တော့ဘူး”ဟု ဦးသော်ဖြိုးရွှေ က ဆိုသည်။

ရန်ကုန်လေထု သန့်ရှင်းမှုအားနည်းသွားရခြင်းမှာ အဘယ်ကြောင့်နည်း။

 စက်ရုံ၊ အလုပ်ရုံများက ထွက်ရှိသည့် အငွေ့များထဲတွင် ကာဗွန်မိုနောက်ဆိုဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ဓာတ်ငွေ့များ ပါဝင်နေသည်။ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် လေထုညစ်ညမ်းမှု ပိုမိုသိသာလာကြောင်း ဦးသော်ဖြိုးရွှေက ဆိုသည်။ 

ရန်ကုန်မြို့အတွင်းရှိ လေထုညစ်ညမ်းမှုအခြေအနေကို ပျှမ်းမျှတွက်ချက်ရာတွင် လိမ္မော်ရောင်အဆင့်တွင် ရှိနေကြောင်း လေးနှစ်ကြာ သုတေသနပြုထားသည့် ရလဒ်အရ သိရသည်။

ရန်ကုန်မြို့တော်၏ အဆုတ် ကျန်းမာရေးအခြေအနေ မည်သို့ရှိနေပြီ လော။

ရန်ကုန်လေထုစစ်တမ်း

လက်ရှိရန်ကုန်မြို့၏ လေထုအရည်အသွေးကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် Air Quality Yangon တို့က တိုင်းတာနေခြင်းဖြစ်သည်။ နှစ်ဖွဲ့စလုံးမှာ အစိုးရမဟုတ်သော  ပြင်ပအဖွဲ့အစည်းများဖြစ်ပြီး ရန်ကုန် လေထုအခြေအနေ စိုးရိမ်ဖွယ် ရှိ၊ မရှိ သိရှိနိုင်ရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ တိုင်းတာချက်များအရ ရန်ကုန်မြို့တော်၏ အဆုတ်ကျန်းမာရေးသည် အဝါရောင်မှ လိမ္မော်ရောင်အဆင့်သို့ အမျိုးမျိုးပြောင်းလဲလျက်ရှိကာ နိမ့်လိုက်၊  မြင့်လိုက် အခြေအနေတွင်ရှိသည်။

လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများတွင် ဒီဇယ်အသုံးပြုသည့် ယာဉ်များနှင့် ကျောက်မီးသွေး လောင်စာသုံး စက်ရုံနှင့် အလုပ်ရုံများကြောင့်  အဓိကဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ  ဦးဝင်းမျိုးသူက ဆိုသည်။

ရန်ကုန်မြို့၏ လေထုကို လွှမ်းခြုံနိုင်မည့် လူစည်ကားရာ အဓိကနေရာထဲတွင်ပါဝင်သော လှည်းတန်း၊ တာမွေ၊ မြို့တော်ခန်းမ၊ မြေနီကုန်း၊ ဘုရင့်နောင်တို့တွင် လေထုတိုင်းတာခြင်းကို ၂၀၁၆ ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း တစ်လလျှင် နှစ်ကြိမ်၊  ၂၄ နာရီစလုံး လေထုတိုင်းတာရေးစက်များကို ချထားပြီး လေထုအရည်အသွေးကို  တိုင်းတာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ တိုင်းတာချက်အရ ၂၀၁၈ ခုနှစ်တွင် အလွန်သေးငယ်သော ညစ်ညမ်းအမှုန်  (Particulate Matter) PM2.5 သည် အနီရောင်အဆင့်တွင်ရှိပြီး PM10သည် အဝါရောင်အဆင့်တွင် ရှိသည်။

ယင်းအပြင် နိုက်ထရိုဂျင်ဒိုင်ဆောက်ဆိုဒ် (NO2) သည် အဆင့်  ၁၅၀ တွင်ရှိပြီး အနီရောင်အဆင့်တွင် ရှိသည်။ ဆာလဖာဒိုင်အောက်ဆိုဒ်  (SO2) သည် အဆင့် ၃၀၀ ထိ အမြင့်ဆုံး ရှိပြီး ခရမ်းရောင်အဆင့်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တိုင်းတာချက်များအရ (Particulate Matter ) PM2.5 သည် အနီရောင်အဆင့်တွင် ရှိပြီး PM10 သည် အဝါရောင်အဆင့်တွင်  ရှိသည်။ နိုက်ထရိုဂျင်ဒိုင်ဆောက်ဆိုဒ် (NO2) သည် အဆင့် ၂၀၀ တွင်ရှိကာ  အနီရောင်အဆင့်တွင် ရှိသည်။ ဆာလဖာဒိုင် အောက်ဆိုဒ် (SO2) သည် အဆင့် ၅၀၀  ထိ အမြင့်ဆုံးရှိပြီး  အန္တရာယ်အဆင့်ဖြစ်သည့် အညိုရောင်အဆင့်ထိ ရောက်ရှိသွားသည်ကို တွေ့ရသည်။

ထိုသို့စက်ရုံ၊ အလုပ်ရုံများမှ လေထုညစ်ညမ်းစေသော ဆာလဖာဒိုင်အောက်ဆိုဒ်  (SO2))၊ အလွန်သေးငယ်သော ညစ်ညမ်းအမှုန် (Particulate Matter PM)၊  နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (NO2)  ဓာတ်ငွေ့များ ထွက်ပေါ်လာသည်။

အလွန်သေးငယ်သော ညစ်ညမ်းအမှုန် (Particulate Matter PM)  သည် လူတို့လုပ်ဆောင်ချက်မှ ထွက်ပေါ် လာခြင်း အပါအဝင် သဘာဝဖြစ်စဉ်မှ ထွက်ပေါ်လာသော အမှုန်အမွှားများ၊  လောင်စာလောင်ကျွမ်းမှုများမှ ထွက်ပေါ် လာသည်။

ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) သည် ကျောက်မီးသွေး၊ လောင်စာဆီ လောင်ကျွမ်းခြင်း၊ စက်မှုလုပ်ငန်းသုံးစက်များနှင့် ဆာလဖာပါဝင်သည့် လောင်စာဆီ များ လောင်ကျွမ်းရာတွင် အများဆုံးထုတ် လွှတ်သည်။ နိုက်ထရိုဂျင်ဒိုင်ဆောက်ဆိုဒ်  (NO2) သည် လောင်စာဆီအမျိုးမျိုး၊  ကျောက်မီးသွေး၊ ဂက်စ်ဘွိုင်လာများမှ  အများဆုံးထွက်သည်။

အမေရိကန်ဒေါ်လာ ငါးသောင်းကျော်တန်ဖိုးရှိသည့် လေထုတိုင်းတာရေးစက်ဖြင့် အဆိုပါ လေထုအရည်အသွေးများကို တိုင်းတာထားခြင်းဖြစ်သည်။

American University Of Yangon ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအဖွဲ့ Air Quality Yangon ၏ တိုင်းတာချက်များတွင် လေထုထဲရှိ အမှုန်အဝါးတိုင်းတာမှု (Particulate Matter ) PM2.5 ကို တိုင်းတာခြင်း ဖြစ်သည်။ ယင်းအဖွဲ့က Edigreen Company ထုတ် အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင် တန်ဖိုးရှိ Purple Air  ၏ ဆင်ဆာများမှ PM2.5ကို တိုင်းတာရာတွင် ဆင်ဆာသတ်မှတ်ချက်အရ ဧရိယာအကန့်အသတ်ကိုသာ တိုင်းတာနိုင်စွမ်းရှိသည်။

Air Quality Yangon သည် ၂၀၁၉  ခုနှစ် မေလ ၂ ရက်နေ့တွင် Purpleair.com အရ တိုင်းတာမှုများတွင် ရန်ကုန်လေထုမှာ ခရမ်းရောင်အဆင့်တွင် ရှိနေသည်။ မေလအတွင်းမှာပင် ရန်ကုန်လေထုမှာ လိမ္မော်ရောင်အဆင့်၊ အဝါရောင်အဆင့်သို့ လေထုအရည်အသွေး ပြောင်းလဲလျက်ရှိသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅  ရက်နေ့တွင် အမှုန်အဝါး PM2.5 မှာ  ၁၄၀ အဆင့်ထိရောက်ရှိကာ လိမ္မော်ရောင်အဆင့် ဖြစ်သည်။ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အဆင့် ၁၆၆ ဖြင့် အနီရောင်အဆင့်သို့  အမြင့်ဆုံး ရောက်ရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်ကြားထဲတွင် ဖြစ်ပေါ်နေသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် အဆင့် ၂၆၄ ဖြင့် ခရမ်းရောင်အဆင့်သို့ ရောက်ရှိသွားသည်။ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်ကြားထဲတွင် ဖြစ်ပေါ်နေပြီး ဖေဖော်ဝါရီ ၅ ရက် နေ့တွင်မူ အဝါရောင်အဆင့်တွင် ရှိသည်ကို တွေ့ရသည်။

အဆိုပါအချက်အလက်များသည် ရန်ကုန်မြို့အတွင်း  Purple Air  ၁၃ ခု ဖြင့် တိုင်းတာပြီး air virtual ဝက်ဘ်ဆိုက်ထဲမှ အဖြေကို ရယူထားခြင်းဖြစ်သည်။

သို့ရာတွင် လေထုညစ်ညမ်းမှုကို တိုင်းတာရာတွင် လေထုတိုင်းတာရေးစက် အမျိုးအစားပေါ် မူတည်ကာ အဖြေရရှိမှု ကွဲပြားကွာခြားနိုင်သည်။ တစ်နေရာတွင် တစ်ကြိမ်တည်းတိုင်းရုံဖြင့် လေထုညစ်ညမ်းမှု မြင့်နေပြီဟု ပြော၍ မရကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌဦးဝင်းမျိုးသူက သုံးသပ်သည်။

ယင်းကြောင့် ရန်ကုန်မြို့၏ လေထုညစ်ညမ်းနေသည်မှာ ကျိန်းသေဖြစ်ပေါ်နေသော်လည်း ကျန်းမာရေး ထိခိုက်နိုင်မှု ဆိုးရွားနိုင်သည့် အဆင့် (အနီရောင်) ရောက်၊ မရောက်ကိုမူ နည်းပညာမြင့်သည့် စက်များဖြင့် တိုင်းတာမှသာ တိကျစွာသိရှိနိုင်မည်ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ခိုင်မာစွာ ပြောကြားသည်။

အဘယ်ကြောင့် ရန်ကုန်လေထု ညစ်ညမ်းလာရသနည်း။

စက်မှုဇုန်များ ပတ်လည်ဝိုင်းနေသောမြို့

ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ဇုန်ရှိ ပြီး စက်ရုံပေါင်း ၄၀၀၀ နီးပါးရှိသည်။  ထိုထဲတွင် အထည်ချုပ်လုပ်ငန်း အပါအဝင်  ငါးပုစွန် အအေးခန်းလုပ်ငန်း၊ သစ်အချော ထည်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၊ အရက်ဘီယာနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးတို့ ပါဝင်သည်။ ထိုစက်ရုံများထဲမှ အထည်ချုပ်စက်ရုံပေါင်း ၃၈၉ ရုံရှိပြီး အများစုသည် ကျောက်မီးသွေးလောင်စာကို အသုံးပြုကြ သည်။

“လေထုညစ်ညမ်းမှု ဖြစ်တယ်။ စက်ရုံတွေက မီးခိုးတအားကြီး ထွက်တော့။  အဲဒါတွေကို မထိန်းချုပ်နိုင်ရင်တော့ နောက် ကြာလာတဲ့အခါ ရန်ကုန်က အရမ်းသိသာလာတယ်” ဟု ဦးသော်ဖြိုးရွှေက ဆိုသည်။

ရန်ကုန်မြို့တွင် နေခင်းဘက်အချိန် မွန်းတည့်နေ ၁၂ နာရီ၊ အလင်းရောင်ကောင်းစွာရှိသည့်အချိန်မှာပင် အထပ်မြင့် အဆောက်အအုံ လေးလွှာ၊ ခြောက်လွှာ အမြင့်မှ အရှေ့ကို မျှော်ကြည့်လိုက်လျှင် မြင်ကွင်းများ ရှင်းလင်းခြင်းမရှိဘဲ မြူခိုးများ သိသိသာမြင်ရကြောင်း ၎င်းက ဆိုသည်။

စက်တပ်ယာဉ်များကြောင့် အသက်ရှူကျပ်လာသော မြို့

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုဖြစ်စေသည့် အကြောင်းအရင်းထဲတွင် မော်တော်ယာဉ်များမှ ထွက်ရှိသည့် နိုက်ထရိုဂျင်ဒိုင်ဆောက်ဆိုဒ် (NO2)  ထွက်ရှိမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

သို့ရာတွင် ရန်ကုန်မြို့တွင်  မြို့တော်အင်္ဂါရပ်နှင့်မညီသော စက်စွမ်းအားကျဆင်းပြီး ကြံ့ခိုင်မှု မရှိသည့်  ယာဉ်အိုဟောင်း၊ ဘတ်စ်ကားများ မောင်းနှင့်ခွင့်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ရေးမှု အာဏာပိုင်အဖွဲ့ (YRTA)  ထံမှ သိရသည်။

ယင်းအပြင် လူဦးရေထူထပ်များပြားသည့် ရန်ကုန်မြို့တွင် အဓိကဆက်သွယ်သွားလာရာတွင် ဘတ်စ်ကားများကို အသုံးပြုကြသည်။ ရန်ကုန်မြို့ လူဦးရေသည် ခုနှစ်သန်းနီးပါး ရောက်ရှိနေပြီဖြစ်သည်။

ထိုလူဦးရေ၏ ၂ ဒသမ ၈ သန်း ရာခိုင်နှုန်းသည် နေ့စဉ်သွားလာရာတွင် ဘတ်စ်ကား၊ တက္ကစီ၊ ကိုယ်ပိုင်ကား၊ မီးရထားတို့ဖြင့် သွားလာလျက်ရှိသည်။ ထိုထဲမှ လူဦးရေ ၂ ဒသမ ၃ သန်းရာခိုင်နှုန်း သည် အများပြည်သူသုံး ဘတ်စ်ကားများကို စီးကြသဖြင့် ရန်ကုန်မြို့၏ နေ့စဉ်ခရီး သွားပြည်သူ ၈၅ ရာခိုင်နှုန်းက ဘတ်စ်ကားဖြင့် သွားလာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

“ရန်ကုန်မှာ နေတဲ့ရက်တွေဆိုရင် အသက်ရှူတောင် မ၀ချင်ဘူး။ အောက်ခြေမှာ အိမ်အောက်မှာနေရင် ပိုဆိုးတယ်။ မြောင်းနံ့ရော ရတယ်။ အမြင့်ပိုင်းက ရောက်ရင် သိပ်တော့မသိသာဘူး။ ပြောရရင်  လေထဲမှာက သိပ်ပြီးတော့ မသန့်တော့ဘူးလေ”ဟု မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးတွင် နေထိုင်သူ ဦးသော်ဖြိုးရွှေက ဆိုသည်။

ရန်ကုန်လေထုညစ်ညမ်းမှုအတွက် ပြည်သူတို့ သောကဝေနေပြီ။

“ကျွန်မတို့ ဆရာက (လေထု ညစ်ညမ်းမှုကို) သတိထားမိတယ်။ သူက နယူးဒေလီကနေ ရန်ကုန်ကို လာတယ်။  နယူးဒေလီမှာ လေထုညစ်ညမ်းမှုများလို့။  သူက အဲဒီမှာခံစားရတဲ့အပိုင်း လည်ချောင်းမှာ ယားကျိကျိ ဖြစ်တာ။ အဲဒီလိုမျိုး ရန်ကုန်မှာ ခံစားရလို့ လေထုညစ်ညမ်းနေမလား မသိဘူးဆိုပြီး လေထုညစ်ညမ်းမှုတိုင်းတာ စက်တပ်ထားတယ်။ အဲဒီကနေ သူ့ပတ်ဝန်းကျင်မှာ ညစ်ညမ်းနေတာ တွေ့တယ်” ဟု  Air Quality Yangon အဖွဲ့မှ ကျောင်းသူ မသင်းရတီဆုက ပြောကြားသည်။

“လူတွေကလည်း ဒါကို သတိမထားမိဘူး။ အဲဒီတော့ ကျွန်မတို့က Save the Children ရဲ့ အကူအညီနဲ့ လေထုညစ်ညမ်းမှုအကြောင်း လှုံ့ဆော်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

မြို့ပြရန်ကုန်၏ လေထုညစ်ညမ်းမှု ဖြစ်နေသည့် အကြောင်းကို အများပြည်သူများသိရှိနိုင်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်  Dr.Air Bear  လှုပ်ရှားမှုစတင်သည်။   ရန်ကုန်မြို့အတွင်း ဒီဇင်ဘာတစ်လုံးတွင် အဖြူရောင်ဝက်ဝံကြီး Dr.Air Bear  နေရာအနှံ့ လျှောက်သွားသည်။

တစ်လအတွင်း အဖြူရောင်ဝက်ဝံကြီး Dr.Air Bear သည် တဖြည်းဖြည်းမည်းလာပြီး လေထုညစ်ညမ်းနေသည့်  အခြေအနေကို သရုပ်ပြခဲ့သည်။

တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများတွင်လည်း လေထုညစ်ညမ်းမှုဒဏ်ကို အလူးအလဲခံစားနေရပြီး အစိုးရက လေထုပြန်လည်ကောင်းမွန်စေရန်မူဝါဒများ ချမှတ်ဆောင်ရွက်နေရပြီဖြစ်သည်။

လိမ္မော်ရောင်အဆင့် ဖြစ်နေသည့် ရန်ကုန်မြို့ လေထုအရည် အသွေးကြောင့် မည်သို့ဆိုးကျိုးများ ဖြစ်ပွားနိုင်မည်နည်း။ လိမ္မော်ရောင်အဆင့်အထိ ရောက်အောင် ညစ်ညမ်းလာသော လေထုကို မည်သို့ ကာကွယ်မည်နည်း။

မြို့ကြီး ကျန်းမာပါ၏လော

ရန်ကုန်မြို့တော်၏ လေထုအရည်အသွေးကို တိုင်းတာထားသည့် စိမ်းလန်းအမိဖြေဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် Air Quality Yangon တို့၏ ကိန်းဂဏန်း များအရ ရန်ကုန်လေထုညစ်ညမ်းနေသည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

အလွန်သေးငယ်သော ညစ်ညမ်း အမှုန် (Particulate Matter PM) ကို တိုင်းတာရာတွင် အဝါရောင်အဆင့် (အသင့်အတင့်) နှင့် လိမ္မော်ရောင်အဆင့် (ထိခိုက်လွယ်သောအုပ်စုများ ကျန်းမာရေး ထိခိုက်မှု) တို့ ဖြစ်ပေါ်နေသည်။

အဝါရောင်အဆင့်တွင် လေထုညစ်ညမ်းမှုကို ပုံမှန်ခံနိုင်ရည် မရှိသူများတွင်  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်နိုင်သည်။ လိမ္မော်ရောင်အဆင့်  ထိခိုက်လွယ်သော အုပ်စုတွင် ပါဝင်သည့်  ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုတို့ တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားနိုင်သည်။

“လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တယ်။ ပန်းနာရင်ကျပ်။ လေထုက   ရန်ကုန်က လူဦးရေထူထပ်တဲ့ နေရာဖြစ် တော့ လေထုညစ်ညမ်းမှုက ဖြစ်နိုင်ခြေများတယ်။ ကင်ဆာတွေ ဖြစ်တယ်။ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါကနေ ကြာလာရင် ကင်ဆာဖြစ်နိုင်တယ်။ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း လေပြွန်ရောင်တာတွေ ဖြစ်နိုင်ပါတယ်” ဟု ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စီမံကိန်းမန်နေဂျာ ဒေါက်တာစည်သူအောင်က အသိပေးပြောကြားသည်။

ယင်းကြောင့် လေထုညစ်ညမ်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများအကြောင်း ပြည်သူလူထုကြားနှင့် အွန်လိုင်းစာမျက်နှာပေါ်မှ အသိပညာပေးသည့် လှုပ်ရှားမှုများလည်း လုပ်ဆောင်နေကြောင်း Air Quality Yangon မှ အဖွဲ့ဝင် မသင်းရတီဆုက ပြောကြားသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားချက်အရ ပြင်ပလေနှင့် အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် လေဖြတ်၊  နှလုံးရောဂါ၊ နာတာရှည်အဆုတ်ပွနှင့် အဆုတ်ရောင်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတို့ကြောင့် အရွယ်မတိုင်ခင် သေဆုံးသူ နှစ်စဉ် ၆ ဒသမ ၅ သန်းခန့် ရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဝင်ငွေနည်းပါးသည့် နိုင်ငံနှင့် အလယ်အလတ် ရှိသည့်နိုင်ငံများတွင် လူဦးရေ၏ ၈၀  ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြရာတွင် ထိုနေရာများ၏ လေထုအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် လေထုအရည်အသွေး အခြေခံစည်းမျဉ်းများထက်ပိုနေကြောင်း ပါဝင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန် ထားသည့် လေထုအရည်အသွေးတွင်  အလွန်သေးငယ်သော ညစ်ညမ်းအမှုန်  (Particulate Matter) PM 2.5   အဆင့်ရှိရမည်။ ရန်ကုန်မြို့တွင် တိုင်းတာချက်များအရ PM2.5  နှင့် တစ်ခါတစ်ရံတွင် PM10 အဆင့်ထိရှိပြီး ထိုနှုန်းထက် ကျော်လွန်နေသည်ကိုလည်း တွေ့ရသည်။

ကျန်းမာသည့် လေထုဖြစ်ရန်

ရန်ကုန်မြို့အတွင်း စတင်ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုကို လျှော့ချရန် အစီအစဉ်တစ်ခု ရေးဆွဲသင့်ကြောင်း  ဦးဝင်းမျိုးသူက သုံးသပ်သည်။

ယင်းကြောင့် အမှုန်အမွှား ထွက်ရှိသည့် ကျောက်မီးသွေးလောင်စာသုံးသည့် စက်ရုံများတွင် အမှုန်အမွှားစစ်သည့် ဇကာတပ်ခြင်းနှင့် အခြားလောင်စာပြောင်း လဲသုံးစွဲခြင်းတို့ ပြုလုပ်နိုင်ရန် ကုန်ကျစရိတ်များခြင်းကြောင့် လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် အစိုးရအနေနှင့် ချေးငွေများ စီမံပေးသင့်ကြောင်း ၎င်းက အကြံပြုသည်။

ယင်းအပြင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (NO2) ကို အဓိကထွက်စေသည့် မော်တော်ယာဉ်များကို မူဝါဒချမှတ်ကာ ထိန်းချုပ်ထားသင့်သည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ မော်တော်ယာဉ်တင်သွင်းမှုကို စတင်ခွင့်ပြုခဲ့ပြီး NLD အစိုးရ လက်ထက်တွင် မော်တော်ယာဉ်တင်သွင်း၌ ဘယ်မောင်း၊ မော်ဒယ်လ်မြင့်ကဲ့သို့ သတ်မှတ်ချက်များ ကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် မော်တော် ယာဉ်မူဝါဒတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။  မော်တော်ယာဉ်မူဝါဒများကို တစ်နှစ်တစ်ခါ  ပြောင်းလဲလျက်ရှိသည်။

ထိုသို့ မူဝါဒအပြောင်းအလဲများကို ကြည့်ခြင်းအားဖြင့် မော်ဒယ်လ်မြင့်မော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုခြင်းက လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုများကို ကာကွယ်နိုင်ရန်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွက် ပြည်ပမှ  မော်တော်ယာဉ်တင်သွင်းရာတွင် လူစီးယာဉ်များကို ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များကို  ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း၊ ကုန်တင်ယာဉ် ၂၀၁၆ မှ ၂၀၂၀ ခုနှစ် အတွင်း ဖြစ်ရမည်ဖြစ်ကာ ဘယ်မောင်း အမျိုးအစားဖြစ်ရမည်ဖြစ်သည်။

ယင်းကြောင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေး ပြဿနာများကို လျှော့ချနိုင်ရန် လေထု တိုင်းတာရေးကို ပြည်ပနှင့် အိမ်တွင်း လေထုအရည်အသွေး၊ စောင့်ကြည့်တိုင်းတာခြင်း ပြုလုပ်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ၏ အစီရင်ခံစာအရ သိရသည်။

“လေထုသန့်ရှင်းဖို့ အစိမ်းရောင်နေရာ တော်တော်များများ ချန်လှပ်ဖို့ လိုမယ်။ သစ်ပင်လည်း စိုက်ဖို့လည်းလိုတယ်။ သစ်ပင်တန်းစိုက်ဖို့ အဲဒါဆို သန့်စင်ပြီးသားဖြစ်တယ်” ဟု ဦးဝင်းမျိုးသူက  ပြောကြားသည်။

လေထုကို သန့်စင်ပေးနိုင်သည်မှာ သစ်ပင်များပင် ဖြစ်သည်။ ယင်းကြောင့် သစ်ပင်များ ခုတ်ခြင်းကို ရပ်တန့်ရမည်ဖြစ်ကာ လေထုကို သန့်စင်ပေးနိုင်သည့်  သစ်ပင်များစိုက်ပျိုးရန်လည်း လိုအပ်သည်။

“ရန်ကုန်မှာ သစ်ပင် အဲဒီလောက် မရှိဘူး။ တောအုပ်ကောင်းကောင်း မရှိတော့ဘူး။ တောအုပ်ကြီး တော်တော် မရှိတော့ဘူး။ ဒီရေတောတွေလည်း  ရန်ကုန်အပြင် ကျောက်တန်း အဲဒီဘက်လောက်မှာပဲ ရှိတယ်”ဟု ဦးသော်ဖြိုးရွှေက ဆိုသည်။

ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာသည်  လူဦးရေတိုးပွားလာမှု၊ စီးပွားရေးတိုးတက်လာမှုနှင့် မြို့ပြဖြစ်ထွန်းမှုများကြောင့်  တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်သည်။

ရန်ကုန်တွင် လွန်ခဲ့သည့် ၂၅ နှစ် အတွင်းမှာ စိမ်းလန်းဧရိယာ ၄၀ ရာခိုင်နှုန်းလျော့နည်းလာပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇွန်လတွင် ပြည်သူ့ရေးရာမူဝါဒကောင်းများ ထွက်ပေါ်လာရန် တိုက်တွန်းလှုံ့ဆော်နေသာ Another Development (AD) က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့အတွင်း ပန်းခြံပေါင်း  ၆၃ ရှိပြီး အကျယ်အဝန်းမှာ ၅၂၂ ဧက ဖြစ်သည်။ လူတစ်ဦးချင်းစီအတွက် အသုံးပြုနိုင်သည့် စိမ်းလန်းဧရိယာမှာ ၄ ဒသမ  ၄ စတုရန်းပေရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရှိသည့် နေရာများတွင် လေထုညစ်ညမ်းမှုတိုင်းတာရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

“လေထုညစ်ညမ်းမှုရှိ၊ မရှိ လေထုတိုင်းတယ်ဆိုတာ ပစ္စည်းကိရိယာတွေ တော်တော်လေးကို လိုအပ်တယ်။  ဆရာတို့မှာ အခု ရှိတာနဲ့ တိုင်းတာတယ်”  ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မည်သို့ပင်ဆိုစေ ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု ရှိ မရှိကိုမူ သက်ဆိုင်ရာဌာနများနှင့် လူမှုအဖွဲ့အစည်းများက တိုင်းလျက်ရှိရာ ထွက်ရှိလာသည့် အဖြေများကို စံတစ်ခုသတ်မှတ်ကာ လေထု ညစ်ညမ်းမှု ပိုမိုဆိုးရွားသွားခြင်းမရှိစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။

“ဒီအတိုင်း ထွက် (မီးခိုး) နေရင်တော့ အဆင်မပြေဘူးလေ။ ကြာလာရင်တော့ ဒီအတိုင်းထွက်နေမှာ မီးခိုးက” ဟု ဦးသော်ဖြိုးရွှေက စိုးရိမ်ဖွယ်ဆိုသည်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *