“နှစ်နဲ့ချီပြီး ကြိုးစားခဲ့တဲ့ ကားတစ်ကားက ဘယ်သူမှမကြည့်ဘဲနဲ့ ရုံပေါ်ကနေ ပြန်ဆင်းသွားတယ်ဆိုတဲ့ ခံစားမှုကို ကျွန်တော် ထပ်မလိုချင်တော့လို့ပါ။ မလိုချင်တော့လို့ အဲဒီအချိန်မှာတော့ တော်တော်ကြီး စိတ်ဓာတ်ကျသွားတယ်”

Photo - Aung Chan Lu FB

မကြာခင် ရိုက်ကူးတော့မယ့် ကျားဖောင်အကြောင်း ဇာတ်ကားအတွက် ပြင်ဆင်မှုတွေ၊ သရုပ်ဆောင်ရွေးချယ်မှုအပိုင်းတွေနဲ့   ၃-က ရုံတင်ပြသချိန်တုန်းက ပရိသတ်အားပေးမှုအပေါ် ခံစားချက်တွေအကြောင်း ဒါရိုက်တာအောင်ချမ်းလူကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice :       ၃-ကဇာတ်ကား လေးပတ် ရုံတင်ပြသခဲ့ရတဲ့အပေါ် ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

ACL   :       တော်တော်လေး ပျော်ပါတယ်။ ပထမပိုင်းမှာ လူဝင်မှုအနေအထား မရှိဘူး။ ပျော်တယ်ဆိုတာက စိတ်ဓာတ်ကျတဲ့အချိန်မှာ ပျော်ရတဲ့ အပျော်က ပိုပျော်ဖို့ကောင်းတယ်။ ရုံမဝင်ဘူးဆိုတဲ့ အနေအထားကနေ ပရိသတ်တွေရဲ့ ဝန်းရံမှုကြောင့် လေးပတ်မြောက်သွားတဲ့အတွက် အဲဒီအပျော်က ဘာနဲ့မှ မလဲနိုင်ပါဘူး။

Voice :       ကိုယ်တိုင်က ရုံမတင်ခင် တစ်ပတ်မှာ ကိုယ့်ဇာတ်ကား ရုံဆင်းပေးရမယ်လို့ မျှော်လင့်ခဲ့လား။

ACL   :        အဲဒီလောက်အထိ မမျှော်လင့်ခဲ့ဘူး။ ရုပ်ရှင်တစ်ကားက ပုံမှန်သွားနေသလောက်တော့ သွားမယ်လို့ထင်ခဲ့တာ။ ပထမစစချင်းမှာ အဲဒီလောက်နည်းမယ်လို့ မမျှော်လင့်ဘူး။ ပြီးတော့ အဲဒီလောက် ပြန်ပြီးတော့ များသွားမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ပိုပြီးတော့ အားရှိလာတယ်။ သေချာလေး လုပ်ထားတဲ့ဟာကို သိသွားကြတယ်။ ပထမတော့ ရုံမှာ လူဘယ်သူမှ မကြည့်ဘဲနဲ့ ဆင်းသွားရမယ့် အနေအထားကနေ အားလုံးကလည်း သိသွားတယ်ဆိုတော့ ကိုယ်ဖန်တီးထားတဲ့ ဟာလေးက အရာတစ်ခု ရောက်သွားတယ်။ ပရိသတ်ကလည်း ဒါကို လက်ခံသွားတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ နောက်ကားတွေမှာလည်း အခုထက်ကောင်းအောင် လုပ်သွားဖို့ အားဖြစ်စေပါတယ်။

Voice :       လူမှုကွန်ရက်ပေါ်မှာ ဇာတ်ကား ထပ် မရိုက်ချင်လောက်အောင် ဖြစ်တယ်လို့ ရေးခဲ့တာ ဘယ်လိုကြောင့်လဲ။

ACL   :        ကျွန်တော် ဆက်မရိုက်ချင်လောက်အောင် ဖြစ်တာပါ။ ပထမက စိန်ဌေးနဲ့ နောက်တစ်ကားရိုက်ဖို့ စီစဉ်ထားတာ ရှိပါတယ်။ အခုလည်း ရပ်ထားပါတယ်။ ရပ်ထားတယ်ဆိုတာက ထုတ်လုပ်သူဆိုတာလည်း ပထမကားရဲ့ ရလဒ်ကို ကြည့်ကောင်းကြည့်နိုင်တယ်။ ကျွန်တော် နောက် အဲဒါကြီးကို မခံနိုင်ဘူး။ မခံနိုင်ဘူးဆိုတာ ကိုယ်လည်း ဝါနုသေးတာပါတယ်။ နှစ်နဲ့ချီပြီး ကြိုးစားခဲ့တဲ့ ကားတစ်ကားက ဘယ်သူမှမကြည့်ဘဲနဲ့ ရုံပေါ်ကနေ ပြန်ဆင်းသွားတယ်ဆိုတဲ့ ခံစားမှုကို ကျွန်တော် ထပ်မလိုချင်တော့လို့ပါ။ မလိုချင်တော့လို့ အဲဒီအချိန်မှာတော့ တော်တော်ကြီး စိတ်ဓာတ်ကျသွားတယ်။ ရိုက်ဖို့ တော်တော်လေး စဉ်းစားရမယ်။ ရိုက်လည်း မရိုက်ချင်တဲ့ အခြေအနေလေး ဖြစ်သွားခဲ့ပါတယ်။

Voice :       ကျားဖောင်အကြောင်း ရိုက်ကူးမယ်ဆိုတော့ ဘယ်အခြေအနေလောက်ရှိပြီလဲ။

ACL   :       ကျားဖောင်က ကျွန်တော်လည်း စိတ်ဝင်စားတယ်။ နောက်တစ်ခုက ကျားဖောင်ကို ကိုညိုက Produce လုပ်မယ်။ ကျွန်တော့်ကို ဒါရိုက်တာ ထားမယ်ဆိုတုန်းက ပထမတော့ ပျော်တယ်။ကိုယ့်ကို အားပေးတယ်။ လက်တွဲခေါ်တယ်။နောက်တစ်ခုက ဘာစဉ်းစားလဲဆိုတော့ သူက ဒါရိုက်တာ ကိုယ့်ထက်လည်း ဝါ အများကြီးရင့်တယ်။ သူ့ရဲ့ အရိပ် အာဝါသဖုံးမှာတော့ နည်းနည်းကြောက်တယ်။ ဒါပေမဲ့ သူက ကြိုက်တာလုပ်လို့  ပြောပါတယ်။ သူ ဘာမှ ဝင်ပါမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ကျားဖောင်က သတင်းတွေ ကြည့်ပြီး ရိုက်လို့ရတဲ့ဟာမဟုတ်ဘူး။ ကိုယ်တိုင်လည်း အဲဒီနေရာကို သွားကြည့်တယ်။ တစ်ခေါက်တော့ လေ့လာပြီးပြီ။ နောက်တစ်ခေါက်လောက် ထပ်လေ့လာဖို့လိုတယ်။ ပြီးတော့ သူတိုရဲ့အကြောင်းတွေ အဲဒီထက် ပိုသိဖို့လိုပါတယ်။ အခု ဇာတ်လမ်း စရေးနေပါပြီ။

Voice :       ကျားဖောင် ဇာတ်ကားအတွက် သရုပ်ဆောင်တွေ ဘယ်လိုမျိုး ရွေးချယ် သွားမလဲ။

ACL   :        အဓိကက ဇာတ်နဲ့ လိုက်ဖို့ပါ။ ကျားဖောင်မှာလည်း တော်တော်များများ ပြောထားပါတယ်။ သူတို့လည်း ဝိုင်းဝန်းရံမယ်ဆိုပြီး ပြောထားတာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျားဖောင်ကို ကျွန်တော် လက်တွေ့ရောက်သွားတဲ့ အချိန်မှာ ရိုက်ဖို့ ဆိုရင် တော်တော်လေးခက်ခဲတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း တော်တော်လေး ခက်ခဲတယ်။ကိုညိုကို ပြောထားပါတယ်။ Casting ခေါ်ချင်တယ်။ အဲဒီမှာ အသစ်၊ အဟောင်းဆိုတာထက် ဇာတ်နဲ့ လိုက်မယ့် သူ၊ ရုပ်ရှင်ကို တကယ်စီးမျောမယ့် သူမျိုးကိုပါ စေချင်တယ်။ အဲဒီအတွက် ခေါင်းစဉ်တစ်ခု ကျွန်တော် တပ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျားဖောင်ကို ရိုက်ဖို့က လွယ်လွယ်လေး ရိုက်လို့မရဘူး။ သရုပ်ဆောင်ခြင်းကို ကိုယ့်အသက်ထက် ပဓာနထားတဲ့သူသာလျှင် လျှောက်ထားပါရန် ခေါင်းစဉ်တပ်ခေါ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အချိန်ပေးနိုင်မှု၊ မပေးနိုင်မှုနောက်တစ်ခုက ဟိုမှာ ဟိုတယ်တွေလည်း မရှိဘူး။ ပင်လယ်ထဲမှာ သွားရိုက်ရမှာ ဖြစ်တယ်။ ဒီလောက်ပြောထားမှ တော်ရုံလောက်ကျမယ်။ ဒီကားက သရုပ်ဆောင်ခြင်းကို နံပါတ်(၁)မှာ ထားမှသာ အဆင်ပြေမယ်။ ကျွန်တော်လည်း ကျားဖောင် ရိုက်ဖို့ သွားကြည့်ပြီးတဲ့အချိန်ထဲက ကိုယ့်ကိုယ်ကိုယ် မေးနေတယ်။ ဒါရိုက်တာ အလုပ်ကို ကိုယ့်အသက်ထက် ပိုပြီးတော့ ပဓာနထားလို့ ဒီကားကို ရိုက်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

Voice :       သရုပ်ဆောင်အသစ်တွေနဲ့ပဲ ထပ်ရိုက်ကူးရင်ပရိသတ်စိတ်ဝင်စားမှု နည်းသွားမလားဆိုပြီး စိုးရိမ်တာတွေ ဖြစ်လား။

ACL   :        ရုပ်ရှင်တစ်ကား သွားကြည့်မယ်ဆိုရင် ဘယ်မင်းသားရဲ့ကား၊ သူတို့ကြိုက်တဲ့ မင်းသားရဲ့ ကား အဲဒီလိုမျိုးတွေ သွားကြည့်ကြတာ များတယ်။ ကြည့်တဲ့သူက သူတို့ရဲ့အချိန်၊ ငွေကြေးနဲ့ ကြည့်တာ ဆိုတော့ သူတို့ မှန်တယ်။ အဲဒီလိုမျိုးတွေ ကြားနေရတော့ ကျွန်တော်ရိုက်တဲ့ အချိန်မှာ ပြန်စဉ်းစားတာတော့ ဒါရိုက်တာအခန်းကဏ္ဍ၊ ဇာတ်ကားတစ်ခုလုံးရဲ့အခန်းကဏ္ဍက ဘယ်မှာလဲ။ ပရိသတ်က မင်းသား၊ မင်းသမီးပဲ လာကြည့်တာလားဆိုပြီး မေးခွန်းထုတ်တယ်။ ၃-က ကလည်း အဲဒီလိုခံယူချက်နဲ့ လုပ်ခဲ့တာပါ။ ပထမတော့ လူမဝင်ဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ၃-က ရုပ်ရှင်ကြည့်တဲ့ သူတွေ များလာတယ်။ အဲဒီတော့ ကျွန်တော့်ဦးတည်ချက် မှန်တယ်လို့ ပြောရမှာပေါ့။

Voice :       တခြားထုတ်လုပ်ရေးတွေက ကမ်းလှမ်းထားတာတွေ ရှိလား။

ACL   :       တော်တော်များများရှိတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ ကိုယ်နဲ့ သဘာဝ သိပ်မတူသူတွေ များတယ်။ သူတို့က ခေါင်းစဉ်နဲ့လာကြတဲ့ သူတွေ များတယ်။ မင်းသား၊ မင်းသမီး ဘယ်သူနဲ့ ဆိုတာတွေ များတယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *