၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု သင်ခန်းစာ (၁၄)

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

လောကီသက်သက်ဝါဒ (Secularism) (အပိုင်း – ၂)

လောကီသက်သက်ဝါဒက သတ်မှတ်ထားသော အကောင်းဆုံးစံအခြေအနေ

ဖန်ဆင်းရှင်ဘုရား တစ်ပါးပါးက အပြီးအပြတ် အမိန့်ထုတ်ကန့်သတ်ထားသည့် ပညတ်ချက်များလိုမဟုတ်သည့်အတွက် လောကီသက်သက် ကိုယ်ကျင့်တရားဝါဒ (secular ethics) အနေနှင့် ရံဖန်ရံခါ ဖြေရှင်းရ ခက်သည့် ဝိရောဓိများ ကြုံရသည်ဆိုတာတော့ ဟုတ်ပါသည်။ လုပ်ရပ်တစ်ခုက တစ်ဦးဦးကို ထိခိုက်စေသော်လည်း အခြားသူတစ်ဦးဦးကိုကူညီရာရောက်သည့် လုပ်ရပ်မျိုးဆိုပါက လောကီသက်သက်ဝါဒအနေနှင့် ဘယ်လို ဆုံးဖြတ်သင့်ပါသနည်း။ ဆင်းရဲသားများအကျိုးအတွက် သူဌေးများကို  အခွန်တိုးကောက်သည်ဆိုပါက ကိုယ်ကျင့်သီလနှင့် လျော်ညီပါသည်လော။  ရက်စက်ကြမ်းကြုတ်သည့်အာဏာရှင်ကို ဖယ်ရှားရန် သွေးထွက်သံယိုစစ်ပွဲများ ဆင်နွှဲသင့်ပါသည်လော။ မိမိနိုင်ငံအတွင်းသို့ ဒုက္ခသည်များ  အကန့်အသတ်မဲ့ ဝင်ရောက်ခွင့်ပြုသင့်ပါသလော။ လောကီသက်သက်ဝါဒီများက ယင်းကဲ့သို့ ဝိရောဓိများကြုံလာပါက ‘ဖန်ဆင်းရှင်ဘုရားက ဘယ်လိုလုပ်သင့်တယ်လို့ ပညတ်ထားသလဲ’ လို့ စဉ်းစားမည်မဟုတ်ပါ။  သူတို့က ပါဝင်ပတ်သက်နေသည့် ပုဂ္ဂိုလ်အားလုံး၏ ခံစားချက်များကို  ထည့်သွင်းစဉ်းစားပြီး ဖြစ်နိုင်ခြေများ၊ လက်ရှိအခြေအနေအရပ်ရပ်ကို ကြည့်ရှုသုံးသပ်ချိန်ဆကာ ထိခိုက်မှုနည်းနိုင်သမျှ နည်းသည့် အလယ်အလတ်လမ်းစဉ်ကို ရှာဖွေမည်ဖြစ်ပါသည်။ 

ဥပမာအားဖြင့် လိင်စိတ် (Sexuality) အပေါ် လောကီသက်သက်ဝါဒ၏ သဘောထားအမြင်ကို ကြည့်ပါစို့။ လောကီသက်သက်ဝါဒီများအနေဖြင့် မုဒိမ်းမှု၊ လိင်တူနှစ်သက်မှု၊ လူနှင့် တိရစ္ဆာန်ကာမဆက်ဆံမှု  (Bestiality)၊ သွေးရင်းစပ်ယှက်မှု (Incest) ကို လက်ခံသင့်လား၊  ဆန့်ကျင့်သင့်လား ဘယ်လိုဆုံးဖြတ်ပါသနည်း။ ၎င်းတို့အနေနှင့် ပါဝင်သူများ ဘယ်လိုခံစားရသလဲဆိုသည့်အချက်ပေါ် မူတည်ပြီး ဆုံးဖြတ်ပါ သည်။ မုဒိမ်းမှုမှာ အရှင်းပင် ကိုယ်ကျင့်သီလနှင့် မလျော်ညီသည့်လုပ်ရပ် ဖြစ်ပါသည်။ အကြောင်းမှာ ဖန်ဆင်းရှင်ဘုရားက တားမြစ်ထားခြင်းကြောင့်မဟုတ်ဘဲ လူများကို ထိခိုက်နာကျင်စေသော လုပ်ရပ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ယင်းနှင့်မတူဘဲ အမျိုးသားနှစ်ဦး ချစ်ခင်စုံမက်ကြသည့်ကိစ္စမှာ ဘယ်သူ့ကိုမှ ထိခိုက်သည်မဟုတ်သောကြောင့် ဆန့်ကျင်စရာအကြောင်းမရှိဟု ယူဆမည် ဖြစ်ပါသည်။ 

ယင်းသို့ဆိုလျှင် တိရစ္ဆာန်နှင့် ကာမစပ်ယှက်သည့် ကိစ္စဆိုလျှင်ရော။ လိင်တူလက်ထပ်မှုကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော့်အနေနှင့် အများနှင့်ရော၊ သီးသန့်ရော ကျင်းပဆောင်ရွက်သည့် ဆွေးနွေးမှုများတွင် ပါဝင်ဖူးပါသည်။ မကြာခဏဆိုသလို ထိုကိစ္စကို ဆွေးနွေးရတိုင်း ဉာဏ်ကြီးရှင် တစ်ယောက်ယောက်က “ယောက်ျားနှစ်ယောက်လက်ထပ်တဲ့ကိစ္စကို  သဘောတူကြကြေးဆိုရင် လူနဲ့ ဆိတ်နဲ့ ယူတာကိုရော သဘောတူရမှာပေါ့”  ဆိုပြီး ငြင်းတာမျိုး ကြုံရပါသည်။ လောကီသက်သက်ဝါဒရှုထောင့်ကနေကြည့်ပါက အဖြေမှာထင်ရှားပါသည်။ ကျန်းမာသည့် နှီးနှောဆက်ဆံမှု (Healthy Relationship) တစ်ခုဖြစ်ဖို့ရာမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ အသိဉာဏ်ပညာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ (Spiritual) အထိပင် နက်ရှိုင်းစွာရှိနေဖို့ လိုအပ်ပါသည်။ ယင်းကဲ့သို့ နက်ရှိုင်းမှုမရှိသည့်အိမ်ထောင်တစ်ခုမှာ လူကို စိတ်ပျက်၊ စိတ်ညစ်ပြီး အထီးကျန် ဖြစ်စေရုံ သာမက စိတ်ပိုင်းဆိုင်ရာအရလည်း သေးနုပ်သိမ်ဖျင်းစေပါသည်။ အမျိုးသားနှစ်ဦး ချစ်ကြိုက်သည့်ကိစ္စမှာ တစ်ဦး၏ ခံစားချက်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပညာပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို တစ်ဦးက ဖြည့်ဆည်းပေးနိုင်သော်လည်း ဆိတ်တစ်ကောင်နှင့်မူ ယင်းကဲ့ သို့ ဖြည့်ဆည်းချက်မျိုး မရရှိနိုင်ပါ။ သို့ဖြစ်ရာ စာဖတ်သူအနေနှင့်  လက်ထပ်ထိမ်းမြားခြင်းကိစ္စမှာ လူသားနှစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ၊  ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းကို တိုးမြှင့်ပေးနိုင်သည့် အင်စတီကျူးရှင်းတစ်ခုဟု လောကီသက်သက်ဝါဒီများ ရှုမြင်သလို ရှုမြင်ပါက ထိုကဲ့သို့ ရူးကြောင်ကြောင်မေးခွန်းမျိုးကို မေးမည်မဟုတ်ပါ။ လက်ထပ်ထိမ်းမြားခြင်းကိစ္စကို လျှို့ဝှက်ဆန်းကြယ် ပသကိုးကွယ်၊ ပူဇော်ဝတ်တွားစရာ (Ritual) တစ်မျိုးအနေနှင့် ရှုမြင်သည့်ပုဂ္ဂိုလ်များသာ မေးမည့်မေးခွန်း ဖြစ်ပါသည်။
 
ယင်းသို့ဆိုလျှင် အဖေနှင့် သမီးအကြားကိစ္စဆိုလျှင်ရော ဘယ်လိုရှုမြင်သင့်ပါသနည်း။ နှစ်ဦးစလုံးမှာ လူသားများဖြစ်သည့်အတွက် ဘာသဘောမတူစရာရှိလဲဆိုပြီး မေးစရာရှိပါသည်။ အဖြေက ရှင်းပါသည်။  ယင်းကဲ့သို့ဆက်ဆံမှုမျိုးမှာ ကလေးအပေါ်ကို ဆိုးရွားပြီး အများအားဖြင့် ပြန်ပြင်လို့မရသည့် သေရာပါထိခိုက်မှုမျိုး ဥပါဒ်ဖြစ်စေကြောင်း စိတ်ပညာဆိုင်ရာ လေ့လာချက်များစွာက  ဖော်ထုတ်တွေ့ရှိထားပြီးပါသည်။ ထို့အပြင် ယင်းကဲ့သို့ ဆက်ဆံရေးမှာ မိဘတွင်ရှိနေသည့် ဖျက်ဆီးချင်သောစိတ်ကို ထင်ဟပ်နေပြီး ယင်းစိတ်ရိုင်းကို ပိုမိုဆိုးရွားလာစေကြောင်း တွေ့ရှိရပါသည်။ ဆင့်ကဲဖြစ်စဉ်က လူသားဆေးပီးယန်းမျိုးနွယ်စု၏ စိတ်ပိုင်းဆိုင်ရာကို ပုံဖော်ထားပုံမှာ အချစ်သံယောဇဉ်ကို မိဘသံယောဇဉ်နှင့် ကွဲပြားစေပြီး၊ ယင်းနှစ်ခု အတူတူတွဲပြီးမနေနိုင်အောင် ပုံဖော်ထားပါသည်။ သို့ဖြစ်ရာ သွေးရင်းစပ်ယှက်မှုကို ဆန့်ကျင်ရန်မှာ ဖန်ဆင်းဘုရားနှင့် သမ္မာကျမ်းမလိုပါ။ သက်ဆိုင်ရာ စိတ်ပညာလေ့လာချက်များကို ဖတ်ရှုကြည့်ရန်သာ လိုပါသည်။
 
ဤအချက်မှာ လောကီသက်သက်ဝါဒီများ သိပ္ပံနည်းကျအမှန်တရားကို အမြတ်တနိုးတန်ဖိုးထားရသည့် လေးနက်ထင်ရှားသည့် အကြောင်းရင်းဖြစ်ပါသည်။ သိပ္ပံနည်းကျအမှန်တရားက သူတို့၏ စူးစမ်းလေ့လာလိုစိတ်ကို ဖြည့်ဆည်းပေးရုံသာမကပါ။ ကမ္ဘာရှိ ဒုက္ခဆင်းရဲကိုလည်း လျော့နည်းစေနိုင်ပါသည်။ သိပ္ပံနည်းကျလေ့လာမှုများ၏ အထိန်းအကွပ်သာမရှိပါက ကျွန်တော်တို့၏ မေတ္တာကရုဏာနှင့် ကိုယ်ချင်းစာစိတ်မှာ မျက်ကန်းလမ်းလျှောက်သလို ဖြစ်နေမည် ဖြစ်ပါသည်။ ဉာဏ်မပါဘဲ ဖြစ်နေပါမည်။ 

သစ္စာနှင့် မေတ္တာကရုဏာနှစ်ခုလုံးကို တန်ဖိုးထားခြင်းက တန်းတူညီမျှမှုကိုလည်း တန်ဖိုးထားစေပါသည်။ စီးပွားရေးတန်းတူညီမျှမှုနှင့် နိုင်ငံရေးတန်းတူညီမျှမှုနှင့် စပ်လျဉ်းလျှင် သဘောထားအမြင်အမျိုးမျိုးရှိသော်လည်း လောကီသက်သက်ဝါဒီများက ရှိရင်းစွဲ အထက်အောက်ဆက်ဆံရေးများအားလုံးကို အခြေခံသံသယနှင့် ရှုမြင်ပါသည်။ ဘယ်သူ ဒုက္ခဆင်းရဲခံစားရသည်ဖြစ်စေ၊ ဒုက္ခဆင်းရဲက ဒုက္ခဆင်းရဲသာဖြစ်ပါ သည်။ အသိဉာဏ်ပညာမှာလည်း မည်သူရှာဖွေတွေ့ရှိသည်ဖြစ်စေ၊ အသိဉာဏ်ပညာက အသိဉာဏ်ပညာသာ ဖြစ်ပါသည်။ တစ်ဦးတစ်ဖွဲ့၏ ခံစားချက်ကို အလေးပေးခြင်း၊ နိုင်ငံတစ်ခုခု လူမျိုးတစ်ခုခု၏ ရှာဖွေ တွေ့ရှိမှုများကို အလေးပေးခြင်း၊ လူတန်းစားတစ်ရပ်၊ ဂျန်ဒါတစ်ရပ်ကို အလေးပေးခြင်းက ကျွန်ုပ်တို့ကို ကြမ်းကြုတ်ပြီး မသိသားဆိုးရွားသူများ ဖြစ်စေပါသည်။ လောကီသက်သက်ဝါဒီများက သူတို့၏နိုင်ငံ၊ သူတို့၏လူမျိုးနှင့် ယဉ်ကျေးမှု၏ တစ်မူထူးခြားမှုကို သေချာပေါက်ဂုဏ်ယူသည်မှန်သော်လည်း ‘တစ်မူထူးခြားမှု’ နှင့် ‘သူများထက် သာလွန်မှု’ ကို ရောထွေးခြင်း မရှိပါ။ (တစ်မူထူးခြားမှုရှိခြင်းကြောင့် သူများထက် အလိုလိုသာသည်ဟု မယူဆဟူလို။) သို့ဖြစ်ရာ လောကီသက်သက်ဝါဒီများက သူတို့၏ နိုင်ငံနှင့် လူမျိုးအတွက် အထူးတာဝန်ရှိမှုကို အသိအမှတ်ပြုသော်လည်း တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်ရှိသည့် တာဝန်ကိုလည်း အသိအမှတ်ပြုထားပါသည်။ 

ကျွန်ုပ်တို့အနေနှင့် သစ္စာတရားနှင့် ဒုက္ခဆင်းရဲမှ လွတ်ကင်းရာကို  ရှာဖွေဖို့အတွက် လွတ်လပ်စွာတွေးခေါ်နိုင်မှု၊ စမ်းစစ်နိုင်မှု၊ စမ်းသပ်နိုင်မှုများ လိုအပ်ပါသည်။ လောကီသက်သက်ဝါဒီများက လွတ်လပ်မှုကို တန်ဖိုးထားပါသည်။ ကျမ်းစာတစ်ခု၊ အင်စတီးကျူးရှင်းတစ်ခု၊ ခေါင်းဆောင် တစ်ဦးဦးထံတွင် အထွတ်အထိပ် အခွင့်အာဏာအားလုံးကို အပ်နှင်းပြီး  ဘယ်ဟာကတော့ အမှန်ဖြစ်သည်၊ ဘယ်ဟာကတော့ ဟုတ်သည်ဆိုသည် ကို ဆုံးဖြတ်ခိုင်းတာမျိုးကို ရှောင်ရှားလေ့ရှိပါသည်။ လူသားအဖို့  ဘာကိုမဆို သံသယရှိဖို့၊ မယုံဖို့ လွတ်လပ်ခွင့်၊ ပြန်လည်သုံးသပ်ဆင်ခြင်ပိုင်ခွင့်၊ နောက်ထပ်အထင်အမြင်ကို ကြားပိုင်ခွင့်၊ တစ်မျိုး စမ်းသပ် ကြည့်ပိုင်ခွင့်တွေကို ဘယ်တော့မှ လက်လွှတ်ဆုံးရှုံးခံဖို့ မသင့်ပါ။ စကြ၀ဠာ၏အလယ်ဗဟိုတည့်တည့်တွင် ကမ္ဘာကြီးက မလှုပ်မယှက်ရှိနေသည်ဆိုသည့်အယူအဆကို မေးခွန်းထုတ်ရဲသည့် ဂါလီလီယိုဂါလီလီကို လောကီသက်သက်ဝါဒီများက လေးစားကြပါသည်။ သူတို့က ၁၇၈၉ တွင် ဘတ်စတီးထောင်ကြီးကို ဝင်စီးပြီး အာဏာရှင် လွီဘုရင် ၁၆ ကို ဖြုတ်ချရဲသည့်  သာမန်ပြည်သူလူထုကြီးကို လေးစားကြပါသည်။ ဘတ်စ်ကားပေါ်တွင် လူဖြူတွေသာ ထိုင်ခွင့်ရှိသည်ဆိုပြီး သတ်မှတ်ထားသည့်နေရာမှ ထမပေးဘဲ နေရဲသည့် သတ္တိရှိသည့် ရိုဆာပတ်ခ်စ်ကို လေးစားကြပါသည်။ 

ခွဲခြားဆက်ဆံမှုများနှင့် ဖိနှိပ်သော အစိုးရများကို တိုက်ဖျက်ရန်အတွက် သတ္တိရှိဖို့ အထူးလိုအပ်ပါသည်။ သို့သော် မသိခြင်းကို မသိကြောင်းဝန်ခံပြီး မသိသေးသည့်အရာကို စူးစမ်းရှာဖွေရန်မှာမူ ပိုပြီးသတ္တိရှိဖို့ လိုအပ်ပါသည်။ လောကီသက်သက် ပညာရေးအယူအဆက အကြောင်းအရာတစ်ခုခုကို မသိသေးပါကမသိကြောင်းဝန်ခံရန် မကြောက်ဖို့နှင့်  သက်သေအထောက်အထားအသစ်များ ရှာဖွေဖို့ကို သင်ကြားပါသည်။ ကျွန်ုပ်တို့အနေနှင့် သိပြီးဖြစ်သည်ဟု ယူဆလျှင်တောင်မှ ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်ကို သံသယထားပြီး ပြန်လည်စစ်ဆေးဖို့ကို သင်ကြားပါသည်။ လူအများစုက မသိသေးသည့်အရာများကို ကြောက်ရွံ့လေ့ရှိကြပြီး မေးခွန်းအားလုံးအတွက် တိကျရှင်းလင်းသည့် အဖြေများကို လိုလားတတ်ကြပါသည်။ မသိသေးသည့်အရာကို ကြောက်ရွံ့မှုက အာဏာရှင်ထက်ပိုဆိုးပြီး ကျွန်ုပ်တို့ကို ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်စေပါသည်။ သမိုင်းတစ်လျှောက် လူအများမှာ အကြွင်းမဲ့ဆိုပြီး ပေးထားသည့်အဖြေများအပေါ်  ယုံကြည်မှုမရှိပါက လူ့အဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားလိမ့်မည်ဟု စိုးကြောက်လေ့ရှိကြပါသည်။ လက်တွေ့မှာမူ မသိသေးသည့်အရာကို မသိကြောင်းဝန်ခံပြီး ခက်ခဲသည့်မေးခွန်းများ သတ္တိရှိရှိမေးရဲသည့်လူများရှိသော လူ့အဖွဲ့အစည်းများက အဖြေတစ်ခုတည်းကို အမေးအမြန်းမရှိ လူတိုင်းလက်ခံရသည့် လူအဖွဲ့အစည်းများထက် ပိုပြီး ချမ်းသာကြွယ်ဝရုံသာမက ပိုပြီး ငြိမ်းချမ်းသည်ဆိုတာကို ခေတ်သစ်လူ့သမိုင်းက အထင်အရှား ဖော်ထုတ်ပြပြီး ဖြစ်ပါသည်။ သူတို့ အမှန်တရားဟု လက်ခံထားသည့်အရာ ပျောက်ဆုံးသွားမည်ကို စိုးရွံ့သူများက ကမ္ဘာကြီးကို ရှုထောင့်အမျိုးမျိုးမှ ကြည့်နိုင်သူများထက် ပိုပြီးအကြမ်းဖက်လုပ်ရပ်များ လုပ်လေ့ရှိပါသည်။ မေးခွန်းထုတ်လို့ မရသည့် အဖြေများထက် အဖြေမရှိသေးသည့်မေးခွန်းများက စာဖတ်သူအတွက် ပိုပြီးကောင်းပါသည်။  

 

သီဟဝင့်အောင်
(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *