ကလေးအသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း အရေးပေါ်ပြုစုနည်း

တစ်ခါတလေ ကလေးရဲ့ အသက်ရှူမှု ရုတ်တရက် ရပ်သွားတတ်တယ် သို့မဟုတ် ချွတ်ယွင်းသွားတတ်တယ်။ ဒီလိုဖြစ်သွားရင် အဆုတ်အတွင်း အောက်ဆီဂျင် လိုအပ်သလောက် မရောက်သလို အဆုတ်မှထုတ်ပယ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကလည်း လိုအပ်သလောက် မထွက်နိုင်ပါဘူး။ ဝင်သင့်တဲ့ဘက်က အလုံအလောက်မဝင်၊ ထွက်သင့်တဲ့ဘက်က အလုံအလောက်မထွက်ရင် သွေးကြောများအတွင်း ဓာတ်ငွေ့များတည်နေမှု၊ ဓာတ်သဘာဝတည်နေမှုမှာ ပျက်စီးသွား တတ်တယ်။ ပျက်စီးသွားရင် ဦးနှောက်၊ နှလုံးစတဲ့ အရေးကြီးအင်္ဂါများ ထိခိုက်ဒဏ်ရာ ရကုန်တယ်။ အသက်ရှူပိတ်ခြင်း (Asphyxia) လို့ ခေါ်တယ်။

ကလေးတစ်ယောက်မှာ အသက်ရှူပိတ်ပါက ပိတ်စေတဲ့အကြောင်းအရာကို မဖယ်ရှားနိုင်သမျှ၊ အောက်ဆီဂျင် တပ်မပေးသမျှ ကလေးမှာ ဦးနှောက်ထိခိုက်ပြီး သတိမေ့နေမယ်။ နှလုံးကို ထိခိုက်ပြီး နှလုံးခုန်ရပ်သွားမယ်။ နှလုံးခုန်ရပ်သွားရင် သေဆုံးသွားနိုင်တယ်။ အသက်ရှူရပ်ခြင်း လေးမိနစ်၊ နှလုံးခုန်ရပ်ခြင်း နှစ်မိနစ်ဟာ မုချသေဆုံးနိုင်ပါတယ်။

ကလေးတစ်ယောက် အသက်ရှူရပ်၊ အသက်ရှူပိတ်ရင် သူ့ကိုပြန်ရှင်အောင် ပြုလုပ်ဖို့အတွက် စက္ကန့်တိုင်း၊ မိနစ်တိုင်း အရေးကြီးပါတယ်။ ဆရာဝန်ခေါ်ဖို့၊ ဆေးရုံပို့ဖို့ အချိန်ရမည်မဟုတ်ပါ။ ရသမျှအချိန်မှာ အနီးဆုံးလူတွေက အသက်ပြန်ရှင်လာအောင်၊ နှလုံးပြန်ခုန်လာအောင် လုပ်ပေးဖို့ လိုပါတယ်။ ကလေးနဲ့ အနီးဆုံးဟာ မိဘတွေဖြစ်လို့ ကိုယ့်ကလေးအသက်ရှူရပ်ရင် ပြန်ရှူတတ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရင်သွေး အသက်ရှူရပ်မှန်းသိရင် အသက်ပြန်ရှူအောင်မလုပ်တတ်သလောက် ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ ကိစ္စရှိမှာမဟုတ်ဘူး။ သေစေတဲ့အကြောင်းသိပါရက်နဲ့ အဆိုပါနည်းကို မတတ်ကျွမ်းလို့ ကိုယ့်ကလေး ရေတိမ်နစ်နေတာကို လက်ပိုက်ကြည့်နေရမယ်ဆိုရင် ကလေးမိဘတွေ ရင်နာဖို့ကောင်းမှာ ဖြစ်တယ်။

မိဘတိုင်း အရေးပေါ် သူနာပြုနည်း သိထားသင့်တယ်။ အသက်ရှူရပ်တာကြာရင် နှလုံးခုန်ရပ်သွားနိုင်တယ်။ နှလုံးခုန်ရပ်ရင် ဦးနှောက်အပါအဝင် အရေးကြီးတဲ့ ဘယ်အင်္ဂါမဆို သွေးမရောက်၊ အောက်ဆီဂျင်မရောက်တော့ပါဘူး။ အောက်ဆီဂျင်မရောက်ရင် အင်္ဂါများ အလုပ် မလုပ်နိုင်၊ အသက်မရှင်နိုင်တော့ပါ။ နှလုံးခုန်ရပ်ခြင်းဟာ အသက်ရှူရပ်ခြင်းထက် ပိုပြီးအရေးကြီးတယ်။ ချက်ချင်း ပြန်ခုန်အောင်လုပ်နိုင်မှ အသက်ကယ်နိုင်တယ်။

နှလုံးခုန်ရပ်ရင် ပန်းရောင်၊ အနီရောင်ရှိတဲ့ နှုတ်ခမ်း၊ မျက်ခုံး၊ လက်ဖျား၊ ခြေဖျားတို့ ပြာသွားမယ်။ လက်ကောက်ဝတ်၊ လည်ပင်း၊ ရင်ဘတ်၊ အတွင်းခြေမျက်စိ၊ နောက်ခြေကျင်းဝတ်၊ ရှေ့ဘက်ရှိ သွေးခုန်နှုန်းစမ်းတဲ့နေရာမှ သွေးကြောတွေစမ်းကြည့်ရင် ခုန်တော့မှာ မဟုတ်ဘူး။ ဘယ်ဘက်ရင်ခေါင်းအမှတ် (၅) နံကြားအတွင်း နှလုံးထိပ်မှာ စမ်းကြည့်ရင် မခုန်ဘဲ ဖြစ်နေတာတွေ့ရမယ်။ ဘယ်နေရာမှာ သွေးခုန်နှုန်း စမ်းရရ၊ မရရ နှလုံးတာစမ်းရသေးရင် နှလုံးခုန်မှု လုံးဝမရပ်သေးပါဘူး။ မဆိုးသေးဘူးဆိုရပါမယ်။

နှလုံးခုန်မှု ရပ်ရင်ရပ်ချင်း၊ နှလုံး ရပ်ရပ်ချင်း နှလုံးပြန်ခုန်အောင် လုပ်ရပါမယ်။ တစ်ခါတစ်ရံ အသက်ရှူရပ်တာကြာရင် နှလုံးခုန်ရပ်သွားနိုင်တယ်။ အသက်ပြန်ရှူရင် နှလုံးပြန်ခုန်တတ်တယ်။ ပြုစုသူက အစိုးရိမ်လွန်ပြီး နှလုံးပြန်ခုန်အောင် မလုပ်တတ်၊ လုပ်တတ်နဲ့ ပြန်ခုန်အောင်လုပ်ရင် နံညွန့်ရိုး၊ နံရိုးများကျိုးကာ နှလုံးဒဏ်ရာရနိုင်တယ်။ အဆိုပါဒဏ်ရာနဲ့ ပြန်သေနိုင်ပြန်တယ်။

နှလုံးခုန်အောင်လုပ်နည်းကို တတ်ထားသင့်တယ်။ လက်ဖနောင့်နှစ်ဖက်ထပ်ပြီး နှလုံးနေရာကို အသက်ရှူနည်းအတိုင်း မြန်မြန်ဖိနှိပ်ခြင်း၊ ပြန်ကြွခြင်းက နှလုံးပြုစုနည်းဖြစ်ပြီး ပါးစပ်ချင်းတေ့ကာ လေမှုတ်သွင်းနည်းက အသက်ပြန်ရှူစေတဲ့နည်း ဖြစ်တယ်။

အသက်ပြန်ရှူအောင် ပြင်ပအကူအညီနဲ့ အသက်ရှူစေခြင်းနည်းမှာ နည်းပေါင်းများစွာရှိတယ်။ ရေနစ်သူကိုဆယ်ပြီး ရေအိုးပေါ်မှာ ဝမ်းလျားမှောက်ကာ ရေကိုပြန်ထုတ်ခြင်း၊ တစ်မိနစ်မှာ ၁၂ ကြိမ်မျှ ခေါင်းပိုင်းနဲ့ ခြေထောက်ပိုင်းတစ်လှည့်စီ နိမ့်လိုက်၊ မြင့်လိုက် လုပ်ပေးခြင်းတို့ဟာ အသက်ပြန်ရှူအောင် လုပ်ပေးတာပဲ ဖြစ်တယ်။ လူနာကို ဝမ်းလျားမှောက်ဖို့မသင့်ရင် ပက်လက်လှန်ကာ လက်ကို တံတောင်ဆစ်ကွေးပြီး လက်ဖျံကို လူနာရဲ့ ရင်ဘတ်ပေါ်မှ တင်ထားကာ တံတောင်ဆစ်မှ နောက်လူနာရဲ့ ခေါင်းလက်ကိုဆွဲလိုက်၊ ရင်ဘတ်ပေါ် ပြန်ချလိုက် ပြုလုပ်ပေးခြင်းမှာလည်း အသက်ပြန်ရှူအောင် ပြုလုပ်ပေးခြင်းဖြစ်တယ်။ ကလေးငယ်အတွက်တော့ မသင့်တော်ဘဲ ထပ်တလဲလဲ ပြုလုပ်ပေးမှ သင့်တော်တယ်။ အိမ်မှာ အမေသာရှိရင် အမေက အသက်၀၀ရှူ၊ ကလေးအိပ်နေတဲ့ အနေအထားနဲ့ ပါးစပ်ချင်းတေ့ကာ လေကိုမှုတ်သွင်းတဲ့နည်း ပြုလုပ် ပေးသင့်တယ်။ ကလေးကို ပက်လက်လှန်၊ တစောင်းအနေအထား ထားသင့်တယ်။

အသက်ရှူအားကူနည်းဟာ ကရိကထမများဘဲ အလွန်လွယ်ကူတဲ့နည်းဖြစ်တယ်။ အချိန်မရွေး၊ နေရာမရွေး ပြုလုပ်ပေးနိုင်တယ်။ အခြားနည်းတွေထက် ပိုပြီးထိရောက်တယ်။ ပြုလုပ်ပေးသူမှာ မောပန်းခြင်းမရှိသလောက်ဖြစ်တယ်။ ကလေးအသက်ပြန်ရှူလာတယ်၊ မရှူဘူးဆိုတာ တစ်ချိန်ထဲ ကြည့်ရှုစစ်ဆေးနိုင်တယ်။

အသက်ရှူသံကြားရင် နောက်ထပ်ရှူသွင်းဖို့ အသက်ပြင်းပြင်းရှူပြီး ကလေးရဲ့ ပါးစပ် သို့မဟုတ် နှာခေါင်းထဲ ထပ်မှုတ်သွင်းသင့်တယ်။ ကလေးဟာ အသက် ၁၀-၁၂ နှစ်ဆိုရင် တစ်မိနစ်အကြိမ် ၂၀ မျှ မှုတ်သွင်းပေးရမယ်။ လူပျိုပေါက်၊ အပျိုပေါက်မှာ တစ်မိနစ်ကို ၁၀-၁၅ ကြိမ် မှုတ်သွင်းပေးသင့်တယ်။ ပထမ လေး၊ ငါးကြိမ်ကို တစ်စက္ကန့်တိုင်း ပြန်ပြန်သွင်းနိုင်သမျှ သွင်းပေးရမယ်။ အသက်ရှူရပ်ရင် တစ်စက္ကန့်ဟာ တစ်က္ကန့်လောက် တန်ဖိုးရှိကာ အဆုံးဖြတ်ပေးပါတယ်။

တစ်ခါတစ်ရံ ပါးစပ်မှ အသက်ရှူသွင်းခြင်းလုပ်လို့မရဘဲ ရှိတတ်တယ်။ ကလေးရဲ့ ခေါင်းထားပုံမှားခြင်း၊ အသက်ရှူလမ်းကြောင်းမှားခြင်း ဖြစ်နိုင်တယ်။ အကောင်းဆုံးမှာ ကလေးရဲ့ ဦးခေါင်းကို ကော့နိုင်သလောက် ကော့ထားကာ မေးကို ရှေ့ငေါထွက်နေအောင်ထားပြီး အသက်ရှူလမ်းကြောင်း ပိတ် မပိတ်သိဖို့၊ ပိတ်ရင် ပွင့်သွားဖို့အတွက် ကလေးကို ခြေကျင်းဝတ်မှ ဇောက်ထိုးကိုင်ကာ လက်ပြင်နှစ်ခုကြား ထုပေးနိုင်တယ်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့စေတဲ့ ပစ္စည်းများ ကျလာမှာပဲဖြစ်တယ်။ ကလေး ရဲ့ ပါးစပ်၊ နှာခေါင်းထိဖို့ ရွံရှာရင် လက်ကိုင် ပဝါပါးပါး တစ်ခုခံကာ လုပ်ပေးနိုင်တယ်။ ထိရောက်ပါတယ်။

အသက်ရှူသွင်းပေးရာမှာ ကလေးရဲ့ အသားအရေနီနေသမျှ၊ နှုတ်ခမ်း၊ မျက်ခွံများနီနေသမျှ ကြိုးပမ်းမှုထိရောက်နေတယ် အသိအမှတ်ပြုကာ လက်မလျှော့ဘဲ အသက်ပြန်ရှူတဲ့အထိ၊ ဆေးရုံ၊ ဆရာဝန်လာတဲ့အထိ လုပ်ပေးသင့်တယ်။ ကလေးရဲ့ ခြေလက်နဲ့ ကိုယ်ပိုင်းနွေးလာအောင် စောင်နဲ့ ရစ်ပတ်ပေးထားသင့်ပါတယ်။

နှလုံးခုန်အောင် ပြုလုပ်နည်းမှာ ကလေးကို ခုတင်၊ ကြမ်းပြင်၊ ညီညာတဲ့ မြေပေါ် ပက်လက်လှန်ချကာ ကိုယ်က သူရဲ့ ညာဘက်ဘေးမှ ဒူးထောက်ကာ ရင်ညွန့်ရိုးအောက်ပိုင်းနဲ့ ဘယ်ဘက်ရင်ပုံစပ်မှာ ကိုယ့်ရဲ့ ဘယ်လက်ဝါးကို မှောက်တင်ကာ၊ လယ်လက်ဝါးပေါ်မှာ ညာလက်ဝါး ထပ်မှောက်ပြီး ဖိရမယ်။ ဖိပြီး လက်တစ်လုံးပြန်ဖော့ကာ ကိုယ်ကိုပြန်မတ်ပြီး ထပ်ပြီးဖိသင့်ပါတယ်။ နှလုံးနေရာကို ခြောက်ခါ၊ ခုနစ်ခါမျှဖိ၊ ပါးစပ်မှ အသက်ရှူသွင်းခြင်း ပြုလုပ်ပေးခြင်း တစ်ပြိုင်နက်လုပ်ပေးသင့်ပါတယ်။ ကိုယ်တစ်ယောက်တည်းရှိရင် ပါးစပ်မှ အသက်ရှူသွင်းဖို့၊ နှလုံးခုန်အောင် ပြန်လုပ်ဖို့၊ ပထမ လေး၊ ငါးခါ အသက်ရှူသွင်းပေးကာ မိနစ်ဝက်၊ တစ်မိနစ်မှာ တစ်ကြိမ်နှုန်း နှလုံးကို ဖိပေးနိုင်ပါတယ်။ တစ်ယောက်တည်းလုပ်ရရင် ပင်ပန်းပါတယ်။

လျှပ်စစ်ဓာတ်လိုက်လို့ မေ့မြောခြင်း၊ အသက်ရှူရပ်ခြင်း၊ တစ်ခုခုမျိုချမိလို့ အသက်ရှူလမ်းကြောင်းပိတ်ကာ အသက်ရှူရပ်ခြင်း၊ တက်လို့မေ့သွားခြင်း၊ ထိခိုက်ဒဏ်ရာရရာမှ အလွန်နာကျင်ခြင်း၊ သွေးထွက်များခြင်းတို့ကြောင့် မေ့မြောသွားခြင်း၊ ရေနစ်ခြင်း၊ အဆိပ်မျိုမိ၊ စားမိ၊ ရှူမိ ခြင်း၊ အမြင့်မှ လိမ့်ကျလို့ ဦးနှောက်ထိခိုက် ပြီး မေ့မြောသွားခြင်းတို့မှာ အသက်ရှူ အောင်၊ နှလုံးခုန်အောင် ပြုလုပ်ပေးခြင်းဟာ အရေးပေါ် ပထမဆုံးလုပ်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုခြင်းပဲ ဖြစ်တယ်။       ။

ဒေါက်တာလွင်သန့်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *