အညစ်စွန့်သံသရာထဲက အမေအိုအင်းလေး

အမျိုးမျိုးသော အညစ်အကြေးများက အင်းရေပြင်ထဲ နေ့စဉ်ပျော်ဝင်နေသည်။

ဝါးလုံးဆယ်လုံးခန့်ကို အလယ်တွင် နေရာအနည်းငယ်ချန်၍ နှီးကြိုးများနှင့် စည်းနှောင်ပြီး လေးဖက်လေးတန်တွင် ကာရံထားသည် ကဓနိရွက်၊ ဘိလပ်မြေ အိတ်ခွံ၊ တစ်ပိုင်းပြတ်သွပ်ပြားချပ်။

အပေါ်အမိုးကို ဓနိရွက်တို့ဖြင့် စီမိုးထားပြီး ပိတ်စရာတံခါးမရှိ။ အထဲတွင် ရေပုံး၊ ရေခွက်ဟူ၍ ဘာမှ မရှိပေ။ ထိုမြင်ကွင်း ကားအင်းလေးရေပေါ်ရွာတစ်ရွာတွင် တွေ့ရသော ရေအိမ်တစ်လုံး၏ အင်္ဂါရပ်များ ဖြစ်သည်။

မြန်မာပြည်ကို ကမ္ဘာကျော်စေသည့် အင်းလေးကန်ကြီး၏ ရေပေါ်ရွာတွင် နေထိုင်သော မိသားစုတစ်စု အသုံးပြုနေသည့် ရေအိမ်တစ်လုံးလည်း ဖြစ်သည်။

အင်းရေပြင်သို့ နေ့စဉ်ပျော်ဝင်နေသည့် အရာများထဲတွင် လူများ၏ အညစ်အကြေးများသာမက ကျွန်းမျောစိုက်ခင်းများအတွက် သုံးစွဲကြသည့် အမျိုးမျိုးသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၊ ရက်ကန်းရုံများမှ ထွက်ရှိသည့် ဆိုးဆေးများ၊ ရွှေငွေလုပ်ငန်းများမှ ထွက်ရှိသည့် ဓာတုဗေဒပစ္စည်းများလည်း ရှိသေးသည်။

ရေပေါ်ရွာတွင် နေထိုင်သူများက အညစ်အကြေးအမျိုးမျိုးပျော်ဝင်နေသော ထိုအင်းရေကို ရေအိမ်အသုံးပြုခြင်းမှစ၍ အဝတ်လျှော်၊ အိုးတိုက်၊ ပန်းကန်ဆေး၊ ဆန်ဆေး၊ အသီးအရွက် ဆေးကြောသည်အထိ အသုံးပြုကြရခြင်းလည်း ဖြစ်သည်။

အညစ်အကြေးနှင့် ဓာတုပစ္စည်းပေါင်းစုံပျော်ဝင်နေသည့် အင်းလေးရေကို အသုံးပြုရသည့် အညစ်စွန့်သံသရာထဲက အင်းလေးကန်နှင့် အင်းသားများ ကျန်းမာပါ၏လော။

“နွေရာသီရေနည်းတဲ့ အချိန်ဆို ဝမ်းရောဂါနဲ့ အရေပြားအလားဂျစ်တွေ အဖြစ်များကြတယ်” ဟု MIID ၏ လူငယ်သံတမန်တစ်ဦးဖြစ်သူ ကိုအောင်ငွေတိုးက ပြောကြားသည်။

MIID (Myanmar Institute for Integrated Development)  က ၂၀၁၉ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ သုံးလတာအတွင်း အင်းလေးရေ အနက်ပေတိုင်းတာခြင်း၊ ရေအရည်အသွေးတိုင်းတာခြင်းနှင့် အင်းသားများ၏ ကျန်းမာရေးပြဿနာများကို စစ်တမ်းကောက်၍ သုတေသနတစ်ခုပြုလုပ်ခဲ့သည်။

MIID သည် ကျေးလက်ဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသများကိုအဓိကထား၍ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်သော သုတေသနလုပ်ငန်းများကို လုပ်ဆောင်ကာ နည်းပညာပံ့ပိုးမှုများပေးနေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ကိုအောင်ငွေတိုးမှာ စစ်တမ်းကောက်ယူရာတွင် ပါဝင်သူတစ်ဦးလည်းဖြစ်ပြီး အင်းရွာ ၂၃ ရွာရှိ လူဦးရေသုံးရာကျော်ကို ရေအိမ်အသုံးပြုမှု၊ ကျန်းမာရေးပြဿနာများနှင့် နေထိုင်ရေးအခက်အခဲများကို မေးမြန်းခဲ့ရာ နွေရာသီရေနည်းချိန်တွင် အများဆုံးခံစားကြရသည့် ကျန်းမာရေးပြဿနာမှာ ဝမ်းရောဂါနှင့် အရေပြားအလားဂျစ်ရောဂါတို့ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

“ကျေးရွာတစ်ခု၊ ရပ်ကွက်တစ်ခုမှာ (ရေအိမ်ကို) အမှန်တကယ် စနစ်တကျသုံးစွဲနေတာက ၁၀၀ မှာ ၃ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တာက အင်းထဲကို တိုက်ရိုက်စွန့်ပစ်တာ”ဟု ကိုအောင်ငွေတိုးက ပြောကြားသည်။

အင်းရေပြင်ပေါ်ရှိ ကျေးရွာအများစုတွင် အညစ်အကြေးစွန့်ပစ်မှုကို မိရိုးဖလာနည်းစနစ်အတိုင်းသာ ကျင့်သုံးနေကြရဆဲဖြစ်သည်။

“အိမ်သာကတော့ ဒီလိုပဲ မိရိုးဖလာပုံစံ သုံးကြတာပဲ။ အိမ်သာသုံးရေလည်း အင်းထဲကပဲ ပြန်ခပ်ပြီးသုံးတာ။ ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ သောက်ရေအတွက်ပဲ ပူရတာ။ သုံးရေက အင်းရေကို သုံးတာ”ဟု နန့်ပန်ပေါက်ပါးရွာမှ ဒေါ်မြင့်စိမ်းက ပြောကြားသည်။

အချို့က ကျွန်းမျောများကိုကန်၏ ကြမ်းပြင်အထိ ပတ်ပတ်လည်ကာရံ၍ အသုံးပြုပြီး သတ္တုပုံးများကိုလည်း အသုံးပြုကြသည်။ ကုန်းပိုင်းဘက်ရောက်သည့် နေအိမ်များကတော့ကျင်းတူး၍ စွန့်ပစ်ကြသည်။

အင်းလေးရေညစ်ညမ်းမှုနှင့် နောက်ဆက်တွဲအင်းသားများ၏ ကျန်းမာရေးပြဿနာများကို ထိုသုတေသနက ပြောပြနေသည်။

အင်းသားများ၏ ကျန်းမာရေး အခြေအနေကို သိရသည်မှာMIID ၏ သုတေသနသာ မကသေးပါ။ အင်းသားများတွင် အသည်းရောင်ရောဂါ၊အသည်းကင်ဆာရောဂါနှင့် ဝမ်းပျက်၊ဝမ်းလျှောရောဂါများ ဖြစ်ပွားနေကြောင်း အင်းသားတစ်ဦးလည်း ဖြစ်၊ ဆရာဝန်လည်းဖြစ်ပြီး လက်ရှိတွင် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဆောင်ရွက်နေသူ ဒေါက်တာထွန်းလှိုင်က ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

“ကျန်းမာရေးအသိ မြင့်လာတော့ ဆိုးဆိုးရွားရွားဖြစ်တဲ့ တိုက်ဖွိုက်တော့ တော်တော်လေး နည်းသွားပြီ။ Waterborne Diseases (ဝမ်းနှင့်ဆိုင်သော ရောဂါများ) အနေနဲ့ကတော့ ကျွန်တော်တို့ဆီမှာ ထိပ်တန်းရောက်နေတယ်။ ရောဂါပိုးတွေကြားထဲမှာ ရှင်သန်နေရသလိုပဲ”ဟု ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

ကောင်းမွန်သော ရေစီမံခန့်ခွဲမှုကိုလည်း စီမံကိန်းများ ချမှတ်၍ မဆောင်ရွက်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

အင်းလေးကန်ရေထွက်ပေါက်ရှိသော ကျေးရွာများတွင်လည်း ထိုသို့ အရေပြားရောဂါနှင့် အသည်းရောင်အသားဝါရောဂါများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းလည်း ဒေါက်တာထွန်းလှိုင်က ဆိုသည်။

ရေထွက်ပေါက်များအဖြစ် အင်းလေးကန်အနောက်ဘက်မှ တောင်ခြေရွာ ရေထွက်ပေါက်၊ ရေပြုံရေထွက်ပေါက်၊ မင်းရွာရေထွက်ပေါက်၊ မြင်းဖြူတောင် ရေထွက်ပေါက် စသဖြင့် ရေထွက်ပေါက်များရှိပြီး ရေနည်းချိန်တွင် ရောဂါဖြစ်ပွားမှု များပြားလေ့ရှိသည်။

“ဘဲလည်း မွေးတယ်။ ပြီးရင် ဒီရေထဲမှာ ရေချိုးကြတယ်။ ရေတိမ်ထဲ ရေကူးတယ်။ ယားယံတာတွေနဲ့ ဝဲရောဂါတွေ ဖြစ်ကြတယ်။ ရေများရင်တော့ သန့်ရှင်းပေမယ့် ဒါတွေက ရေနည်းတဲ့အချိန်မှာ ရေကြောင့် ဖြစ်ရတာ”ဟု ၎င်းက ဆိုသည်။

သို့သော် အင်းလေးမှာ အင်တာနက် ရရှိမှု၊ ကျန်းမာရေးအသိမြင့်မားလာမှု၊ လျှပ်စစ်မီးရရှိမှု၊ ရေရရှိမှုတို့ရှိလာပြီဖြစ်၍ ယခင်ထက် များစွာတိုးတက်လာကြောင်းလည်း ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

စီးပွားရေးအခြေအနေ ကောင်းမွန်သော ရွာကြီးများတွင် အထက်ပါ လူနေမှုအဆင့်အတန်း အထိုက်အလျောက် တိုးတက်မှုရှိသော်လည်း စီးပွားရေးအားနည်းသည့် ကျေးရွာများတွင် အခြေခံကျန်းမာရေးပြဿနာဖြစ်သော ရေအိမ်ကိစ္စမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲပင်။

ရေအိမ်သန့်ရှင်းမှု မရှိခြင်းကြောင့် ယင်ကောင်မှတစ်ဆင့် ကူးစက်သည့်ကာလ ဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါ ရောဂါ၊ အူရောင်ငန်းဖျား (တိုက်ဖွိုက် ရောဂါ)၊ သူငယ်နာအကြောသေရောဂါနှင့် တုတ်၊ သန်ကောင်ရောဂါတို့ ဖြစ်စေသည်။

ရေကောင်းစွာ မရရှိသည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်း၍ အရေပြားရောဂါများကိုလည်း ခံစားကြရသည်။

“ရေကောင်းကောင်း မရတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတဲ့အတွက် အရေပြားရောဂါ၊ သန်ကောင်၊ ကပ်ပါးပိုးနဲ့ ဆိုင်တဲ့ ရောဂါတွေ၊ ကြားခံကောင်ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေလည်း ဖြစ်စေတယ်”ဟု WaterAid Myanmar  ၏ Senior Advisor ဒေါက်တာသန်းထွဋ် က ပြောကြားသည်။

Water Aid သည် သန့်ရှင်းသော ရေရှိမှု၊သင့်တင့်သော ရေအိမ်ရရှိမှုနှင့် ကောင်းမွန်သောကျန်းမာရေးရရှိရန် ၁၉၈၁ ခုနှစ်ကစ၍ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Water Aid Myanmar မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ရေနှင့် သန့်ရှင်းမှု၊ လူထုဗဟိုပြုကျန်းမာရေးစီမံကိန်း၊ သန့်ရှင်းသပ်ရပ်သော ကျန်းမာရေးအဆောက်အအုံများဖြစ်ရေးနှင့် စာသင်ကျောင်းများတွင် ရေအိမ်သန့်ရှင်းရေးကိစ္စများ၊ အာဟာရပြည့်ဝရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ရေအိမ်သုံးစွဲမှုမှာ Myanmar Living Condition  Survey 2017 ၂၀၁၇ အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေအိမ်လွှမ်းခြုံနိုင်မှုနှုန်း ၈၉ ရာခိုင်နှုန်းရှိပြီး မြို့ပြတွင် ၉၆ ဒသမ ၄ရာခိုင်နှုန်း၊ ကျေးလက်တွင် ၈၆ ဒသမ ၁ ရာခိုင်နှုန်း ရှိနေသည်။

ထိုစာရင်းအရ မြို့ပြတွင် ရေအိမ်အသုံးမပြုသူမှာ ငါးဦးသာသာရှိပြီး ကျေးလက်တွင် ရေအိမ်အသုံးမပြုသူမှာ ၁၅ ဦးခန့် ရှိနေသည်။

Water Aid က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သော World Toilet Day 2018အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံမှာ ရေအိမ်ရရှိမှု အခွင့်အလမ်းနည်းပါးသည့် ဆယ်နိုင်ငံထဲတွင် ပါဝင်နေပြီး ရေမသန့်ရှင်းမှုနှင့် ရေဆိုးစွန့်ပစ်စနစ်အားနည်းမှုကြောင့် တစ်နှစ်လျှင် ငါးနှစ် အောက်ကလေးသေဆုံးမှုမှာ ၇၅၀ ဦးခန့်ရှိနေသည်ဟု ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်တွင် ကောက်ယူထားသော သန်းခေါင်စာရင်း အချက်အလက်များအရ သန့်ရှင်းသော ယင်လုံအိမ်သာဆောက်လုပ်သုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ ရန်ကုန်တိုင်းဒေသကြီးက ၉၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၃၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် အိမ်ထောင်စု အချိုးအနည်းဆုံး ဖြစ်သည်။

အင်းသားများသည် မိရိုးဖလာ အသုံးပြုခဲ့ကြသည့် ရေအိမ်စနစ်ကို အန္တရာယ်မရှိဟု ယုံကြည်ကြသည်။ သို့သော် ထိုရေကို ပြန်လည်သုံးစွဲနေသည့်အတွက် ကျန်းမာရေးအရမသင့်လျော်သလို အင်းလေးကန်ရေ၏ ရေအရည်အသွေးသည်လည်း ယခင်နှင့် ယခုကွာခြားသွားခဲ့ပြီဖြစ်သည်။

အညစ်အကြေးပေါင်းစုံ စွန့်ပစ်ထားသည့် ရေသည် မည်သို့သန့်ရှင်းနိုင်ပါမည်နည်း။

၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စင်ကာပူနိုင်ငံမှ နည်းပညာနှင့် MIID မှ ပြင်သစ်ပညာရှင် Mr. Martin က ရေအရည်အသွေးကို တိုင်းတာခဲ့ရာ ကျွန်းမျောစိုက်ခင်းများအနီးရှိ ရေမှာ အန္တရာယ်ရှိသည့် အနီရောင်အဆင့်သို့ပင် ပြသနေသည်။

ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာသုံးစွဲခြင်း၏ ရလဒ်ပင်ဖြစ်သည်။

“ရေထဲကျတော့ ဓာတ်မြေဩဇာတို့၊ ပိုးသတ်ဆေးတို့က နှစ်ဆထည့်ရတယ်။ အပင်မှာ ကျန်တာက ၅၀ ရာခိုင်နှုန်း၊ နောက် ၅၀ ရာခိုင်နှုန်းက ရေထဲကျတာ ဆိုတော့”ဟု ကိုအောင်ငွေတိုးက ရှင်းပြသည်။

ခရမ်းချဉ်သီးစိုက်ခင်း နှစ်ဧကပိုင်ဆိုင်သူတစ်ဦးအတွက် ဓာတ်မြေဩဇာဖိုးကုန်ကျငွေမှာ တစ်နှစ်တာ စိုက်ပျိုးကာလအတွက် ငွေကျပ်နှစ်သိန်းခန့် ရှိနေသည်။

ရေအရည်အသွေးနှင့် မြေအရည်အသွေးကျဆင်းခြင်းတို့ကြောင့် ဓာတ်မြေ ဩဇာတစ်ခါသုံးလျှင် ငွေလေးငါးသောင်းဖိုးခန့် သုံးနေရသည့် အခြေအနေဖြစ်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နှစ်ဧကကို ဓာတ်မြေဩဇာက ခြောက်အိတ်လောက်ပဲ သုံးရတာ။ အခုက အိတ်လေးဆယ်လောက် သုံးနေရတာ။ မသုံးရင်လည်း ထွက်နှုန်းက တော်တော်လျော့ တာကိုး”ဟု အင်းလေးကန် ရေပေါ်ရွာတစ်ခုဖြစ်သော ကေလာရွာမှ ခရမ်းချဉ်သီး စိုက်ပျိုးသူ ဦးဝင်းတင်က ဓာတ်မြေဩဇာ အသုံးပြုရပုံကို ပြာပြသည်။

ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာသာ မကသေးပါ။ ရက်ကန်းလုပ်ငန်းများမှ ထွက်သည့် ဓာတုဆိုးဆေးများ၊ ငွေပန်းထိမ်လုပ်ငန်းမှ ထွက်သည့် ဓာတုဗေဒပစ္စည်းများအပြင် အင်းပေါ်နေသူတို့၏ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းများကလည်း ရေထဲသို့သာကျရောက်ကြခြင်းဖြစ်သည်။

အင်းလေးကန်ပတ်လည်ရှိ တောင်ပေါ်ဒေသများမှ ရေအားလုံးသည်လည်း မိုးရာသီတွင် ကန်အတွင်းသို့ စီးဝင် ကြခြင်းဖြစ်ရာ တောင်ပေါ်စိုက်ပျိုးရေးလုပ်ငန်းများက သုံးစွဲသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသည် ထိုရေများနှင့်အတူ အင်းလေးကန်အတွင်း စီးဝင်ကြပြန်သည်။

“မိုးရွာတဲ့အချိန်ဆို နှုန်းတွေ ရွှံ့တွေနဲ့ရောပြီး စီးလာတယ်။ ပြီးရင် အင်းထဲ ရောက်တာ။ ဒီရေကို မသောက်ကြတာ နှစ်သုံးဆယ်လောက် ရှိပေမယ့် သုံးနေကြရတာဆိုတော့ ချက်ချင်းမဖြစ်ရင်တောင် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာပဲ”ဟု အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Save The Inle Lake မှ အတွင်းရေးမှူးဦးခင်မောင်လတ်က ပြောကြားသည်။

လူနေထူထပ်ခြင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်းတို့ကြောင့်လည်း အင်းလေးကန်အပေါ် ထိခိုက်မှုအချို့က ရှိလာသည်။ ဥဒဟိုသွားလာနေသည့် စက်လှေများမှ ဆီများနှင့် လာရောက်လည်ပတ်သူများ၏ ငှက်စာကျွေးရင်း ပစ်ချခဲ့သည့် အမှိုက်ခွံများက အင်းလေးကန်အတွက် စိုးရိမ်စရာ ဖြစ်လာသည်။ အင်းလေးကန်အတွင်း ပေါက်ဖွားသည့် ငါးဖိန်းငါးမျိုးစိတ်မှာလည်း ရှားပါးလာသည်။

“အရင်လို မရတော့ဘူး။ ငါး အရမ်းရှားတယ်။ ရေမသန့်လို့လား၊ ဖမ်းတဲ့သူများလာလို့လားပဲ။ အရင်ကထက်တော့ ရှားသွားတယ်”ဟု အင်းလေးရေပေါ်ရွာတစ်ရွာဖြစ်သော ကေလာရွာဒေသခံ ဦးကျော်အေးက ပြောကြားသည်။

သို့သော် အင်းလေးကန်မှာ ရေရှင်ဖြစ်သည့်အတွက် ရေအရည်အသွေးများစွာ မပြောင်းလဲသွားကြောင်း အင်းလေးကန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးစိန်ထွန်းက ပြောကြားသည်။

“အင်းလေးကန် ဒီလောက်အထိ အသက်ရှည်နိုင်တယ်။ ရေရဲ့ အရည်အသွေးတွေ ဒီလောက်ထိ မပြောင်းလဲဘူးဆိုတာ နှစ်စဉ် ရေသစ်ရေဟောင်းလဲပေးနေလို့။ အဲဒါကြောင့် ဟိုဘက်က ဆည်ကို မပိတ်တာ။ ဘီလူးချောင်းကို ဖြတ်သွားပြီး အနည်စစ်သွားပြီးတော့ ရေတွေ အကုန်လုံးက မိုးဗြဲဆည်ထဲကို ရောက်တာ။ သူ့သဘာဝအတိုင်းဆို ပြဿနာမရှိဘူး”ဟု ဦးစိန်ထွန်းက ပြောကြားသည်။

သို့သော် အနည်ကျခြင်းများ၍ အင်းလေးကန်ရေခန်းခြောက်မှု ဖြစ်လာသည်။ အင်းလေးကန်ထဲသို့ မြစ်ချောင်းများမှ စီးဝင်လာသော ရေနှင့်အတူ နုန်းများကြောင့် အနည်ကျခြင်းဟု ပညာရှင်များက သုံးသပ်ကြသည်။

၂၀၁၃ ခုနှစ် ဧပြီလတွင် အင်းလေးကန်အတွင်း စံချိန်တင်ရေခန်းခြောက်မှု ဖြစ်ပေါ်ခဲ့သေးသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ညောင်ရွှေမြို့အနီး တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံးကန်လည်း ဖြစ်သည်။ ထို့ပြင် ယူနက်စကိုက အင်းလေးဒေသကို အင်းလေးကန်ဇီဝ အဝန်းနယ်မြေအဖြစ် ၂၀၁၅ ခုနှစ်တွင် သတ်မှတ်ထားသည်။ ရွာပေါင်း ၄၄၅ ရွာရှိပြီး ရွာ ၂၆၀ မှာ အင်းလေးရေကန်နှင့် ဆက်စပ်နေသည်။

လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က အင်းလေးကန်ရေပြင်သည် အလျား ၁၃ မိုင်၊ အနံ ၇ မိုင်နှင့် အနက်ပေမှာ ရေအများဆုံးအချိန်တွင် ပေ ၂၀ ခန့် ရှိခဲ့သည်။ သို့သော် ယခုမှာမူ အလျား ၁၁ မိုင်၊ အနံ ၅ မိုင်နှင့် ရေအများဆုံးအချိန်တွင်ပင် အနက်ပေမှာ ၁၀ ပေခန့်သာ ရှိတော့သည်။

“အခု နွေရာသီရေကျချိန်ဆို ကျွဲတောင်ဖြတ်သွားနိုင်တယ်။ အဓိကပြဿနာက ကန်ပတ်ဝန်းကျင်မှာ သစ်ပင် ခုတ်တာ။ အရင်က ရွာမမှာ နောက်ဖေး မြောင်းတွေဆို နွေရာသီလေးနှစ်အရွယ် ကလေးတစ်ရပ် မြုပ်တယ်။ စက်လှေ ကောင်းကောင်းဝင်လို့ ရတယ်။ အခုနွေရာသီဆို ရေတောင်ခန်းပြီ”ဟု အင်းလေးဟဲယာရွာမ ဒေသခံတစ်ဦးက ပြောပြသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် MIID က အင်းလေးကန်တစ်ခုလုံးတွင် ပွိုင့် ၂၅ ခု သတ်မှတ်၍ ရေအနက်ပေတိုင်းတာခဲ့ရာ မိုးရာသီရေ အများဆုံးအချိန်တွင်ပင် ရေအနက်ဆုံး နေရာမှာ ၁၀ ပေသာ ရှိသည်။

“ထုံးကျောက်ကန်ဖြစ်တဲ့အတွက် ရေက တအားမညစ်ပတ်ဘူး။ မြစ်ချောင်းတွေက ရေစီးတော့ အနည်ကျတယ်။ အနည်ကျတော့ အပေါ်က ရေက မညစ်ပတ်ပေမယ့် အနည်ကကန်ကို ကျဉ်းလာစေတယ်။ သိမ်သွားစေတယ်။ အဲဒါကြောင့်ကော လာတယ်။ ရေခန်းလာတယ်”ဟု တောင်ကြီးတက္ကသိုလ်ရှိ သတ္တဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ရီရီဝင်းက ပြောကြားသည်။

ရေနည်းခြင်းကြောင့် ရောဂါများ ဖြစ်ပေါ်လာရသည်ဆိုသော်လည်း ရေပေါ်ရွာများတွင် နေထိုင်သည့် အင်းသားများက အင်းရေကိုပင် အသုံးပြုနေကြရသည် မဟုတ်လော။

အင်းရေကို သောက်သုံးခြင်းမရှိသည့်တိုင်အောင် သုံးစွဲနေကြသည့်အတွက် ရေညစ်ညမ်းမှုအများဆုံးဖြစ်သည့် ရေနည်းချိန်တွင် ရောဂါဖြစ်ပွားမှုများ ပို၍ များပြားသည်။ ရံဖန်ရံခါ သောက်ရေပြတ်လပ်ချိန်တွင် အင်းရေကိုပင် ကြိုချက်သောက်သုံးရသည့် အခြေအနေလည်း ရှိသည်။

“သောက်ရေက တစ်ပတ်နှစ်ခါ လာတယ်။ ရေသန့်ဘူးပေါ့။ ၅၀၀ ပေးရတယ်။ အဲဒီရေမရရင်တော့ အရှေ့ဘက် (အင်းလေးကန်အရှေ့ဘက်) ညောင်ဝန်းရွာက ရေကို သွားခပ်ရတယ်။ သွားခပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ နောက်ဆုံး အင်းရေကို ကြိုသောက်ရတာ။ ကြည်တဲ့ ရေလယ်အထိ သွားခပ်ကြတယ်။ ရေထဲမှာ နေပြီး ရေရှားတယ်”ဟု အင်းလေးရေပေါ် ရွာတစ်ရွာဖြစ်သော နန့်ပန်ပေါက်ပါးရွာတွင် နေထိုင်သူ ဒေါ်မြင့်စိမ်းက ပြောပြသည်။

အင်းသားများကြုံတွေ့နေရသော ထိုအခက်အခဲများအတွက် နော်ဝေနိုင်ငံအစိုးရနှင့် UNDP တို့၏ ရန်ပုံငွေနှင့် နည်းပညာအကူအညီများဖြင့် အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။

သောက်သုံးရေရရှိရန် ရွာအချို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ရေပေါ်ရွာအများစုမှာ ဝယ်ယူသောက်သုံးနေရဆဲ ဖြစ်သည်။

သောက်ရေရရှိမှုနှင့် အညစ်အကြေးစွန့်ပစ်မှုအတွက် အခက်အခဲများစွာက ရှိနေလေသည်။

မိလ္လာစနစ်အတွက် နည်းပညာမြင့်ထုတ်ကုန်တစ်ခုကို သိရှိကြသော်လည်း နည်းပညာနှင့် ငွေကြေးအင်အားလိုအပ်ချက်ကြောင့် အဆင်မပြေဖြစ်ကြရပြန်သည်။

GIZ ကုမ္ပဏီက ဂျပန်နည်းပညာနှင့် ထုတ်လုပ်သည့် ဂျိုကာဆို အမှတ်တံဆိပ်မိလ္လာပုံးစနစ်ကို အင်းသားများအတွက် မိတ်ဆက်ပေးခဲ့သည်။ ထိုစနစ်မှာ မိလ္လာပုံးတွင် ပရက်ရှာပန့်ခ်နှင့် အတွင်းရှိ ဒလက်မှ အညစ်အကြေးများကို ပျော်စေကာ ရေအကြည်အဖြစ် ပြောင်းလဲပေးသည့် စနစ် ဖြစ်သည်။ ပြန်လည်ထွက်ရှိသော ရေသည် သောက်၍၊ ချိုး၍ ရသည်အထိ ကုမ္ပဏီက အာမခံသည်။

လက်ရှိ တိုက်ရိုက်စွန့်ပစ်သည့် စနစ်ထက် ထိုမိလ္လာပုံးစနစ်မှာ အင်းလေးကန်သန့်ရှင်းရေးနှင့် အင်းသားများ ကျန်းမာရေးအတွက် ပို၍ ကောင်းမွန်သည်။ သို့သော် ထိုမိလ္လာပုံးဈေးနှုန်းမှာ အနည်းဆုံး ကျပ်၃၇ သိန်းခန့်ကုန်ကျမည်ဖြစ်ရာ လက်လုပ်လက်စား မိသားစုများအတွက် မည်သို့မျှ မတတ်နိုင်သည့်အခြေအနေ ဖြစ်သည်။

“အခုက မိလ္လာကျင်းပြည့်ရင် လာစုပ်ထုတ်ပေးမယ့် သူ မရှိဘူး။ ဒီစနစ်နဲ့ဆို အဆင်ပြေတယ်။ ဒါပေမဲ့ ဒေသခံရဲ့ ဝင်ငွေ နဲ့ကျတော့ လုပ်ဖို့ အဆင်မပြေဘူး။ သူတို့ကို စစ်တမ်းကောက်ချိန်မှာ အကုန်လုံးက အသိအမြင်တွေရှိတယ်။ လုပ်ချင်တဲ့ ဆန္ဒရှိပေမယ့် အခုလက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးအခြေအနေနဲ့ လုံးဝမဖြစ်နိုင်တဲ့ အနေအထားပေါ့”ဟု ရေပေါ်ရွာတွင်နေထိုင်သူများ၏ ရေအိမ်စနစ်အခက်အခဲကို ကိုအောင်ငွေတိုးက ပြောကြားသည်။

ကိုအောင်ငွေတိုးမိသားစုက ထိုမိလ္လာပုံးများကို တစ်ရွာလျှင် ၁၅ လုံးနှင့် ပုံး ၂၅၀ ခန့်လှူဒါန်းခဲ့သည်။ သို့သော် နေအိမ်များက ပရက်ရှာပန့်ခ် မတပ်ဆင်ကြသလို နည်းပညာ မကျွမ်းကျင်၍ မိလ္လာပုံးပြည့်ချိန်တွင် လာရောက်စုပ်ထုတ်ပေးသူ မရှိသည့်အတွက် ထိုမိလ္လာပုံးမှ ထွက်ရှိသည့် အနံ့အသက်များကို မခံနိုင်ဘဲ ပြန်လည်ဖြုတ်သိမ်းလိုက်ကြရသည်။

အင်းသားများ၏ ထိုရေအိမ်ပြဿနာအတွက် ငွေကြေးမရှိဟု အင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ဆိုသည်။

“အခုလောလောဆယ်ကတော့ ပညာပေးရုံမှတစ်ပါး ကျွန်တော်တို့က ပိုက်ဆံတတ်နိုင်တဲ့ အနေအထားမရှိဘူး။ နိုင်ငံတကာကလည်း ပြောတယ်ဗျ။ ဂျိုကာဆိုလိုရော့ဇီဝနည်းပညာသုံးဆိုပြီး လာပေးတာလည်း မရှိဘူး။ နိုင်ငံတော်ရဲ့ Priority  Assessment နဲ့တင် လုံးချာလည်လိုက်နေတယ်”ဟု ၎င်းက ပြောကြားသည်။

ထိုစနစ်ကို ဖြေရှင်းရန် ဟိုတယ်တစ်ခုတွင် သဘာဝနည်းဖြင့် ပြုလုပ်သည့် နည်းလမ်းတစ်ခုကို လေ့လာ၍ ကိုအောင်ငွေတိုးကဲ့သို့ လူငယ်သံတမန်များက ပြည်သူများထံသို့ မျှဝေပေးလျက်ရှိသည်။

မိလ္လာကန်နှစ်ကန် ပြုလုပ်၍ ပြင်ပသို့ ရေစိမ့်ထွက်မှုမရှိစေရန် လုံခြုံစွာတည်ဆောက်ထားသည့် ကန်ထဲတွင် အင်းထဲတွင် ရသည့် အပင်ငါးမျိုးဖြစ်သော ကန်စွန်းရွက်၊ ရေထိကရုံး၊ ဗေဒါ၊ အယ်ရိုးပင်နှင့် ပိန်းပင်တို့ကို မွေးမြူ၍ အညစ်အကြေးကို သန့်စင်စေသည့် နည်းဖြစ်သည်။

ထို့ပြင် Good Agriculture Practice-GAP စနစ်ဖြစ်သော ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာကို နည်းနိုင်သမျှ နည်းစေရန် လျှော့ချသုံးစွဲရသည့် စနစ်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများပူးပေါင်း၍ ဒေသခံများကို သင်တန်းများပို့ချကာ အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

အင်းလေးကန်သန့်ရှင်းရေးအတွက်လည်း ကိုအောင်ငွေတိုးနှင့် သူငယ်ချင်းနှစ်ဦးတို့ တည်ထောင်ထားသည့် အဖြူရောင်လူငယ်ပရဟိတအဖွဲ့ ပေါက်ပါးရွာ ဆိုသည့် အဖွဲ့က ရေပေါ်ရွာများတွင် အမှိုက်ခွဲခြား စွန့်ပစ်မှုစနစ်ကို ပြုလုပ်နေပြီး ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်နေကြသည်။

အင်းလေးကန်ကြီး၏ အနာဂတ် ရေရှည်တည်တံ့ရေးက အင်းသားများ အပေါ်မူတည်သလို အင်းသားများ၏ ကျန်းမာသန်စွမ်းသော အနာဂတ်ဘ၀များသည်လည်း အင်းလေးကန်ကြီး၏ ကျန်းမာခြင်းအပေါ် မူတည်နေသည် မဟုတ်လော။

အညစ်စွန့်သံသရာထဲက ရုန်းထွက်နိုင်မှသာ အင်းလေးကန်နှင့် အင်းသားများ ကျန်းမာမည်။ အညစ်စွန့်သံသရာထဲက အင်းလေးကန်နှင့် အင်းသားများ ရုန်းထွက်နိုင်မည်လော။

“ဒီအချိန်မှာ ကျွန်တော်တို့နေထိုင်တဲ့ အမေအိုအင်းလေးကန်ကြီးကို ပြန်မကြည့်ရင် နောက် ကျွန်တော်တို့ မျိုးဆက်သစ်တွေပေါက်ဖွားလာချိန်မှာ အမှိုက်ပုံကြီးထဲနေနေရမယ်လို့ တွေးမိတယ်”ဟု အနာဂတ်အင်းလေးကန်ကြီး၏ အခြေအနေကို ကိုအောင်ငွေတိုးက ပြောကြားသည်။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *