ကမ္ဘာကပြောသော မြန်မာ့အကြောင်း

‘ခေတ်သစ်မြန်မာပြည်နေ့ရက်များ’ အတွက် တရုတ် BRI စီမံကိန်း အရေးပါသလော

မြန်မာပြည်မြောက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော ကသာမြို့မှာ အင်္ဂလိပ်ဝတ္ထုရေးဆရာဂျော့အိုဝဲလ်၏ ဗြိတိန်သျှကိုလိုနီစနစ်ကို ရသစာပေဖြင့် ဝေဖန်ထားသော Burmese Days (မြန်မာပြည်နေ့ရက်များ) စာအုပ်ဖြစ်လာစေမည့် အိုင်ဒီယာများကို မွေးထုတ်ပေးရာ အဖြစ် ထင်ရှားသည့် မြို့ ဖြစ်သည်။ ကိုလိုနီ ရဲအရာရှိအဖြစ် ဂျော့အော်ဝဲလ် အလုပ်လုပ်ခဲ့အပြီး နောက်နှစ်တစ်ရာခန့်အကြာ ကသာ မြို့၏ အနာဂတ်မှာမူ အင်အားကြီးပြည်ပ နိုင်ငံအသစ် သို့မဟုတ် အဟောင်းဟုလည်းဆိုလျှင် ဆိုနိုင်မည့် တရုတ်နိုင်ငံနှင့် အဆက်အစပ်အပေါ် မူတည်ကောင်းမူတည်နေ ဖွယ်ရှိသည်။

နာမည်ရင်း အဲရစ်ဘလဲ (Eric Blair) ကလောင်နာမည် အော်ဝဲလ်မှာ ယခင်က ဘာမားဟုခေါ်သည့် မြန်မာနိုင်ငံ၌ ကျောက်တံတားဟု သူ နာမည်ပေးထားသည့် ကသာမြို့တွင် နောက်ဆုံးတာဝန်  ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၂၇ ခုနှစ်တွင် အင်္ဂလန်သို့ ပြန်သွားခဲ့သည်။ ဂျော့အော်ဝ်လ် နောက်ပိုင်းရေးသားသော ဝတ္ထုများဖြစ်ကြသည့် Animal Farm နှင့် Nineteen Eighty-Four တို့မှာ နာမည်ပိုကြီးသော်လည်း ၁၉၃၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် Burmese Days  (မြန်မာပြည် နေ့ရက်များ) ဝတ္ထုမှာ အနောက်နိုင်ငံ တက္ကသိုလ်များနှင့် အာရှတက္ကသိုလ်များရှိ ကိုလိုနီဝါဒအကြောင်း လေ့လာသင်ယူကြသည့် ကျောင်းသားများအတွက် အလေးထားရသည့်စာအုပ် ဖြစ်လာခဲ့ပေသည်။

ယခုအခါ မိမိအတွက် (မူရင်းစာရေးသူ) နှင့် ဂျော့အော်ဝဲလ်အတွက် ကသာသို့ အကောင်းဆုံးရောက်ရှိနိုင်မည့် လမ်းမှာ မန္တလေးနှင့် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ကြားတွင်ရှိသည့် မြို့ငယ်လေးတစ်မြို့ဖြစ်သော နဘားမြို့မှ ရထားဖြင့် သွားခြင်းဖြစ်သည်။ မီးရထားစက်ခေါင်းမှာ ဂျာမန်လုပ် ဒီဇယ်လောင်စာသုံးမီးရထားပင်။ သို့သော် လွန်ခဲ့သောနှစ်တစ်ရာခန့်က ဂျော့အော်ဝဲလ်စီးနင်းလိုက်ပါသည့် မီးရထားကို ဆွဲခဲ့သည့် ရေနွေးငွေ့သုံးအင်ဂျင်စက်ခေါင်းနံ့ကို ရှုရှိုက်ရမိလုနီးနီးပင်ဖြစ်သည်။

နောက်တစ်နေ့နံနက်တွင် မကြာသေးခင်က တည်ဆောက်ထားသည့် မီးရထားဘူတာအနီးတွင် ရှိသော ‘Hotel Katha’ တွင် နိုးထခဲ့ပြီး ပန်းရောင်ဖျော့ဖျော့၊ ခရမ်းရောင်ဖျော့ဖျော့ အရောင်ရှိ ရေများပြည့်နေသော ဧရာဝတီမြစ်ကို ကြည့်၍ မြစ်ကမ်းဘက်သို့ လမ်းလျောက်ထွက်ခဲ့သည်။ မြန်မာကျေးလက်နှင့် တောရွာ များတွင်သာ တွေ့ရသည့် မြင်ကွင်း၌ ပိန်လှီနေသော မြင်းပေါက်ကလေးများဖြင့် ကထားသော ခနော်နီခနော်နဲ့ လှည်းကို မြစ်ကမ်းနားလမ်းတလျောက် အပျော်စီးရန်ဆွယ်နေသည်များကိုလည်း တွေ့ရသည်။ နေ့လယ်ပိုင်းအရောက်တွင်မူ ခရမ်းရင့်ရောင် ဦးထုပ်ဆောင်းထားသော အမျိုးသမီးတစ်ဦးမှာ နေရောင်အောက်တွင် စားပွဲတစ်ခုပေါ်၌ ငါးများကို ငါးခြောက်လှမ်းလျက်ရှိသည်။

ခေတ်သစ် ကသာမြို့မှာ လူဦးရေ ၂၇,၀၀၀ ခန့်သာရှိသော မြို့ငယ်လေးတစ်မြို့ပင်။ သို့သော် Burmese Days ဝတ္ထု ရေးသားမိစေရန် စေ့ဆော်ပေးခဲ့သည့် ရှုမြင်ကွင်းအများအပြားမှာမူ ရှိနေဆဲပါပေ။ ဗြိတိသျှခေတ်က လက်ထောက်ကော်မရှင် နာမင်းကြီးမက်ဂရီဂေါ (Macgregor) နေထိုင်ခဲ့သည့် အိမ်ပုံစံမှာလည်း ယနေ့တိုင် ရှိနေဆဲပင်။ သို့သော် ဂျော့အော်ဝဲလ် ရေးသားခဲ့သည့် ဘန်ဂလိုအိမ်ထက်ပို၍ သာနားစွာ ကျွန်းသစ်နှင့် အုတ်ရောတည်ဆောက်ထားသည့် နှစ်ထပ်အိမ် ဖြစ်နေပါပြီ။ ယခုအိမ်ပုံစံမှာ ကိုလိုနီ အုပ်ချုပ်ရေးကာလနှင့် ပို၍ပင် အဟပ်ညီလျက်ရှိနေပေတော့သည်။

အိမ်ထိန်းသိမ်းစောင့်ရှောက်သူများထံမှ သော့ငှား၍ အိမ်အတွင်းဝင်ရောက်ကြည့်ရှုခဲ့ပါသေးသည်။ ယခုအခါ ထိုအိမ်ကို ဂျော့အော်ဝဲလ် ကသာတွင် နေသည့် ခေတ်ကာလနှင့် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗြိတိသျှတို့ မြန်မာနိုင်ငံကို တိုက်ခိုက်ခဲ့သည့် ကိုလိုနီခေတ်ကာလပြတိုက်အဖြစ် ပြသထားသည်။ Burmese Days စာအုပ်တွင် ဖော်ပြထားသည့် အင်္ဂလိပ်ကလပ် (English Club) မှာလည်း ရှိနေဆဲပင်။ ရဲအရာရှိ ဂျော့အော်ဝဲလ် နေထိုင်ခဲ့သည့် နေအိမ်မှာလည်း တိုက်တိုက်ဆိုင်ဆိုင် မြန်မာရဲအရာရှိတစ်ဦး သိမ်းပိုက်နေထိုင်နေဆဲ ဖြစ်သည်။ နက်ပြာရောင်ရုံးကားကို အိမ်ရှေ့တွင် ရပ်ထားသည်ကို တွေ့ခဲ့ရသည်။

Burmese Days စာအုပ်တွင် ဇာတ်၏ အထွတ်အထိပ်ပိုင်းဖြစ်သော ကသာဘူတာသို့ မိမိပြန်လာခဲ့သည်။ ဝတ္ထုထဲတွင် တပ်ထိန်းအရာရှိဒု-ဗိုလ်ဗာရယ်က သူ့အပေါ် တစ်ဖက်သတ်ချစ်ကြိုက် နေသည့် မိန်းကလေးဖြစ်သူနှင့် လက်ထပ်ရမည့်အရေးကို ရှောင်ရှားလို၍ မန္တလေးသို့ သွားမည့် ရထားပေါ်သို့ တက်ရောက်သွားခဲ့သည်။ တစ်ဖက်သတ်ချစ်ကြိုက်နေသည့် သူမမှာ ဘူတာမှ ထွက်ခွာတော့မည် ဖြစ်၍ နားကွဲမတတ်ဥဩသံပေးကာ အားကုန်သုတ်ရန် စက်ရှိန်မြင့်နေသည့် မီးရထားဘူတာရုံသို့ ရောက်ရှိလာခဲ့သည်။

မိမိမှာ ဘူတာပလက်ဖောင်းတွင် မတ်တတ်ရပ်နေသည့်ဖြစ်ရာ လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ယင်းမြင်ကွင်းကို ပုံဖော်ကြည့်ရန် လွန်ကူလှပါသည်။ ဘူတာရုံရှိ မိုးသစ်ပင်များမှာ ရုံပိုင်ကြီး၏ရုံးခန်းနှင့် ဘူတာပလက်ဖောင်းနှစ်နေရာစလုံးကို ထိုးကာ အရိပ်ပေးလျက်ရှိသည်။ သို့သော် မီးရထားမှာမူ ဂျော့အော်ဝဲလ် စီးခဲ့သလို မန္တလေးသို့ မသွားတော့ပါပေ။ နဘားမြို့သို့သာ ရောက်ပါတော့သည်။ ယင်းမှတစ်ဆင့် မန္တလေးသို့ မောင်းနှင်မည့် တောင်ဘက်ပိုင်းသွား မီးရထားကို ထပ်မံစီးရပါဦးမည်။ ဒီဇယ်စွမ်းအင်သုံးမီးရထားစက်ခေါင်းမှာ တစ်နာရီကီလိုမီတာ ၃၀ အမြန်နှုန်းဖြင့်သာ မောင်းနှင်ရန် လူစီးမီးရထားတွဲအိုတွဲနာများ၏ ကန့်သတ်မှုကို ခံထားရပါသည်။

ခပ်မှန်မှန်တိုးတက်လာနေသည့် မြန်မာစီးပွားရေးအကျိုးအမြတ်များကို ကသာမြို့ရရှိခံစားနိုင်ဖို့ဆိုပါလျှင် တိုးတက်ကောင်းမွန်သော မီးရထားလမ်းသယ်ယူ ပို့ဆောင်ရေးရှိရန် လိုအပ်သည်။ ကသာ အနေနှင့် ယခင်ကရှိခဲ့သော ကိုလိုနီအတိတ်နှင့် ဆက်စပ်မှုကို လျှော့ချ၍ ပို၍ကြွယ်ဝသော အနာဂတ်အတွက် တခါးဖွင့်ထားရပါမည်။ ကသာအတွက် စစ်မှန်သောဆုရလဒ်မှာ တရုတ်အစိုးရ၏ BRI စီမံကိန်းနှင့်ချိတ်ဆက်၍ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်မှုများကို ဆောင်းကြဉ်းလာဖွယ်ရှိသော အိမ်နီးချင်း ယူနန်ပြည်နယ်နှင့် ချိတ်ဆက်ရေးဖြစ်ပါသည်။

လောလောဆယ်တွင်မူ ယင်းသို့ ချိတ်ဆက်ရေးမှာ ခန့်မှန်းရေးသက်သက်သာ ဖြစ်နေဖွယ်ရှိသည်။ တရုတ်နှင့် မြန်မာတို့သည် ယူနန်နှင့် နယ်စပ်မူဆယ်မြို့မှာ မန္တလေးမြို့၊ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် အနောက်တောင်ကမ်းရိုးတန်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်အထိပင် ပါဝင်ဖွယ်ရှိသော အမေရိကန်ဒေါ်လာ ကိုးဘီလီယံကန်ကျမည့် မီးရထားလမ်းတည်ဆောက်ရေးကို သဘောတူညီခဲ့ကြပြီးဖြစ်သည်။ ယင်း အစီအစဉ်မှာ အစဉ်ကြီးမားကျယ်ပြန့်နေသော BRI စီမံကိန်းကြီး၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ ဘေဂျင်းအစိုးရ၏ အင်ပြည့်အားပြည့်ထောက်ခံမှုကို ရရှိထားသည်။ သို့သော် ယင်းအစီအစဉ်အရ တည်ဆောက်မည့် မီးရထားလမ်းမှာ ကသာမြို့ကို ဖြတ်သွားမည် မဟုတ်ပါပေ။

လောလောဆယ်တွင်မူ မြန်မာအစိုးရပိုင် မြန်မာ့မီးရထားက ကသာ – ဗန်းမော်မီးရထားလမ်းကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။ ဗန်းမော်မြို့မှာ တရုတ် ယူနန်ပြည်နယ်မှ ၆၅ ကီလိုမီတာသာဝေးကွာပြီး ကသာမြို့၏ အရှေ့ဘက်ရှိ တစ်ရက်ခန့်သွားရသည့် နေရာတွင် တည်ရှိသည်။ ထို့ပြင် ဗန်းမော်မြို့မှာ တရုတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းအဟောင်းပေါ်တွင် တည်ရှိပြီး တရုတ်မီးရထားလမ်းစနစ်နှင့် မြန်မာနိုင်ငံရှိ အဓိကကျသော မြို့များအကြား ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်ရေးအတွက် ဗန်းမော်မြို့က ထောက်ပံ့ပေးမည်ဟု မြန်မာပြည်သူများကဆိုသည်။

သို့သော် ကသာ-ဗန်းမော်မီးရထားလမ်းပိုင်းမှာ မီးရထားလမ်းများ လက်နက်ကိုင် တိုက်ခိုက်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် မေလတွင် စွန့်ပစ်ခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကို ကချင် KIA သို့မဟုတ် AA လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ဖွယ်ရှိသည်။

ကသာ-ဗန်းမော်ဆက်သွယ်ရေး စီမံကိန်းမှာ လုံးဝအဆုံးသတ်သွားပြီလော သို့မဟုတ် ပြန်လည် အသက်ဝင်ဖွယ်ရှိသေးသလော သို့မဟုတ် BRI စီမံကိန်းနှင့် ပေါင်းစပ်ကောင်း ပေါင်းစပ်ဖွယ်ရှိသလော သို့မဟုတ် ဧရာဝတီမြစ်ကို အသုံးပြု၍ တရုတ်ကွန်တိန်နာများကို ရန်ကုန်နှင့် အိန္ဒိယသမုဒ္ဒရာသို့ ပို့ဆောင်စေနိုင်သည့် တရုတ်၏ သီးခြားပရောဂျက်ဖြစ်လာမည်လောဆိုသည်တို့မှာ ရှင်းရှင်းလင်းလင်း မရှိလှသေးပါ။ ယင်းအတွက် အဖြေမှာ မြန်မာအစိုးရနှင့် တိုင်းရင်းသားခွဲထွက်ရေး လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးသဘောတူညီချက် အလားအလာအပေါ် တစ်စိတ်တစ်ပိုင်းမူတည်နေပါသည်။

အဆုံးသတ်အနေနှင့်ဆိုရပါလျှင် မြန်မာ့စီးပွားရေးပြန်လည်ဆန်းသစ်မှုအသီးအပွင့်များကို ကသာမြို့အနေနှင့် ရိတ်သိမ်းနိုင်ရေး သို့မဟုတ် မြန်မာ့အင်ပါယာသမိုင်းတွင် အရေးပါသာနေရာအဖြစ် ဆက်လက် နာမည်ရေးထိုးနိုင်ရေးဆိုသည်ကို အဆုံးအဖြတ်ပေးမည် သူမှာ ဘေဂျင်းအစိုးရသာ ဖြစ်ပေတော့သည်။

စာညွှန်း။         ။ In Myanmar’s remote north, China is key

ဧကျော်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *