ယုံမှားလွန် လက်သစ်ဆိုရှယ်လစ်ဝါဒ (၂)

မပြိုသည့် မိုး

အန္တရာယ်များသော ရေဒီယိုသတ္တိကြွခြင်းဖြင့် ကုသဖို့လိုအပ်သည့် ‘ကင်ဆာ’ မှာ ဘာဖြစ်မည်နည်း။ လေ့လာဆန်းစစ်ချက် တော်တော်များများ၏အဆိုအရ အမေရိကန်ပြည်ထောင်စုရှိ အိမ်ထောင်တစ်ခုချင်းစီ၏ ပျမ်းမျှဝင်ငွေမှာ ဆယ်စုနှစ်များစွာကပင် တန့်ရပ်နေသည်ဟုဆိုသည်။ အကျိုးဆက်အနေနှင့် ပြီးခဲ့သော မျိုးဆက်နှစ်ခုအတွင်း လူတော်တော်များများ၏ လူနေမှုအဆင့်အတန်းမှာ အကျဘက်ရောက်သွားရတော့သည်။ ဤသို့သော လူနေမှုအဆင့်အတန်း ကျဆင်းခြင်းသည်ပင် အရင်းရှင်စနစ် ရင်ဆိုင်နေရသော ‘ကင်ဆာရောဂါ’ ဟု ဆိုပါသည်။ ဤတွင် မိုးပြို – မပြို အမှန်တိုင်းသိရအောင် ဆိုခဲ့ပါလေ့လာချက်ကို ဟုတ် မဟုတ် မှန် မမှန် စိစစ်ဖို့ အရေးကြီးလာသည်။

၁။ ပထမဆုံးအရေးကြီးသည်မှာ ဝင်ငွေအုပ်စုနှင့်ပတ်သက်သော အတွက်အချက်များမှာ တစ်ဦးချင်းဘ၀များနှင့် အဟပ်ညီ မညီ စိစစ်ဖို့ ဖြစ်ပါသည်။ ဤသို့ ဘာ့ကြောင့် စိစစ်ဖို့လိုသနည်းဆိုလျှင် ဝင်ငွေအုပ်စုအတွင်းရှိ လူများမှာ အမြဲတစေ ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ ဆိုခဲ့ပါ ဝင်ငွေအုပ်စုနှင့် ပတ်သက်သော အတွက်အချက်များကို အမှန်ဟု အသေယူ၍ မရပါချေ။

၂။ အရင်းရှင်စနစ်တွင် ချမ်းသာသူများသာ ပို၍ပို၍ ချမ်းသာလာတတ်သည်ဆိုသော ကောက်ချက်တစ်ခု ရှိပါသည်။ ဤသို့ဆိုသည်နှင့် မချမ်းသာသူများ၏ဘ၀မှာ ပြောင်းလဲတိုးတက်မှုမရှိဟု ဆိုလိုသည်တော့ မဟုတ်ပါ။ မကြာသေးခင်က ပြုလုပ်ခဲ့သော သုတေသနတစ်ခု၏ တွေ့ရှိချက်အရ အလယ်အလတ်ဝင်ငွေရှိသူများ၏ စားသုံးမှုမှာ ရှည်ကြာသော ဝင်ငွေကွာဟမှုရှိနေသော အခြေအနေမှာပင် အကြီးအကျယ် တိုးတက်လျက်ရှိသည်ဟု ဆိုပါသည်။

၃။ ပြီးခဲ့သောမျိုးဆက်နှင့် နှိုင်းယှဉ်လိုက်လျှင် လက်ရှိအိမ်ထောင်စုများမှာ ပို၍သေးငယ်လာသည့်သဘော ရှိပါသည်။ လူတော်တော်များများမှာ တစ်ဦးချင်းနေထိုင်လာကြသလို အိမ်ထောင်ပြိုကွဲမှုများကြောင့် ‘တစ်ဦးချင်းမိဘများ’ ပိုများလာသည်။ ဤအခြေအနေတွင် အိမ်ထောင်တစ်ခုချင်း၏ ပျမ်းမျှဝင်ငွေ တန့်ရပ်သွားနိုင်သော်လည်း တစ်ဦးချင်းဝင်ငွေမှာ အတက်ပြနိုင်ပါသည်။

၎။ လူ့သက်တမ်းရှည်လျားလာသည်နှင့်အမျှ သက်ကြီးရွယ်အိုတို့ ပိုများလာပါသည်။ သူတို့တစ်တွေမှာ မှီခိုသူများဖြစ်၍ ပုံမှန်ဝင်ငွေမရှိဟု ဆိုနိုင်ပါသည်။ သို့တိုင် ‘ပင်စင်’ စသော အစိုးရထောက်ပံ့ငွေများကား ရနေကြသည်။ ဝင်ငွေဆိုရာတွင် လုပ်ခလစာသာမက အစိုးရထောက်ပံ့ငွေများကိုပါ ထည့်တွက်ဖို့လိုပါသည်။

၅။ အစိုးရလွှဲပြောင်းငွေအစီအစဉ်များမှာ ထိပ်ဆုံးမှလူများထက် အောက်ခြေမှလူများ၏ ဝင်ငွေနှင့် အသုံးစရိတ်ကို ပစ်မှတ်ထားပါသည်။
ဤအချက်များကို ခြုံငုံစဉ်းစားလိုက်လျှင် လူသားများ၏ ခေါင်းပေါ်တွင် ကောင်းကင်ကြီးကား အခိုင်အမာရှိနေဆဲဟု ဆိုရမည်သာ ဖြစ်ပါသည်။

တီထွင်ဖန်တီးမှုနှင့်ယှဉ်သော အဖျက်စွမ်းအား

ဆိုခဲ့ပြီးသော ရူးစိုး၏ ထောက်ကွက်ကို ငြင်းဆန်ခဲ့ကြသော စမစ်၏ တပည့်သားမြေးများမှာ ‘ဝင်ငွေမညီမျှမှု’ ဆိုသည်ထက် ‘လူထု၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေး’ ကိုသာ ပိုစိတ်ဝင်စားကြဟန်တူပါသည်။ စမစ်ကိုယ်တိုင် ကြိုတင်နိမိတ်ဖတ်ခဲ့သော ‘လောကလုံးဆိုင်ရာ ကြွယ်ဝမှု’ ဆိုသည်ကို လွတ်လပ်သောဈေးကွက်က အသေအချာဖန်တီးပေးလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ ဤသို့ဖြစ်ရသည်မှာ အရင်းရှင်စနစ်၏ ‘တီထွင်နိုင်စွမ်း’ နှင့် ‘ပြောင်းလဲနိုင်သော အင်အား’ ကြောင့်ဟုလည်း အခိုင်အမာဆိုခဲ့ကြသည်။ သို့နှင့်တိုင် သူတို့တစ်တွေ၏ ခန့်မှန်းချက်ကို အလွယ်တကူခြေရာခံလို့ကား ရလိမ့်မည်မဟုတ်ပါ။ ဤသဘောကို အကောင်းဆုံးရှင်းပြနိုင်သည်မှာ ရွှမ်းပီတာ၏ ‘တီထွင်ဖန်တီးမှုနှင့်ယှဉ်သော အဖျက်စွမ်းအား’ (Creative Destruction) အယူအဆ ဖြစ်ပါသည်။

ဤအယူအဆအရ တက္ခနိုလိုဂျီတွင် တီထွင်ဖန်တီးမှုရှိသလို အဖျက်စွမ်းအားလည်း ရှိသည်။ တက္ခနိုလိုဂျီ၏ တီထွင်ဖန်တီးမှုကြောင့် စီးပွားရေးတက်လာသည်။ သို့တိုင် ထာဝရမဟုတ်။ တစ်ချိန်တွင် အသစ်တီထွင်မှုသက်တမ်းကုန်ပြီး ၎င်းပေါ်အခြေခံထားသော စီးပွားရေးဘ၀တစ်ခုလုံး ပြိုကျသွားတတ်သည်။ သည်လိုနှင့် နောက်ထပ် အသစ်တီထွင်မှုတစ်ခုကို တောင်းဆိုလာရတော့သည်။ သို့အတွက် ‘စဉ်ဆက် မပြတ် တီထွင်ရေး’ နှင့် အဆိုပါ တီထွင်ရေး၏ အေးဂျင့်ဖြစ်သူ ‘စွန့်ဦးတီထွင်အလွှာ မွေးမြူရေး’ မှာ အရင်းရှင်စနစ် ဆက်လက်ရှင်သန်ရေးအတွက် သော့ချက်အကျဆုံးဟု ဆိုပါသည်။

ဤသဘောကို ဘောဂဗေဒပညာရှင် ‘ရပ်စဲလ်ရောဘတ်’ က သက်တမ်းအလိုက် သိပ္ပံတီထွင်မှုပစ္စည်းများနှင့် ယခုလိုရှင်းပြသည်။ ၁၉၇၃ တစ်ဝိုက်က တယ်လီဗေးရှင်းအများစုမှာ Channels ခြောက်ခုလောက်ကို ၂၅ လက်မထက် မကျယ်သော Screen ထက်တွင် ကြည့်ကြရသည်။ ယခုအခါတွင်ကား Screen များမှာ ပိုကျယ်ပြီး ပိုကောင်းလာသည်။ Channels ပေါင်း တစ်ရာကျော်ကို စိတ်ကြိုက်ကြည့်နိုင်သည်။ တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၏ အံ့ဩလောက်အောင် လျင်မြန်လှသော တီထွင်မှုကို ကြည့်လိုက်လျှင်လည်း သိပ္ပံဝတ္ထုတွေအလား ထင်ရသည်။ ထို့နောက် အလွန်အစွမ်းထက်သော ‘စမတ်ဖုန်းများ’။ ဒစ်ဂျစ်တယ်လောက၏ အတွင်းပိုင်းဆက်သွယ်မှုအားလုံးကို သုံးစွဲသူရှေ့မှောက်သို့ အရောက်သယ်ဆောင်ပေးနေသည်။ ဤအရာအားလုံးမှာ တက္ခနိုလိုဂျီ၏ တီထွင်ဖန်တီးမှုနှင့်ယှဉ်သော အဖျက်စွမ်းအားကြောင့် ဖြစ်ပါသည်။

Monty Phthon’s Life of Brian ဆိုသော ရုပ်ရှင်တွင် ရှေးဟောင်း ဂျေရုဆလင်မြို့တော်မှ တော်လှန်ရေးသမားတစ်ယောက်က သူ့နောက်လိုက်တွေကို ယခုလို မေးခွန်းထုတ်လိုက်သည်။ “ရောမတွေက ဒို့အတွက် ဘာများလုပ်ပေးလို့လဲ”။ သူ့မေးခွန်းကို ဘယ်သူမှ မဖြေကြတော့မှ သူ့ဘာသာဖြေသည်။ “လုပ်ပေးတာတွေတော့ အများကြီးပဲ။ မိလ္လာစနစ်၊ ဆေးဝါး၊ ပညာရေး၊ ဝိုင်၊ ဆည်မြောင်း၊ လမ်း၊ ရေသန့် စနစ်၊ ကျန်းမာရေးစောင့်ရှောက်မှု …” သူ့စကားမဆုံးမီ တစ်ယောက်က ထအော်သည်။ “ကျုပ်တို့အတွက် ငြိမ်းချမ်းရေးတော့ ယူမပေးပါဘူးဗျာ…”

ယခုလည်း လက်သစ်ဆိုရှယ်လစ်ဝါဒီများက သူတို့မနှစ်မြို့သော ဘီလီယံနာများ၊ တက္ခနိုကုမ္ပဏီကြီးများကို ယခုလို မေးခွန်းထုတ်နေသည်။ “Amazon, Apple, Facebook, Google, Microsoft နဲ့ အလားတူ ကုမ္ပဏီကြီးတွေက လူထုအတွက် ဘာတွေများလုပ်ပေးလို့ လဲ …” အရာအားလုံး ဖန်တီးမပေးနိုင်သည့်တိုင် ခေတ်သစ်ဒစ်ဂျစ်တယ် အံ့ဩဖွယ်ရာတော်တော်များများကိုမူ ဆောင်ကြဉ်းပေးလျက်ရှိသည်မှာ သေချာပါသည်။

အင်ဂျင်ပိတ်သင့်၊ မပိတ်သင့်

အရင်းရှင်စနစ်က ချမ်းသာကြွယ်ဝမှု၊ ပုဂ္ဂလိကလွတ်လပ်မှု စသော စီးပွားရေး၊ လူမှုရေးစွမ်းအားများကို မောင်းနှင်ဖော်ထုတ်ပေးပါသည်။ တစ်ပြိုင်နက်တည်းမှာပင် အစဉ်အလာနှင့် တည်ငြိမ်မှုကိုလည်း တိုက်စားဖျက်ဆီးသွားတတ်သည်။ ဤစနစ်က ရေရှည်တွင် လောကလုံးဆိုင်ရာအကျိုးကျေးဇူးများကို ဖန်တီးပေးမည်မှာ သေချာသော်လည်း ခရီးတစ်လျှောက်လုံးတွင်မူ ဆင်းရဲချမ်းသာကွာဟမှုနှင့် မတည်ငြိမ်မှုများကို ရှောင်လွှဲလို့ရမည်တော့ မဟုတ်ပါချေ။ စမစ်မှအစ ဤစနစ်ကို ကာကွယ်ခဲ့ကြသူအဆက်ဆက်မှာ ကောင်းကွက်များကို ဖော်ထုတ်ခဲ့ကြသလို ဆိုးကွက်များကိုလည်း လက်ခံခဲ့ကြသည်သာ ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုရေးသဟဇာတဖြစ်မှုတို့ကို ထိန်းသိမ်းနိုင်စွမ်းကို အသိအမှတ်ပြုခဲ့ကြသည်။ အရင်းရှင်စနစ်၏ အားနည်းချက်များကို ဂုဏ်သိက္ခာရှိရှိ ထောက်ပြခဲ့ကြသူများမှာလည်း ဤစနစ်၏ အံ့ဩဖွယ် စီးပွားရေးတိုးတက်မှု၊ တီထွင်မှုနှင့် အောင်မြင်တိုးတက်သော လှုပ်ရှားမှုများကို တလေးတစား သိမှတ်လက်ခံခဲ့ကြသည်သာ ဖြစ်သည်။ ဈေးကွက်ကို ဖျက်သိမ်းဖို့ထက် ယဉ်ပါးအောင် မွေးမြူနိုင်ဖို့သာ နည်းလမ်းရှာခဲ့ကြသည်က များပါသည်။

သို့တစေ ဤသို့ တလေးတစား ဝေဖန်ထောက်ပြသူများထဲတွင် လက်သစ်ဆိုရှယ်လစ်ဝါဒီများ ပါသည်တော့မဟုတ်ပါ။ အခြေခံကျကျ ပြောရလျှင် သူတို့တစ်တွေမှာ ‘စနစ်၏ စွမ်းအားကို ရေရှည်တည်တံ့ခိုင်မြဲစေရေး’၊ ‘အဲန်ထရာပရာနောအလွှာ၏ ပုဂ္ဂလိကကဏ္ဍ’၊ ‘အမြတ်အတွက် ရင်းနှီးမြှုပ်နှံရေး’ တို့ကို စိတ်ဝင်စားကြသည်မဟုတ်ပါ။ ပြောရလျှင် ‘တစ်ရက် ရွှေဥတစ်လုံး မှန်မှန်ဥရေး’ ကိုသာ စိတ်ဝင်စားပြီး ရွှေဥ ဥပေးသော ငန်း၏ ကျန်းမာရေးကိုမူ ဂရုစိုက်ရကောင်းမှန်း မသိကြသူတွေ ဖြစ်ပါသည်။ သူတို့က ဆင်းရဲချမ်းသာကွာဟမှုကို စက်ဆုပ်ကြသည်။ ဤသည်ကို ဖယ်ရှားနိုင်ရန် အရိုးရှင်းဆုံးသောနည်းလမ်းကို တိုက်ရိုက်အကျဆုံး အကောင်အထည်ဖော်ခဲ့ကြသည်။ ထိပ်ဆုံးမှလူများ၏ ဓနကို လျှော့ချဖြတ်တောက်လိုက်ခြင်း ဖြစ်ပါသည်။

အထူးသဖြင့် လက်သစ်ဆိုရှယ်လစ်ဝါဒအနေနှင့် ယနေ့ ထိပ်တက်နေသော ‘ရာသီဥတု အပြောင်းအလဲ’ (Climate Change) ပြဿနာကို ကိုင်တွယ်နိုင်မည့်ပုံ မရှိပါ။ ဤပြဿနာကို ရင်ဆိုင်နိုင်ရန်အတွက် ထိရောက်သော အစိုးရပေါ်လစီနှင့် ရင်းနှီးမြှုပ်နှံမှုတို့ အမှန်ပင်လိုပါသည်။ သို့နှင့်တိုင် အမှန်တကယ်ရှိနေသော ပြဿနာအများစု ဖြေရှင်းရေးနှင့် အသစ်တီထွင်ရေးအတွက်မူ ပုဂ္ဂလိကကဏ္ဍမှာ မလွဲမသွေ လိုအပ်ပါသည်။ ဤအတွက် အရင်းရှင်စနစ်၏ တီထွင်မှုအင်ဂျင်ကို ပိတ်ပစ်လို့ မဖြစ်ပါ။ အင်ဂျင်အားကောင်းသန်စွမ်းနေမှ အခက်ခဲပေါင်းစုံကို ကျော်ဖြတ်နိုင်ပါလိမ့်မည်။ 

 

ကျော်ဝင်း

၎ ဖေဖော်ဝါရီ၊ ၂၀၂၀

စာညွှန်း – The Neosocialist Delusion
(Jerry Z. Muller)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *