ဘုရင့်နောင်ပွဲရုံပြောင်းရွှေ့မည့်နေရာ မြေယာလျော်ကြေးကိစ္စ ပြည်ထောင်စုအစိုးရထံ တင်ပြထားဟုဆို

ဘုရင့်နောင်ပွဲရုံပြောင်းရွှေ့မည့်နေရာ မြေယာလျော်ကြေးကိစ္စ ပြည်ထောင်စုအစိုးရထံ တင်ပြထားဟုဆို

ရန်ကုန်၊ ဇွန် ၁၆

ဘုရင့်နောင်ပွဲရုံနှင့်ကုန်တင်ယာဉ် ရပ်နားစခန်း ပြောင်းရွှေ့မည့်နေရာ၏ မြေယာလျော်ကြေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ စာတင်ထားကြောင်း စီမံကိန်းမြေနေရာမှ လယ်သမားများက   ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းကို ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်အနီး မြေဧက ၁၆၉ ဒသမ ၉ ဧကပေါ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေ ပြီး မြေယာလျော်ကြေး ၂၀ ရာခိုင်နှုန်းခန့် ပေးမည်ဟု   ပြောဆိုထားခြင်းအပေါ် ၅၀ ရာခိုင်နှုန်းအထိရရှိရန် တင်ပြတောင်းဆို ခြင်းဖြစ်သည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်းမယ်လို့ပြောတယ်။ အစိုးရအဖွဲ့ကို တွေ့ ခွင့်တောင်းပေမယ့် တွေ့ ခွင့်မရဘူး။ ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်” ဟု စီမံကိန်းမြေနေရာမှ လယ်သမား ဦးရဲကျော်ဇော ကဆိုသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့သို့ စာပေးပို့ တောင်းဆိုထားပြီး တစ်စုံတစ်ရာအကြောင်း ပြန်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းမြေနေရာသည် တပ်မတော်ပိုင် မြေကို ငှားရမ်းအသုံးပြုခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ဗဟိုကော်မတီက နှစ် ၃၀ ဖြင့်ငှားရမ်းကာ ပွဲရုံပိုင်ရှင်များကို ၂၅ နှစ် မြေငှားဂရန်ဖြင့် ငှားရမ်းပေးထားသည်။

လက်ရှိတွင် ဂရန်သက်တမ်းပြည့် သဖြင့် ပွဲရုံကို ပြောင်းရွှေ့ရန်စီစဉ်ခြင်း ဖြစ်သော်လည်း ပွဲရုံလုပ်ငန်းရှင်များ၏ ကန့်ကွက်မှုကြောင့် မြေငှားဂရန် တစ်နှစ် သက်တမ်းတိုးပေးထားသည်။ သို့သော် လည်း ယင်းပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းပြောင်းရွှေ့ရန် စီစဉ်နေခြင်းကြောင့် လယ်ယာမြေလျော်ကြေးကိစ္စကို ဖြေရှင်း ပေးရန် လယ်သမားများက တောင်းဆို လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဘုရင့်နောင်ကုန်စည် ဒိုင်ပြောင်းရွှေ့ရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက်နေကြောင်း ပြီးခဲ့သည့် မေလ ၂၀ ရက်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြောဆိုထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *