မြန်မာတွင် စင်ကာပူဘတ်စ်ကားထုတ်မည်

မြန်မာတွင် စင်ကာပူဘတ်စ်ကားထုတ်မည်
ရန်ကုန်၊ ဇွန် ၁၆
မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ဘတ်စ်ကားများ ထုတ်လုပ်မည်ဖြစ် ကြောင်း စင်ကာပူသတင်းစာ The Straits Times က ဖော်ပြသည်။
စင်ကာပူကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော SC Auto က အမေရိကန် ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမည့် စက်ရုံကို တည်ဆောက်မည်ဖြစ်ပြီး ယင်းသို့ တည်ဆောက်ရန် စင်ကာပူအပြည်ပြည် ဆိုင်ရာ အင်တာပရိုက်စ် (IE) က ထောက်ပံ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
SC Auto သည် မြန်မာနိုင်ငံသို့ ဘတ်စ်ကားများ တင်ပို့လျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး လာမည့်နှစ် နောက်ဆုံး လေးလပတ်အတွင်း ထုတ်လုပ်မှုများ စတင်ရန် မျှော်မှန်းထားကြောင်း The Straits Times က ဆိုသည်။
မြန်မာနိုင်ငံတွင် တည်ထောင်မည့် အဆိုပါစက်ရုံသည် စတုန်းရန်မီတာ ၁၆,၀၀၀ ရှိပြီး အဆိုပါစက်ရုံမှ မြန်မာနိုင်ငံ နှင့် ဒေသတွင်းနိုင်ငံများ၏ ဝယ်လိုအား မြင့်မားလာမှုကို ဖြည့်ဆည်းပေးနိုင်မည်ဟု SC Auto က ဇွန်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါကြေညာချက်သည် (၆) ကြိမ်မြောက် စင်ကာပူ-မြန်မာ ဝန်ကြီးများအဆင့် ပူးတွဲကော်မတီ အစည်း အဝေးများကျင်းပသည့် ဇွန် ၈ ရက်နေ့ နောက်ပိုင်းတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
SC Auto သည် စင်ကာပူနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်ကြာလည်ပတ်လျက် ရှိသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်း ပတ်အတွင်းကပင် တောင်ကိုရီးယား ဒေဝူးကုမ္ပဏီထံမှ နည်းပညာဝယ်ယူ၍ မြန်မာကုမ္ပဏီဖြစ်သော Myanmar Trade Center က ဘတ်စ်ကားနှင့် မီနီ ဘတ်စ်များကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံ၍ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးကျော်စွာသိမ်းက The Voice သို့ ပြောကြားထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *