တစ္ဆေတစ်ကောင်ကို တိုက်ခိုက်ခြင်း

တစ္ဆေတစ်ကောင်ကို တိုက်ခိုက်ခြင်း
အောင်မျိုးထက်

၁။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင် သည့်အစိုးရလက်ထက်အတွင်း ပထမဆုံးအကြိမ်အဖြစ် သတင်း မီဒီယာသမားများ အုံနှင့်ကျင်းနှင့်လမ်းပေါ်သို့ရောက်ရှိ လာသည်။
မကြာသေးခင်လများမှစ၍သတင်း လွတ်လပ်မှုဆုံးရှုံးလာနေခြင်းအပေါ်ပြန်လည်တွန်းလှန်လိုသည့်အကြောင်းရင်းနှင့် ဖြစ်သည်။
“ဒီနေ့ကတော့သတင်းသမားတွေအများကြီးပါဝင်တယ်။တက်ညီလက်ညီ ဆေးခြယ်တာတွေ ရော၊စာဝေတာတွေရော အရင်နေ့တွေထက်စာရင်ပိုပြီးတော့လုပ် လာတယ်။တက်တက်ကြွကြွအားလုံး လည်းပါတယ်” ဟုမြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှဦးဆောင် သူတစ်ဦးဖြစ်သူ ကိုဂျေပိုင်ကဆိုသည်။
ကိုဂျေပိုင်သည် DVB သတင်း ဌာန၏ရုပ်သံသတင်းထောက်တစ်ဦး ဖြစ်သည်။
‘’မိုးရွာနေတဲ့ကြားထဲက လာကြ တယ်” ဟု၎င်းကဆိုသည်။
ဇွန်လ၁၆ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ်တစ်ခွင်တွင်မိုးရွာနေသည်။ ရာဂဏန်းမျှရှိသောပြည်တွင်း ပြည်ပသတင်းဌာနပေါင်းစုံမှသတင်းသမားများက မိုးဖွဲများအောက်တွင်စုဝေးကာ ပုဒ်မ၆၆(ဃ)ကို ဖျက်သိမ်းရေး အတွက်လှုပ်ရှားကြခြင်းဖြစ်သည်။
၂။
၆၆(ဃ)ဖြင့်အမှုဖွင့်တိုင်တန်းခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် The Voice Daily နှင့် Weekly တို့၏အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ၏အာမခံ လျှောက်ထားမှုကို တရားရုံးကထပ်မံ ပယ်ချလိုက်ပြန်သည်။
ဇွန်လ၁၆ရက်နေ့နံနက်က ဦးကျော်မင်းဆွေကို ဒုတိယအကြိမ်ရုံးထုတ် စစ်ဆေးစဉ် ပယ်ချခဲ့ခြင်းဖြစ်သည်။
တရားဝင်မှတ်ပုံတင်ထားသည့်သတင်းစာတွင်ပုံနှိပ်ဖော်ပြခဲ့သည့်သရောစာတစ်ပုဒ်ကို အင်တာနက်စာ မျက်နှာတွင်ထပ်မံဖြန့်ဝေမှုဖြင့် တပ်မတော်ကအမှုဖွင့်တိုင်တန်းခဲ့မှုအတွက် အယ်ဒီတာချုပ်ဦးကျော်မင်းဆွေကို ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ရက်သတ္တနှစ်ပတ်တိုင်ပြီ ဖြစ်သည်။
အမှုကိုစစ်ဆေးသည့်ဗဟန်းမြို့နယ် တရားရုံးသို့သတင်းသမားရာဂဏန်း ဝန်းကျင်လာရောက်ခဲ့သော်လည်း တရား ခွင်အတွင်းသို့သတင်းသမားငါးဦးသာ ဝင်ရောက်ခွင့်ရခဲ့သည်။
ယင်းသို့ဝင်ရောက်ခွင့်ပြုရန်တရားရုံးတာဝန်ရှိသူများထံ တောင်းဆိုခဲ့မှုကြောင့်သာ ဝင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်မင်းဆွေ၏ဥပဒေအကြံပေးအဖြစ်လိုက်ပါဆောင်ရွက်နေသူ ဦးခင်မောင်မြင့် ကဆိုသည်။
အဆိုပါသတင်းသမားထိုင်ရန် အတွက် ထိုင်ခုံများကိုပင် ပြင်ပမှ သွားရောက်ဝယ်ယူခဲ့ရကြောင်း၎င်းကဆိုသည်။
၁၅ပေxပေ၂၀ဝန်းကျင်ကျယ်ဝန်းသည့် တရားခွင်သည်တရားစွဲခံရသူနှင့်မိသားစုဝင်များ၊ရှေ့နေများ၊တရားလို ရှေ့နေ၊တရားသူကြီးနှင့်တရားရုံးစာရေး တို့အပါအဝင် သတင်းမီဒီယာသမားများ စုစုပေါင်းလူ၂၀ခန့်နှင့်ပင် ပြည့်ကျပ်သွားသည်။
တရားလို၏ရှေ့နေက ကနဦးလျှောက်လဲသည်။ အဆိုပါအမျိုးသမီးရှေ့နေ၏လျှောက်လဲမှုသည် တိုးညှင်း လွန်းပြီး တရားခွင်တွင်း ရှိနေကြသူများအနေနှင့်ကောင်းစွာမကြားရ။
ယခုအမှုသည်အာမခံပေး၍ မရသည့်အမှုဖြစ်ကြောင်း တစ်စွန်းတစ်စသာ ကြားရသည်။ ယင်းနောက် တရားစွဲခံရသူဘက်မှ ရှေ့နေက အာမခံပေးရေးအတွက်လျှောက်လဲသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ တရားစွဲခံရသူသည်ထွက်ပြေးမည့်သူ မဟုတ်ခြင်း၊ ဂုဏ်သိက္ခာကြီးမားသူဖြစ် ခြင်း၊လုပ်ငန်းတာဝန်များပြားခြင်း၊ အမှု နှင့်သက်ဆိုင်သည့်သက်သေများကိုဖျက်ဆီးမည့်သူ မဟုတ်ခြင်း၊ အမှုအပေါ်ဩဇာလွှမ်းမိုးနိုင်သူ မဟုတ်ခြင်းစသည့်အချက်များကြောင့် အချုပ်လွတ်တရားရင်ဆိုင်ခွင့်ပြုရန် (အာမခံပေးရန်)ရှေ့နေက လျှောက်လဲသည်။
သို့သော် တရားသူကြီးက ယင်း လျှောက်လဲချက်ကို ပယ်ချလိုက်သည်။
အမှုသည် အာမခံပေး၍မရသည့် အမှုဖြစ်သည့်အပြင်တရားခံဘက်က တင်ပြသည့် ဆေးစာမပြည့်စုံ ဟူသည့် ခပ်တိုတို အကြောင်းပြချက်နှစ်ခုနှင့်ဖြစ်သည်။
တရားသူကြီး၏အကြောင်းပြချက်သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကိုမျက်ကွယ်ပြုရာရောက်ကြောင်းဥပဒေ အကြံပေးဦးခင်မောင်မြင့်ကဆိုသည်။
“တရားစီရင်ရေးကို အလွဲသုံးလိုက်တယ်လို့ ကျွန်တော်တို့ဒီအတိုင်းပဲမြင်တယ်”
သရော်စာဖော်ပြမှုဖြင့် ကနဦးတွင် အယ်ဒီတာချုပ်ဦးကျော်မင်းဆွေအပြင် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင် (ကိုကျော်စွာနိုင်) ကိုပါ တပ်မတော်က ပုဒ်မ၆၆(ဃ)ဖြင့်အမှုဖွင့်ခဲ့ပြီး ဗဟန်း ရဲစခန်းက ၎င်းတို့နှစ်ဦးစလုံးကိုဇွန်လ၂ရက်နေ့မှစ၍ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
သို့သော်ယနေ့ရုံးထုတ်ချိန်တွင်ဗြိတိသျှကိုကိုမောင်မှာ ယင်းအမှုမှတရားသေ လွတ်မြောက်ခဲ့သည်။
သရော်စာရေးသားသူအပေါ်ပုဒ်မ၆၆(ဃ)နှင့်အရေးယူခွင့်မရှိဟု ဆက်သွယ်ရေးဥပဒေနှင့်အဓိကသက်ဆိုင်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက မှတ်ချက်ဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်က ပုံနှိပ်မီဒီယာမှာ ရေးတဲ့သူဖြစ်တဲ့အတွက်ဒီဆက်သွယ်ရေး ဥပဒေအရ စွဲဆိုရန်မသင့်ပါဘူးဆိုပြီး သူက မှတ်ချက်ပြန်ကြားလာတယ်” ဟုဗြိတိသျှကိုကိုမောင်က ဆိုသည်။
ယင်းမတိုင်မီက သတင်းမီဒီယာတွင် ဖော်ပြခြင်းအတွက် သက်ဆိုင်ရာအယ်ဒီတာချုပ်တွင်ပင် တာဝန်ရှိသည်ဟု ဦးကျော်မင်းဆွေကလည်း ရဲစခန်းတွင် ထွက်ဆိုထားခဲ့သေးသည်။
သူ့အနေနှင့်မျှတသည့်တရားစီရင်ရေးအောက်တွင်ရောက်ရှိနေသည်ဟု မခံစားရကြောင်း အာမခံပယ်ချခံရပြီး နောက်ဦးကျော်မင်းဆွေကပြောဆိုသည်။
“တရားစီရင်ရေးမဏ္ဍိုင်အောက်က ဝန်ထမ်းတစ်ဦးအနေနဲ့ဥပဒေနဲ့အညီအာမခံလျှောက်ထားမှုမှာ ဒီအမှုက အာမခံပေးသင့်မပေးသင့်ဆိုတာ တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ရမယ်။ တရားသူကြီးက အာမခံ ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ ဒါသူ့သမိုင်း သူရေးတာပါ။ နိုင်ငံ့ဝန်ထမ်းနိုင်ငံက ထောက်ပံ့တဲ့ လစာစားနေတဲ့ဝန်ထမ်း၊ အထူးသဖြင့်တရားစီရင်ရေးပိုင်း မှာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်း တွေက သာမန်ပြည်သူတွေထက်သူတို့ တွေက မိမိလုပ်ဆောင်ချက်၊မိမိပြော စကားတွေမှာပါ တရားဥပဒေကျကျရှိရမယ်၊ ပြောဆိုရမယ်။သမာသမတ်ကျရ မယ်။ဒါပဲကျွန်တော်ပြောချင်ပါတယ်”ဟုလည်း သတင်းမီဒီယာများသို့ပြောဆိုခဲ့သည်။
၃။
၆၆ (ဃ)သည်ဆက်သွယ်ရေး ဥပဒေတွင်ပါဝင်သည့် ပုဒ်မတစ်ခုဖြစ်ပြီး၂၀၁၃ခုနှစ်ကပြဋ္ဌာန်းခဲ့သည့်ဥပဒေ တစ်ခုဖြစ်သည်။
အဆိုပါပုဒ်မသည် သတင်းလွတ်လပ်ခွင့်အပါအဝင် ပြည်သူတို့၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်များကိုပါ ရဲတင်းစွာ ခြိမ်းခြောက်နေပြီး အငြင်းပွားမှုများနှင့်ရှုပ်ထွေးမှုများ မကြာခဏပေါ်ပေါက်စေသည့် ပြဋ္ဌာန်း ချက်လည်း ဖြစ်သည်။
၂၀၁၆ခုနှစ်၊ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကအစိုးရအဖြစ် တာဝန်ယူ လိုက်ပြီးနောက်ပိုင်း၆၆(ဃ)ဖြင့်တရား စွဲဆိုခံရသည့်ပြည်သူများ၊သတင်းမီဒီယာ သမားများတစ်စစ များပြားလာသည်။
ယခုနှစ်ပိုင်းအတွင်းပုဒ်မ၆၆(ဃ)ဖြင့်အမှုဖွင့်တိုင်တန်းသည့်ဖြစ်ရပ်များ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး စုစုပေါင်းအမှု ပေါင်း၇၀နီးပါးအထိ ရှိလာနေပြီဖြစ်သည်။ အမှုများအနက် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော်အသိုင်းအဝိုင်းနှင့် လက်ရှိအာဏာရပါတီဝင်များက တိုင်တန်းမှုများပါဝင်ပြီး သတင်းမီဒီယာ များအပေါ်တိုင်တန်းမှုများလည်း ပါဝင်သည်။
ယမန်နေ့ကပင် မကွေးတိုင်းဒေသကြီးအခြေစိုက်သတင်းသမားလေးဦး တစ်ပြိုင်နက်ထဲ အမှုဖွင့်ခံလိုက်ရသည်။
ပြည်တွင်းနိုင်ငံရေး သုတေသန ဂျာနယ်တစ်စောင်၏စာရင်းအရ ၆၆(ဃ)ဖြင့် တရားရင်ဆိုင်နေရသည့် သတင်းသမား ၁၄ဦး ရှိပြီး အထက်ပါလေးဦးအပါအဝင် ဆိုလျှင်၁၈ဦးဖြစ်သည်။
အင်တာနက်စာမျက်နှာတစ်ခုခု သို့မဟုတ် ဆက်သွယ်ရေးကွန်ရက်တစ်ခုခု ကိုအသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်ခြင်း၊အသေရေဖျက်ခြင်း၊နှောင့်ယှက်ခြင်း၊မလျော်ဩဇာသုံးခြင်း များမှကာကွယ်ရန်ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင်ဥပဒေ၏နောက်ဆက်တွဲအဖြစ် ပြဿနာများစွာ ရှိနေသည်။
ယင်းပုဒ်မကို ရဲအရေးပိုင်သည့်အမှုအဖြစ် သတ်မှတ်ထားရာ အမှုဖွင့်ခံရသူကို ဖမ်းဆီးထိန်းသိမ်းကာ အချုပ်အနှောင် အတွင်းမှတရားရင်ဆိုင်စေခြင်းကို တရားသူကြီးများက ခွင့်ပြုနေခြင်းက ပြဿနာ၏ ပင်မအချက်တစ်ခုဖြစ်သည်။
၎။
အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချလိုက်ပြီးနောက် သတင်းသမားများသည် မြို့လယ်သို့ပြောင်းရွှေ့စုဝေးကြသည်။ ပုဒ်မ ၆၆(ဃ)ဖျက်သိမ်းရေးနှင့်ဖျက်သိမ်းရန်လိုအပ်သည့်အကြောင်း အချက်များကို ရှင်းလင်းထားသည့် စာရွက်များကို သတင်းသမားများကလမ်း သွားလမ်းလာများကို လိုက်လံဝေငှသည်။
လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ကပင် သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် သတင်းသမားများက လှုပ်ရှားနေခဲ့ခြင်းဖြစ်ပြီး ‘သတင်းလွတ်လပ်ခွင့် ရှိရမည်’ စာတန်းပါရှိသည့်အဖြူရောင် လက်ပတ်ဖြန့်ဝေကာ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင် လှုပ်ရှားနေခြင်းဖြစ်သည်။
လှုပ်ရှားမှုနှင့်အတူ အဆိုပါကော်မတီက အစိုးရကို အချက်သုံးချက် တောင်းဆိုထားသည်။
၆၆(ဃ)အပါအဝင်တရားမျှတခြင်းမရှိသည့် ဥပဒေများ ဖျက်သိမ်းပြင်ဆင် ရေး၊၆၆(ဃ)နှင့်တရားစွဲဆိုထားမှုများကို ရုပ်သိမ်းပေးရေး၊တောင်းဆိုချက်များ ရရှိရေးအတွက် ပြည်သူများနှင့်ပူးတွဲ အကောင်အထည်ဖော်ရေးတို့ဖြစ်သည်။
ယခုမူလှုပ်ရှားမှုကို အရှိန်မြှင့်တင်လိုက်ခြင်းဖြစ်ပြီး လမ်းပေါ်သို့ထွက်လာ ခြင်းဖြစ်သည်ဟု ကိုဂျေပိုင်ကဆိုသည်။
သရော်စာရေးသားသူကို လွှတ်လိုက်ပြီး ဖော်ပြသူကိုဖမ်းဆီးထားမှုနှင့် ပတ်သက်၍ဥပဒေအပေါ်တွင်စိတ်ရှုပ် ထွေးရပြီး နားမလည်ကြောင်း၎င်းကဆိုသည်။
“ဒီဥပဒေနဲ့ပတ်သက်ပြီး တော်တော်ရှုပ်ထွေးနေတယ်၊နားလည်ရခက်တယ်၊ဥပဒေက လိုတစ်မျိုး မလိုတစ်မျိုးလုပ်လို့ရသလား၊ဒီဥပဒေတွေကိုကျွန်တော် နားလည်ရ ပိုခက်လာတယ်”
ယင်းနေ့လှုပ်ရှားမှုကို လားရှိုး၊မန္တလေး၊ပုသိမ်၊နေပြည်တော်နှင့်ပြည်တို့မှသတင်းသမားများလည်းပူးပေါင်း ပါဝင်ခဲ့သည်။
၆၆(ဃ)သည်တော်တော် ကမောက် ကမနိုင်သည်ဟု NHK သတင်းဌာနမှဦးသီဟသွေးကလည်းပြောဆိုသည်။
“ဒီဟာက တော်တော်ရယ်စရာဗျ။ ဆောင်းပါးမှာပါတဲ့အကြောင်းအရာ တွေကအဖွဲ့အစည်းတစ်ခုကိုဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်လို့ပြောပေမယ့် ဆောင်းပါးကို တကယ်ရေးတဲ့သူကျတော့ဥပဒေနဲ့မငြိဘဲ လွတ်သွားပြီးတော့ဆောင်းပါးကိုပြန်လည်ဖော်ပြတဲ့၊အွန်လိုင်းမှာ ပြန်လည်ဖော်ပြတယ်ဆိုပြီးတော့ ဒီအမှုကိုရင်ဆိုင် နေရတဲ့ကိစ္စကတော်တော်ကို အမြီး အမောက်မတည့်တဲ့ကိစ္စပဲ”
၅။
တပ်မတော်အစိုးရများလက်ထက် သတင်းလွတ်လပ်ခွင့်များနှစ်ပေါင်းများ စွာ ဆုံးရှုံးခဲ့ရပြီး၂၀၁၁ခုနှစ်တွင်အစိုးရ သစ်တစ်ရပ် ပေါ်ပေါက်လာကာ စာပေ စိစစ်ရေးဌာနကို ဖျက်သိမ်းခဲ့ပြီးနောက်သတင်းလွတ်လပ်ခွင့်ရောင်နီများမြန်မာ နိုင်ငံတွင်မြင်တွေ့လာရသည်။
ကမ္ဘာတစ်ဝန်းက သတင်းသမား များဖြင့်ဖွဲ့စည်းထားသည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကပြုစုထုတ်ပြန်သည့် ကမ္ဘာတစ်လွှားသတင်း လွတ်လပ်ခွင့် အညွှန်းကိန်းများတွင်လည်းမြန်မာနိုင်ငံအနေနှင့်အဆင့်များတိုးတက် လာခဲ့သည်။ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၅ခုနှစ်တွင်နိုင်ငံပေါင်း၁၈၀အနက်အဆင့်၁၄၄တွင်ရှိနေခဲ့ပြီး၂၀၁၆ခုနှစ် တွင်၁၄၃သို့ရောက်ရှိခဲ့ပြီးတစ်ဆင့်တက် လာခဲ့သည်။ယခု၂၀၁၇ခုနှစ်အတွက်ထုတ်ပြန်ရာတွင်မြန်မာနိုင်ငံအနေနှင့်ယခင်နှစ်ထက်၁၂ဆင့်ခုန်ကျော်ကာ အဆင့်၁၃၁တွင်ရပ်တည်နိုင်ခဲ့သည်။
သို့သော်အဆိုပါအညွှန်းကိန်းထုတ်ပြန်ချိန်တွင်ယခုဖြစ်ရပ်များဖြစ်ပွားခြင်း မရှိသေးပေ။
ပြည်တွင်းမီဒီယာအဖွဲ့အစည်း တစ်ခုဖြစ်သည့် PEN MYANMAR အပါအဝင်အဖွဲ့၁၄ခုကကောက်ယူထားသည့်စစ်တမ်းအရ NLD အစိုးရသစ် လက်ထက်တစ်နှစ်တာအတွင်း မြန်မာ့ သတင်း လွတ်လပ်ခွင့်အခြေအနေသည် ပြီးခဲ့သည့် အစိုးရလက်ထက်ထက်ပင်ဆုတ်ယုတ်လာနေသည်။
အစိုးရအနေနှင့်မီဒီယာကိုတမင် ဖိနှိပ်နေသည်ဟု မဆိုနိုင်သော်လည်း လုပ်ဆောင်မှုများသည်မီဒီယာလောက အတွက် ကသောင်းကနင်းနိုင်သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဦးမြင့်ကျော်ကဆိုသည်။
မီဒီယာဖွံ့ဖြိုးရေးအပါအဝင်မီဒီယာကို ကန့်သတ်ဖိနှိပ်သည့်ဥပဒေများ နှင့်ပတ်သက်၍လည်း အစိုးရကပျက်ကွက်သည်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့ မျှော်လင့်ထားတဲ့ဥပဒေပိုင်းတွေမြန်မြန်ဆန်ဆန် တိုးတက် လာဖို့၊ဖြည့်စွက်ဖို့။အဲဒီအပိုင်းတွေက တော်တော်လေးနှေးကွေးတယ်”
၆၆(ဃ)ကို ဖျက်သိမ်းခြင်းနှင့် အတူ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရေးအပါအဝင် သတင်းမီဒီယာသမားများက ပြင်ဆင်ရန်လိုလားနေသည့် အခြားဥပဒေများလည်း ရှိနေသေးသည်။
သတင်းမီဒီယာဥပဒေ၊ရုပ်သံ ဥပဒေ၊ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅(ခ)၊ပုံနှိပ်နှင့်ထုတ်ဝေရေးဆိုင်ရာဥပဒေ၊ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ စသည့်သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ကန့်သတ်သော ဥပဒေများဖြစ်သည်။
ယင်းဥပဒေများ ပြင်ဆင်ရန်အတွက် နိုင်ငံတကာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း တိုက်တွန်းထားသည်။
အစိုးရအဖွဲ့ တာဝန်ရှိသူအချို့နှင့်သူရဦးရွှေမန်း ခေါင်းဆောင်သည့်ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကမူ ၆၆(ဃ)ကိုပြင်ဆင်ရန်ပြောဆိုမှုများ ပြုလုပ်ထားသည်။
၆။
သတင်းသမားများစုဝေးကာ လမ်းပေါ်ထွက်လာခြင်းသည် အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးဖြစ်သည်။
ယခင်အစိုးရ လက်ထက်ကမူ ၂၀၁၂ခုနှစ်The Voice နှင့် Envoy ဂျာနယ်တို့ထုတ်ဝေခွင့်ယာယီ ပိတ်ပင်ခံရ တုန်းက တစ်ကြိမ်၊၂၀၁၃ခုနှစ်တွင်မီဒီယာ လောကနှင့်အစိုးရအကြား မကျေလည်မှု ကြောင့် တစ်ကြိမ်၊ Unity ဂျာနယ်မှသတင်းထောက်များ ဖမ်းဆီးထောင်ချ ခံရခြင်း၊ Eleven သတင်းဂျာနယ်မှနယ်သတင်းထောက်ထောင်ချခံရခြင်း၊လက်ပံတန်းကျောင်းသားအရေးအခင်း တွင်သတင်းထောက်နှစ်ဦးထိန်းသိမ်းခံ ရခြင်းစသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ လမ်းပေါ် ထွက်ခဲ့ကြဖူးသည်။
အဓိကအားဖြင့်သတင်းသမားများ မတရားပြုကျင့်ခံရပြီဟုရှုမြင်လာကြချိန် တွင်၎င်းတို့၏လမ်းပေါ်ထွက်လှုပ်ရှားမှု များ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဦးမြင့်ကျော်က သုံးသပ်သည်။
“တစ်ခုကတော့မီဒီယာဘက်က တကယ်ကို ကျင့်ဝတ်နဲ့အညီရေးတယ်၊အဲဒါကို အစိုးရကသော်လည်းကောင်း၊အာဏာပိုင်အဖွဲ့အစည်း တစ်ခုခုက သော်လည်း ကောင်းအရေးယူတယ်၊မတရားသဖြင့်ပေါ့၊ မလိုအပ်ဘဲနဲ့ပြင်းထန်တဲ့ဟာတွေနဲ့ အရေးယူတဲ့အခါမျိုးတွေမှာ ဒီလိုလှုပ်ရှားမှုတွေပေါ်ထွက်လာတာပါ”
ယခုလှုပ်ရှားမှုသည် ဇွန်လ၈ရက် နေ့ကတည်းက စတင်ခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသည့်အခြေအနေများအရ အရှိန်မြှင့်တင်ရန်သာ ရှိတော့သည်ဟု ကိုဂျေပိုင်ကဆိုသည်။ ယင်းအတွက်အစည်းအဝေးများ ထပ်ခေါ်ဦးမည်ဟု ဆိုသည်။
ဂျပန်နိုင်ငံအခြေစိုက်NHK သတင်းဌာန၏သတင်းထောက်လည်းဖြစ်၊နိုင်ငံခြားသတင်းထောက်များအသင်း၏အဖွဲ့ဝင်လည်းဖြစ်သည့်ဦးသီဟသွေးက၆၆(ဃ)ကို တစ္ဆေတစ်ကောင်နှင့်ခိုင်းနှိုင်းသည်။
“၆၆(ဃ)ကဝန်ထုပ်ဝန်ပိုးပဲ။ ဆင်ဆာမရှိတော့ဘူးဆိုပေမယ့် နောက်ထပ်သရဲ၊သဘက်တစ်မျိုးနဲ့တွေ့ရသလိုပဲလေ”

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *