၇၂နှစ်ပြည့် မွေးနေ့မှသည်

 

 

၇၂နှစ်ပြည့် မွေးနေ့မှသည်

အသက် ၂နှစ် အရွယ်က ဖခင်ဆုံးပါးသွားသော ဒေါ်အောင်ဆန်းစုကြည်သည် နောင်နှစ်၇၀အကြာ အသက်၇၂နှစ်အရွယ်တွင် နိုင်ငံ၏ အထွတ်အထိပ်ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေနိုင်သည်မှာ မည်သည့်ပေတံဖြင့် တိုင်းတိုင်း အောင်မြင်မှု ဖြစ်သည်။ မိခင် ကျန်းမာရေးကြောင့် ၁၉၈၈တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး ၁၉၈၈ဖြစ်ရပ်ကြီးနှင့်ကြုံကာ ၁၉၉၀တွင် အာဏာရပါက “စိုင်ကော်၍ ချုံပေါ်ရောက်သည်” ဟု အပြောခံရနိုင်သေးသည်။ အခက်အခဲများကို ကျော်ဖြတ်အပြီး ၂၈နှစ်အကြာ ၂၀၁၆တွင်မှ အာဏာရသည့်အခါတွင်မူ သူ၏ ကြိုးစားအားထုတ်မှု၊ ဇွဲနပဲကြီးမှု၊ တစ်ချောင်းတည်းသောစိတ်ဓာတ်တို့ကို ပြိုင်ဖက်များကပင် အသိအမှတ်ပြုရမည်သာ။

၇၂နှစ်အရွယ် အမျိုးသမီးအများစုသည် ဘ၀၏ နေ၀င်ချိန်သို့ ရောက်ကြပြီး လုပ်ကိုင်သွားလာမှုအရှိန်ကိုလျှော့နေကြချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဘ၀၏ အတောက်ပဆုံး အချိန်ကို ဖြတ်သန်းနေသည်။ အောင်မြင်မှုကို ထိုသူငယ်စဉ်ကစပြီး ဘ၀တစ်လျှောက်လုံး ကိန်းအောင်းခဲ့သော ရည်မှန်းချက် ပြီးမြောက်ခြင်းနှင့် တိုင်းတာလျင် အတိကျဆုံး။ သို့ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ရည်မှန်းချက်သည် အဘယ်နည်း။

သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ရည်မှန်းချက်သည် သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။ ဖခင်ဆုံးပါးစဉ်က ငယ်ရွယ်လွန်းသော်လည်း မိခင်ထံမှလည်းကောင်း၊ ဖခင်ကိုလေးစားသူများထံမှလည်းကောင်း၊ စာအုပ်များအရလည်းကောင်း ဖခင်နှင့်ရင်းနှီးခဲ့သည်။ ထိုမှတဆင့် ဖခင်၏ မပြီးဆုံးသေးသော တာဝန်ကိုထမ်းဆောင်ရန် ငယ်စဉ်ကတည်းက မသိစိတ်ရော သိစိတ်ထဲတွင်ပါ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ထားပုံရသည်။ သူ့ဘ၀တလျှောက်လုံးတွင်လည်း ထိုအစွဲအလမ်းက တောက်လျှောက်လိုက်ပါနေသည်။

ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်ရခြင်းက သူ့ဘ၀ကို စေစားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း သဘောပေါက်သည်ကို အသက် ၆၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သူရေးသားခဲ့သည့် ၂၆.၆.၂၀၁၃ထုတ် ဒီလှိုင်းစာစောင်ပါ ဆောင်းပါးတွင် တွေ့ရသည်။

“ဖြတ်သန်းလာခဲ့တဲ့ ၆၈နှစ်ကို ပြန်ကြည့်တဲ့အခါ အဓိကကျတဲ့ ဖြစ်စဉ်တွေက ဘာများပါလိမ့်လို့ ကျွန်မကို မေးမြန်းကြတာ ရှိပါတယ်။ ကျွန်မလည်း အဖြေရှာရခက်ပါတယ်။ အစက စရမယ်ဆိုရင် အဓိကကျတာကတော့ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်ခြင်းပါပဲ။… ကျွန်မရဲ့ ဘ၀အပေါ်မှာ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တယ်ဆိုတဲ့အချက်က အများကြီးလွှမ်းမိုးတာကို ပြောချင်တာပါ။”

Oxford တက္ကသိုလ်ကျောင်းသူဘ၀တွင်လည်း ဖခင်အကြောင်းသာ စိတ်ထဲတွင် စွဲမြဲနေပြီး စကားပြောသည့်အခါတွင် ဖခင်အကြောင်း မပါဘဲ ကြာကြာစကားပြောမရကြောင်း၊ တစ်နေ့ကျလျင် သူ့လူမျိုးများအတွက် အလုပ်လုပ်ရမည်ဖြစ်ကြောင်းထိုအချိန်ကပင် တွေးနေခဲ့ကြောင်း ထိုစဉ်က သူနှင့်ကျောင်းနေဖက်၊ နောင်တွင် အိန္ဒိယအစိုးရ၏ စီးပွားရေးအကြံပေးချုပ် ဖြစ်လာသည့် Shankar Acharya က ပြောကြောင်း Justin Wintle ရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာအုပ်တွင် ဖော်ပြထားသည်။

… she seldom kept her father out of their conversations for long. ‘Even then, she thought she must one day do something for her people.’
(Shankar Acharya, Justin Wintle, Perfect Hostage Aung San Suu Kyi, Burma and the Generals.)

ဒေါ်အောင်ဆန်းစုကြည်သည် ပါရဂူဘွဲ့ရ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်လာရန် လမ်းကြောင်းပေါ်တွင် ရောက်ရှိသော်လည်း မိခင်ဒေါ်ခင်ကြည် ကျန်းမာရေးကြောင့် သူ၏ဘ၀သည် တစ်ဆစ်ချိုး ပြောင်းလဲသွားသည်။ ပါရဂူဘွဲ့ကို အပြီးမသတ်နိုင်ခဲ့ပဲ ဒီမိုကရေစီရေးလှုပ်ရှားသူ အတိုက်အခံခေါင်းဆောင်အဖြစ် ရာစုနှစ်လေးပုံတစ်ပုံ ကျင်လည်ခဲ့ကာ ၇၂နှစ်မြောက် မွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ကျင်းပရန် ဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မြန်မာပြည် ပြန်ရောက်ပြီး မကြာမီတွင်ပင် နိုင်ငံနှင့်ချီသည့် ခေါင်းဆောင်တစ်ယောက်အဖြစ် ရောက်ရှိသွားခဲ့သည်မှာ ယနေ့ထက်တိုင်။ ယနေ့သူခေါင်းဆောင်ရသည့် အခြေအနေနှင့် လွန်ခဲ့သော နှစ်၃၀ခန့်က သူခေါင်းဆောင်ရသည့်အခြေအနေမတူညီသော်လည်း သူသည် ခေါင်းဆောင်နေရာတွင် ဆယ်စုနှစ် ၃ခု ကျင်လည်ခဲ့ရသည်။ အိမ်ရှင်မဘ၀၊ စာသင်သားဘ၀တွင် သူ၏အားထုတ်မှုများသည် မိသားစုနှင့် အနီးပတ်ဝန်းကျင်ကို သက်ရောက်မည်ဖြစ်သော်လည်း ၈၈နောက်ပိုင်းကာလ သူ၏လုပ်ရပ်များ၊ အတွေးအခေါ်များ၊ အရေးအသားများသည် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးကို သက်ရောက်ခဲ့သည်။ ထို့ကြောင့် ၇၂နှစ်ပြည့်ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀တွင် ခေါင်းဆောင်မှုဘ၀သည် ကြီးမားစွာ ပါဝင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု

မိခင်ကျန်းမာရေးကြောင့် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာချိန်တွင် မြန်မာပြည်တွင်သူ့ကိုသိသူနည်းပါးလှသည်။ သမိုင်းဝင် ၈၈ဖြစ်ရပ်ကြီးနှင့် ဆုံသည့်အခါတွင် ဗိုလ်ချုပ်သမီး၊ သူ၏အခန်းကဏ ပိုမိုကြီးမားလာသည်။ အရွယ်ကောင်းအမျိုးသမီး၊ ဗိုလ်ချုပ်အောင်ဆန်း၏သွေးဟူသော သူ၏ဂုဏ်ပုဒ်တို့ကြောင့် ရုပ်ပြခေါင်းဆောင်အဖြစ် တင်ကြသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ သူ့ထက် အသက်၊ နိုင်ငံရေးဝါ၊ အလုပ်ဝါ ကြီးသူများစွာ ပါဝင်နေသည့်အတွက် ယင်းသို့သုံးသပ်ချက်များ ပေါ်ထွက်လာသည်မှာ တကယ်တမ်းလည်း မဆန်း။ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပုံရိပ်ကောင်းသူ၊ လူထုထောက်ခံမှုရမည့်သူကို ရှေ့ကတင်ပြီး နောက်က ကြိုးကိုင်ရမည်ဟူသော သီအိုရီများလည်း ရှိရာ ထိုသို့ကြိုးစားမှုများလည်း ရှိကောင်းရှိခဲ့မည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုသည် အချိန်နှင့်အမျှ ပိုပြီးကြီးမားထိရောက်လာသည်မှာ အမှန်ဖြစ်သည်။ ရုပ်ပြခေါင်းဆောင်မဟုတ်ဘဲ တကယ့်ခေါင်းဆောင်ဖြစ်ကြောင်း အချိန်က သက်သေပြသွားသည်။
အာဏာမရမီ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုသည် ကြီးမားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သာ အာဏာမရခဲ့လျင် သူ၏ခေါင်းဆောင်မှုဘ၀တွင် တခြမ်းလစ်ဟာနေမည်သာ။ ယခုမူ အာဏာရခဲ့ပြီဖြစ်သည့်အတွက် သူအာဏာရစဉ်ဘ၀၊ အာဏာရစဉ်ခေါင်းဆောင်မှုကိုပါ လေ့လာဆန်းစစ်နိုင်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမီဒီယာများတွင် အဖော်ပြခံရဆုံးပုဂ္ဂိုလ်၊ ဆုပေါင်းများစွာ ရရှိထားသည့်ပုဂ္ဂိုလ်၊ စာအုပ်များစွာ ရေးသားထုတ်ဝေခံရသည့်ပုဂ္ဂိုလ် ဖြစ်သည့်အတွက် သူ့အကြောင်း အားလုံးသိကြပြီးဟု မှတ်ယူချင်စရာ။ သို့သော် ယင်းသို့ရေးသားဖော်ပြမှုများ အားလုံးလိုလိုသည် အာဏာမရမီကာလကိုသာ အခြေခံသည့်အတွက် အာဏာရအပြီး ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို မဖော်ပြနိုင်။ ၂၀၁၆ ဇွန်လ ၁၉ ရက်နှင့် ၂၀၁၇ ဇွန်လ ၁၉ ရက်အကြား တစ်နှစ်တာကာလသည် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကျွန်တော်တို့မသိရသေးသည့် အခြမ်းကို လှစ်ဟပြသည်။ ၂၀၁၆ ဇွန်လ ၁၉ရက်နေ့သည် အာဏာရအပြီး ပထမဆုံးမွေးနေ့ဖြစ်သော်လည်း အာဏာလွှဲသည်မှာ လပိုင်းသာကြာသေးသဖြင့် ၂၀၁၇ ဇွန်လ ၁၉ရက်နေ့သည် အာဏာရအပြီး ပထမဦးဆုံး မွေးနေ့ဟုပင် ခေါ်ရမည်။

တော်လှန်ရေးခေါင်းဆောင်များအတွက် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် ဘ၀သို့ အကူးအပြောင်း transition သည် အလွန်အရေးကြီးသည်။ တော်လှန်ရေးခေါင်းဆောင်များသည် ဆန့်ကျင်ကြရသည်၊ တော်လှန်ကြရသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်မှာမူ တည်ဆောက်ရသည်။ ယင်းသဘောသဘာဝနှစ်ခုသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့် အတွက် ထိုအကူးအပြောင်းကို နိုင်နိုင်နင်းနင်း ကူးပြောင်းရန် စိတ်ပိုင်းဆိုင်ရာကိုပါ ပြင်ဆင်ကြရသည်။ ၂၀၁၂ ရွေးကောက်ပွဲဝင်အပြီး ပြောသော ဒေါ်အောင်ဆန်းစုကြည်၏ စကားများတွင် ထိုပြင်ဆင်မှုများကို မြင်ရသည်။

“မုန်တိုင်းငြိမ်သွားပြီး မိုးလေ၀သက သာယာတဲ့ဘက်ကို ဦးတည်နိုင်မယ့်အချိန်ပါ။ ဒီလိုအခါမျိုးမှာ ကျွန်မတို့တွေ စောင့်ကြည့်လေ့လာရမှာကတော့ ဆင်းရဲဒဏ်ကို ခံနိုင်ခဲ့ကြသူတွေဟာ ချမ်းသာဒဏ်ကိုကော ခံနိုင်ကြပါ့မလား။ …ကျွန်မတို့နဲ့အတူ နှစ်ရှည်လများစွာ ဆင်းရဲဒဏ်မခံကြရတဲ့ ယခုအဖွဲ့ဝင်သစ်များ၊ ၀န်းရံသူသစ်များကကော ချမ်းသာဒဏ်ခံနိုင်ကြပါ့မလား။ ရာသီဥတုကောင်းမွန်မှရောက်လာလို့ အခွင့်အရေးသမားတွေ၊ သာယာစီးတွေ ယူဆလို့မရပါဘူး။ ဒီလိုပိုပြီးကောင်းမွန်လာတဲ့အချိန်မှာ တတ်အားသမျှ ကိုယ်ကျိုးမဖက်၊ ပါဝင်ကူညီချင်ကြတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်မတို့ လေးစားတန်ဖိုးထားသင့်ပါတယ်။ အဓိကကတော့ ဆင်းရဲဒဏ်မခံခဲ့ကြပေမယ့် ချမ်းသာဒဏ်ခံနိုင်မှာလားဆိုတဲ့ အချက်ပါပဲ။”
( ၂၈.၅.၂၀၁၂ထုတ် ဒီလှိုင်းစာစောင်)

“ယခု ကျွန်မတို့တွေ ဒီမိုကရေစီစနစ်ထွန်းကားအောင် ကြိုးစားနေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီးလုပ်နိုင်ဖို့ပါပဲ။”
( ၂၉ .၁၀.၁၂နေ့ထုတ် ဒီလှိုင်းစာစောင်)

“ယနေ့ ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးဆုံးလိုအပ်ချက်က ဘာလဲဆိုရင် အမျိုးသားရင်ကြားစေ့ရေးလို့ ပြောရမှာပါပဲ။…ဒီတော့ ကျွန်မက ပြည်သူပြည်သားတိုင်းကို ဆော်သြချင်ပါတယ်။ ကိုယ့်ရဲ့အချိန်တွေ အလဟဿဖြစ်မသွားရအောင် နေ့တိုင်းနေ့တိုင်း ညမအိပ်မီ ၅မိနစ်လောက် နက်နက်နဲနဲ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မေးမြန်းပါ။ ပြီးခဲ့တဲ့ တစ်နေ့တာအတွင်း အမျိုးသားရင်ကြားစေ့မှုကို အထောက်အကူပြုစေရေးအတွက် လုပ်သင့်တာ ဘာလုပ်ခဲ့လဲ၊ ရှောင်သင့်တာဘာရှောင်ခဲ့လဲ။ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေမယ့်အပြုအမူတွေ ကျူးလွန်ခဲ့တာ ရှိလား။ ဒီမေးခွန်းတွေကို သတ္တိရှိရှိနဲ့ အမှန်အတိုင်း မေးဖြေတတ်မယ် မေးဖြေရဲမယ်ဆိုရင် အင်မတန်မှတန်ဖိုးရှိတဲ့ ယခုအချိန်အခါကို နိုင်ငံအတွက် ကျွန်မတို့တွေ ရင့်ကျက်စွာနဲ့ သုံးနိုင်သွားကြမှာပါ။”
( ၁၀.၁၂.၁၂.နေ့ထုတ် ဒီလှိုင်းစာစောင်)

တဖန် ဦးဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းသည် တူသလိုလိုနှင့် ကွဲပြားသည်။ တူသောအရာများရှိသလို ကွဲပြားသောအရာများလည်းရှိသည်။ ဦးဆောင်သူသည် နေ့စဉ်စီမံခန့်ခွဲချင်မှ စီမံခန့်ခွဲမည်။ နေ့စဉ်စီမံခန့်ခွဲသူသည် ဦးဆောင်သူ ဟုတ်ချင်မှ ဟုတ်မည်။ အများအားဖြင့် ခေါင်းဆောင်များသည် ဦးဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းကို အနည်းနှင့်အများ ပူးတွဲဆောင်ရွက်ကြရသည်။ ခေါင်းဆောင်တစ်ဦးတည်းသည် ဦးဆောင်ခြင်းရော စီမံခန့်ခွဲခြင်းပါ ထူးချွန်လျင် အကောင်းဆုံး။ အများအားဖြင့် ခေါင်းဆောင်တစ်ဦးတည်းတွင် အထက်ပါ အရည်အချင်းနှစ်ခုလုံး မရှိသည့်အတွက် ဦးဆောင်ရာတွင် သန်သူနှင့် စီမံခန့်ခွဲရာတွင်သန်သူတို့ ပူးတွဲ တာဝန်ထမ်းဆောင်ရလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့အစည်းကြီးကြီးကို စီမံခန့်ခွဲသည့် အတွေ့အကြုံနည်းပါးသည်။ မေးခွန်းက သူ့ဟာကွက်ကို ဖြည့်ရန် စီမံခန့်ခွဲမှုအားကောင်းသူများ ရှိသလား။

ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ပညာရေး၊ နိုင်ငံခြားအတွေ့အကြုံ၊ လေ့လာနိုင်စွမ်းအားတို့သည် ပါတီတွင်း သူ၏ထိပ်တန်းနောက်လိုက်များနှင့် များစွာကွာဟသည်။ ယင်းသည် ကျွန်တော်တစ်ယောက်တည်း၏ အမြင်မဟုတ်ဘဲ NLD ထိပ်တန်းအသိုင်းအ၀ိုင်းနှင့်နီးစပ်သူ၊ မျက်စိကြီးနားကြီးအချို့၏ အမြင်၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းရေးသားသူအချို့၏အမြင်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်ခြောက်ဆယ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့ကြောင့် ထိုအခြေအနေဖြစ်ရာ အထူးတလည်ပြောစရာမရှိပါ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ဆုံးဖြတ်သလိုဖြစ်နေခြင်းကိုလည်း အထက်ပါအခြေအနေက တစ်စိတ်တစ်ပိုင်းရှင်းပြသည်။ မေးခွန်းက ဒေါ်အောင်ဆန်းစုကြည် ထိုကိစ္စကို မည်သို့ဖြေရှင်းပါသလဲ။ အစိုးရဖွဲ့သောအခါတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အတန်ငယ်မြင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် NLD နှင့်နီးစပ်သူရော မနီးစပ်သူကိုပါ ထည့်သွင်းဖွဲ့စည်းသည်။ NLD ထိပ်တန်းပုဂ္ဂိုလ်များမှာမူ အစိုးရအဖွဲ့တွင်း မပါဝင်ပဲ ပါတီတွင်းတွင်သာ ကျန်ခဲ့သည်။

သို့သော် အစိုးရအဖွဲ့လူစာရင်းထွက်လာသောအချိန်နှင့် နောက်ပိုင်းလူအချို့ ထပ်ထည့်လိုက်ချိန်တွင် မေးခွန်းထုတ်စရာများ ထပ်ထွက်လာသည်။ အစိုးရအဖွဲ့ဝင်များ၏ နိုင်ငံချစ်စိတ်ကို မေးခွန်းထုတ်ရန် မလိုအပ်သော်လည်း အစိုးရအဖွဲ့ လူစာရင်းသည် ပိုတောင့်တင်းသင့်သည်။ မြန်မာနိုင်ငံသည် လူသားအရင်းအမြစ်ချို့တဲ့သည်မှာ မှန်သော်လည်း တကယ်ရှာနိုင်လျင် နိုင်ငံကိုချစ်သလောက် ထက်မြက်သူများ ရှိသည်။ အဖိအနှိပ်ခံခဲ့ရသဖြင့် အသိုင်းအ၀ိုင်းအားနည်းခြင်း၊ သဘာဝကျစွာ သံသယကြီးမားခြင်းတို့ကြောင့် အစိုးရအဖွဲ့အတွက် လူရွေးချယ်ရာတွင် အားကောင်းသင့်သလောက် အားမကောင်းခဲ့ခြင်းဟု ယူဆရသည်။ သို့သော် ၂၀၁၂ လွှတ်တော်တွင်းရောက်ချိန်မှ စရေတွက်လျင်မူ ယင်းအချက်များကို ချေဖျက်ချိန် ရသင့်သလောက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနားတွင် လူတော်များ ကြာကြာမနေနိုင်ဟုလည်း အချို့က ဝေဖန်ကြသည်။ ယင်းတို့၏ ကောက်ချက်မှန်၊ မမှန် မသိသော်လည်း အစိုးရအဖွဲ့လူစာရင်း ပိုတောင့်တင်းသင့်သည်က အမှန်ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်ကကဲ့သို့မဟုတ်ဘဲ ဒုဝန်ကြီးများ ထပ်မံခန့်ထားကာ အားဖြည့်ခဲ့သော်လည်း အစိုးရအဖွဲ့သည် ယခုထက် အားကောင်းရန် အခွင့်အလမ်းများစွာရှိနေဆဲ။ အစိုးရအဖွဲ့သည် ဒေါင်ဒေါင်မြည်ဖြစ်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်၏ ပလ္လင်ထက်မှ တစ်နှစ်တာသည် ယခုထက်ပိုပြီး ရလာဒ်ထွက်ပေလိမ့်မည်။
ခေါင်းဆောင်မှုရော စီမံခန့်ခွဲမှုရောသည် အရွယ်အစားပေါ်မူတည်ကွဲပြားသည်။ အဖွဲ့အစည်းကြီးကြီးကို ခေါင်းဆောင်ရခြင်း၊ စီမံခန့်ခွဲရခြင်းနှင့် အဖွဲ့အစည်းငယ်ငယ်ကို ခေါင်းဆောင်ရခြင်း၊ စီမံခန့်ခွဲရခြင်းသည် သဘောသဘာဝကွဲပြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သြဇာသည် သူအာဏာမရမီကပင်လျင် မြန်မာနိုင်ငံအတွက် ကြီးမားနေပြီးဖြစ်ရာ အာဏာရချိန်တွင် သြဇာနှင့် အာဏာနှစ်ခုပေါင်းမိသွားသဖြင့် ပိုပြီးပင်ကြီးမားလာသည်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး လည်ပတ်သလို ဖြစ်လာသည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ကို ဖြန့်ဝေပေးရန် ကြိုးစားမှုအချို့ရှိသော်လည်း ဆုံးဖြတ်ချက်ချရန် တာဝန်သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြန်ပြန်ရောက်လာသည့်သဘော မြင်နေရသည်။

စင်စစ်ဒေါ်အောင်ဆန်းစုကြည်သည် ပါတီတစ်ရပ်၏ ခေါင်းဆောင်သာမဟုတ်။ မြန်မာနိုင်ငံ၏ခေါင်းဆောင်လည်းဖြစ်သည်။ သူအာဏာမရှိတော့လျင်ပင် သူ့အခန်းကဏသည် မြန်မာနိုင်ငံတွင် ကြီးမားနေဦးမည်။ သူ့နေရာတွင် မည်သို့အစားထိုးမည်နည်း။ အစားမထိုးနိုင်လျင် ဒေါ်အောင်ဆန်းစုကြည် မရှိသည်နှင့် ဒုံရင်းပြန်ဆိုက်မည်လား။

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်၊ အစိုးရစီမံခန့်ခွဲမှုကောင်းကောင်းဖြင့် ပိုထိရောက်စွာလည်ပတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နေရာကို အစားထိုးရန် ဟူသော မေးခွန်းများ၏ အဖြေမှာတစ်ခုတည်း။ institutions။ လူပုဂ္ဂိုလ်ဖြင့် အစားထိုးမရနိုင်လျင် institutions များကိုသာ အားကိုးရမည်။ institutions များခိုင်မာအောင် တည်ဆောက်ထားလျင် မည်သူဆက်ခံသည်ဖြစ်စေ တိုင်းပြည်ကို မယိမ်းမယိုင် ရှေ့ဆက်သွားအောင် institutions များက ပဲ့ကိုင်လိမ့်မည်။ institutions ဆိုသည်မှာ အဖွဲ့အစည်းများကိုလည်းကောင်း၊ အစဉ်အလာထုံးတမ်းယဉ်ကျေးမှုဥပဒေများကိုလည်းကောင်း ခြုံငုံသော ဝေါဟာရဖြစ်သည်။ အောင်မြင်သောနိုင်ငံများတွင် တိုင်းပြုပြည်ပြု institutions များ ခိုင်မာတောင့်တင်းကြရာ နိုင်ငံ့အမြင့်ဆုံးထိုင်ခုံတွင် မည်သူတက်ထိုင်သည်ဖြစ်စေ နိုင်ငံသွက်လက်စွာ လည်ပတ်နိုင်သည်။ ဥပမာ အမေရိကန်ပြည်ထောင်စုတွင် မည်သည့်သမ္မတတက်တက် အခြေအနေကောင်းမြဲ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံးအမွေသည် နိုင်ငံအတွက် တောင့်တင်းခိုင်မာသော institution များဆောက်ပေးခြင်းသာ။

ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားဂုဏ်ပုဒ်တစ်ရပ်မှာ ပြောင်းလွယ်ပြင်လွယ် ရှိခြင်းဖြစ်သည်။ သူသည် အကြောင်းအရာတစ်ရပ်ကို ပိုသိလျင် သိလာသလို လုပ်နည်းလုပ်ဟန်များကို ပြင်ဆင်ပြောင်းလဲသည်။ ၂၀၁၂ခုနှစ်နောက်ပိုင်းမှစပြီး သူ၏ လုပ်နည်းလုပ်ဟန်တို့သည် များစွာပြောင်းလဲလာသည်။ လက်ပံတောင်းတောင်ကော်မရှင်တွင် သူပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပုံသည် သက်သေတစ်ရပ်ဖြစ်သည်။ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နှင့် အလုပ်သဘောဆက်ဆံရေးများက သူသည် တိုင်းပြည်အတွက်ဟု ယူဆလျင် မည်သူနှင့်မဆို အလုပ်လုပ်နိုင်စွမ်းကို ဖော်ပြသည်။ သူ၏ ဦးစားပေးဖြစ်သော ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း နဂိုက ရှိခဲ့သည့် အယူအဆများကို အတွေ့အကြုံရလာသည်နှင့်အမျှ ပြောင်းလဲလာသည်ကို မြင်ရသည်။

မေးစရာက ထိုလောက်ထိ အချိန်ရမည်လား။ စင်စစ် ယခုထက်ထိ အသက်ရှည်နေခြင်းကိုက သူ့အတွက် အောင်မြင်မှုဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း ဆုလာဘ်ဖြစ်သည်။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ စောစောစီးစီး ဆုံးပါးသွားလျင် ယခုကဲ့သို့နိုင်ငံ့အထွတ်အထိပ်ရောက်လာမည်မဟုတ်။
သက်တမ်းအရဆိုလျင်မူ မည်သည့်နှုန်းစံနှင့်ကြည့်ကြည့် ဒေါ်အောင်ဆန်းစုကြည်သည် သက်ကြီးပိုင်းရောက်ပြီဖြစ်သည်။ သို့သော် နိုင်ငံရေးသမားများ ထိပ်ဆုံးရောက်ချိန်သည် အားကစားသမားများနှင့်မတူဘဲ အသက်ကြီးပိုင်းမှ ဖြစ်သည့်အတွက် ရွေးချယ်သောလမ်းကြောင်း၏ သဘာဝဟုလည်း ဆိုနိုင်သည်။ ကျန်းမာရေးမှာမူ ဒေါင်ဒေါင်မြည်နေပြီး သူ၏ ထိပ်တန်းလက်ထောက်များထက်ပင် ကျန်းမာရေးကောင်းပုံရသည်။ အနောက်တိုင်းသံတမန်တစ်ဦးကမူ “She might be active until 85 who knows?’ “အသက် ၈၅လောက်ထိ လုပ်နိုင်ကိုင်နိုင် ဖြစ်နေဦးမယ်ထင်တယ်” ဟု ပြောဖူးသည်။ ကျန်းမာရေး ကောင်းသည်မှာလည်း မဆန်း။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သူဖြစ်ပြီး နေ့စဉ် တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်းဟူသောအကျင့်ကောင်းတို့သည်လည်း သူ့တွင် စွဲမြဲနေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာပြည်အတွက် မည်သည့်အရာကို ထားရစ်ခဲ့သည်ဖြစ်စေ ယင်းသည် သူ၏ ရွေးချယ်မှုသာဖြစ်ကြောင်း သူ၏ နာမည်ကျော် စကားတစ်ခွန်းက သက်သေခံပေလိမ့်မည်။
“လူတွေက ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မေးကြတယ်။ ကျွန်မဒီလိုပဲ ဖြေတယ်။ ကျွန်မ ဘာမှစွန့်လွှတ်အနစ်နာခံခဲ့တာမဟုတ်ဘူး။ ကျွန်မ ရွေးချယ်ခဲ့တာပါ။”

ဇေယျသူ
The Voice Journal. 17 June 2017

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *