၆၆(ဃ) နှင့် မီဒီယာအရေးကိစ္စ ဌာနတစ်ခုတည်း လုပ်ဆောင်၍မရဟု ပြန်ကြားရေးဝန်ကြီးပြောကြား

၆၆(ဃ) နှင့် မီဒီယာအရေးကိစ္စ ဌာနတစ်ခုတည်း လုပ်ဆောင်၍မရဟု ပြန်ကြားရေးဝန်ကြီးပြောကြား

ရန်ကုန်၊ ဇွန် ၂၃

လတ်တလောအခြေအနေတွင် သတင်းမီဒီယာများ ကြုံတွေ့နေရသည့် ပြဿနာများနှင့်ပတ်သက်၍ ဌာနတစ်ခု တည်းက လုပ်ဆောင်၍မရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာနိုင်ငံ သတင်းမီဒီယာလောကမှ သတင်းသမား များ ဇွန်လ ၂၃ ရက်၊ မွန်းလွဲပိုင်းက တွေ့ဆုံ စဉ် ပြောကြားသည်။

ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြား ရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ ဂျာနယ်လစ်များကွန်ရက် (MJN)၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJN) နှင့် မြန်မာသတင်းသမဂ္ဂ(MJU) တို့မှ သတင်းမီဒီယာသမား ၂၅ဦးဝန်းကျင် နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
လတ်တလော သတင်းသမားများ အရေးယူခံနေရသည့် ဆက်သွယ်ရေး ဥပဒေပါပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးကိစ္စ အပါအဝင် ပုဂ္ဂလိကသတင်းစာများ ရေရှည် ရပ်တည်နိုင်ရေး၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၏ အခန်းကဏ္ဍမြှင့်တင် ရေးနှင့် သတင်းမီဒီယာဥပဒေပြင်ဆင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သူ များက ပြောဆိုသည်။

“သူကတော့ ဘယ်လိုပြောလဲဆို တော့ ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ဖွဲ့ထဲ လုပ်လို့မရဘူးတဲ့။ အားလုံးပူးပေါင်းဆောင် ရွက်ပြီးတော့ လုပ်ရမယ်တဲ့” ဟု MJU အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောဆိုသည်။

၆၆(ဃ) အပါအဝင် သတင်းသမား များ ကြုံတွေ့နေရသည့် အခက်အခဲများ၊ သတင်းရယူရာတွင် ကြုံတွေ့ရသည့် အဟန့် အတားများနှင့် အထူးသတင်းထောက်ကိစ္စ တို့ကို ဝန်ကြီးသို့ တင်ပြခဲ့ကြောင်း MJN ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကောင်းထက်စံ က ပြောဆိုသည်။
“ပြန်ကြားရေးဝန်ကြီးဘက်က တော့ ဘယ်လိုပြောရမလဲဆိုတော့၊ သူ့ ဘက်ကတော့အဖြေကို တိတိကျကျ ဘာလုပ်ပေးမယ်ဆိုပြီးတော့ တိတိကျကျ မပြောခဲ့ဘူးဗျ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်က သတင်းမီဒီယာ များနှင့် တွေ့ဆုံမှုနည်းပါးခဲ့သည့် ပြန်ကြား ရေးဝန်ကြီးအနေနှင့် နောက်ပိုင်းတွင် မကြာခဏတွေ့ဆုံနိုင်ရန် စီစဉ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက် သူများထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *